ဟန်မြင့်
လူတစ်ဦး၏ဘဝကို ပြောင်းလဲပေးနိုင်သည့် အခွင့်အလမ်းက တစ်ခါတစ်ရံတွင် သင်တန်းတစ်ခု၊ ကျွမ်းကျင်မှုတစ်ရပ်နှင့် ကိုယ်တိုင်ကြိုးစားလိုစိတ်တို့ ပေါင်းစပ်မှုမှ စတင်လာတတ်သည်။ ကျေးလက်ဒေသနေ အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများသည် ထိုအခွင့်အလမ်းကို ဖန်တီးပေးနေပြီး မိသားစုဘဝ၊ လူမှုဘဝနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အားထားရသည့် လုပ်သားကောင်းများ ပေါ်ထွက်လာစေရန် အထောက်အကူပြုလျက်ရှိသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက
သမဝါယမကဏ္ဍနှင့် အသေးစား စက်မှုလက်မှု လုပ်ငန်းများ စနစ်တကျ ထွန်းကားစေပြီး ကျေးလက်လူမှုစီးပွားဘဝ
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်မှန်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင်
မြို့ပြနှင့် ကျေးလက်ဒေသနေပြည်သူများအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး၊
ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရေးတို့ကို အလေးထားလျက် ကျေးလက်အခြေခံအဆောက်အအုံ
ဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်ကုန်ထုတ် သမဝါယမကဏ္ဍမြှင့်တင်ရေးလုပ်ငန်းများ၊
အသေးစာ အလတ်စား စက်မှုလက်မှုလုပ်ငန်းများနှင့်ချိတ်ဆက်၍ ဘက်စုံကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို
ဆောင်ရွက်ပေးလျက်ရှိပါသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်ဒေသနေပြည်သူများ၏ စွမ်းဆောင်ရည်များ
မြှင့်တင်ပေးရန်နှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အလုပ်အကိုင်အခွင့်အလမ်းများ
ဖန်တီးပေးနိုင်ရန်အတွက် ဒေသလိုအပ်ချက်နှင့်ကိုက်ညီပြီး ဈေးကွက်သို့ တင်ပို့နိုင်သည့်
လုပ်ငန်းများကို အခြေခံကာ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိပါသည်။
ထိုသင်တန်းများမှတစ်ဆင့်
ကျေးလက်နေ အမျိုးသမီးများ ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လုပ်ကိုင်လာနိုင်ပြီး မိသားစုဝင်ငွေ
တိုးပွားလာသကဲ့သို့ မိမိတို့ရပ်ရွာအတွက်လည်း အကျိုးပြုနိုင်လာကြသည်။ ထိုအမျိုးသမီးများမှာ
ကျေးလက်မြေမှာ အခက်အခဲများကြားမှ ပွင့်လန်းလာကြသည့် တောပန်းကလေးများအဖြစ် တင်စားလိုပါသည်။
တောင်လုံးညိုကျေးရွာက
ပန်းကလေးတစ်ပွင့်
ပြည်မြို့နယ် တောင်လုံးညိုကျေးရွာလေး၏
ကျဉ်းမြောင်းလှသည့် တဲအိမ်လေးအောက်တွင် နွေနေပူကို အန်တုကာ မသိမ့်သိမ့်မိုးကျော်တစ်ယောက်
