Sunday, October 4, 2026

အဆို၊ အက၊ အရေး၊ အတီး ပန်တျာခရီး

ကိုဇော်ဌေး (ယဉ်ကျေးမှု)

သမိုင်းဦးအစကာလများကပင် အဆင့်အတန်းမြင့်မားပြီး အရည်အသွေးပြည့်စုံသည့် မြန်မာတို့၏ အနုပညာယဉ်ကျေးမှုများသည် ပန်တျာခရီးသွားများစွာ ပါဝင်လာသည့်အခါ ပိုမိုတောက်ပထည်ထည်ဝါဝါ ဝင့်ဝင့်ကြွားကြွား ရှိလာကြတော့သည်။ အဆို၊ အက၊ အရေး၊ အတီးဟူသည့် မြန်မာ့မူဟန်ပညာရပ်များသည် ပန်တျာခရီးသွားများ၏ ကျေးဇူးကြောင့် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်းဝယ် မြန်မာ့ဟန် မြန်မာ့ဂုဏ်ရည်ကို ထင်ထင်ရှားရှား ဖော်ညွှန်းပြသနိုင်ခဲ့သည်ချည်းဖြစ်ခဲ့သည်။ ပန်တျာခရီးသည်ပညာရှင်များ၏ ပြုစုပျိုးထောင်၊ သိုမှီးစုဆောင်းမှုများနှင့် မျိုးဆက်တစ်ဆက်မှတစ်ဆက်သို့ လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်မှုများကြောင့် ပညာရပ်များသည် ခက်လက်ဝေလွင် ဥယျာဉ်ကြီးနှယ် လှပတင့်မောနေခြင်းဖြစ်သည်။

ဆိုမှု၊ ကမှု၊ တီးမှုတို့ကို အခြေပြုသော အနုပညာတစ်ရပ်ကို မြန်မာတို့အလိုအားဖြင့် ပန်တျာဟုခေါ်သည်။ ထိုပန်တျာအနုပညာသည် လူတို့၏စိတ်နှလုံးကို နူးညံ့ပျော့ပျောင်းစေနိုင်သည်။ ရွှင်ပြုံးချမ်းမြေ့စေနိုင်သည်။ ပန်တျာဟူသောဝေါဟာရကို သက္ကရာဇ် ၅၅၂ ခုနှစ်ထိုး ပုဂံမြို့၊ ဝက်ကြီးအင်းအလယ်ပိုင်း၊ ချောင်းအနောက်၊ စာရင်း ၁၂၂ ၊ မြန်မာတိုင်းရင်းကျောက်စာပုံ ၅၀ ၊ ကျောက်စာကြောင်းရေ ၂၄ နှင့် ၂၆ ကြားတွင် -

“စည်သည်ငါစိမ်၊ ၁ စည်သည်၊ ငါပြညာ ၁

စည်သည် ငါ…။ ပန်တျာအိုမိ ၁ ပန်တျာ အိုကြွံ့

၁ ပန်တျာ ထန်ဗူ ၁ ၊ ပန်တျာအိုချောက် ၁ ၊ ပန်တျာ

ယဆိယ် ၁ ၊ ပန်တျာ ယမတ် ၁ ၊ ပန်တျာ သံမူရာ ၁”

ဟူ၍ပါရှိခဲ့လေသည်။ ဤတွင် ပန်တျာဟူသော ဝေါဟာရကို -

ပန် = ဖန်ဆင်းခြင်း၊ ပြုပြင်ခြင်း၊ ပြုလုပ်သူ၊ ဖန်ဆင်းသူ။

တျာ = တီးမှုတ်ခြင်း၊ တီးမှုတ်စရာ

ဟူ၍ ကျောက်စာဝန်ဟောင်း ဦးဖိုးလတ်က ယူဆခဲ့လေသည်။ မြန်မာအဘိဓာန်ကမူ ပန်တျာကို “စည်တစ်မျိုး၊ အတီးအမှုတ်၊ အဆို၊ အတီး၊ အကပညာ” ဟူ၍ ဖွင့်ဆိုပြလေသည်။ မည်သို့ပင်ဆိုစေ ပန်တျာဟူသည် အနုသုခုမဆိုင်ရာ လူများ၊ ပစ္စည်းများ၊ တေးဂီတများကို ရည်ညွှန်းနေကြောင်း မှတ်သားနိုင်သည်။

