Sunday, October 4, 2026

စက်တင်ဘာ ၂၁ ရက်မှ ၂၂ ရက်အထိ နေပြည်တော်၌ ကျင်းပခဲ့သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်၏ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ၊ ဆန်စပါးအခြေခံထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရောင်းချရေး လုပ်ငန်းစီမံချက် (၂၀၂၆-၂၀၃၀) စာတမ်းကောက်နုတ်ချက်

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)နှင့် ပုဂ္ဂလိကကဏ္ဍတို့၏ ကိုယ်စား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်အထိ မြန်မာ့ဆန်စပါးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ငါးနှစ်စီမံကိန်းတစ်ခုကို အဆိုပြုတင်ပြအပ်ပါသည်။

ဤစီမံကိန်းသည် စပါးမျိုးစေ့ထုတ်လုပ်ခြင်း၊ စပါးစိုက်ပျိုးခြင်းတို့မှသည် ကုန်ချောထုတ်လုပ်ခြင်း၊ ပြည်တွင်းဖြန့်ဖြူးခြင်းနှင့် ပို့ကုန်တင်ပို့ခြင်းအထိ ဆန်စပါးလုပ်ငန်းကွင်းဆက်အားလုံး ပါဝင်မည်ဖြစ်ပါသည်။

စီမံကိန်း၏ရည်ရွယ်ချက်မှာ စိုက်ပျိုးရေးထွက်ကုန်များကို အကျိုးရှိစွာ အသုံးပြုပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော စက်မှုကဏ္ဍတစ်ခု တည်ဆောက်လျက် တောင်သူများ၏လူနေမှုဘဝကို မြှင့်တင်ရန်ဖြစ်ပါသည်။

အဆိုပါစိုက်ပျိုးရေးကဏ္ဍ ကွင်းဆက်တစ်လျှောက် စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို ပုဂ္ဂလိကလုပ်ငန်းများက ဦးဆောင်ရမည်ဖြစ်ပြီး မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများနှင့် အခြေခံအဆောက်အအုံများတွင် အစိုးရ၏မူဝါဒများ၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများ (PPPs) ဖြင့် ပံ့ပိုးကူညီပေးရမည်ဖြစ်ပါသည်။

ရည်မှန်းချက်များနှင့် ၂၀၃၁ ပို့ကုန်လျာထားချက်

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်တွင် ဆန်နှင့် ဆန်ကွဲတန်ချိန် လေးသန်း တင်ပို့နိုင်ရန်နှင့် တစ်ဆက်တည်းမှာပင် လယ်ယာထုတ်လုပ်မှုစွမ်းအားနှင့် တောင်သူများ၏ အသားတင်ဝင်ငွေကို ပိုမိုမြင့်မားလာစေရန် ရည်မှန်းဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် အရည်အသွေးမြင့်ဆန်များ၊ ဆန်နှင့်ဆန်ကွဲမှ ထုတ်လုပ်ထားသော အစားအစာများ (Value added)၊ ဖွဲနု၊ စားသုံးဆီ၊ အခြားဘေးထွက်ပစ္စည်းမှ စွမ်းအင်ထုတ်လုပ်ခြင်းတို့ကို ဆောင်ရွက်ပြီး လယ်ယာကဏ္ဍထုတ်ကုန်များ တန်ဖိုးနှင့်ပမာဏကို တိုးတက်စေမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် အစိုးရတို့သည် ၂၀၂၆ ခုနှစ်၏ အခြေခံစံနှုန်းများ (Baseline) နှင့် ထုတ်လုပ်မှုနှုန်း၊ ထုတ်လုပ်မှုစရိတ်၊ ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှုများနှင့် ပို့ကုန်ဝင်ငွေများအတွက် နှစ်စဉ်လျာထားချက်များကို အတည်ပြုသတ်မှတ်ဆောင်ရွက်မည်ဖြစ်ပြီး ပြည်တွင်း၌ လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရေးနှင့် သက်သာသောဈေးနှုန်းဖြင့် ဆန်ရရှိရေးတို့သည်လည်း ဤစီမံကိန်း၏ အဓိကသော့ချက်အဖြစ် တည်ရှိနေပါသည်။

ပြည်ပပို့ကုန် ဆန်စပါးစိုက်ပျိုးရေးဇုန်များ

ပြည်ပပို့ကုန် ဆန်စပါးစိုက်ပျိုးရေးဇုန်များ (REZ) သည် တောင်သူများ၊ စက်ပိုင်များနှင့် ပို့ကုန်လုပ်ငန်းရှင်များ သဘောတူညီသတ်မှတ်ထားသော စပါးမျိုးများ၊ စိုက်ပျိုးရေးနည်းပညာများနှင့် အရည်အသွေးလိုအပ်ချက်များအတိုင်း ထုတ်လုပ်ပေးနိုင်ရန် စီမံဆောင်ရွက်ခြင်းဖြစ်ပါသည်။ ပါဝင်ဆောင်ရွက်သည့် ကုမ္ပဏီများသည် အာမခံချက်ရှိသော မျိုးစေ့များ၊ ရာသီအလိုက် ချေးငွေများ၊ စက်ကိရိယာဝန်ဆောင်မှုများနှင့် ခိုင်မာသော သီးနှံဝယ်ယူမှုဆိုင်ရာ စာချုပ်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပါသည်။

