Monday, October 19, 2026

ကမ္ဘာ့စားသုံးသူတို့အကြိုက်ဆုံး မြန်မာ့ဂုဏ်ဆောင် ပေါ်ဆန်းမွှေး၏ ရွှေရောင်ခရီးလမ်း


 စိုက်မွေးဆည်

မြန်မာ့ပေါ်ဆန်းစပါးသည် မြန်မာနိုင်ငံတွင် ရှေးမင်းအဆက်ဆက် ကာလကတည်းကပင် အစဉ်အဆက် စိုက်ပျိုးထုတ်လုပ်လာခဲ့သည့် သမိုင်းအစဉ်အလာကြီးမားသော ဒေသထွက်အရည်အသွေးမြင့် စပါးမျိုးစစ်စစ်ဖြစ်ပါသည်။ 

ပေါ်ဆန်း၏ ထူးခြားလှသောသဘာဝမွှေးရနံ့၊ ချက်ပြုတ်ပြီးချိန်တွင်ရရှိသည့် နူးညံ့ပျော့ပျောင်းပြီး အိအိတုံတုံရှိလှသော ထမင်းသားအရည်အသွေးတို့ကြောင့် ပြည်တွင်းရှိစားသုံးသူများအကြားတွင် ခေတ်အဆက်ဆက် သတ်မှတ်စံနှုန်းမြင့်မားသည့် ထိပ်တန်းပရီမီယံဆန်အဖြစ် ယနေ့တိုင် လူကြိုက်များ ရေပန်းစားလျက်ရှိနေပါသည်။ 

ဆန်စပါးလောကတွင် “မြန်မာ့ပုလဲစပါး”ဟု တင်စားရလောက်အောင် မြန်မာနိုင်ငံ၏ဂုဏ်ဆောင် ကိုယ်စားပြုသီးနှံတစ်မျိုးဖြစ်ပြီး မိမိတို့၏ မူရင်းဒေသ မြေဆီလွှာနှင့် ရေမြေရာသီဥတုအောက်တွင်သာ အရည်အသွေးအကောင်းဆုံးထွက်ရှိတတ်သည့် မြန်မာ့မြေမှပေါက်ဖွားသော အဖိုးတန်ရတနာတစ်ပါး ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော International World Rice Conference 2026 ၏ ဆန်အရည်အသွေးယှဉ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ “ပေါ်ဆန်းမွှေး”ဆန်သည် “၂၀၂၆ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဆန်” (The World’s Best Rice Award 2026) ဆုကိုရရှိခဲ့ပါသည်။ ယခင်ကလည်း ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပခဲ့သည့် “၂၀၀၉ ခုနှစ် ကမ္ဘာ့ဆန်စပါးညီလာခံ” (2009 World Rice Conference)တွင် ပေါ်ဆန်းဆန်ဖြင့် ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ တတိယဆုရရှိခဲ့ဖူးသည်။ 

၂၀၁၁ ခုနှစ် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ကျင်းပသော The Rice Trader World Rice Conference ၏ ကမ္ဘာ့အကောင်းဆုံးဆန်ပြိုင်ပွဲတွင် “၂၀၁၁ ခုနှစ်ကမ္ဘာ့အကောင်းဆုံးဆန်” (The World’s Best Rice of 2011)ဆုကို ရရှိခဲ့ပါသည်။ ကမ္ဘာ့အကောင်းဆုံးဆန်ပြိုင်ပွဲ သမိုင်းတစ်လျှောက် တွင် မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ်ယှဉ်ပြိုင်ခဲ့ခြင်းမရှိသော်လည်း ယခုနှစ်တွင် တတိယအကြိမ်ဝင်ပြိုင်ပြီး ပထမဆုကို ဒုတိယအကြိမ်ရရှိခြင်းဖြစ်သည်။ မြန်မာ့ပေါ်ဆန်းသည် ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် တတိယဆု(၁)ကြိမ်နှင့် ပထမဆု(၂)ကြိမ်ရရှိခဲ့သဖြင့် အကောင်းဆုံးအရည်အသွေးစစ်စစ်နှင့် အဆင့်မြင့်အရသာကို တန်ဖိုးထားနှစ်သက်ကြသော ကမ္ဘာ့စားသုံးသူတို့၏အကြိုက်ဆုံး မြန်မာ့ ဂုဏ်ဆောင် ပေါ်ဆန်းမွှေးဟု တင်စားခေါ်ဆိုထိုက်ပါသည်။ 