အဆို

ရှေးမြန်မာစာပေ ဂီတလင်္ကာ အနုသဘင်ပညာတို့သည် တစ်မျိုးနှင့်တစ်မျိုး ရောထွေးယှက်တင် ဆက်နွှယ်လျက်ရှိခဲ့ကြလေသည်။ ပါဠိ၊ သက္ကတ စသည့်ဘာသာတို့တွင် ကဗျာနှင့် ဂီတမှာ ခြားနားခြင်းမရှိလှ။ ကဗျာကိုပင် တူရိယာဖြင့် တွဲဖက်သီဆိုခြင်းဖြင့် ဂီတအဖြစ်သို့ ပြောင်းလဲနိုင်သကဲ့သို့ ဂီတကို တူရိယာလွတ်မတြာကို လျော့၍ ဆိုခြင်းအားဖြင့် ကဗျာအဖြစ်သို့ ပြောင်းလဲနိုင်ကြောင်း လေ့လာသိရှိရသည်။ အများအားဖြင့် ကာရန်နှင့် ဖွဲ့ဆိုဖတ်ရှု၍ ရသောစာပေကို ကဗျာအဖြစ်လည်းကောင်း၊ ထိုကဗျာကိုပင် စည်း၊ ဝါး၊ တူရိယာနှင့် တွဲဖက်လျက် သီချင်းအဆိုအဖြစ်လည်းကောင်း ခေါ်ဆိုကြသည်။ သီချင်းအဆိုသည် စင်စစ်ဂီတပင်ဖြစ်သည်။ အဆိုပညာရှင်တစ်ဦးသည် တူရိယာကို မတီးခတ်၊ မမှုတ်တတ်ငြား စည်း၊ ဝါးကို အနည်းဆုံးနားလည်ကြသည်။ ၁၉၀၀ ပြည့်နှစ်တွင် ဓာတ်စက်၊ ဓာတ်ပြားများပေါ်လာ၍ သီချင်းကြီးဓာတ်ပြားများ၊ ဇာတ်ထုပ်များ၊ နာမည်ကျော် ဆိုင်းဆရာကြီးများ၏ ဆိုင်းတီးလုံးများ ခေတ်စားလာသည်။ ထိုစဉ်က (မစ္စကွမ်) ဓာတ်ပြား ကုမ္ပဏီတစ်ခုတည်းသာရှိသေးသည်။ သီချင်းကြီးများ ဓာတ်ပြားသွင်းရာ၌ စောင်းဆရာငြိမ်းနှင့် အဆိုတော် ကျိုက်လတ်မယ်သင်တို့မှာ ထင်ရှားခဲ့သည်။ ဇာတ်မင်းသားကြီး ဦးဖိုးစိန်သည် မဲဇာတောင်ခြေရတုကို ရှေးမူမှန်အတိုင်းမဆိုဘဲ ဆိုဟန်ကိုတိုးချဲ့တီထွင်သဖြင့် မဲဇာတောင်ခြေရတုကို လူအများ အသည်းစွဲခဲ့ကြသည်။

သီချင်းသီဆိုသူတစ်ဦးသည် သီချင်းတစ်ပုဒ်ရှိ အဆင်တန်ဆာများဖြစ်ကြသော ရှည်တိုလေးပေါ့သော ဒီဃရသအသံများ၊ စကားလုံး လေယူလေသိမ်း၊ သီချင်းစာသား၏အဓိပ္ပာယ်၊ လျှာစောက်အာစောက်များဖြင့် သီဆိုတတ်ကြသည်။ အရစ်အဝဲများ ပါဝင်ခြင်း၊ အဖိအဖော့များပါဝင်ခြင်း၊ ဟန်နေဟန်ထား၊ အယူအဆများ ပါဝင်ခြင်း၊ နှုတ်တိုက်သင်ကြားမှု ခံယူရခြင်း စသည်ဖြင့် သီဆိုသူတစ်ဦး၏ တာဝန်ကျေပွန်ရန်လည်းလိုအပ်သည်။ ထိုနည်းလမ်းဖြင့် ဒေါ်စောမြအေးကြည်သည် ရှေးမြန်မာဂီတသီချင်းများကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။ ဆိုနည်း၊ ဆိုဟန်၊ တီးဟန်၊ တီးကွက်များကို ရှေးမူမှန်ဖြစ်အောင် အထူးထိန်းသိမ်းပေးခဲ့သည်။ ကိုလံဘီယာ ဓာတ်ပြားကုမ္ပဏီပေါ်ပေါက်လာသောအခါ အောင်မြင်သောအသံနှင့် အဆွဲအငင်ပိုင်နိုင်စွာ သီဆိုနိုင်သူ မကြည်အောင်၊ ချိုအေးကြည်လင်သောအသံရှင် မအေးမိ၊ အဆိုပိုင်သူ အငြိမ့်မင်းသမီး လေဘာတီမမြရင်၊ ဥဩဘသောင်နှင့် စိန်ပါတီတို့ စုံတွဲသီချင်းများ ကျော်ကြားလာသည်။ အများစုသော ရှေးခေတ်အဆိုပညာရှင်တို့သည် အဆိုရောအတီးပါ စွယ်စုံကျွမ်းကျင်ကြသည်။

အက

လူ၏ခန္ဓာကိုယ်ကို ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် အချိန်နှင့်နေရာမရွေး ရွေ့လျားပြောင်းလဲနိုင်သော အကပညာသည် လွန်စွာရှေးကျသော အနုပညာတစ်ရပ်ပင်ဖြစ်ပြီး ကမ္ဘာ့နေရာအနှံ့အပြား၌ ထွန်းကားခဲ့သည်မှာလည်း မငြင်းဆိုနိုင်သော အကြောင်းတစ်ရပ်ဖြစ်သည်။ လူမျိုးစုတစ်စု၏ အကပုံစံများကို လေ့လာခြင်းဖြင့် ထိုလူမျိုးစုတို့၏ ယဉ်ကျေးမှု တစ်စိတ်တစ်ဒေသကိုလည်း လေ့လာသုံးသပ်နိုင်ပေသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ အကအနုပညာသည် ဘာသာဗေဒတစ်ရပ်နှယ် သီးခြားခွဲထွက်လျက် သက်ဆိုင်ရာ နိုင်ငံအသီးသီးရှိ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာရပ်များအဖြစ် သီးခြားရပ်တည်လာနိုင်ကြသည်ကို တွေ့ရသည်။

အကဟူသည် ခေါင်း၊ ခါး၊ ခြေ၊ လက် စသည်တို့ကို ရှုချင်စဖွယ် ညွတ်ကွေးကပြခြင်းပင်ဖြစ်သည်။ သို့အတွက် လူ၏ခန္ဓာကိုယ်အစိတ်အပိုင်းများသည် အကပညာအတွက် အဓိကကျသော လိုအပ်ချက်များဖြစ်လာရသည်။ ထို့ပြင် အကအနုပညာသည် စကားလုံးမလိုဘဲ ကိုယ်လက်လှုပ်ရှားမှုဖြင့် ဖော်ပြလိုသော ခံစားချက်ကို ဘာသာပြန်တင်ဆက်နိုင်သော ပညာရပ်တစ်ခုလည်းဖြစ်သည်။ ထိုလှုပ်ရှားမှုနှင့်ပတ်သက်၍ အကသမိုင်းဆိုင်ရာ ပညာရှင်များက အကဟူသည် လူသားတို့၏ အခြေခံပင်ကိုစရိုက် လက္ခဏာများနှင့် စိတ်ခံစားချက်များ ပေါင်းစည်းဖြစ်ပေါ်လာသော လှုပ်ရှားမှုမှ အကဖြစ်ပေါ်လာသည်ဟု ဖွင့်ဆိုကြသည်။

မန္တလေးမြို့တည်နန်းတည် မင်းတုန်းမင်းတရားနှင့် သီပေါမင်းတရားတို့ခေတ်တွင် နန်းတွင်း အီနောင်ဇာတ်၊ ရာမဇာတ်စသည်တို့ ကပြခဲ့စဉ်က အီနောင်နန်းတွင်းဇာတ်တော်ကြီးတွင် နာမည်ကျော် လူကြိုက်များလှသော ပွတ်စပါးမင်းသမီးနေရာမှ ကပြခဲ့သူ ယင်းတော်မလေးမှာ ထင်ရှားခဲ့သူ အကပညာရှင်ဖြစ်သည်။ ယင်းတော်မလေးနှင့် မရှေးမနှောင်းပင် ဆင်ခိုးမလေးဟူ၍ အဆို၊ အက နှစ်ဌာနဝယ် နာမည်ကျော်သူလည်း ပေါ်ပေါက်လာခဲ့သည်။ ထိုမှ ဒေါ်ကွမ်းငုံနှင့် ကိန္နရာပျံတို့သည်လည်း ထင်ရှားကြသူများဖြစ်သည်။ ကိန္နရာအကနှင့် အရုပ်ကြိုးကဖြင့် နာမည်ကျော်ကြားလာသူမှာ မထွေးလေးဖြစ်သည်။ မထွေးလေးနောက်ဝယ် ဇာတ်မင်းသမီးကြီးများဖြစ်သည့် ဒေါ်စိန်နက်၊ ဒေါ်ငွေဘော်၊ ဒေါ်စိန်ထား၊ ဒေါ်သိန်ညှာ၊ ဒေါ်စိန်ဖော့၊ ဒေါ်စိန်ကျော့၊ ဒေါ်စိန်ညွန့်နှင့် အငြိမ့်မင်းသမီးများဖြစ်ကြသည့် ဒေါ်စိန်သုံ၊ ဒေါ်စိန်နွဲ့၊ မစိန်ညှာ၊ စိန်အေးမေ၊ စိန်မာ၊ ရေကျော်စိန်ပု၊ ဒေါ်စိန်ဆင်၊ တက္ကသိုလ်ပြည်သိန်းတင်၊ ချင်းမလေးအောင်စိန်၊ ရှမ်းမလေးစိန်ရင်၊ ဂျိုးဂျာမယ် မဒင်သန်း၊ ဒီးဒုတ်ခင်မြိုင်၊ ပဲခူးမြ စသည့်အကပညာရှင်တို့သည် ပန်တျာလမ်းကြောင်းကို အားကောင်းအောင် မောင်းနှင်နိုင်ကြသည်။

ထို့ပြင် အမျိုးသားအကပညာရှင်များဖြစ်ကြသည့် အီနောင်မောင်လှိုင်း၊ အီနောင်မောင်တုတ် (ဦးစံတုတ်)၊ ရာမဇာတ်ကပြသူဆရာမြ၊ မောင်ဘိုးဝေ၊ ဒိုးပတ်အကတွင် ဗုံမောင်ကျန်၊ ဗြောကိုလန်း စသည့်ပညာရှင်များ၏ ပန်တျာလမ်းသည် မှတ်မှတ်ထင်ထင် တင်ကျန်ရစ်ခဲ့ကြသည်။ ထိုမှ ဦးကျော်ဇံ (ခေါ်) ဦးဘကျော်၊ ဦးစိန်ကတုံး၊ ဦးသင်း၊ ဦးဆင်၊ ဦးစိန်အုပ်၊ ဦးစိန်ခို၊ ဦးစံရှား၊ ဦးဖိုးစိန်၊ ဦးအောင်မောင်း၊ ဦးတက်ခေတ်စိန်၊ ဦးတောကျော်၊ ဦးအောင်ငြိမ်း၊ ရွှေမန်းတင်မောင်၊ စိန်အောင်မင်း၊ ရွှေနန်းတင်၊ စိန်မာဒင် စသည့်ပညာရှင်များနှင့် မန္တလေးသိန်းဇော်၊ နန်းဝင်းတို့သည်လည်း ပန်တျာလမ်းဝယ် လမ်းဖောက်လမ်းလျှောက်ခဲ့သူများဖြစ်ကြသည်။

အရေး

သီချင်းရေးသူတစ်ဦးသည် ဗဟုသုတ၊ စာပေနှင့် တီးလုံးတေးသွား၊ သင်္ကေတတို့နှင့် ရင်းနှီးသူများဖြစ်သည်။ စာပေအရာ၌ သဒ္ဒါနည်း၊ အလင်္ကာနည်း၊ ဆန်းနည်းတို့ကိုလည်း အကျဉ်းမျှသိထားကြသည်။ စည်းနှင့်ဝါးဟူသည့် စည်းခန်းများ၏ အချိန်ဇယား သတ်မှတ်ပေးမှုကို အကြောင်းပြု၍ စည်းနှင့်ဝါးသဘောကို နားလည်ထားကြသည်ချည်းဖြစ်သည်။ အခြေခံအဖြစ် သီချင်းရေးသားစပ်ဆိုမှုနှင့် အကျွမ်းဝင်သော အဓိကစည်းဝါးများဖြစ်သည့် စုံစည်း၊ ဝါးလတ်စည်း၊ နရီစည်း၊ ငံ့စည်းများကို အသာဆွတ်ယူနိုင်ကြသည်။ သီချင်းတစ်ပုဒ်သည် ကမ္ဘာလောကတစ်ဝန်း၌ လောကီတန်ဆာ ပန်းမာလာများသဖွယ် တင့်တယ်မွန်မြတ်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ဖြင့် ထာဝရနှစ်သက်ဖွယ် တင်ကျန်စေကြသည်။

ကျိုက်လတ်ဦးပြုံးချိုမည်သော တေးရေးဆရာကြီး ဦးပြုံးချို၏ ‘တေဘုမ္မာ” ယိုးဒယားနှင့် “ဇာတိ အာဏာ” ယိုးဒယား သီချင်းတို့မှာ တင့်တယ်မွန်မြတ်ခြင်းဖြင့် ကျန်ရစ်ခဲ့သော သီချင်းများဖြစ်သည်။ ဆရာကြီး၏ ဇေယျတုသဗ္ဗမင်္ဂလံသီချင်းမှာလည်း မင်္ဂလာတို့ဖြင့် ထုံမွမ်းနေခဲ့သည်။ အရေးဟုခေါင်းစဉ်တပ်သော သီချင်းရေးကြသည့် ပန်တျာလမ်းဝယ် ဂီတစာဆိုများဖြစ်ကြသည့် ဆရာခါ၊ ဆရာတာ၊ နန်းတော်ရှေ့ ဆရာတင်တို့လည်းပါဝင်ခဲ့ကြသည်။ နန်းတော်ရှေ့ ဆရာတင်၏ ‘သူဌေးဝါဒ”သီချင်းသည် မျိုးချစ်စိတ်ကို လှုံ့ဆော်ပေးသော သီချင်းဖြစ်သည်။ ထိုနည်းတူ နိုင်ငံတော်သီချင်းဖြစ်လာမည့် ရှေ့ပြေးသီချင်းကို ဝိုင်အမ်ဘီဆရာတင်က “ဒို့ဗမာသီချင်း” အဖြစ် ရှေးဦးရေးသားထင်ရှားခဲ့သည်။ ခေတ်မီတိုးတက်သော အနာဂတ်မြန်မာနိုင်ငံတော်ကို ရည်မှန်းကာ မြို့မငြိမ်းက ‘လူချွန်လူကောင်း’သီချင်းကို ရေးခဲ့သည်။ ၎င်းတို့အပြင် မြန်မာညွန့်ဆရာတင်၊ သဟာယ ဆရာတင်၊ ဒဂုံဆရာတင်၊ ရွှေတိုင်ညွန့်၊ အရှေ့ပိုင်း ဆရာချစ်၊ ၁၂ လမ်းဆရာမောင်၊ အေဝမ်းဆရာညှာ၊ မြို့မငြိမ်း၊ ဗြိတိသျှဘားမား ကိုခင်မောင်ထွေးနှင့် ဆရာထားတို့သည်လည်း တေးရေးပန်တျာလမ်းဝယ် ထင်ရှားခဲ့ကြသည်။ ဗိုလ်ကလေးတင့်အောင်၊ ဂီတလုလင်မောင်ကိုကို၊ ကိုလေးညွန့်၊ ဝဏ္ဏကျော်ထင် စိန်မြမောင်၊ ကိုသက်ဦး၊ ချိုတေးဆက်ကိုအောင်ကိုး၊ စန္ဒရားချစ်မောင်၊ စန္ဒရားချစ်ဆွေ၊ ပန်တျာချစ်လှိုင်၊ မောင်မောင်လတ်၊ အေဝမ်းစိုးမြင့်၊ လင်းခေးလုလင်၊ ဟင်္သာတမြင့်ငွေ၊ စန္ဒရားတင်ဝင်းလှိုင်၊ မောင်ကြေးမုံ၊ ကိုညွန့်ဝေ စသည့်မျိုးဆက်တို့ကလည်း ဆိုကရေးတီးပြိုင်ပွဲကြီး၏ အရေးမည်သော ဘာသာရပ်ခေါင်းစဉ်အောက်ဝယ် မျိုးဆက်သစ်တို့အား လက်ဆင့်ကမ်းမျှဝေ လက်တွဲခေါ်ဆောင်နိုင်ခဲ့ကြသည်။ သီချင်းရေးပြိုင်ပွဲသည် သီချင်းရေးသူတစ်ဦး၏ လုံ့လဝီရိယကြောင့် သီချင်းတစ်ပုဒ်ဖြစ်တည်ခဲ့ရသလို အချိန်တိုအတွင်း၌ သီချင်းတိုက်ရန် အတီးဆရာရှာရ၊ သီဆိုသူရှာရသော တေးရေးတစ်ဦး၏ ခံစားမှုပုံရိပ်သဏ္ဌာန်၊ အတွေ့အကြုံကိုပါ အရေးပြိုင်ပွဲကြီးက ပေးစွမ်းနိုင်လေသည်။