စိုက်ပျိုးဧရိယာ၊ သီးနှံဖြစ်ထွန်းမှုနှင့် ရိတ်သိမ်းချိန်စသည်တို့ကို ခန့်မှန်းရာတွင် ဂြိုဟ်တုနည်းပညာဖြင့် စောင့်ကြည့်ခြင်း (Satellite monitoring) နှင့် AI အကူအညီသုံး အစီရင်ခံစာများကို အသုံးပြုပြီး မြေပြင်ကွင်းဆင်းစစ်ဆေးမှုများဖြင့် အတည်ပြုရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်အနေဖြင့် ပါဝင်သည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တောင်သူအစုအဖွဲ့များကို ညှိနှိုင်းပေးရမည်ဖြစ်ပြီး အစိုးရနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ထားရှိသည့် တာဝန်ရှိသူများက တိုးချဲ့ပညာပေးရေးဝန်ဆောင်မှုများနှင့် အခြေခံအဆောက်အအုံများဖွံ့ဖြိုးရေးကို ကူညီပံ့ပိုးပေးခြင်းဖြင့် ထုတ်လုပ်မှုတိုးတက်လာခြင်းမှတစ်ဆင့် တောင်သူများ၏ဝင်ငွေများ ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။

ပြည်တွင်းအရည်အသွေးမြင့် မျိုးစေ့ထုတ်လုပ်ခြင်း

မြန်မာနိုင်ငံ၏ ရာသီဥတုနှင့်ကိုက်ညီပြီး နိုင်ငံတကာတွင် စံချိန်စံညွှန်း အသိအမှတ်ပြုထားသော မျိုးကွဲများနှင့် မျိုးဗီဇများကို အသုံးပြု၍ အရည်အသွေးမြင့်၊ အထွက်နှုန်းကောင်း မျိုးစေ့များကို ပြည်တွင်း၌ တိုးမြှင့်ထုတ်လုပ်သင့်ပါသည်။ မျိုးစေ့များကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးခြင်းမပြုမီ အထွက်နှုန်း၊ ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိမှု၊ စပါးအရည်အသွေး၊ ဆန်အရည်အသွေးနှင့် ဝယ်ယူသူများ ကြိုက်နှစ်သက်မှုတို့ကို ဒေသတွင်း စမ်းသပ်စိုက်ပျိုးမှုများဖြင့် ဆန်းစစ်ရမည်ဖြစ်ပါသည်။

အစိုးရသုတေသနအဖွဲ့အစည်းများက မျိုးသန့် မျိုးစေ့နှင့် မိဘမျိုးစေ့များ (Breeder & Foundation Seed) ထောက်ပံ့မှုနှင့် အသိအမှတ်ပြုခြင်းတို့ကို အားကောင်းအောင် လုပ်ဆောင်ရမည်ဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍ၊ မျိုးစေ့ထုတ်ကုမ္ပဏီများနှင့် မျိုးစေ့ထုတ် တောင်သူလယ်သမားအစုအဖွဲ့များက စံချိန်မီမျိုးစေ့များကို တိုးပွားထုတ်လုပ်ဖြန့်ဖြူးပေးရမည်ဖြစ်ပါသည်။ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မျိုးစေ့လုပ်ငန်းများတွင် သုတေသနဆောင်ရွက်ခြင်းနှင့် ထုတ်လုပ်ခြင်းလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေမည်ဖြစ်ပါသည်။

ပေါ်ဆန်းစပါး မျိုးသန့်စင်မှုနှင့် အခြားအဆင့်မြင့် မြန်မာ့စပါးမျိုးများကိုလည်း ဤစီမံကိန်းတစ်လျှောက်လုံး မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ပေးနိုင်ရေးနှင့် မျိုးထိန်းသိမ်းခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။

လယ်ယာမြေပြင်ခြင်းနှင့် စဉ်ဆက်မပြတ် တည်ငြိမ်သည့်စိုက်ပျိုးရေး

ပြည်ပပို့ကုန် ဆန်စပါးစိုက်ပျိုးရေးဇုန်များ (REZ) ဖွံ့ဖြိုးတိုးတက်ရေးတွင် တောင်သူများ၏ ဆန္ဒအလျောက် မြေကွက်များ ပေါင်းစည်းခြင်း သို့မဟုတ် အနီးစပ်ဆုံး လယ်ကွက်များအား စနစ်တကျ ပူးပေါင်းစိုက်ပျိုးခြင်းတို့ကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ပြီး တောင်သူများ ပါဝင်ဆောင်ရွက်မှုနှင့် ဥပဒေကြောင်းအရ လယ်ယာမြေအကျိုးခံစားခွင့်များကို အကာအကွယ်ပေးရမည်ဖြစ်ပါသည်။