ကမ္ဘာ့အကောင်းဆုံးဆန်ပြိုင်ပွဲ

ကမ္ဘာ့အကောင်းဆုံးဆန်ပြိုင်ပွဲတွင် ဆုရရှိခြင်းသည် လွယ်ကူသည့်ကိစ္စမဟုတ်ပါ။ 

 နှစ်စဉ် ကျင်းပသော International World Rice Conference ပြိုင်ပွဲများသည် ကမ္ဘာ့ဆန်လောကတွင် အစဉ်အလာကြီးမားသော၊ အထူးထင်ရှားသောမှတ်တိုင်များဖြစ်သည်။ ယခုနှစ်ပြိုင်ပွဲကို အမေရိကန်ပြည်ထောင်စုအခြေစိုက် The Rice Trader နှင့် International Commodity Institute အဖွဲ့အစည်းတို့က ဦးဆောင်ကျင်းပခဲ့ပြီး ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံး ၁၄ နိုင်ငံဖြစ်သည့် အိန္ဒိယ၊ ဗီယက်နမ်၊ ပါကစ္စတန်၊ မြန်မာ၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အမေရိကန်၊ လာအို၊ နီပေါ၊ အင်ဒိုနီးရှား၊ အာဂျင်တီးနားနှင့် ဂါနာနိုင်ငံတို့မှ အရည်အသွေးမြင့် ဆန်အမျိုးအစားများနှင့် နာမည်ကြီးပရီမီယံဆန် (Premium Rice) ၂၂ မျိုး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ ပြိုင်ပွဲဝင်ဆန်များကို ကမ္ဘာတစ်ဝန်းမှ ထိပ်တန်းစားဖိုမှူးကြီးများနှင့် ဆန်စပါးဆိုင်ရာကျွမ်းကျင်ပညာရှင်များပါဝင်သည့် နိုင်ငံတကာအကဲဖြတ်ဒိုင်အဖွဲ့က စနစ်တကျစစ်ဆေးခြင်းဖြစ်သည်။ 

ပြိုင်ပွဲဝင်နိုင်ငံများသည် ဆန်နမူနာပေးပို့ရာတွင် နောက်ဆုံးထွက် အသစ်စက်စက်ရိတ်သိမ်းထားသော မြန်မာအခေါ် ကောက်သစ်ဆန်များကိုသာ ပေးပို့ယှဉ်ပြိုင်ကြရသည်။

 ပေးပို့လာသော ဆန်နမူနာများ၏ ဆန်အရည်အသွေးကို စစ်ဆေးအကဲဖြတ်ရာတွင် အဓိကအဆင့် နှစ်ဆင့်ဖြစ်သည့် မချက်ပြုတ်ရသေးသော ဆန်စိမ်းပုံစံနှင့်ချက်ပြုတ်ပြီးသားထမင်းပုံစံ စသည့်ပုံစံနှစ်မျိုးလုံးကို နှစ်ဖက်မျက်ကွယ်စနစ်(Double-Blind Testing)ဖြင့် အမှတ်ပေးဆုံးဖြတ်ခဲ့ကြပါသည်။ ပထမအဆင့်အနေဖြင့် မချက်ပြုတ်ရသေးမီ ဆန်စိမ်းအခြေအနေကို ဆန်စေ့များ၏ သန့်ရှင်းမှုရှိမရှိ၊ ကျိုးကြေမှုရှိ မရှိ၊ ဆန်စေ့များညီညာမှုရှိ မရှိနှင့် အရောင်အဆင်းပုံသဏ္ဌာန်တို့ကို မျက်စိဖြင့် သေချာကြည့်ရှုအကဲဖြတ်ကြပါသည်။ ဒုတိယအဆင့်အနေဖြင့် ဆန်ကိုသတ်မှတ်ထားသည့် စံနှုန်းအတိုင်းစနစ်တကျချက်ပြုတ်ပြီးနောက် ဒိုင်လူကြီးများက ကိုယ်တိုင်မြည်းစမ်း စစ်ဆေးကြပါသည်။ ချက်ပြုတ်ပြီး ထမင်းအခြေအနေတွင် ထွက်လာသည့်အနံ့၊ ထမင်း၏ အိစက်ညက်ညောမှုနှင့် လျှာဖျားတွင်ခံစားရသည့်အရသာတို့ကို စစ်ဆေးအကဲဖြတ်ကြပါသည်။ “ဆုအဖြစ်သတ်မှတ်သည့် အမှတ်ပေးစံနှုန်းများမှာ ထမင်းလုံးပုံသဏ္ဌာန်ညီညာမှု(Consistency)၊ ထမင်းလုံးရှည်ထွက်မှု (Grain Length)၊ အမွှေးနံ့ရရှိမှု(Aroma)၊ အိစက်နူးညံ့မှု(Texture)၊ စေးပိုင်မှု (Stickiness)နှင့် စားသုံးမှုအရသာ(Taste)တို့ဖြစ်ပြီး ကမ္ဘာ့ဈေးကွက်တွင် ကျယ်ပြန့်စွာရောင်းဝယ်ဖောက်ကားနေမှု၊ စိုက်ပျိုးနည်းပညာနှင့် အထွက်နှုန်း စသည့်အချက်တို့အပေါ် မူတည်နေခြင်းမဟုတ်ဘဲ ကမ္ဘာပေါ်ရှိ စားသုံးသူများ၊ ချက်ပြုတ်သူများ၊ စားဖိုမှူးများနှင့် အိမ်ရှင်မများအတွက် ကြိုက်နှစ်သက်မှုအနေအထားကိုသာ မူတည်ဆောင်ရွက်ခြင်းဖြစ်ကြောင်း”လည်း သိရပါသည်။

အကဲဖြတ်အမှတ်ပေးခြင်း

ဆန်သားညီညွတ်မှုဟုဆိုရာတွင် ဆန်စေ့များ၏ ပုံသဏ္ဌာန်၊ အရွယ်အစား၊ အရောင်အသွေး (ဥပမာ-ပုလဲလုံးသဖွယ်လှပမှု)နှင့် ဆန်ကွဲအနည်းအများတို့၌ တစ်သမတ်တည်းဖြစ်ခြင်း၊ ညီညာခြင်းတို့ကို တိုင်းတာခြင်းဖြစ်ပါသည်။ ဆန်စေ့အရှည်တွင် ဆန်စေ့၏အလျား၊ ချက်ပြုတ်ပြီး ထမင်းဖြစ်လာသည့်အခါ လှပစွာဆန့်ထွက်ရှည်လျားလာမှုတို့ကို တိုင်းတာပါသည်။ အမွှေးနံ့ရရှိမှုကို အကဲဖြတ်ရာတွင် ဆန်ကြမ်းအဆင့်၌ရရှိသောအနံ့နှင့် ချက်ပြုတ်ပြီးအဖုံးဖွင့်လိုက်သည့်အခါ ထွက်ရှိလာသော ထမင်း၏ သဘာဝအမွှေးနံ့တို့ကို အနံ့ခံအကဲဖြတ်ခြင်းဖြစ်ပါသည်။ 

အိစက်နူးညံ့မှုကို အကဲဖြတ်ရာတွင် ထမင်းကို ဝါးလိုက်သည့်အခါ ခံတွင်းထဲ၌ခံစားရသော အပျော့အမာ၊ အိစက်ညက်ညောမှုနှင့် ထုထည်ဖွဲ့စည်းပုံတို့နှင့်အတူ လျှာပေါ်တွင်နူးညံ့အိစက်ပြီး ဝါးရသည့်အရသာကောင်းမွန်မှုကိုခံစား၍ အကဲဖြတ်ခြင်းဖြစ်သည်။ စေးပိုင်မှုကိုတိုင်းတာရာတွင် ထမင်းစေ့တစ်စေ့နှင့်တစ်စေ့ အစေးဓာတ်ရှိပြီး ကပ်တွယ်စုစည်းမှု၊ တူ သို့မဟုတ် ဇွန်းဖြင့်ကိုင်တွယ်ရ လွယ်ကူ စေမည့် အစေးဓာတ်နှင့်ဝါးလိုက်သည့်အခါကပ်မနေဘဲ စေးပိုင်ပိုင်ဖြစ်နေမှုတို့ကို စစ်ဆေးပါသည်။ စားသုံးမှုအရသာတွင် ဟင်းမပါဘဲ ထမင်းသက်သက်ကို စားကြည့်သည့်အခါထွက်လာသည့် ဆန်၏ ဇာတိသဘာဝအရသာကောင်းမွန်ပြည့်စုံမှုနှင့် ထမင်းဝါးပြီး မျိုချခါနီးအထိ လျှာပေါ်တွင်ခံစားရသည့် သဘာဝချိုမြိန်မှုနှင့် အရသာထူးကဲမှုတို့ကို အာရုံငါးပါးဖြင့် ခံစားတိုင်းတာ အကဲဖြတ်ခြင်းဖြစ်ပါသည်။ 

အကဲဖြတ်ရာတွင် ထမင်းဖြူချည်းသက်သက် မြည်းစမ်းခြင်း၊ ထမင်းပေါင်းအဖြစ် ပြုပြင်လုပ်ဆောင်စားသောက်ခြင်း၊ ဆန်ပြုတ်ပြုလုပ်စားသောက်ခြင်း၊ ရေညှိထမင်းလိပ်ပြုလုပ် စားသောက်ခြင်း၊ ထမင်းကြော်အဖြစ် ပြုလုပ်စားသောက်ခြင်းတို့အပါအဝင် နမူနာစမ်းသပ်မှုများကို လက်တွေ့ လုပ်ဆောင်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

မြန်မာ့ပေါ်ဆန်းမွှေးဆန်သည် ယခုနှစ်ကမ္ဘာ့အကောင်းဆုံးဆန်ပြိုင်ပွဲ၌ အမှတ်ပေးစံနှုန်း(၆)ချက် လုံးနှင့် ကိုက်ညီမှုရှိခဲ့သည့်အပြင် အမျိုးမျိုးသောစားသောက်ဖွယ်ရာများကို အရသာအပြည့်အဝ ပေးစွမ်းစေနိုင်ခြင်းကြောင့်သာ ကမ္ဘာ့အကောင်းဆုံးဆန်ဆု(The World’s Best Rice Award 2026) ကို ရရှိခဲ့ခြင်းဖြစ်ပါသည်။ ပြိုင်ပွဲတွင် ဗီယက်နမ်နိုင်ငံမှ ST25 ဆန်၊ ဖိလစ်ပိုင်နိုင်ငံမှ Mabango 3၊ အိန္ဒိယနိုင်ငံမှ ဘာစမာတီဆန်၊ ထိုင်းနိုင်ငံမှ ဂျက်စမင်ဆန်အစရှိသည့် နာမည်ကြီးအမှတ်တံဆိပ်တို့ကိုကျော်လွန်ပြီး ပထမဆုရရှိခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ နိုင်ငံတကာအဆင့်မီ ထိပ်တန်းဆုကြီးကို ဒုတိယအကြိမ် ပြန်လည်ဆွတ်ခူးနိုင်ခြင်းမှာ “မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းစေရမည်”ဆိုသော နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်တိုက်တွန်းချက်များနှင့်အညီ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်များကတည်းက ပေါ်ဆန်းစိုက်ပျိုးထုတ်လုပ် နေကြသော တောင်သူလယ်သမားများ၏ စနစ်တကျလုပ်ကိုင်ဆောင်ရွက်နိုင်မှု၊ မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီးအဆင့်ဆင့်ရှိ တာဝန်ရှိသူများ၏ကြီးကြပ်ကွပ်ကဲမှု၊ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်၊ သွင်းအားစုများနှင့်ပတ်သက်သည့် ကုမ္ပဏီများ၊ အသင်းအဖွဲ့များ၏ ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်မှု၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေပံ့ပိုးပေးနိုင်မှုတို့ကြောင့် ဖြစ်ပါသည်။ 

ယခုကဲ့သို့ ကမ္ဘာ့အကောင်းဆုံးဆန်ဟု သတ်မှတ်ခြင်းခံထားရသည့် မြန်မာ့ပေါ်ဆန်းဆန်၏ ဂုဏ်သတင်းရေရှည်တည်တံ့ခိုင်မြဲရေးသည် အမျိုးသားရေးတာဝန်ဖြစ်သောကြောင့် အဆိုပါဂုဏ်အင်ကိုဖော်ဆောင်ပေးကြမည့် ပါဝင်ပတ်သက်သူများ အားလုံးအလေးအနက်ထားဆောင်ရွက်သွားကြ ရမည်ဖြစ်ပါသည်။ 

မြန်မာ့ဂုဏ်ဆောင် ပေါ်ဆန်း

ပေါ်ဆန်းစပါးမျိုးများသည် ဒေသအလိုက်အခေါ်အဝေါ်အမျိုးမျိုး ကွဲပြားလျက်ရှိသည့်အပြင် အရည်အသွေးနှင့် ဝိသေသလက္ခဏာများမှာလည်း ကွဲပြားခြားနားမှုရှိကြပါသည်။ သဘာဝ၏ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ကြောင့် ပေါ်ဆန်းစပါးမျိုးကွဲများ မျိုးတုံးပျောက်ကွယ်သွားခြင်း မရှိစေရေးအတွက် အထူးအစီအမံများဖြင့် စနစ်တကျထိန်းသိမ်းသွားရန်မှာ အလွန်အရေးကြီးသည့် တာဝန်တစ်ရပ်ဖြစ်ပါသည်။ 

ပေါ်ဆန်းစပါးမျိုးများကို ထိန်းသိမ်းရာတွင် မူရင်းပေါက်ရောက်ရာဒေသများတွင် စနစ်တကျထိန်းသိမ်းခြင်းနှင့် အထူးစီမံထားသည့် မျိုးဗီဇထိန်းသိမ်းရာနေရာများတွင် ထိန်းသိမ်းခြင်းတို့ဖြင့် ရေရှည်တည်တံ့အောင်ထိန်းသိမ်းသွားကြရမည်ဖြစ်ပါသည်။ ယနေ့အချိန်အထိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန မျိုးစေ့ဘဏ်တွင် ပေါ်ဆန်းမျိုးကွဲပေါင်း တစ်ရာကျော်ကို စုဆောင်းထိန်းသိမ်းထားရှိပြီး ဖြစ်ပါသည်။

ပေါ်ဆန်းမျိုးများကို အကြမ်းဖျင်းအားဖြင့် အလင်းရောင်တုံ့ပြန်မှုရှိသည့် ပေါ်ဆန်းမျိုးများကို ပေါ်ဆန်းကြီးနှင့် အလင်းရောင်တုံ့ပြန်မှု အသင့်အတင့်သာရှိသောပေါ်ဆန်းမျိုးများကို ပေါ်ဆန်းရင်ဟုခေါ်ဆိုကြပြီး အများစုမှာ သက်တမ်းစပါးအဖြစ် မှတ်ယူထားခဲ့ကြပါသည်။ ထို့အပြင် ပေါ်ဆန်းစပါးမျိုးများကို ဆန်ဈေးကွက်နှင့် စိုက်ပျိုးသည့်ဒေသအပေါ်အစွဲပြု၍လည်း အမည်နာမအမျိုးမျိုး ခေါ်ဝေါ် ကြသည်။

ပေါ်ဆန်းမွှေးစပါးသည် မြန်မာနိုင်ငံတွင် အရည်အသွေးနှင့် တန်ဖိုးအမြင့်ဆုံး စပါးမျိုးဖြစ်သည့် အားလျော်စွာ ဈေးကွက်တွင်လည်း ထိပ်ဆုံးမှရပ်တည်လျက်ရှိပါသည်။ ပေါ်ဆန်းမွှေးဆန်သည် အနံ့ကောင်းမွန်ပြီး ထူးခြားသောအမွှေးနံ့ရှိခြင်း၊ စားသုံးမှုအရည်အသွေး အထူးကောင်းမွန်ခြင်း၊ ဆန်ရည်ဆန်သားမှာ အဖြူရောင်ဖြစ်ပြီး စိုစွတ်တောက်ပြောင်ခြင်း၊ ချက်ပြုတ်ပြီးစီး၍ ထမင်းဖြစ်သွားသည့်အချိန်တွင် မူလဆန်အရွယ်အစားထက် နှစ်ဆ၊ သုံးဆခန့်အထိ ရှည်ထွက်လာခြင်း၊ အေးသွားသည်အထိ ပျော့ပျောင်းနေခြင်း၊ ဒေသမျိုးဖြစ်၍ အပင်အရပ်မြင့်ပြီး ယူရီးယားမြေဩဇာအသုံးပြုမှုအား တုံ့ပြန်နိုင်မှု နည်းခြင်းနှင့် ဆန်ကြိတ်ခွဲခံနိုင်မှုစွမ်းရည် မြင့်မားခြင်းတို့ကြောင့် အခြားစပါးမျိုးများထက် ဆန်ကွဲထွက်ပမာဏလျော့နည်းခြင်း စသည့်အားသာချက်များရှိပါသည်။ 