အတီး

အတီးဘာသာရပ်သည် ဂီတပင်ဖြစ်သည်။ ဂီတဆိုသည်မှာ လူတို့၏ခံစားချက်အရပ်ရပ်တို့ကို လူတို့၏အသံ၊ လူတို့ပြုလုပ်ဖန်တီးသော ပစ္စည်းကိရိယာများမှ ထွက်ပေါ်လာသောအသံတို့ဖြင့် အနိမ့်အမြင့်၊ အတက်အကျ၊ အတိုးအကျယ်၊ အဆွဲအငင်စသော အနုပညာနည်းစနစ်များအရ သီကုံးစပ်ဆိုထားသည့် နရီအချိန် ညီညွတ်မှန်ကန်စွာ ရွေ့လျားနေသော အသံအဖွဲ့အစည်းကို ခေါ်ခြင်းဖြစ်သည်။

ဂီတဟူသော ဝေါဟာရသည် ပါဠိသက်ဝေါဟာရတစ်ခုဖြစ်ပြီး သီချင်းဟုလည်းကောင်း၊ သံစဉ်အမျိုးမျိုးဖြင့် ပြေပြစ်ချောမွေ့အောင် ဖွဲ့ထားသော အဖွဲ့အနွဲ့၊ တေး၊ တေးချင်း၊ တေးသီချင်းဟူ၍လည်းကောင်း ဖွင့်ဆိုကြသည်။ သီဆိုခြင်းဆိုသည်မှာ စာသားဖြင့် ဖွဲ့သီခြယ်မှုန်းထားသော ဂီတသံစဉ် တေးသွားအတွဲအဖက်များကို နှုတ်ဖျားမှ ဋ္ဌာန်ကရိုဏ်းကျကျဖြင့် မြည်တမ်းရွတ်ဆိုခြင်းပင်ဖြစ်သည်။ မြန်မာအဘိဓာန်အတွဲ-၁ တွင်မူ ဂီတ၏အနက်အဓိပ္ပာယ်ကို သီဆိုခြင်း၊ သီချင်းဟူ၍ ပြသည့်အပြင် သီဆိုတီးမှုတ်ခြင်းဟူ၍လည်း ပြထားလေသည်။ ဝေါဟာရတ္တပကာသနီ ကျမ်း၌ “၃ မတြာစင်ဖြစ်ခဲ့က ဗျူတာပေါက်၏” ဟူသော မြတ်ဆရာတို့က အမိန့်စကားရှိကြောင်း ဖွင့်ဆိုထားရာ မတြာဆိုသည်မှာ လျှပ်တစ်ပြက် လက်ဖျစ်တစ်တီးအချိန်ကလေးကို ဆိုလိုပြီး “ ဗျူဟာပေါက်၏” ဆိုသည်မှာ ဂီတသံကိုရောက်၏ဟု ဆိုလိုရင်းဖြစ်သည်။ သို့ကြောင့် ၃ မတြာ သို့မဟုတ် ယင်းထက်ကြာသော ဆွဲငင်သောအသံသည် ဂီတသံဖြစ်၏ဟု အဓိပ္ပာယ်ထွက်လေသည်။ ဂီတ၏ဒြပ်ပစ္စည်းမှာ အသံပင်ဖြစ်သည်။ အက္ခရာမပါဘဲ စာပေမဖြစ်နိုင်သကဲ့သို့ အသံမပါဘဲ ဂီတမဖြစ်ချေ။ အသံတစ်ခုတည်းနှင့်လည်း ဂီတမဆိုနိုင်ချေ။ နရီ (စည်းဝါး) ခေါ် အချိန်ပါရှိရန်လည်း လိုအပ်ပြန်သည်။ အသံနှင့်နရီ တွဲဖက်ပေါင်းစပ်ကလှသည်။ နရီဆိုသည်မှာ အချိန်ပင်ဖြစ်သည်။

