Tuesday, November 10, 2026

ဉာဏ်ရည်တုနည်းပညာသုံး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု

 ပါမောက္ခဒေါက်တာမျိုးခိုင် (ကွန်ပျူတာတက္ကသိုလ်)

ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့် သဘာဝဖြစ်စဉ်များကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲဆိုးကျိုးများကို နှစ်စဉ်နှင့်အမျှ တိုးမြှင့်ခံစားလာကြရပါသည်။ ကြိုတင်ခန့်မှန်းရခက်ခဲပြီး အင်အားပြင်းထန်လှသော မုန်တိုင်းများ၊ ရုတ်တရက်ကျရောက်လာသည့် ရေကြီးရေလျှံမှုများ၊ တောင်ပြိုမြေပြိုမှုများ၊ ငလျင်လှုပ်ခတ်မှုများနှင့် လူ့ပတ်ဝန်းကျင်ကို ခြိမ်းခြောက်နေသော တောမီးလောင်ကျွမ်းမှုများက ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်နှင့် အခြေခံအဆောက်အအုံများကို ခဏတာအတွင်း ဖျက်ဆီးပစ်လေ့ရှိပါသည်။

သဘာဝတရား၏အင်အားကို လူသားတို့အနေဖြင့် တားဆီးပိတ်ပင်ရန် မဖြစ်နိုင်သော်လည်း ဘေးအန္တရာယ်ကျရောက်မည့် အခြေအနေများကို ကြိုတင်တွက်ချက်ကာ ထိခိုက်ဆုံးရှုံးမှုအနည်းဆုံး ဖြစ်အောင် ကာကွယ်နိုင်မည့်နည်းလမ်းများရှိပါသည်။ ယနေ့ခေတ်တွင် ဒီဂျစ်တယ်နည်းပညာနှင့် ဉာဏ်ရည်တု နည်းပညာ (Artificial Intelligence - AI) တို့ကို ပေါင်းစပ်အသုံးပြုလာခြင်းသည် သဘာဝ ဘေးအန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်ရာတွင် အလွန်ထိရောက်ပြီး လက်တွေ့ကျသော လုပ်ငန်းကဏ္ဍတစ်ခု ဖြစ်လာခဲ့ပါသည်။

ဤဆောင်းပါးတွင် နည်းပညာကိုအသုံးပြု၍ သဘာဝဘေးအန္တရာယ် များအား စီမံခန့်ခွဲနိုင်သည့် နည်းလမ်းများကို “Smart Disaster Management” အဖြစ် အများပြည်သူ အလွယ်တကူ သိရှိနားလည်နိုင် စေရန် တင်ပြသွားမည်ဖြစ်ပါသည်။

၁။ သဘာဝဘေးများအတွက် ကြိုတင်ကာကွယ်ခြင်း

သဘာဝဘေးအန္တရာယ်များသည် မည်သည့်အချိန်တွင်မဆို ရုတ်တရက်ကျရောက်လာနိုင်သော်လည်း ခေတ်မီဉာဏ်ရည်တု နည်းပညာကိုအသုံးပြု၍ ကြိုတင်တွက်ချက်ပြင်ဆင်ခြင်းဖြင့် လူသားတို့၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှုကို အထိရောက်ဆုံး လျှော့ချတားဆီးနိုင်ပါသည်။

မီးဘေးအန္တရာယ်။ ဂြိုဟ်တုဓာတ်ပုံများနှင့် တောတောင်များတွင် တပ်ဆင်ထားသော အပူလှိုင်းဖမ်း အာရုံခံ ကိရိယာများမှတစ်ဆင့် AI စနစ်သည် မီးစတင်လောင်ကျွမ်းသည့်နေရာကို မိနစ်ပိုင်းအတွင်း သိရှိနိုင်ရုံသာမက လေတိုက်နှုန်းနှင့် အပူချိန်ကိုပါ တွက်ချက်ကာ မီးကူးစက်နိုင်မည့်လမ်းကြောင်းကို ကြိုတင်ခန့်မှန်းပေး နိုင်ပါသည်။ မြို့ပြများတွင်လည်း CCTV ကင်မရာများနှင့် ချိတ်ဆက်ကာ မီးခိုး သို့မဟုတ် မီးတောက်ကို မြင်သည်နှင့် မီးသတ်ဌာနသို့ အလိုအလျောက် သတင်းပေးပို့နိုင်ပါသည်။

ရေဘေးနှင့် လေဘေး။ AI Algorithms (တွက်ချက်မှုပုံသေနည်း များ)သည် မုန်တိုင်းတစ်ခု မည်သည့်လမ်းကြောင်းအတိုင်း ရွေ့လျား ပြီး မည်သည့်ကမ်းခြေဒေသသို့ အရှိန်နှုန်းမည်မျှဖြင့် ဝင်ရောက်မည် ဆိုသည်ကို ရက်ပိုင်းအလိုကတည်းကပင်တိကျစွာ ခန့်မှန်းပေးနိုင်ပါသည်။ ထို့ပြင်မြေမျက်နှာသွင်ပြင် ကွန်ပျူတာမော်ဒယ်များကို အသုံးပြု၍ မိုးရေချိန်မည်မျှရွာသွန်းပါက မြေနိမ့်ပိုင်း မည်သည့်နေရာများ ရေနစ်မြုပ် နိုင်သည်ကို ဒီဂျစ်တယ်မြေပုံပေါ်တွင် ကြိုတင်ပုံဖော်ပြသနိုင်ပါသည်။

ငလျင်ဘေးနှင့် ဆူနာမီဘေး။ မြေငလျင်တိုင်းကိရိယာများမှ ရရှိသောအချက်အလက်များကိုအသုံးပြု၍ အန္တရာယ်မရှိသော မြေတုန်ခါမှုနှင့် အဖျက်စွမ်းအားပြင်းသော ငလျင်လှိုင်းတို့ကို AI ဖြင့် စစ်ဆေးကာ ခွဲခြားပေးနိုင်ပါသည်။ ငလျင်လှိုင်း မြို့ပြသို့မရောက်ရှိမီ မိနစ်စက္ကန့်ပိုင်းအလိုတွင် ဖုန်းများသို့ အရေးပေါ်အချက်ပေးသံ ပေးပို့နိုင်ပြီး မြန်နှုန်းမြှင့်ရထားများအား အလိုအလျောက် ဘရိတ်ဖမ်းခြင်း၊ ဂက်စ်ပိုက်လိုင်းများအား ပိတ်ဆို့ခြင်းတို့ကိုပြုလုပ်ကာ နောက်ဆက်တွဲအန္တရာယ်များကို တားဆီးပေးနိုင် ပါသည်။ ပင်လယ်ရေအောက် ငလျင်လှုပ်ခတ်မှုအချက်အလက်များကိုတွက်ချက်၍ ဆူနာမီလှိုင်း မည်မျှအမြင့်ဖြင့် ကမ်းခြေသို့ ရိုက်ခတ်နိုင်သည်ကိုလည်း အမြန်ဆုံးတွက်ချက်သတိပေးနိုင်ပါသည်။

၂။ သဘာဝဘေးကျရောက်ပြီးနောက် ရှာဖွေကယ်ဆယ်ရေး

သဘာဝဘေးအန္တရာယ်တစ်ခုခု ကျရောက်ပြီးနောက်ပိုင်းတွင် လမ်း၊ တံတားများ ပျက်စီးခြင်းနှင့် အန္တရာယ်ရှိသောအခြေအနေများကြောင့် လူကိုယ်တိုင် သွားရောက်ရှာဖွေ ကယ်ဆယ်ရန်ခက်ခဲသော ဒေသများရှိတတ်ပါသည်။ ဤသို့သောအခြေအနေမျိုးတွင် AI နည်းပညာကိုသုံး၍ ထိရောက်သော ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များကို ဆောင်ရွက်နိုင်ပါသည်။

ဒရုန်းများဖြင့် ရှာဖွေကယ်ဆယ်ခြင်း။ AI စနစ် တပ်ဆင်ထားသော စမတ်ဒရုန်း (Smart Drones) များတွင် အပူလှိုင်းဖမ်း ကင်မရာများနှင့် AI ပုံရိပ်ဖမ်းစနစ်များကို တပ်ဆင်ထားသဖြင့် အပျက်အစီးများအောက် တွင် ပိတ်မိနေသည့် သက်ရှိများကို လူသားတို့ထက် အဆပေါင်းများစွာ မြန်ဆန်စွာ ရှာဖွေတွေ့ရှိနိုင်ပါသည်။

ကယ်ဆယ်ရေးလမ်းကြောင်းတွက်ချက်ခြင်း။ AI စနစ်သည် ပျက်စီးသွားသောလမ်း၊ တံတားများ၏ မြင်ကွင်းများကို ဒရုန်းဓာတ်ပုံများမှတစ်ဆင့် ဆန်းစစ်ပြီး ကယ်ဆယ်ရေးအဖွဲ့များ ဘေးကင်းစွာ သွားရောက်နိုင်မည့် အကောင်းဆုံးနှင့် အမြန်ဆုံးလမ်းကြောင်းကို အလိုအလျောက်မြေပုံဖော်ထုတ် ပေးနိုင်ပါသည်။ လူသားများသွားရောက်ရန် အလွန်အန္တရာယ်များသောနေရာများသို့ ဒရုန်းများ သို့မဟုတ် အလိုအလျောက်မောင်းနှင်သော စက်လှေငယ်များ အသုံးပြု ၍ ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးဝါးများကို အရောက်ပို့ဆောင် ပေးနိုင်ပါသည်။

ထောက်ပံ့ရေးပစ္စည်းများ စနစ်တကျခွဲဝေမှု။ ဘေးသင့်ဒေသအသီးသီးမှ ပေးပို့လာသော သတင်းအချက် အလက်များနှင့် လူဦးရေအချက် အလက်များကို စုစည်းတွက်ချက်ပြီး မည်သည့်နေရာတွင် မည်သည့် ပစ္စည်း (ဥပမာ- ဆေးဝါး၊ ရိက္ခာ၊ သောက်ရေသန့်) တို့ကို အရေးတကြီး ပိုမိုလိုအပ်နေသည်ဆိုသည့်အချက်ကို တိကျစွာ ဖော်ထုတ်ပေးသဖြင့် ထောက်ပံ့မှုများ လေလွင့်မှုမရှိစေရန် စီမံခန့်ခွဲပေးနိုင်ပါသည်။

၃။ ရေရှည်ပြန်လည်ထူထောင်ရေးတွင် AI ၏ အခန်းကဏ္ဍ

ဘေးအန္တရာယ် ပြီးဆုံးသွားသော်လည်း ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ကုစားရန် ရေရှည်ထူထောင်ရေး လုပ်ငန်းများ လိုအပ်ပါသည်။ ဤနေရာတွင်လည်း AI သည် ထိရောက်သောအကူအညီများပေးစွမ်း နိုင်ပါသည်။

ပျက်စီးဆုံးရှုံးမှု အမြန်ဆုံးဆန်းစစ်ခြင်း။ AI စနစ်များသည် ဘေးမဖြစ်မီနှင့်ဘေးဖြစ်ပြီးနောက် ရိုက်ကူးထားသော ဂြိုဟ်တုဓာတ်ပုံများအား အလိုအလျောက် နှိုင်းယှဉ်ဆန်းစစ်၍ မည်သည့်အဆောက် အအုံများ၊ လမ်း၊ တံတားများနှင့် စိုက်ပျိုးမြေများ ရာခိုင်နှုန်း မည်မျှ ပျက်စီးဆုံးရှုံးသွားသည်ကို ရက်ပိုင်းအတွင်း တိကျစွာ စာရင်းပြုစုပေးနိုင်သဖြင့် ပြန်လည်တည်ဆောက်ရေးဘတ်ဂျက်နှင့် အစီအစဉ်များကို အချိန်တိုအတွင်း ချမှတ်နိုင်ပါသည်။

မြို့ပြပြန်လည်တည်ဆောက်ရေး။ ပျက်စီးသွားသော အခြေခံ အဆောက်အအုံများအား ပြန်လည်တည် ဆောက်ရာတွင် နောင်တစ်ချိန် တွင်ဤကဲ့သို့သော သဘာဝဘေးဒဏ်ကို ထပ်မံခံစားရပါက ခံနိုင်ရည် ရှိစေရန် မည်သည့်ပုံစံ၊ မည်သည့်နေရာတွင် တည်ဆောက်သင့်သည်ကို AI မော်ဒယ်များက တွက်ချက် အကြံပြုပေးနိုင်ပါသည်။

