Tuesday, November 10, 2026

ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးများ၊ ဆေးတက္ကသိုလ်(၂)ရန်ကုန်၊ ဆေးဝါးတက္ကသိုလ်-ရန်ကုန် ကြည့်ရှုစစ်ဆေး

 


နေပြည်တော် နိုဝင်ဘာ ၉

မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးအရေးပေါ်နှင့် အထူးကုပြင်ပလူနာကုသမှု၊ အထူးကြပ်မတ် ကုသဆောင်နှင့် အတွင်းလူနာဆောင်များထားရှိမှုကို ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းလှည့်လည် ကြည့်ရှုစစ်ဆေးပြီး ဆေးရုံဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာ လှပရေးနှင့် ဆေးကုသမှုအရည် အသွေး ပိုမိုတိုးတက်ကောင်းမွန် စေရေး ဆွေးနွေးမှာကြား၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူကြသည့် ပြည်သူများနှင့် တာဝန်ထမ်းဆောင်နေကြသည့်ကျန်းမာ ရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ထို့နောက် ဆေးတက္ကသိုလ်(၂)ရန်ကုန်၌ ပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ သင်ကြားရေးဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကျောင်းသားကျောင်းသူများအနေဖြင့် ဆေးပညာဆိုင်ရာ ကျင့်ဝတ်များ ကို ကောင်းစွာလိုက်နာပြီး စိတ်ခံစားချက်ပိုင်းဆိုင်ရာ ဉာဏအစွမ်း တိုးတက်ကောင်းမွန်သော သမားကောင်းများ ဖြစ်လာစေရေး လေ့ကျင့်သင်ကြားပေးကြရန် တိုက်တွန်းပြောကြားပြီးစာသင် ဆောင်များတွင် ကျောင်းသား ကျောင်းသူများ စာသင်ကြားနေမှု အခြေအနေ၊ လက်တွေ့သင်ကြား ရေးခန်းများ၊ စားသောက်ဆိုင်နှင့် သုံးထပ်ကျောင်းသားအိပ်ဆောင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ သင်ကြားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာလိုအပ်ချက်များကိုပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဆေးဝါးတက္ကသိုလ် (ရန်ကုန်)ရှိ သင်ကြားရေး ဆရာများ၊ ကျောင်းသား ကျောင်းသူများ၏ သုတေသနပိုစတာများ၊ စာသင်ဆောင်၊ သင်တန်းသား အိပ်ဆောင်နှင့် စားသောက်တန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား ကျောင်းသူများစာပေ အေးချမ်းစွာသင်ကြားနိုင်ရေးအတွက် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများနှင့် လက်တွေ့ခန်းသုံး ပစ္စည်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်မှာကြားကာ အရည်အသွေး ပြည့်ဝသော ဆေးဝါးပညာရှင်များ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးအတွက် သင်ကြားရေးအရည် အသွေးမြှင့်တင်မှုအစီအစဉ်များကို တာဝန်ရှိသူများနှင့် ဆွေးနွေး ညှိနှိုင်းသည်။

ဆက်လက်ပြီး ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဝေဘာဂီအထူးကုဆေးရုံကြီးသို့ရောက်ရှိပြီး ခုတင်(၁၁၀)ဆံ့ သုံးထပ်ကုသ ဆောင်သစ်နှင့် ဆေးကုသဆောင်များတွင် ကူးစက်ရောဂါကာကွယ် ကုသရေး လုပ်ငန်းစဉ်များဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ ဆေးရုံကြီးအတွင်း အဆင့်မြင့်ဆေးကုသ ဆောင်များ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးနှင့်ဆေးနှင့် ဆေးပစ္စည်းများ ပြည့်စုံ လုံလောက်စွာထောက်ပံ့ပေးနိုင် ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment