ကြေးမုံ,အယ်ဒီတာ့အာဘော်
ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာချို့တဲ့နေသောသူကို
အားနည်းသူဟု ခေါ်သည်။ အားနည်းသူမှာ ပြည့်စုံသူတို့နှင့် တန်းတူမဟုတ်သဖြင့်လောက ပတ်ဝန်းကျင်တွင်
ပစ်ပယ်တတ်သည့်သဘောဓလေ့ရှိတတ်သည်။ အားနည်းသူကို ပစ်ပယ်မထားဘဲ အများနှင့်တန်းတူ လက်တွဲဖေးမကူကာ
ထောက်ပံ့မြှင့်တင်အားပေးပါက အားနည်းသော်လည်း စိတ်ဓာတ်ခွန်အားထက်မြက်မြင့်မားပြီး လောကအလယ်တွင်
ထူးချွန်ထက်မြက်သည့် လူ့စွမ်းအားများပင် ဖြစ်နိုင်ပေသည်။
လူ့ဘောင်လောကတွင် ဘဝပေးအခြေအနေကြောင့်သော်လည်းကောင်း၊ လူတို့ပယောဂကြောင့်သော် လည်းကောင်း
ကိုယ်လက်အင်္ဂါချို့ယွင်းနေသူ များစွာရှိပေသည်။ ယနေ့ကမ္ဘာပေါ်တွင် အကြောင်းအမျိုးမျိုးကြောင့်
မသန်စွမ်းဖြစ်ပွားမှု ရာခိုင်နှုန်းသည် ကမ္ဘာ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာသည်ဟု
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိပေးထားသည်။ မသန်စွမ်းသူများသည် လူဦးရေအားဖြင့် သန်းပေါင်း
၁၀၀၀ ကျော်ရှိနေသဖြင့် မသန်စွမ်းသူများ၏အရေး၊ မသန်စွမ်းသူများ၏ဘဝ၊ မသန်စွမ်းသူများ၏
အခွင့်အရေးများကို ပိုမိုအလေးထား ဆောင်ရွက်ပေးကြရမည် ဖြစ်သည်။
“မသန်စွမ်းသူများသည်လည်း လူသားများပင်ဖြစ်သည့်အတွက် မသန်စွမ်းသူများ၏
ကျန်းမာသန်စွမ်းရန်၊ စိတ်ဓာတ်ကြံ့ခိုင်ရန်လည်း လိုအပ်လာပါကြောင်း၊ ထို့ကြောင့်မသန်စွမ်းသူတစ်ဦးချင်းစီ၏
စိတ်ဓာတ်ခွန်အား မြင့်မားစေရန်နှင့် ဝါသနာပါရာ လုပ်ငန်းဆောင်တာများကို လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်အတွက်
မသန်စွမ်းသူများ၏ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းမှုကိုရော စိတ်ဓာတ်ကိုပါ မြင့်မားလာစေရန်
မိမိတို့ဝါသနာပါရာ အားကစားနည်းများ လုပ်ဆောင်နိုင်ရေး အားပေးမြှင့်တင်ပေးလျက်ရှိပါကြောင်း”
(၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့်
မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်ပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာစာရင်းအရ
ကွင်းဆင်းဆောင်ရွက်ခဲ့သော အခြေခံစစ်တမ်းတွင် နိုင်ငံလူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်းဖြစ်သော
လူဦးရေ ၂ ဒသမ ၃ သန်းခန့်သည် မသန်စွမ်းသူများဖြစ်နေသည်ကို တွေ့ရသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရနှင့်အတူ
နိုင်ငံတကာ အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ စေတနာရှင်ပြည်သူများအနေဖြင့်
မြန်မာနိုင်ငံမှ မသန်စွမ်းသူများ၏ ဘဝစိုပြည်သာယာလှပအောင် ပြန်လည်ထူထောင်ရေး၊ လူ့ဂုဏ်သိက္ခာမြင့်မားရေးနှင့်
သန်စွမ်းသူများနည်းတူ တန်းတူညီမျှအခွင့်အရေးများကို ဦးစားပေးသည့် အစီအစဉ်အမျိုးမျိုးကို
ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့ကာလတွင် မသန်စွမ်းသူများ၏အရေးကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ
အထူးအာရုံစိုက် အလေးထားဆောင်ရွက်ပေးလျက်ရှိရာ အားကစားကဏ္ဍကိုလည်း အလေးထားဆောင်ရွက်ပေးသည်။
အာဆီယံဒေသတွင်းရှိ မသန်စွမ်းသူများ အားကစားအဆင့်အတန်း မြင့်မားတိုးတက်စေရေးနှင့် ဒေသတွင်း
ချစ်ကြည်ရင်းနှီးမှု မြှင့်တင်နိုင်ရေးအတွက် အာဆီယံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်ကို
၂၀၀၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့်
နှစ်နှစ်တစ်ကြိမ် ကျင်းပသည့် မသန်စွမ်းသူများ အားကစား ပြိုင်ပွဲတိုင်းတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်ကို
တွေ့ရသည်။ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်သော အားကစားသမားဦးရေမှာ အနည်းငယ်သာဖြစ်သော်လည်း
အားကစား အမျိုးအစားတိုင်းတွင် ဆုတံဆိပ်များစွာ ဆွတ်ခူးရရှိခဲ့သည့် သမိုင်းမှတ်တိုင်ရှိသည်။
ပြီးခဲ့သည့် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင်
မြန်မာနိုင်ငံမှ မသန်စွမ်းအားကစားသမားများက ပါဝင်ယှဉ်ပြိုင်ကြရာ ရွှေတံဆိပ် ၁၄ ခု၊
ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၁၇ ခု စုစုပေါင်း ဆုတံဆိပ် ၄၃ ခုရရှိပြီး ပြိုင်ပွဲဝင်
၁၁ နိုင်ငံအနက် အဆင့် ၆ နေရာ ရရှိခဲ့သည်။ ပြိုင်ပွဲတွင် ထိပ်ဆုံးသို့ မရောက်ရှိသော်လည်း
နိုင်ငံအတွက် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ခဲ့ကြသည်ကို တွေ့ရသည်။ နိုင်ငံတော်အတွက်
ဆုတံဆိပ်များ ရယူပေးနိုင်ခြင်းသည် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးရာ ရောက်သည့်အပြင်
နိုင်ငံတကာအားကစား ပြိုင်ပွဲများတွင် အောင်နိုင်မှုဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့ပြီး
နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံတော်အလံကို လွှင့်တင်၍ နိုင်ငံတော်သီချင်းလွင့်ပျံ့အောင်
စွမ်းဆောင်ပေးနိုင်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မသန်စွမ်းသူများအား
မေတ္တာတရားဖြင့် အားပေးမြှင့်တင်ပေးလျက် ရှိပြီး အမိမြန်မာနိုင်ငံတော်အလံကို လွှင့်တင်ကာ
နိုင်ငံတော်သီချင်း ပျံ့လွင့်စွမ်းဆောင်ခဲ့ကြသည့် မသန်စွမ်းအားကစားသမားများကိုလည်း
အသိအမှတ်ပြုသောအားဖြင့် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခဲ့ရာ ပြိုင်ပွဲတွင်
နိုင်ငံအလိုက် အဆင့်တစ်ခုကို ရယူပေးနိုင်ခဲ့သော မြန်မာမသန်စွမ်း အားကစားသမားများ၏ ကြိုးပမ်းစွမ်းဆောင်မှုနှင့်ဇွဲလုံ့လ၊
စိတ်ဓာတ်တို့ကို မှတ်တမ်းတင် ဂုဏ်ပြုလိုက်ရပါကြောင်း။ ။