ရောဂါဘယကာကွယ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု။ ဘေးအန္တရာယ်ကျရောက်အပြီး သောက်ရေသန့် ပြတ်လပ်မှုကြောင့် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ကူးစက်ရောဂါများ မည်သည့်နေရာတွင် စတင်ကူးစက်ပျံ့နှံ့နိုင်ခြေရှိသည်ကိုတွက်ချက်ပြီး ဆေးဝါးနှင့် ကျန်းမာရေးဝန်ထမ်းများကို ကြိုတင်စေလွှတ်ကာ ကာကွယ်တားဆီးနိုင်ပါသည်။

၄။ နိုင်ငံတကာမှ စံပြနမူနာများ

ကမ္ဘာ့နိုင်ငံအသီးသီးတွင် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ကျော်လွှားရန် ဉာဏ်ရည်တုနည်းပညာကို လက်တွေ့ကျကျ အောင်မြင်စွာ အသုံးချနေကြပြီဖြစ်ပါသည်။

ဂျပန်နိုင်ငံ၏ ငလျင်နှင့် ဆူနာမီဘေး ကာကွယ်ရေး။ ဂျပန်နိုင်ငံ သည် ပင်လယ်ရေအောက် လှုပ်ခတ်သော ငလျင်များအား စက္ကန့်ပိုင်းအတွင်းဆန်းစစ်ကာ ဆူနာမီလှိုင်း မည်မျှကြီးမားစွာ ဝင်ရောက်နိုင် သည်ကို မိနစ်ပိုင်းအတွင်း တိကျစွာ တွက်ချက်နိုင်သည့် AI စနစ်များ ကို အသုံးပြုခဲ့ပါသည်။ ဤစနစ်ကြောင့် ဆူနာမီသတိပေးချက်ထုတ်ပြန်ရန် ကြာမြင့်ချိန်ကို လျှော့ချပေးနိုင်ခဲ့သဖြင့် ပြည်သူများ ဘေးလွတ်ရာသို့ အချိန်မီရွှေ့ပြောင်းနိုင်ပြီး အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပါသည်။

အမေရိကန်နိုင်ငံ၏ တောမီးစောင့်ကြည့်ရေးစနစ်။ ကာလီဖိုးနီးယားပြည်နယ်တွင် AI မော်ဒယ်များသည် တောတောင်များတွင် တပ်ဆင်ထားသော ကင်မရာပေါင်းထောင်ချီမှ မြင်ကွင်းများကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်လျက်ရှိပါသည်။ လူသားများ မီးခိုး ကို မမြင်မီကတည်းက AI က မီးစတင်လောင်ကျွမ်းမှုကို သိရှိပြီး မီးသတ်ဌာနသို့ လျင်မြန်စွာအချက်ပေးနိုင်သဖြင့် တောမီးကြီးမားစွာ မကူးစက်မီအချိန်မီ တားဆီးငြှိမ်းသတ် နိုင်ခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံ၏ မုန်တိုင်းနှင့်ရေကြီးမှု ကြိုတင်သတိပေးစနစ်။ ဗီယက်နမ်နိုင်ငံ မဲခေါင်မြစ်ဝ ကျွန်းပေါ်ဒေသတွင် ရေကြီးရေလျှံမှုနှင့် မုန်တိုင်းအန္တရာယ်များကို ရင်ဆိုင်ရန် AI အခြေပြုဒေတာခွဲခြမ်း စိတ်ဖြာမှုစနစ်အား အသုံးချခဲ့ပါသည်။ မြစ်ရေစီးဆင်းမှုနှုန်းနှင့် မိုးရေချိန်တို့ကို AI က တွက်ချက်ကာ အန္တရာယ်ရှိဇုန်အတွင်းမှ ပြည်သူများထံသို့ မိုဘိုင်းဖုန်း SMS များမှတစ်ဆင့်တိကျသောသတိပေးချက်များ ရက်ပိုင်းအလိုကတည်းက ကြိုတင်ပေးပို့နိုင်သဖြင့် ထိခိုက်ဆုံးရှုံးမှုများကို လျှော့ချနိုင်ခဲ့ပါသည်။