မြေပြင်ညီညာအောင်ပြုလုပ်ခြင်း၊ လယ်ယာကုန်ထုတ်လမ်းများပြုပြင်ခြင်း၊ ကန်သင်းများ အဆင့်မြှင့်တင်ခြင်း၊ ရေသွင်း/ ရေထုတ်စနစ် ကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ လယ်ယာသုံးစက်ကိရိယာများကို အကျိုးရှိစွာ သုံးစွဲနိုင်စေရန်နှင့် ရေထိန်းချုပ်မှုကို ပိုမိုကောင်းမွန်စေရန် ထောက်ပံ့ပေးမည်ဖြစ်သည်။ မြေညီညာပြီး ရေပေးဝေမှု သေချာစွာရရှိနိုင်သည့် နေရာများတွင် “စိုလိုက် ခြောက်လိုက် ရေသွင်းစနစ်” (AWD)ကို တောင်သူများအား သင်တန်းပေးခြင်း၊ သီးနှံအဆင့်လိုက် လမ်းညွှန်မှုများပေးခြင်းဖြင့် တိုးချဲ့ဆောင်ရွက်ရမည်ဖြစ်ပါသည်။

အစိုးရနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းတို့သည် ရေသွင်း၊ ရေထုတ်မြောင်းများ/ ရေပေးဝေမှု အခြေခံအဆောက်အအုံများကို မြှင့်တင်ပေးရမည်ဖြစ်ပြီး တောင်သူများနှင့် ကုမ္ပဏီများက မြေဆီလွှာစစ်ဆေးခြင်း၊ ဓာတ်မြေဩဇာ မျှတစွာသုံးစွဲခြင်းနှင့် ပိုးမွှားကာကွယ်နှိမ်နင်းခြင်း (IPM) စသည်တို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။

ရိတ်သိမ်းခြင်း၊ သိုလှောင်ခြင်းနှင့် ဆန်စက်များ ခေတ်မီဆန်းသစ်ခြင်း

သီးနှံများအထွက်နှုန်းနှင့် အရည်အသွေး အကောင်းဆုံးရရှိနိုင်သည့်အချိန်တွင် အချိန်ကိုက်ရိတ်သိမ်းခြင်း၊ စနစ်တကျ သယ်ယူပို့ဆောင်ခြင်းနှင့် စက်ကိရိယာသုံး အခြောက်ခံခြင်းတို့သည် လေလွင့်ပြုန်းတီးမှုကို လျှော့ချပေးပြီး စပါး၏အရည်အသွေးကို ထိန်းသိမ်းပေးမည်ဖြစ်သည်။

ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများသည် စပါး/ ဆန်များ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ စပါးဆန် အဆင့်အတန်းခွဲခြားရေး၊ အစားအသောက်ဘေးကင်းရေးနှင့် စွမ်းအင်အကျိုးရှိစွာ သုံးစွဲနိုင်ရေးတို့အတွက် အမိုးအကာပါသော ဂိုဒေါင်များနှင့် သင့်တော်သော စပါး/ ဆန်သိုလှောင်ရုံ (Silos) များကို အသုံးပြု သိုလှောင်၍ ဆန်စက်များကို အဆင့်မြှင့်တင်ရမည်ဖြစ်ပါသည်။ မျိုးကွဲများနှင့် အရည်အသွေးအဆင့်အတန်းအလိုက် သီးခြားစီ စီမံကိုင်တွယ်ခြင်းကို သိုလှောင်ချိန်နှင့် ပြုပြင်ထုတ်လုပ်ချိန်များတွင် စနစ်တကျ ဆက်လက်ဆောင်ရွက်ရမည်။

နိုင်ငံတော်နှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းတို့သည် အများသုံးအဆောက်အအုံများ၊ နည်းပညာသင်တန်းများနှင့် လိုအပ်သော အခြေခံအဆောက်အအုံများကို ပံ့ပိုးပေးရမည်ဖြစ်သည်။ ပြည်တွင်း၌ စက်ကိရိယာများ တပ်ဆင်ခြင်း၊ အပိုပစ္စည်းများ ထောက်ပံ့ခြင်းနှင့် ထိန်းသိမ်းပြုပြင်ရေး ကျွမ်းကျင်မှုများသည် လုပ်ငန်းများ၏ စက်ကိရိယာများကို စိတ်ချရပြီး ဘေးကင်းစွာ လည်ပတ်နိုင်စေရန် ကူညီပေးမည်ဖြစ်သည်။

Myanmar Rice Online မှတစ်ဆင့် ဒစ်ဂျစ်တယ်စနစ်ဖြင့် မှတ်ပုံတင်ခြင်း

Myanmar Rice Online (MyRO) စနစ်သည် ဆန်စက်များ၊ ဆန်နှင့် စပါးဂိုဒေါင်များ၏ အချက်အလက်များ၊ ပစ္စည်းအဝင်အထွက်စာရင်းများနှင့် လက်ကျန်စာရင်းများကို တိကျစွာဖြင့် အွန်လိုင်းမှတစ်ဆင့် အတည်ပြုမှတ်ပုံတင်နိုင်ရေး ပံ့ပိုးပေးရမည်ဖြစ်သည်။ အစိုးရနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့သည် အစီရင်ခံတင်ပြမှုများကို လွယ်ကူရှင်းလင်းအောင် ပြုလုပ်ပေးရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများ၏ မှတ်ပုံတင်ခြင်းကို ကူညီပေးကာ အရေးကြီးသော စီးပွားရေးဆိုင်ရာ အချက်အလက်များကို အကာအကွယ်ပေးရမည်ဖြစ်သည်။

အဆိုပါ MyRO မှ စာရင်းဇယားများသည် ဆန်/ စပါးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများ၏ စီမံကိန်းရေးဆွဲခြင်း၊ စိစစ်စုံစမ်းနိုင်ခြင်း (Traceability) နှင့် ဘဏ္ဍာရေးဆိုင်ရာ ဆန်းစစ်ချက်များကို ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ MyRO တွင် မှတ်ပုံတင်ခြင်းသည် ဆန်/ စပါးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများ လုပ်ကိုင်သူများအနေဖြင့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို လွယ်ကူစွာရယူနိုင်မည်ဖြစ်သော်လည်း အချိန်ကိုက်၊ တိကျသော အချက်အလက်များနှင့် မိမိတို့ထုတ်ကုန်၏ အရည်အသွေးအတွက် မှတ်တမ်းပြုစုတင်ပြရန် တာဝန်ရှိမည်ဖြစ်ပါသည်။

အရည်အသွေးမြင့် အမှတ်တံဆိပ် ဖန်တီးခြင်းနှင့် ပြည်တွင်းဖြန့်ဖြူးခြင်း

ဆန်/ စပါးလုပ်ငန်းတွင် ပါဝင်သည့် စီးပွားရေးလုပ်ငန်းများသည် စပါး/ ဆန် ဝယ်ယူခြင်းမှစ၍ လက်လီရောင်းချခြင်းအထိ တစ်သမတ်တည်းရှိသော ဆန်/ စပါး အဆင့်အတန်းခွဲခြားခြင်း၊ အစားအသောက်ဘေးကင်းရေး ထိန်းချုပ်ခြင်းနှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ် စုံစမ်းနိုင်ခြင်း (Lot traceability) တို့ကို ဆောင်ရွက်နိုင်ရန် တိကျသော မူရင်းဒေသနှင့် ထုတ်ကုန်အညွှန်းအမှတ်အသားများဖြင့် ဆောင်ရွက်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် အရည်အသွေး စံချိန်စံညွှန်းများကို ညှိနှိုင်းပေးရမည်ဖြစ်ပြီး သင့်တော်သော ဒေသဆိုင်ရာ အညွှန်းအမှတ်အသား (Geographical Indication) အကာအကွယ်ပေးခြင်းနှင့် စံမီထုပ်ပိုးမှုများပါဝင်သည့် ပေါ်ဆန်းနှင့် ဒေသတွင်း ဆန်အမှတ်တံဆိပ်များကို မြှင့်တင်ပေးရမည်ဖြစ်သည်။ လိမ်လည်ရောနှောရောင်းချခြင်းများကို တားဆီးရမည်ဖြစ်ပြီး ခွင့်ပြုထားသော ရောနှောဆန်များတွင် ကျင့်ဝတ်နှင့်ကိုက်ညီ၍ ရှင်းလင်းပြီး တာဝန်ယူမှုရှိသော အမှတ်အသားများကို တပ်ဆင်ရမည်ဖြစ်သည်။

နိုင်ငံတော်အနေဖြင့် စားသုံးသူအကာအကွယ်ပေးရေးနှင့် မျှတသော ဈေးကွက်ကျင့်သုံးမှုများကို အားကောင်းအောင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ပိုမိုကောင်းမွန်သော လက်ကား၊ လက်လီနှင့် ဒီဂျစ်တယ်ဖြန့်ဖြူးရေးစနစ်များသည် ပြည်တွင်း၌ သက်သာသောဈေးနှုန်းဖြင့် ဆန်ကို စိတ်ချစွာ ဝယ်ယူရရှိနိုင်မှုကို ထိန်းသိမ်းလျက် အရည်အသွေးမြင့်ထုတ်ကုန်များကို ရောင်းချပေးနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

ဖွဲနုဆီနှင့် ဆီထုတ်ပြီးဖွဲ

ဖွဲနုသည် စားသုံးဆီထုတ်လုပ်မှုအတွက် ယုံကြည်စိတ်ချရသော ကုန်ကြမ်းဖြစ်လာမည်ဖြစ်ပြီး ဆီထုတ်ပြီးဖွဲ (Defatted rice bran) မှတစ်ဆင့် တန်ဖိုးပိုမိုထွက်ရှိသည့် အရင်းအမြစ်ဖြစ်လာရမည်ဖြစ်သည်။ စက်ပိုင်များနှင့် ထုတ်လုပ်သူများသည် ကုန်ကြမ်းထောက်ပံ့ရေးစာချုပ်များ ချုပ်ဆိုရမည်ဖြစ်ပြီး ဆီမထုတ်မီ ဖွဲသစ်များ၏ အရည်အသွေးမပျက်စီးစေရန် အချိန်ကိုက်သိမ်းဆည်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ရမည်။

ဆီထုတ်ယူခြင်းနှင့် သန့်စင်ခြင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများသည် စိတ်ချရသော ကုန်ကြမ်းပမာဏနှင့် အတည်ပြုထားသော ဈေးကွက်များပေါ် အခြေခံရမည်ဖြစ်ပါသည်။ ဆီထုတ်ပြီးဖွဲသည် စနစ်တကျ ဖော်စပ်ထားသော မွေးမြူရေးနှင့် ရေလုပ်ငန်းအစာများတွင် အသုံးပြုနိုင်သည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီရမည်ဖြစ်သည်။ နိုင်ငံတော်နှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများသည် အခြေခံအဆောက်အအုံများ၊ ဓာတ်ခွဲစမ်းသပ်မှုများနှင့် နည်းပညာများကို  ပံ့ပိုးပေးရမည်ဖြစ်ပါသည်။

ဆန်အခြေခံအစားအစာများနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး

ထုတ်လုပ်သူများသည် ပြည်တွင်းစားသုံးသူများနှင့် ပြည်ပဝယ်ယူသူများအတွက် ဆန်မှုန့်၊ မုန့်ဖတ်၊ ခေါက်ဆွဲ၊ ကြာဆံနှင့် အခြားစီးပွားရေးအရ တွက်ခြေကိုက်သော ဆန်အခြေခံထုတ်ကုန်များကို တိုးချဲ့ထုတ်လုပ်ရမည်ဖြစ်ပါသည်။ အစားအသောက်ဘေးကင်းရေးနှင့် ထုတ်ကုန်စံချိန်စံညွှန်းများနှင့် ကိုက်ညီသော ဆန်နှင့်ဆန်ကွဲများကို စက်မှုလုပ်ငန်းများသို့ ထောက်ပံ့ပေးနိုင်ပါသည်။

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) သည် သန့်ရှင်းသော ပြုပြင်ထုတ်လုပ်မှု စက်ကိရိယာများ၊ ထုပ်ပိုးမှုနည်းပညာများ၊ ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဖြန့်ဖြူးရေးမိတ်ဖက်များကို ရရှိရန်လိုအပ်ပါသည်။ အစိုးရ၏ပံ့ပိုးမှုနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဖွင့်လှစ်သော ဓာတ်ခွဲခန်းများ သို့မဟုတ် အများသုံးအဆောက်အအုံများသည် ကုမ္ပဏီများအား ထုတ်ကုန်များကို စမ်းသပ်ရန်နှင့် သက်တမ်းပိုမိုကြာရှည်ခံအောင် ဆောင်ရွက်ရန် ကူညီပေးနိုင်ပြီး ပုဂ္ဂလိကလုပ်ငန်းများသည် စားသုံးသူလိုအပ်ချက်နှင့်ကိုက်ညီသော ထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။

ဇီဝမီးသွေး (Biochar) နှင့် လျှပ်စစ်ဓာတ်အားအတွက် စပါးခွံ

စပါးခွံများကို ရရှိနိုင်သောပမာဏနှင့် ဒေသတွင်း လိုအပ်ချက်ပေါ်မူတည်၍ ဇီဝမီးသွေးနှင့် စွမ်းအင်ရင်းနှီးမြှုပ်နှံမှုများတွင် အသုံးပြုရမည်။ အသေးစား လျှပ်စစ်ဓာတ်အားစနစ်များသည် တစ်သီးပုဂ္ဂလဆန်စက်များ သို့မဟုတ် အနီးနားရှိ သုံးစွဲသူများကို ဝန်ဆောင်မှုပေးနိုင်ပြီး အလတ်စားစီမံကိန်းများသည် ဆန်ကြိတ်ခြင်းနှင့် အခြောက်ခံခြင်းတို့အတွက် အပူနှင့် လျှပ်စစ်ဓာတ်အားကို တွဲဖက်ထုတ်လုပ်နိုင်ပါသည်။ အကြီးစားစီမံကိန်းများအတွက် ဆန်စက်အမြောက်အမြားထံမှ စိတ်ချရသော စပါးခွံရရှိမှုနှင့် ခိုင်မာသော လျှပ်စစ်ဝယ်ယူသူများလိုအပ်ပါသည်။

