ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုသည် ၁၉၃၀ ပြည့်နှစ် ကမ္ဘာ့စီးပွား ပျက်ကပ်ဖြစ်ပွားခဲ့ပြီးနောက် အကြီးမားဆုံး အပြင်းထန်ဆုံးဖြစ်သည်ဟု ဆိုကြသည်။ ကမ္ဘာ့ နိုင်ငံအသီးသီး တို့၏ အစိုးရများဘဏ္ဍာရေးအကျပ်ဆိုက်ခဲ့ကြပြီး ငွေကြေးဈေးကွက် ချည့်နဲ့သွားခဲ့သလို ကုန်သွယ်ရေးကဏ္ဍ လေးလံနှေးကွေးသွားခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုများ တုံ့ဆိုင်းသွားခဲ့ပြီး ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများမှ လူသန်းပေါင်းများစွာ အလုပ်အကိုင်များကို စွန့်လွှတ်ခဲ့ကြရသည်။
ကမ္ဘာလုံးချီသည့် ကပ်ရောဂါကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော အကျိုးဆက်များကို မိမိတို့နိုင်ငံသည်လည်း အများနည်းတူ ထိခိုက်ခံစားခဲ့ရာတွင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများစွာ ရပ်နားသွားခြင်း၊ ခရီးသွားလုပ်ငန်း အားလုံးရပ်နားသွားခြင်း၊ ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည် စီးဆင်းမှုများ တုံ့ဆိုင်းသွားခြင်း၊ ပြည်တွင်းစားသုံးမှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းသွားခြင်း စသည်တို့အပါအဝင် ထိခိုက်မှုပမာဏ ကြီးမားလှသည်။ မိမိတို့နိုင်ငံအတွက် ပို၍ဆိုးစေသည်မှာ နိုင်ငံရေး အပြောင်းအလဲများအပေါ် ဆန့်ကျင်မှုများမှ ထွက်ပေါ်လာသည့် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် မငြိမ်မသက်မှုများကပါ ဘူးလေးရာ ဖရုံဆင့်သည့်နှယ် စီးပွားရေးကဏ္ဍကို တိုက်ရိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည်။ ယခုအခါ မြန်မာနိုင်ငံအတွင်း ကပ်ရောဂါကူးစက်ပျံ့နှံ့မှုကို ကောင်းစွာထိန်းချုပ်ထားနိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုများမှာလည်း လျော့နည်းလာပြီဖြစ်ရာ နိုင်ငံ့စီးပွား မြှင့်တင်တည်ဆောက်ရေးကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရတော့မည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမြန်အကျိုးရလဒ်ဖြစ်စေမည့် (Quick Win) လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းအတွက် ပထမဦးစားပေး၊ စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များကို ကုန်ချောဆောင်ရွက်သည့် စက်ရုံ၊ အလုပ်ရုံများ အဆင့်မြှင့်တင်ရေး၊ SME တွင် အကျုံးဝင်မည့် စက်ရုံများတည်ထောင်ရေးကို ထောက်ပံ့အားပေးမှုအား ဒုတိယဦးစားပေးနှင့် ကျန်သည့် စက်ရုံ၊ အလုပ်ရုံများ၊ သီးခြားလိုအပ်သည့် လုပ်ငန်းများအတွက် ဆက်လက်စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (၁၈)လပြည့်မိန့်ခွန်းတွင် ပြောကြားခဲ့ရာ ပြည်တွင်းထွက်ကုန် များကို ပြည်ပသို့ ကုန်ချောတင်ပို့နိုင်ရေးအတွက် ဦးတည်ထားခြင်းဖြစ်သည်။
စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း၊ ကြက်၊ ဝက်၊ငါး/ပုစွန် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ပြည်ပ ဈေးကွက်အတွက် ကုန်ချောထုတ်လုပ်ရာတွင် လယ်တောမှသည် စက်ရုံအထိ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိသော ထုတ်လုပ်မှုများဖြင့် အရည်အသွေးကောင်းမွန်ရေး၊ အစားအစာဘေးကင်းလုံခြုံရေး၊ ထုပ်ပိုးပုံ ခေတ်မီလှပ ဆွဲဆောင်မှုရှိရေးတို့အတွက် လိုအပ်ချက်များကို အဘက်ဘက်မှ ဖြည့်ဆည်းပေးသွားရမည်ဖြစ်သည့်အပြင် ဈေးကွက်သစ်များဆီသို့ ပို့ကုန်အမယ်သစ်များ တင်ပို့နိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၊ လုပ်ငန်းရှင် အဖွဲ့အစည်းများ၊ တောင်သူများသုံးဦးသုံးဖလှယ် ညီညွတ်စွာဆောင်ရွက်သွား ရမည်ဖြစ်သည်။ အခက်အခဲ အကျပ်အတည်းကြားမှ ရုန်းထွက်နိုင်ရေးသည် သာမန်အားထုတ်ရုံမျှဖြင့်မဟုတ်ဘဲ တစ်စုတစ်စည်းတည်းသော အားမာန်ဖြင့် တညီတညွတ်တည်း အားကုန်ထုတ် ရုန်းထွက်နိုင်မှသာ လွတ်မြောက်နိုင်မည်ဖြစ်သည်။
မိမိတို့နိုင်ငံတွင် သယံဇာတအရင်းအမြစ်များ ကြွယ်ဝသည်ဟုဆိုရာတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးအတွက် လိုအပ်သော ရေ၊ မြေအရင်းအမြစ်များနှင့် အခက်အခဲအကျပ်အတည်းများကို ရင်ဆိုင်ကျော်လွှားနိုင်သည့် လူသားအရင်းအမြစ်များလည်း ပိုင်ဆိုင်ထားခြင်းဖြစ်ရာ ၎င်းအရင်းအမြစ်များကို အထိရောက်ဆုံး၊ အကျိုးအဖြစ်ထွန်းဆုံးရရှိအောင် အသုံးပြုနိုင်ခြင်းဖြင့် ကမ္ဘာတွင် စားနပ်ရိက္ခာ ကုန်ချောထုတ်လုပ် တင်ပို့ရောင်းချနိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လာနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။
မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်

No comments:
Post a Comment