ထိုသို့သော ဂီတ၏သဘောကို အတီးပညာရှင်တို့က နားလည်ကြသည်။ ဒေဝဣန္ဒာ မောင်မောင်ကြီးကို စောင်းဘုရင်ဟု တင်စားကြသည်။ မိကျောင်း တူရိယာ၊ စန္ဒရား၊ ပတ္တလားစသော တူရိယာများ နိုင်နင်းကျွမ်းကျင်သည်။ ၎င်း၏တပည့် မောင်မောင်လတ်သည် မဟာဂီတကျွမ်းကျင်သည်။ ဂီတဝိသော ဓနီကျမ်းစာအုပ် ပြုစုထုတ်ဝေသည်။ နာမည်ကျော် ပတ်တီးဆရာများမှာ ဦးမိုးညှင်း၊ ဆရာစိမ့်၊ စိန်ဗေဒါ၊ ဇာတ်မင်းသား ဦးစိန်ကတုံး၏ဖခင် ဦးကျော်ဦး၊ ဦးဟန်ပ၊ ဦးဘမောင်တို့ဖြစ်ပြီး ပတ္တလားတွင် ဆရာသိန်းကြီး၊ ဆရာညွန့်၊ ဦးကျော်ဇံ၊ ဦးရင်မောင်၊ ဆရာဘကြီး၊ ဆရာဘလေးတို့ဖြစ်သည်။ နှဲဆရာကြီးများမှာ ဦးဇေယျာ၊ ဦးသာကြင်၊ ဦးဒီလုံး၊ ဦးကျောက်လုံးနှင့် မြန်မာညွန့် ဦးချစ်မောင်တို့ဖြစ်သည်။ ၁၉၁၀ ပြည့်နှစ်တွင် စန္ဒရားကို မြန်မာသံစဉ်ညှိ၍ တီးလာကြသည်။ စတင်စမ်းသပ်တီးခတ်သူမှာ ဆရာညွန့်ဖြစ်သည်။ ထို့နောက်ဆရာကြီး ဦးထွန်းဖေ၊ ဘိလပ်ပြန် ဆရာကြီးဦးချစ်ထူးတို့ နာမည်ကြီးသည်။ ထိုမှ ကောလိပ်ကျောင်းသား မောင်ကျော်သည် စန္ဒရားချန်ပီယံဘွဲ့ရခဲ့၍ ချန်ပီယံမောင်ကျော်ဟု နာမည်ကျော်ခဲ့သည်။ ၎င်းအပြင် ရွှေပြည်အေး၊ စိန်ဝေလျှံ၊ အေဝမ်းခင်မောင်တို့လည်း နာမည်ကြီးကြပြန်သည်။ ၁၉၃၀ ပြည့်နှစ်အလွန်တွင် ဂီတာကိုမြန်မာသံစဉ်အတိုင်းကြိုးညှိ၍ ကျင်လည်စွာ တီးခတ်နိုင်သဖြင့် နာမည်ကြီးလာကြသူမှာ ဂီတာစိမ်းမောင်ဖြစ်သည်။ တယောကို မြင်းစိုင်းကြိုးနှင့် နိုင်နင်းစွာထိုးနိုင်၍ တယောဘသွင် နာမည်ကြီးလာသည်။ ၎င်းသည် သီချင်းလည်းဆိုနိုင်သူဖြစ်ရာ ကိုယ်တိုင်ဆို ကိုယ်တိုင်တီးသူအဖြစ် အသိများသည်။ တယောဘရီ၊ တယောဝိဇ္ဇာကိုဖိုးငိုတို့လည်း နာမည်ကြီးသည်။