ဇီဝမီးသွေးထုတ်လုပ်မှုသည် စနစ်တကျပြုပြင် ထုတ်လုပ်မှု၊ အရည်အသွေးစမ်းသပ်မှုနှင့် ဒေသတွင်း မြေဆီလွှာစမ်းသပ်မှုများ လိုအပ်သည်။ နိုင်ငံတော်အနေဖြင့် ရှင်းလင်းသော လျှပ်စစ်ဓာတ်အားဆိုင်ရာ စီမံဆောင်ရွက်မှုများကို ပံ့ပိုးပေးရမည်ဖြစ်ပြီး လုပ်ငန်းလုပ်ကိုင်သူများသည် ကုန်ကြမ်းရရှိရေး၊ ဝန်ထမ်းများကို သင်တန်းပေးရေးနှင့် ဓာတ်ငွေ့ထုတ်လွှတ်မှု ထိန်းချုပ်ရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။ စီမံကိန်းရေးဆွဲရာတွင် ပြိုင်ဆိုင်မှုရှိသော အသုံးပြုမှုများကြား စပါးခွံပမာဏကို စာရင်းနှစ်ထပ် ထပ်တွက်မိခြင်း (Double-counting) မှ ရှောင်ရှား၍ တိကျသေချာစွာ တွက်ချက်ရမည်ဖြစ်ပါသည်။

စွန့်ပစ်ပစ္စည်းများပြန်လည်အသုံးပြုသည့် ဆန်စပါး စီးပွားရေးစနစ်

စွန့်ပစ်ပစ္စည်းများ ပြန်လည်အသုံးပြုသည့် ဆန်စပါးစီးပွားရေးစနစ်သည် ဆုံးရှုံးမှုများကို တားဆီးခြင်းနှင့် သင့်တော်သောပစ္စည်းများကို အကျိုးရှိစွာ အသုံးပြုခြင်းတို့ဖြင့် ဆန်စပါးကဏ္ဍကို စွန့်ပစ်ပစ္စည်း လုံးဝမရှိစေသည့် (Zero Waste) ဦးတည်ချက်သို့ သွားစေမည်ဖြစ်သည်။ ဖွဲနုသည် စားသုံးဆီနှင့် အစာပါဝင်ပစ္စည်းများကို ထောက်ပံ့ပေးနိုင်သည်။ ဆန်ကွဲသည် အစားအသောက်ပြုပြင်ထုတ်လုပ်မှုကို အထောက်အကူပြုနိုင်သည်။ စပါးခွံသည် ဇီဝမီးသွေး သို့မဟုတ် စွမ်းအင်ကို ရရှိစေသည်။ စနစ်တကျ ပြုပြင်ထားသော သင့်တော်သည့် ဇီဝစွန့်ပစ်ပစ္စည်းများသည် သဘာဝမြေဩဇာဖြစ်လာစေရန် ကူညီပေးနိုင်သည်။

လုပ်ငန်းများမှ ပြန်လည်ရရှိသောပစ္စည်းများကို တိုင်းတာရမည်ဖြစ်ပြီး ကျန်ရှိသော စွန့်ပစ်ပစ္စည်းများကို ဘေးကင်းစွာ စီမံခန့်ခွဲရမည်ဖြစ်ပါသည်။ အဆိုပါလုပ်ငန်းများအတွက် လုပ်ငန်းစဉ်အတွင်း ပါဝင်ပတ်သက်သူများ စုပေါင်း၍ စံချိန်စံညွှန်းများသတ်မှတ်ခြင်း၊ သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ဝန်ဆောင်မှုများ ဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပါသည်။

ဆန်စပါးအခြေပြု စိုက်ပျိုးရေးနှင့် စက်မှုကွန်ရက်များ

နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် တည်ရှိသော ဆန်စက်များသည် ဆန်ကြိတ်ခွဲခြင်းကို ဖွဲနုဆီနှင့် အခြားစားသုံးဆီများ၊ တိရစ္ဆာန်အစာ၊ သဘာဝမြေဩဇာ၊ ဆန်မှုန့်၊ ပြောင်းဖူးမှုန့်၊ ပဲ ပြုပြင်ထုတ်လုပ်ခြင်း၊ ဆန်ခေါက်ဆွဲနှင့် ကြာဆံထုတ်လုပ်ခြင်းတို့ကို ပေါင်းစပ်ဆောင်ရွက်ပေးရမည်ဖြစ်သည်။ အဆိုပါပူးပေါင်းဆောင်ရွက်မှုများသည် ဒေသတွင်း ကုန်ကြမ်းထောက်ပံ့မှုနှင့် လိုအပ်ချက်ကို အထောက်အပံ့ဖြစ်မည်ဖြစ်ပါသည်။ လုပ်ငန်းရှင်များ စုပေါင်းသုံးစွဲမည့် သိုလှောင်ရုံများ၊ အသုံးအဆောင်ပစ္စည်းများ၊ ဓာတ်ခွဲခန်းများနှင့် ဖြန့်ဖြူးရေးစနစ်များသည် ပြုပြင်ထုတ်လုပ်သူများကို တောင်သူများ၊ ဝယ်ယူသူများနှင့် ချိတ်ဆက်ပေးနိုင်သည်။

ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများသည် လုပ်ငန်းဆောင်ရွက်မှုများကို ဦးဆောင်ရမည်ဖြစ်ပြီး နိုင်ငံတော်နှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများမှ အခြေခံအဆောက်အအုံများ၏ ကူညီပံ့ပိုးမှုဖြင့် သင့်တော်သော ဘေးထွက်ပစ္စည်းများက တိရစ္ဆာန်အစာကို ထောက်ပံ့ပေးကာ စနစ်တကျပြုပြင်ထားသော စွန့်ပစ်ပစ္စည်းများက သဘာဝမြေဩဇာဖြစ်လာအောင် ကူညီပေးရမည်ဖြစ်ပါသည်။

ပို့ကုန်မြှင့်တင်ရေးနှင့် စိတ်ချရသော တင်ပို့ဖြန့်ဖြူးမှု

ပို့ကုန်လုပ်ငန်းရှင်များသည် အဆင့်မြင့်ဆန်၊ ဆန်မွှေး၊ ပေါင်းဆန်နှင့် ထုပ်ပိုးပြီးဆန်တို့အတွက် ဝယ်ယူသူများကို စုံလင်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး အရည်အသွေးနှင့် စိတ်ချရသော စာချုပ်များကို ထိန်းသိမ်းကာ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးကို အာမခံချက်ရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် စီးပွားရေးမြှင့်တင်မှုများနှင့် ဈေးကွက်သတင်းအချက်အလက်များကို ညှိနှိုင်းပေးရမည်ဖြစ်ပါသည်။ အစိုးရအနေဖြင့် ဈေးကွက်ဝင်ရောက်နိုင်မှု၊ အချိန်နှင့်တစ်ပြေးညီ လိုအပ်သော အသိအမှတ်ပြုလက်မှတ် ထုတ်ပေးမှု၊ ဆိပ်ကမ်းများနှင့် ခန့်မှန်းရလွယ်ကူသော ပို့ကုန်နှင့် နိုင်ငံခြားငွေလဲလှယ်ရေး မူဝါဒများကို ကူညီဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။

 နှစ်စဉ် ပို့ကုန်ရည်မှန်းချက်များသည် ပြည်တွင်းစားသုံးမှုဖူလုံစေရေးနှင့် လက်ကျန်စာရင်းများကို ထိခိုက်မှုမရှိစေရန်လိုအပ်ပါသည်။ ပို့ကုန်ဝင်ငွေများကို ဆန်နှင့် ဆန်ကွဲတန်ချိန်တို့နှင့်အတူ စောင့်ကြည့်စစ်ဆေးရမည်ဖြစ်ပြီး ဆန်/ ဆန်ကွဲ အခြေခံထားသော အစားအစာများနှင့် ဘေးထွက်ထွက်ကုန်များကို သီးခြားစာရင်းပြုစု တင်ပြရမည်ဖြစ်ပါသည်။

တာဝန်ဝတ္တရားများနှင့် ဘဏ္ဍာရေးဆိုင်ရာ

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ပုဂ္ဂလိကကဏ္ဍများတွင် ပါဝင်ဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှု ဦးစားပေးလုပ်ငန်းများနှင့် စက်မှုကဏ္ဍနှစ်ချုပ်အစီရင်ခံစာများ ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ရမည်ဖြစ်ပါသည်။ ကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံခြင်း၊ လုပ်ငန်းလည်ပတ်ခြင်း၊ တောင်သူများ စာချုပ်ချုပ်ဆိုခြင်းနှင့် ဈေးကွက်များဖော်ဆောင်ခြင်းတို့ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အစိုးရအနေဖြင့် အများပြည်သူဆိုင်ရာ သုတေသနလုပ်ငန်းများ၊ ရေသွင်းရေထုတ်မြောင်းများ၊ ကုန်ထုတ်လမ်းများနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ၊ ခန့်မှန်းရလွယ်ကူသော မူဝါဒများနှင့်ထိရောက်သော စံချိန်စံညွှန်းများကို ပံ့ပိုးပေးရမည်ဖြစ်ပါသည်။

အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများသည် REZ ဝန်ဆောင်မှုများ၊ မျိုးစေ့သုတေသနနှင့် ဖြန့်ဖြူးရေးစင်တာများ၊ ဓာတ်ခွဲခန်းများ၊ MyRO နှင့် သင့်တော်သော စက်မှုအခြေခံအဆောက်အအုံများကို ရှင်းလင်းသော ပိုင်ဆိုင်မှုနှင့် လုပ်ငန်းဆောင်ရွက်ရန် တာဝန်ဝတ္တရားများကို တိကျစွာဆောင်ရွက်ပေးသင့်ပါသည်။ ဘဏ်များသည် ရာသီအလိုက် စိုက်ပျိုးစရိတ်နှင့် ကုန်သွယ်ရေးချေးငွေများ၊ စက်ကိရိယာများအတွက် ကာလရှည်ချေးငွေ သို့မဟုတ် နှစ်ချုပ်အငှားချခြင်းစနစ် (Leasing) များကို ပံ့ပိုးပေးရမည်ဖြစ်ပါသည်။ ဦးစားပေးစီမံကိန်းတိုင်းအတွက် တာဝန်ယူရမည့် ဦးဆောင်သူ၊ ဘတ်ဂျက်နှင့် အကောင်အထည်ဖော်မည့် အချိန်ဇယားများရှိရန်လိုအပ်ပါသည်။

အကောင်အထည်ဖော်ခြင်းနှင့် နှစ်စဉ်ပြန်လည်သုံးသပ်ခြင်း

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် အစိုးရတို့သည် အခြေခံစံချိန်စံနှုန်းများကို အတည်ပြုခြင်း၊ REZ ဧရိယာများကို သတ်မှတ်ခြင်း၊ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို အားကောင်းအောင်လုပ်ဆောင်ခြင်းနှင့် တောင်သူများနှင့်အတူ တောင်သူအကျိုးပြု စီမံကိန်းတစ်ရပ်ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ပါသည်။

 ၂၀၂၇-၂၀၂၈ နှင့် ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တို့တွင် အရည်အသွေးကောင်း မျိုးစေ့များနှင့် AWD ကဲ့သို့ သင့်တော်သော စိုက်ပျိုးနည်းစနစ်များကို တိုးချဲ့ခြင်းဆောင်ရွက်ခြင်းနှင့် ရိတ်သိမ်းချိန်လွန်လုပ်ငန်းများ အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ၂၀၂၉-၂၀၃၀ နှင့် ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်တို့တွင် အောင်မြင်ပြီးသော လုပ်ငန်းများကို အရှိန်အဟုန်မြှင့် တိုးချဲ့ခြင်းနှင့် အမှတ်တံဆိပ်ပါ ပို့ကုန်များကို အားကောင်းအောင် ဆောင်ရွက်ခြင်းတို့အပေါ် အဓိကထားရမည်ဖြစ်ပါသည်။

တောင်သူများ၊ စက်မှုလုပ်ငန်းရှင်များနှင့် ဘဏ္ဍာရေးဆိုင်ရာ မိတ်ဖက်များနှင့်အတူ နှစ်စဉ် လုပ်ငန်းပြန်လည်သုံးသပ်မှုများပြုလုပ်၍ ဝင်ငွေ၊ ထုတ်လုပ်မှုစွမ်းအား၊ ဆုံးရှုံးမှုများ၊ တန်ဖိုးမြှင့်တင်မှုများနှင့် ပို့ကုန်များကို ဆန်းစစ်ရမည်ဖြစ်ပြီး ရလဒ်များအပေါ်မူတည်၍ လိုအပ်ချက်ရှိသည့် နေရာများတွင် လုပ်ဆောင်ချက်များကို ပြန်လည်ပြင်ဆင်ရမည်ဖြစ်ပါသည်။

နိဂုံး

လုပ်ငန်းအောင်မြင်မှုများသည် တောင်သူများအတွက် ပိုမိုကောင်းမွန်သော လူနေမှုဘဝကို ဆောင်ကြဉ်းပေးမည်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရ၏ ရှင်းလင်းသောမူဝါဒများနှင့် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ပုဂ္ဂလိကကဏ္ဍတို့သည် ဈေးကွက်ထိုးဖောက်မှု အားကောင်းစေရန်နှင့် အရည်အသွေးကောင်းစေရန်အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 ၂၀၂၆-၂၀၃၁ စီမံကိန်းကို စနစ်တကျ ပူးပေါင်းအကောင်အထည်ဖော်ရန်နှင့် ရလဒ်များမျှဝေရန်အတွက် အတူတကွ ပူးပေါင်းတာဝန်ယူကြရန်လိုအပ်ပါသည်။ နှစ်စဉ် ဆန်နှင့် ဆန်ကွဲ တန်ချိန်လေးသန်းတင်ပို့နိုင်ရေး ရည်မှန်းချက်သည် ပြည်တွင်းစားနပ်ရိက္ခာဖူလုံစေရေးနှင့် မြန်မာ့တောင်သူလယ်သမားအတွက် ရေရှည်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ပါသည်။ ။

No comments:

Post a Comment