စက်ချုပ်လျက်ရှိသည်။ “သမီးရေ၊ ထမင်းစားရအောင် လက်စသတ်တော့” ဟူသည့် မိခင်ဒေါ်ဝင်းမြ၏
ခေါ်သံကို အလုပ်ဇောကပ်နေသဖြင့် သုံးကြိမ်မြောက်ခေါ်မှ ကြားရပြီး ခေတ္တနားလိုက်သည်။
ပွင့်လင်းရာသီပွဲလမ်းသဘင်များ
ပေါများလာသည့်အတွက် ယခုရက်ပိုင်းအပ်ထည်များမှာလည်း များပြားလာပါသည်။ နာမည်ရခါစ မျက်နှာသစ်
စက်ချုပ်သမလေးတစ်ဦးဖြစ်သည့်အတွက် ဖောက်သည်များနှင့် မိတ်မပျက်စေရန် ရက်ချိန်းမှန်အောင်
နေ့မအား၊ ညမအား ကြိုးစားချုပ်လုပ်နေရပါသည်။
ဝမ်းဆက်တစ်စုံ
ချုပ်ခတစ်သောင်းခွဲရရှိသဖြင့် တစ်နေ့တစ်ထည်ပြီးအောင် ကြိုးစားချုပ်ရတာ မမောနိုင်၊ မပန်းနိုင်ပါ။
နောင်တွင်လည်း ယခုထက် ပိုကောင်းသည့် ဒီဇိုင်းများကို အင်တာနက်မှ လေ့လာပြီး ချုပ်လုပ်သွားမည်ဟု
သူကရည်မှန်းထားသည်။
ယခင်က အတန်းပညာ
အဋ္ဌမတန်းသာအောင်မြင်ခဲ့သည့် မသိမ့်သိမ့်မိုးကျော်အတွက် အလုပ်အကိုင်အခွင့်အလမ်းက ရှားပါးခဲ့ပြီး
အိမ်တွင်မှီခိုသူတစ်ဦးအဖြစ် ရှင်သန်နေခဲ့ရပါသည်။ သို့သော် လွန်ခဲ့သည့်လေးလခန့်က ဖွင့်လှစ်သင်ကြားခဲ့သည့်
သင်တန်းလေးတစ်ခုကြောင့် ၎င်း၏ဘဝတစ်ဆစ်ချိုးပြောင်းလဲခဲ့ပါပြီ။
ကုန်းရိုးကျေးရွာက
ပန်းကလေး
“သားလေး၊ မေမေ
စက်ချုပ်နေလို့ အပြင်မှာ နေလှန်းထားတဲ့အဝတ်တွေ ရုပ်ပေးဦး” ဟု ပြည်မြို့နယ် ကုန်းရိုးကျေးရွာလေးတွင်
နေထိုင်သည့် မသီတာဝင်းက စက်ချုပ်နေရင်း မိုးဖွဲလေးများရွာလာသဖြင့် သားဖြစ်သူကို လှမ်းသတိပေးလိုက်ပါသည်။
သားနှစ်ယောက်မိခင်
မသီတာဝင်းအတွက် စက်ချုပ်ဆိုင်လေးက ပုံမှန်ဝင်ငွေရရှိစေသည့် အရင်းအမြစ်တစ်ခုဖြစ်လာပါပြီ။
ထို့ကြောင့် လယ်သမားခင်ပွန်းဖြစ်သူ၏ အိမ်စရိတ်ကို တစ်ဖက်တစ်လမ်းမှ ကျားကန်ပေးနိုင်နေပြီဖြစ်သည်။
သေသပ်သည့် ချုပ်ရိုး၊
လှပသည့် လက်ရာများဖြင့် လုံချည်တစ်ထည်ကို ငွေကျပ်နှစ်ထောင်၊ ဝမ်းဆက်တစ်စုံကို ငွေကျပ်တစ်သောင်းသာယူသဖြင့်
ရွာတွင် မိတ်သစ်၊ ဆွေသစ်၊ ဖောက်သည်အသစ်များ တိုးပွားလာနေသည်ဟု သူကပြောပြသည်။
ယခင်က ဝင်ငွေမရှိသဖြင့်
သိမ်ငယ်ခဲ့ရသော်လည်း ယခုတော့ သင်တန်းမှရရှိသည့် နည်းပညာနှင့် ငွေကြေးအထောက်အပံ့တို့ကြောင့်
ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုဖြင့် ရပ်တည်လာနိုင်ပြီဖြစ်သည်။ ထိုသင်တန်းမှာ သူ၏ဘဝကို
တစ်ဆစ်ချိုးပြောင်းလဲပေးခဲ့သည့် သင်တန်းပင်ဖြစ်ပါသည်။
ဗြဟော်ကျေးရွာက
ပန်းကလေး
ပြည်မြို့နယ် ဗြဟော်ကျေးရွာမှ
မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌဖြစ်သည့် ဒေါ်အေးအေးအောင်တစ်ယောက်
မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့၏ ယခုလ အတိုးကောက်ခံသည့်ကိစ္စ လာရောက်ဆွေးနွေးသဖြင့်
စက်ချုပ်နေရာမှ ခေတ္တနားလိုက်သည်။
အလုပ်ကိစ္စဆွေးနွေးပြီး
အဖွဲ့သားများပြန်ရန် နှုတ်ဆက်စဉ် လက်ရှိချုပ်နေသည့် အင်္ကျီလေးကို “လှလိုက်တာ” ဟု ချီးကျူးသံကြားရသဖြင့်
ရင်ထဲပီတိဖြစ်ရပါသည်။
ယခင်က ရပ်ရေးရွာရေးနှင့်
အိမ်မှုကိစ္စများဖြင့် အချိန်ကုန်ဆုံးခဲ့သော်လည်း ပြည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးရုံးသို့
ဝင်ထွက်သွားလာရင်း သင်တန်းတစ်ခုအကြောင်း သိရှိပြီး တက်ရောက်ခဲ့ပါသည်။
ထိုသင်တန်းဆင်းပြီးကတည်းက
စက်ချုပ်လုပ်ငန်းကို ကြိုးစားလုပ်ကိုင်ခဲ့ရာ ယခုဆိုလျှင် ဗြဟော်ကျေးရွာတွင် ဝင်ငွေအသင့်အတင့်ရရှိသည့်
စက်ချုပ်လုပ်ငန်းတစ်ခု ပိုင်ဆိုင်နေပါပြီ။ ထို့ပြင် အဆင့်မြင့်သင်တန်းကိုလည်း သင်တန်းဆရာမထံတွင်
ဆက်လက်သင်ယူလျက်ရှိပါသည်။
ဒေါ်အေးအေးအောင်၏
ဘဝကို တစ်ဆစ်ချိုးပြောင်းလဲပေးခဲ့သည့် သင်တန်းက မသိမ့်သိမ့်မိုးကျော်နှင့် မသီတာဝင်းတို့
တက်ရောက်ခဲ့သည့် သင်တန်းနှင့် အတူတူပင်ဖြစ်ပါသည်။
တောပန်းလေးတို့
ဆုံစည်းရာ
ပဲခူးတိုင်းဒေသကြီး
ပြည်ခရိုင် ပြည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင်
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းကို ပြည်မြို့နယ် မှော်ဇာအုပ်စု
တောင်လုံးညိုကျေးရွာ၌ ဖွင့်လှစ်ခဲ့ပါသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ
၄ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့အထိ ၄၅ ရက်ကြာ ဖွင့်လှစ်ခဲ့ပြီး အခြေခံချုပ်လုပ်နည်းများအဖြစ်
ကလေးဘောင်းဘီ၊ ကလေးဂါဝန်၊ ရိုးရိုးထဘီ၊ လေးလွှာထဘီ၊ သင်္ဘောသားအင်္ကျီ၊ ရင်ဖုံး၊ ရင်စေ့
အမျိုးအစားများကို သင်ကြားပေးခဲ့ပါသည်။
သင်တန်းသူများအား
လျှောက်လွှာကြိုတင် ခေါ်ယူခဲ့ပြီး ၁၂-၁၀-၂၀၂၅ ရက်နေ့တွင် လူတွေ့စိစစ်ရွေးချယ်ခဲ့ပါသည်။
သင်တန်းဆင်းပြီးနောက် အမှန်တကယ် လက်တွေ့လုပ်ကိုင်မည့်သူများကိုသာ စိစစ်လက်ခံခဲ့ရာ မြစိမ်းရောင်စီမံကိန်းကျေးရွာများဖြစ်သည့်
မှော်ဇာအုပ်စု တောင်လုံးညိုကျေးရွာမှ လေးဦး၊ ဈေးရပ်ကျေးရွာမှနှစ်ဦး၊ တွင်းဗြည်းအုပ်စု
တွင်းဗြည်းကျေးရွာမှ သုံးဦး၊ ကုန်းရိုးကျေးရွာမှ နှစ်ဦး၊ တောင်ခွေးရဲအုပ်စု ဗြဟော်ကျေးရွာမှ
နှစ်ဦး၊ မုဌောအုပ်စု မုဌောကျေးရွာမှ နှစ်ဦး စုစုပေါင်း သင်တန်းသူ ၁၅ ဦးဖြင့် ဖွင့်လှစ်သင်ကြားခဲ့ပါသည်။
သင်တန်းသူ ၁၅ ဦးလုံး
