သက်ရှိတို့၏ ရှင်သန်နေထိုင်မှုအတွက် သစ်ပင်များကလွန်စွာအရေးပါသည်။ သစ်ပင်များက လေထဲမှကာဗွန်ဒိုင်အောက်ဆိုဒ်ကိုစုပ်ယူပြီး အောက်ဆီဂျင်ဓာတ်ငွေ့ကိုပြန်လည်ထုတ်လုပ်ပေးသည်။ လေထဲမှဖုန်နှင့်အမှုန်အမွှားများကို စစ်ယူထားနိုင်ပြီး လေထု၏အပူရှိန်ကိုလည်း လျှော့ချပေးနိုင်သည်။ သစ်ပင်များမှအငွေ့ပြန်ခြင်းဖြင့် အအေးဓာတ်နှင့် လေထုတွင်ရေငွေ့ ပါဝင်မှုပိုမိုမြင့်မားလာစေသည်။ မြေဆီလွှာနှင့်ရေဓာတ်တို့ကိုထိန်းသိမ်းပေးထားနိုင်ခြင်းကြောင့် မြေအောက်ရေကိုလည်း ကောင်းစွာတည်ရှိစေသည်။
သစ်ပင်သစ်တောများကို အမှီပြု၍ ဇီဝမျိုးစုံမျိုးကွဲများစွာ
ရှင်သန်တည်ရှိနေကြသည့်အပြင် ကမ္ဘာ့ရာသီဥတု ကောင်းမွန်မျှတနေစေရေးတွင်လည်း သစ်ပင်သစ်တောများက
မရှိမဖြစ်လိုအပ်သည်။ လူသားတို့အဖို့လည်း သစ်ပင်သစ်တောများမှ ထုတ်ယူရရှိသည့် အစားအစာ၊
ဆေးဝါး၊ လူသုံးကုန်အများအပြားရှိသည်။ သစ်တောများမှ သစ်များအလွန်အကျွံထုတ်ယူခြင်း၊ သစ်တောများကိုခုတ်ထွင်ရှင်းလင်းကာ
လယ်ယာစိုက်ခင်းများဖော်ထုတ်ခြင်း၊ လူနေအိမ်ခြေများ တည်ထောင်ခြင်း၊ လမ်းများဖောက်လုပ်ခြင်း၊
ဆည်မြောင်းတာတမံများတည်ဆောက်ခြင်း စသည်တို့အပါအဝင် သစ်တောများဆုံးရှုံးလျော့နည်းပျောက်ကွယ်သွားခြင်းတို့ကြောင့်
သဘာဝ ပတ်ဝန်းကျင်ကိုထိခိုက်စေသည့်အပြင် ကမ္ဘာ့ရာသီဥတုအပေါ်တွင်လည်း သက်ရောက်မှုများ
ဖြစ်ပေါ်စေသည်။ ယင်းတို့မှတစ်ဆင့် လူသားတို့အပေါ် သဘာဝဘေးအန္တရာယ်ကျရောက်မှု အန္တရာယ်ကလည်း
ပိုမိုကြီးမားလာသည်။
မိမိတို့နိုင်ငံသည် ပထဝီအနေအထားနှင့်
မြေမျက်နှာသွင်ပြင်ဖွဲ့စည်းပုံတို့အရ သဘာဝဘေး အန္တရာယ်ကျရောက်နိုင်မှုမြင့်မားသည့်
နိုင်ငံများထဲတွင်ပါဝင်သည်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များတွင် မြန်မာနိုင်ငံလည်းပါဝင်ရာ
ပျမ်းမျှအပူချိန်တိုးလာခြင်း၊ မိုးရွာသွန်းသည့်ကာလ တိုတောင်းသွားခြင်း၊ ရာသီဥတုဖြစ်စဉ်များ
ပြင်းထန်ကြမ်းတမ်းလာခြင်း၊ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ပြင်းထန်သောဆိုင်ကလုန်း
မုန်တိုင်းများဖြစ်ပေါ်ခြင်း စသည့်သက်ရောက်မှုများကို
ပိုမိုခံစားကြရသည်။ ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် အပူချိန်လွန်ကဲခြင်းတို့ကြောင့်
သေဆုံးမှုများ လည်းများပြားခဲ့ရာ ထိခိုက်ဆုံးရှုံးမှုများပြားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်။
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများ ကျင်းပခြင်း၏
ရည်ရွယ်ချက်များမှာ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်နှင့်
သစ်တောထိန်းသိမ်းရေး လုပ်ငန်းများ တွင်ပြည်သူများ တက်ကြွစွာပူးပေါင်းလာစေရန်အတွက်ဖြစ်သည်။
နိုင်ငံတော်၏ သဘာဝပတ် ဝန်းကျင်ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးတွင် ပါဝင်ကူညီရန်လည်း
နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်။ သစ်ပင်စိုက်ပျိုးရေးပွဲတော်များ နိုင်ငံအနှံ့တွင်ကျင်းပ၍
စိမ်းလန်းသည့်မြန်မာ့ ရေမြေတောတောင်ဖြစ်အောင် ဖန်တီးပုံဖော်နေခြင်းဖြစ်ရာ နိုင်ငံသားတိုင်းက
တက်ကြွစွာ ပူးပေါင်းပါဝင်ကြရန်နှင့် တစ်ပင်စိုက်၊ တစ်ပင်ရှင်သန်ကာ စိုက်ပျိုးသမျှသစ်ပင်တိုင်း
ရှင်သန်ကြီးထွားလာစေရေး အလေးထားဆောင်ရွက်နိုင်ကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါ ကြောင်း။
။
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်
No comments:
Post a Comment