၅။ အများပြည်သူ လက်လှမ်းမီမှု

နည်းပညာများမည်မျှပင် အဆင့်မြင့်မားနေပါစေ ပြည်သူများထံသို့ သတင်းအချက်အလက်များ အချိန်မီမရောက်ရှိပါက ထိရောက်မှု ရှိမည်မဟုတ်ပါ။ ထို့ကြောင့် အောက်ပါနည်းလမ်းများဖြင့် အများ ပြည်သူ လက်လှမ်းမီအောင် ဖော်ဆောင်နိုင်ပါသည် -

မိုဘိုင်းဖုန်း SMS နှင့် အသံဖိုင် သတိပေးချက်များ။ အင်တာနက် လိုင်းမရရှိသောဒေသများနှင့် စမတ်ဖုန်းမသုံးစွဲ နိုင်သော ပြည်သူများ အတွက် ရိုးရိုးဖုန်းလိုင်းများမှတစ်ဆင့် မိခင်ဘာသာစကားဖြင့် ရှင်းလင်း သော အရေးပေါ် စာတို SMS များပေးပို့နိုင်ပါသည်။ ထို့ပြင် အလိုအလျောက်ဖုန်းခေါ်ဆို၍ သတိပေးသည့် စနစ်များကိုပါ ပေါင်းစပ် အသုံးပြုခြင်းဖြင့် ပြည်သူများ အန္တရာယ်ကို အချိန်မီသိရှိနိုင်မည် ဖြစ်ပါသည်။

ပြည်သူ့အခြေပြု နည်းပညာအက်ပလီကေးရှင်းများ။ အများပြည်သူ အလွယ်တကူ အသုံးပြုနိုင်သည့် လူမှုကွန်ရက်စာမျက်နှာများနှင့် စမတ်ဖုန်း အက်ပလီကေးရှင်းများတွင် AI က တွက်ချက်ပေးထားသော ဘေးအန္တရာယ်ပြမြေပုံများကို ရိုးရှင်းစွာကြည့်ရှုနိုင်အောင် ဖန်တီးပေးနိုင်ပါသည်။ သို့မှသာ မည်သည့်လမ်းကြောင်းမှ ရှောင်ကွင်းရမည်၊ မည်သည့်နေရာတွင် ကယ်ဆယ်ရေးစခန်းများရှိသည်ကို ပြည်သူများ ကိုယ်တိုင် လက်လှမ်းမီ သိရှိနိုင်မည်ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့်ဆိုရသော် သဘာဝဘေးအန္တရာယ်များသည် ကျွန်ုပ်တို့ရှောင်လွှဲ၍မရသော လက်တွေ့ရင် ဆိုင်နေရသည့် စိန်ခေါ်မှုများဖြစ်ပါသည်။ ဤစိန်ခေါ်မှုများကို သမားရိုးကျနည်းလမ်းများဖြင့် ရင်ဆိုင်နေမည့် အစား ဒီဂျစ်တယ်နှင့် ဉာဏ်ရည်တုနည်းပညာသုံး ဘေးအန္တရာယ်စီမံခန့်ခွဲမှုစနစ်များကို သဘာဝဘေးကြိုတင်ကာကွယ်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်း အဆင့်တိုင်းတွင် စနစ်တကျ တည်ဆောက်အသုံးချခြင်းဖြင့် အဖိုးတန်လှသော လူသားအရင်းအမြစ်များနှင့် ပြည်သူတို့၏ အိုးအိမ်စည်းစိမ်များကို ပိုမိုထိရောက်စွာ ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ပြီး ပိုမိုဘေးကင်း စိတ်ချရသော အနာဂတ် လူမှုအဖွဲ့အစည်းတစ်ခုကို ပုံဖော်ထူထောင် သွားနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက် ရပါသည်။ ။

ကိုးကား-

Global Assessment Report on Disaster Risk Reduction 2022: Our World at Risk, United Nations Office for Disaster Risk Reduction (UNDRR), 2022.

Early Warnings for All: Executive Action Plan 2023–2027, World Meteorological Organization (WMO), 2023.

Leveraging AI to enhance MHEWS in Viet Nam, UNDRR Case Studies, 2025.

Integrating AI for Wildfire Early Detection. State of California, California Department of Forestry and Fire Protection (CAL FIRE), 2025.

Improvements in JMA’s tsunami warning system, Japan Meteorological Agency (JMA), [data.jma.go.jp].

No comments:

Post a Comment