ပျက်ရက်မရှိ တက်ရောက်ပြီး သင်တန်းဆင်းနိုင်ခဲ့ကြသည်။ သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ
ထူးချွန်ဆုရရှိသူများအား အပ်ချုပ်စက်တစ်လုံးစီ ချီးမြှင့်ခဲ့ပြီး မြစိမ်းရောင်ရန်ပုံငွေမှ
အသေးစားစက်မှုလက်မှု လုပ်ငန်းခေါင်းစဉ်ဖြင့် ငွေကျပ်နှစ်သိန်းငါးသောင်းစီ ချေးငွေထုတ်ပေးခဲ့ပါသည်။
ထို့ပြင် ကျန်သင်တန်းသူ
၁၂ ဦးအား မြစိမ်းရောင်ရန်ပုံငွေ၊ အသေးစား စက်မှုလက်မှု လုပ်ငန်းခေါင်းစဉ်ဖြင့် ငွေကျပ်
ငါးသိန်းစီ ချေးငွေထုတ်ပေးခဲ့ပါသည်။ ထိုသင်တန်းသူများအနက် လက်တွေ့အသုံးချရန် အပ်ချုပ်စက်တစ်လုံးနှင့်
ဓားစက်တစ်လုံး ဝယ်ယူခဲ့ကြပါသည်။
ယခုအချိန်ထိ သင်တန်းသူ
၁၀ ဦးသည် အသက်မွေးဝမ်းကျောင်း အပ်ချုပ်လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်လျက်ရှိပါသည်။
တောပန်းလေးတို့အတွက်
ရည်ရွယ်ချက်
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များမှာ
အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ကျေးလက်ဒေသနေ
ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး၊ ဝင်ငွေတိုးလုပ်ငန်းများကို
ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်နိုင်လာစေရေးနှင့် လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရေး၊
(ခ) ဒေသနှင့်ကိုက်ညီသော
အလုပ်အကိုင်အခွင့်အလမ်းများ ပေါများသည့် အသက်မွေးပညာရရှိပြီး လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက်လုပ်ကိုင်နိုင်သည်အထိ
ကျွမ်းကျင်တတ်မြောက်စေရေး၊
(ဂ) တစ်နိုင်တစ်ပိုင်
အိမ်တွင်းမှု ကုန်ထုတ်လုပ်ငန်းများမှသည် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအထိ
ဖွံ့ဖြိုးတိုးတက်လာစေရေးတို့ဖြစ်ပါသည်။
တောပန်းလေးတို့အတွက်
သင်တန်းအမျိုးအစားများ
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများအနေဖြင့် စိုက်ပျိုးရေးသင်တန်း၊ မွေးမြူရေးနှင့်
ကုသရေးသင်တန်း၊ ကွန်ပျူတာသင်တန်း၊ ဒီဇယ်လျှပ်စစ်သင်တန်း၊ လက်သမား ပန်းရန်သင်တန်း၊ အိမ်တွင်းမှုဆိုင်ရာသင်တန်းနှင့်
အခြားသင်တန်းများဖြစ်ပါသည်။
ပွင့်သောပန်းတိုင်း
မွှေးကြိုင်စေလို
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက
ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
ကျေးလက်နေပြည်သူများ၏ လူမှုဘဝအတွက် များစွာအထောက်အကူဖြစ်သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
ဆောင်ရွက်နိုင်ရန် လိုအပ်သော အရင်းအနှီးငါးရပ်ဖြစ်သည့် လူသားအရင်းအနှီး၊ လူမှုအရင်းအနှီး၊