ဆိုခြင်း၊ ကခြင်း၊ သီချင်းရေးခြင်း၊ တီးခတ်ခြင်းတို့သည် လူမှုဆက်ဆံရေးပညာရပ်များဖြစ်သည်။ ရှေးဦးကာလကတည်းက အိမ်နီးချင်းနိုင်ငံများနှင့် လူမှုဆက်ဆံရေးကိစ္စရပ်များကို ထူထောင်ခဲ့ကြသည်။ ပြည်တွင်းညီနောင်အချင်းချင်းလည်း နွေးထွေးသော သံယောဇဉ်တည်ဆောက်ခဲ့ကြသည်။ ထိုမှ ပြည်ထောင်အချင်းချင်းဆက်ဆံရေး၊ ပြည်တွင်း အင်အားစည်းလုံးရေးတို့ကို တက်လှမ်းနိုင်ခဲ့သည်။ သမိုင်းအမွေအနှစ် မြတ်နိုးစရာများအဖြစ် ရှေးရှုနိုင်ခဲ့ကြသည်။ ထိုလုပ်ငန်းစဉ်တွင် ပန်တျာခရီးသွားများပါဝင်ခဲ့ကြသည်။ အမိမြေပေါ်တွင် နေထိုင်ကြသည့် ပန်တျာခရီးသည်တိုင်းသည် မြန်မာ့သုခုမပညာရပ်များကို မပျောက်ပျက်စေရန် ထိန်းသိမ်းပေးခဲ့ကြသည်။ ထိုမှမျှဝေ လက်ဆင့်ကမ်းပေးခဲ့ကြသည်။ သို့ကြောင့်ပင် မြန်မာ့ရိုးရာယဉ်ကျေးမှုများသည် ခက်လက်ဝေဖြာ စည်ပင်ထွန်းကားနေခဲ့ခြင်းဖြစ်သည်။

ဘိုးဘေးများ ပေးဝေငှခဲ့သည့် အနုပညာရပ်များကို ခေတ်ရောက်လူငယ်တို့ ဆက်လက်ထိန်းသိမ်းစေချင်သည့် ဆန္ဒဖြင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို ကျင်းပပေးနေခြင်းဖြစ်သည်။ ပြိုင်ပွဲဝင် လူငယ်အနုပညာရှင်များ မျိုးစေ့မှန်၍ ရှင်သန်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါသည်။   ။

ကိုးကား -

၁။ မြန်မာ့ဇာတ်သဘင်သမိုင်း (မောင်သိန်းနိုင်)

၂။ မြန်မာ့စွယ်စုံကျမ်းအတွဲ (၁၀)

No comments:

Post a Comment