Monday, February 13, 2023

အနာဂတ်မျိုးဆက်များအတွက် စေတနာကောင်းထား

 


“အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ် ကိုတည်ဆောက်ရာတွင် နိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူအားလုံး၏ အသိဉာဏ်ပညာနှင့် စိတ်ရင်းစေတနာမှန်ကန်မှုသည် အဓိကကျပါသည်။ မိမိတို့အကျိုးစီးပွားထက် ပြည်ထောင်စုကြီးတစ်ခုလုံး၏ အကျိုးစီးပွားကို ချိန်ထိုးစဉ်းစား လုပ်ဆောင်ကြရန်လိုအပ်ပါသည်။ မိမိတို့၏ ရပ်တည်ဆောင်ရွက်မှုများအပေါ် ဓမ္မဓိဋ္ဌာန်ကျကျဖြင့် အမှားအမှန်၊ အကောင်းအဆိုးကို ခွဲခြားဆင်ခြင်ဆောင်ရွက်ကြမှသာ နိုင်ငံနှင့် ပြည်သူကို အကျိုးပြုရာရောက်မည်ဖြစ်ပါသည်။” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာပါ အထက်ပါမှာကြားချက်သည် နိုင်ငံသူနိုင်ငံသားများ အလေးထားရမည့်အချက်ဖြစ်သည်။

မျက်မှောက်ကာလ မြန်မာနိုင်ငံ၏ အခြေအနေကိုသုံးသပ်ကြည့်လျှင် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်အကျိုး၊ အများပြည်သူအကျိုးတို့ကို ရှေးရှုကြိုးပမ်းဆောင်ရွက်နေချိန်တွင် အချို့လူပုဂ္ဂိုလ် အဖွဲ့အစည်းတို့အနေဖြင့် ကိုယ်ကျိုးစီးပွားနှင့် ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ စိတ်ဆန္ဒစွဲတို့ကို ဦးစားပေးပြီး ဆောင်ရွက်မှုများကြောင့် ပြဿနာများ၊ ပဋိပက္ခများဖြစ်ပေါ်ပြီး နိုင်ငံနှင့်လူမျိုးအနာဂတ်အတွက် အနုတ်လက္ခဏာဆောင်နေမှုများရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်ထောင်စုကြီး အနာဂတ်တိုးတက်ရေးကို လျစ်လျူရှု၍ ပျက်စီးယိုယွင်းအောင်လုပ်ဆောင်နေ မှုများရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ အပြုသဘောဆောင် ကောင်းကျိုးဖြစ်ထွန်းရေးကို ဦးတည်ဆောင်ရွက်ခြင်းမရှိဘဲ ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်မှုများရှိနေသည်။

မြန်မာနိုင်ငံ၏သမိုင်းတွင် လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲအမျိုးမျိုးတို့ကြောင့် တိုင်းရင်းသားအချင်းချင်း၊ ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲပြားကာ ပဋိပက္ခများဖြစ်ပွားခဲ့မှုများသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် သင်ခန်းစာယူရမည့်အချက်ဖြစ်သည်။ မိမိတို့၏ အယူအဆ၊ သဘောထားဆန္ဒများနှင့် မကိုက်ညီသူများကို ရန်သူကဲ့သို့သဘောထားပြီး ခွဲခြား ဆက်ဆံခြင်း၊ ဖယ်ကြဉ်ခြင်း၊ ရန်ပြုတိုက်ခိုက်ခြင်းတို့သည် ဒီမိုကရေစီစနစ်နှင့် မလျော်ညီသည့် လုပ်ဆောင်မှုများဖြစ်သည်။ ထို့အတူ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲစိတ်ဓာတ်များသည် စည်းလုံးညီညွတ်မှုကို ပျက်ပြားစေပြီး နိုင်ငံတော်ပြိုကွဲပျက်စီးစေမည့် အန္တရာယ်များကို ဖြစ်စေနိုင်သဖြင့် မတူကွဲပြားမှုများနှင့် သဟဇာတဖြစ်အောင်နေထိုင်လုပ်ကိုင်သွားရန်လိုအပ်သည်။ ဤသည်မှာ ဒီမိုကရေစီ၏ အနှစ်သာရ ဖြစ်သည်။

မိမိတို့ဆောင်ရွက်ချက်များသည် နိုင်ငံတော်နှင့် မိမိတို့မျိုးဆက် လူငယ်လူရွယ်များအတွက် ဆိုးမွေများမထားရစ်ဘဲ ကောင်းသောအမွေအနှစ်များ ထားရစ်ခဲ့ဖို့ လိုအပ်ပါသည်။ မျက်မှောက်ကာလတွင် အကြောင်းအမျိုးမျိုးရှိခဲ့သော်လည်း ယင်းတို့ကိုဆင်ခြင်၍ နောင်မျိုးဆက်အတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်ကြရမည်ဖြစ်သည်။ မိမိတို့က ကောင်းသောအမွေများမထားခဲ့လျှင် မိမိတို့၏မျိုးဆက်များ အနာဂတ်ကို မည်သို့လျှောက်လှမ်းကြမည်ကိုဆင်ခြင်ကြည့်နိုင်ပေသည်။ ထို့ကြောင့် နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံး၏ အနာဂတ်ကို လက်ဆင့်ကမ်းပြောင်းလဲတာဝန်ယူကြမည့် လူငယ်လူရွယ်များအား အတွေးအခေါ်အယူအဆ မှန်ကန်စေရေး၊ အသိပညာဗဟုသုတများ ဖြန့်ဝေပေးရေး၊ နိုင်ငံကိုချစ်သည့်စိတ်နှင့် ပြည်ထောင်စုစိတ်၊ တိုးတက်လိုသည့်စိတ်များ ရှင်သန်ရေးတို့ကို ဖန်တီးဖော်ဆောင်ပေးရန် လိုအပ်ပါသည်။ မိမိတို့၏ သားသမီးများ၊ လူငယ်လူရွယ်များ ဗလငါးတန်ပြည့်ဝ သည့် သားကောင်းရတနာများဖြစ်အောင် ပြုစုပျိုးထောင်ပေးရန် လိုအပ်ပါသည်။

လက်ရှိကာလတွင် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတို့ကိုအကြောင်းပြ၍ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထု၏ အကျိုးစီးပွားကို ပျက်စီးဆုံးရှုံးစေလိုကြသည့် ပြည်တွင်း/ ပြည်ပ အဖျက်အမှောင့်သမားများနှင့် အကြမ်းဖက်သမားများက သွေးထိုးလှုံ့ဆော်မှုများပြုလုပ်လျက်ရှိသကဲ့သို့ အဖျက်လုပ်ရပ်များအား မကြာခဏပြုလုပ်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်သူလူထုကြားတွင် အတွေးမှား၊ အမြင်မှားများဖြစ်လာအောင် သတင်းမှားထုတ်လွှင့်မှုများ၊ သွေးဆောင်စည်းရုံးမှုများ ပြုလုပ်နေကြသည်ကိုတွေ့ရသည်။ ထို့အပြင် နိုင်ငံအတွင်း စည်းလုံးညီညွတ်မှုပျက်ပြားစေရန်နှင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် နည်းလမ်းမျိုးစုံပြုလုပ်နေကြသည့် ပြည်ပစွက်ဖက်မှုများနှင့် အတ္တအကျိုးစီးပွားကိုသာ ရှေးရှုလုပ်ဆောင်နေမှုများကြောင့် နိုင်ငံအနာဂတ်အတွက် ဖြစ်ပေါ်လာနိုင်သည့်အန္တရာယ်များကို ဆင်ခြင်တုံတရားဖြင့် သတိပြုမိကြရန်လိုအပ်ပါသည်။

သို့ဖြစ်ရာ လက်ရှိကာလတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် အားလုံးလက်တွဲ၍ နိုးကြားစွာဆောင်ရွက်ကြရမည်ဖြစ်ပြီး နိုင်ငံအနာဂတ်ကို လက်ဆင့်ကမ်းတာဝန်ယူကြမည့်မျိုးဆက်များ အသိအမြင်အတွေးအခေါ်များ တော်တည့် ဖြောင့်မှန်ပြီး ဗလငါးတန်နှင့်ပြည့်စုံသော သားကောင်းရတနာများဖြစ်စေရေး စေတနာကောင်းများထားရှိကြပြီး အဖျက်အမှောင့် အနှောင့်အယှက်အန္တရာယ်အမျိုးမျိုးတို့ကို ဖယ်ရှားကြရမည်ဖြစ်ပါကြောင်း။     

ကြေးမုံ,အယ်ဒီတာ့အာဘော်

No comments:

Post a Comment