သဘာဝအရင်းအမြစ်အရင်းအနှီး၊ ရုပ်ဝတ္ထုပစ္စည်း အရင်းအနှီးနှင့် ငွေကြေးအရင်းအနှီးများကို
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တတ်စွမ်းသမျှ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါသည်။
ထိုသို့ အခွင့်အလမ်းများ၊
အသိပညာနှင့် လိုအပ်သည့်အထောက်အပံ့များ ပံ့ပိုးပေးခြင်းအားဖြင့် ကျေးလက်မြေမှ တောပန်းလေးများသည်
တဖြည်းဖြည်း ပွင့်လန်းလာကြပါသည်။ သို့သော် ပန်းတစ်ပွင့် ပွင့်လန်းလာရုံနှင့် မပြီးသေးပါ။
ပွင့်လန်းပြီးသည့် ပန်းကလေးများ ရေရှည်မွှေးကြိုင်နေစေရန် မိမိတို့တတ်မြောက်ထားသည့်
အသက်မွေးဝမ်းကျောင်းပညာများကို လက်တွေ့နယ်ပယ်တွင် ဆက်လက်အသုံးချရန်၊ အသစ်အသစ်သော နည်းပညာများကို
လေ့လာသင်ယူရန်နှင့် ဆန်းသစ်တီထွင်မှုများ ဆောင်ရွက်ရန်လိုအပ်ပါသည်။
မသိမ့်သိမ့်မိုးကျော်၊
မသီတာဝင်းနှင့် ဒေါ်အေးအေးအောင်တို့၏ ဘဝဇာတ်လမ်းများက ထိုအချက်ကို သက်သေပြနေပါသည်။
အပ်ချုပ်စက်တစ်လုံးကို မနင်းတတ်သေးသည့် အခြေအနေမှ မိမိတို့၏ ကျွမ်းကျင်မှုဖြင့် မိသားစုဝင်ငွေကို
ဖြည့်တင်းပေးနိုင်သည့် အမျိုးသမီးများအဖြစ်သို့ ရောက်ရှိလာကြခြင်းသည် သင်တန်းတစ်ခု၏
တန်ဖိုးသာမက ကိုယ်တိုင်ကြိုးစားအားထုတ်မှု၏ တန်ဖိုးလည်းဖြစ်ပါသည်။
ထိုတောပန်းလေးများကဲ့သို့
ကျေးလက်ဒေသအသီးသီးတွင် ပွင့်လန်းလာမည့် အမျိုးသမီးများ၊ လူငယ်များနှင့် လုပ်သားများ
ပိုမိုများပြားလာပါက ကျေးလက်ဒေသ၏ လူမှုစီးပွားဘဝလည်း ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ပါသည်။
တစ်ဦးချင်းစီ၏ ဘဝတိုးတက်မှုမှတစ်ဆင့် မိသားစုတိုးတက်လာမည်၊ မိသားစုများ၏ တိုးတက်မှုမှတစ်ဆင့်
ကျေးရွာနှင့်မြို့နယ်များ ဖွံ့ဖြိုးလာမည်၊ ထိုမှတစ်ဆင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊
နောက်ဆုံး နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။
သို့ဖြစ်ရာ ပွင့်လာပြီးသည့်
ပန်းတိုင်းမညှိုးနွမ်းဘဲ မွှေးကြိုင်စွာ ဆက်လက်ပွင့်လန်းနိုင်ရေးအတွက် အခွင့်အလမ်းကို
အကျိုးရှိရှိအသုံးချခြင်း၊ မိမိတတ်မြောက်ထားသည့် ပညာရပ်ကို အစဉ်လေ့လာမြှင့်တင်ခြင်းနှင့်
ရိုးသားကြိုးစားစွာ လုပ်ကိုင်ခြင်းတို့ဖြင့် မိမိဘဝ၊ မိမိ မိသားစုနှင့် မိမိဒေသကို
တိုးတက်အောင် တည်ဆောက်ကြရမည်ဖြစ်ပါသည်။ ထိုအခါ “ပွင့်သောပန်းတိုင်း မွှေးစေလို” ဟူသည့်
ရည်ရွယ်ချက်သည် လက်တွေ့ဘဝတွင် အဓိပ္ပာယ်ပြည့်ဝလာမည် ဖြစ်ပါတော့သည်။ ။
No comments:
Post a Comment