ထိုအရည်အသွေးများသည် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများရှိသော ဧရာဝတီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုလွင်ပြင်တို့တွင် စိုက်ပျိုးမှသာ မူလအနံ့နှင့် အရည်အသွေးစစ်စစ်ကို ပိုမိုရရှိနိုင်ပြီး အခြားဒေသများတွင် ပြောင်းရွှေ့စိုက်ပျိုးလျှင် ရာသီဥတုအပေါ်မူတည်၍ အရည်အသွေးလျော့ကျပျက်ပြယ်သွားနိုင်ပါသည်။

စိုက်ပျိုးနည်းပညာဖြန့်ဝေခြင်း

မြန်မာ့ပေါ်ဆန်းဆန်၏ အရည်အသွေးပြည့်စုံမှုကိုထိန်းသိမ်းကာ နိုင်ငံတော်၏ “မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းစေရမည်”ဟူသော လမ်းညွှန်ဆောင်ပုဒ်နှင့်အညီ လက်တွေ့အကောင်အထည်ဖော်ရန်အတွက် ခေတ်မီစိုက်ပျိုးရေးနည်းပညာများ စနစ်တကျဖြန့်ဖြူးပေးခြင်းသည် အဓိကသော့ချက်ဖြစ်ပါသည်။ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ပေါ်ဆန်းစပါးသီးသန့် စိုက်ပျိုးထုတ်လုပ်သည့် ပေါ်ဆန်းဇုန်များကို ဖျာပုံ၊ မြောင်းမြ၊ မအူပင်၊ ပုသိမ်နှင့်ဟင်္သာတ စသည့်ခရိုင်များတွင် အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသလို ပဲခူးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင်လည်း တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ ပေါ်ဆန်းစပါးသည် တစ်နှစ်လျှင်တစ်ကြိမ်သာ ရိတ်သိမ်းရသည့် အဖိုးတန်ဒေသမျိုးဖြစ်၍ ၎င်း၏ ဇာတိမျိုးရိုးဗီဇနှင့် ထူးခြားသောမွှေးရနံ့ဂုဏ်သတ္တိများ မပျောက်ပျက်စေရန်အတွက် မျိုးကောင်းမျိုးသန့်စပါး ရွေးချယ်စိုက်ပျိုးနည်းများကို တောင်သူများထံအရောက်ဖြန့်ဝေပေးလျက်ရှိပါသည်။ 

ထို့အပြင် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင် ရည်ရှိစေမည့် စိုက်ပျိုးရေစီမံခန့်ခွဲမှုစနစ်၊ သဘာဝ မြေဩဇာနှင့် ဓာတ်မြေဩဇာကို မျှတစွာအသုံးပြုသည့် နည်းပညာများ၊ ပိုးမွှားရောဂါကာကွယ်နည်းများနှင့် ရိတ်သိမ်းချိန်လွန်လေလွင့်ဆုံးရှုံးမှု လျှော့ချရေးနည်းပညာများကိုပါ ပညာပေးဆောင်ရွက်လျက် ရှိပါသည်။

အားလုံးကိုယ်စီတာဝန်ရှိခြင်း

“စားသုံးသူတို့အကြိုက်ဆုံး မြန်မာ့ဂုဏ်ဆောင်ပေါ်ဆန်းမွှေး၏ ရွှေရောင်ခရီးလမ်း”သည် နိုင်ငံတကာစင်မြင့်ထက်တွင် ရွှေတံဆိပ်ဆုဖြင့် ကမ္ဘာ့အဆင့်အရည်အသွေးကို သက်သေပြနိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ဤအောင်မြင်မှုဂုဏ်ဒြပ်ကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းကာကွယ်သွားရန်မှာ ဆုရရှိခြင်းထက်ပင် ပိုမိုစိန်ခေါ်မှုကြီးမား လှပေသည်။ မြန်မာ့ပေါ်ဆန်းဆန်၏ ထိပ်တန်းအရည်အသွေးနှင့် ဈေးကွက်ခိုင်မာမှုကို နောင်နှစ်ပေါင်းများစွာအထိ အရှိန်အဟုန်မပျက်ဆက်လက်ထိန်းထားနိုင်ရန်အတွက် ကွင်းဆက်တစ်ခုလုံးတွင် ပါဝင်သူအားလုံးက လက်တွဲညီညီဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်သည်။

ယခုကဲ့သို့သော ဆန်အရည်အသွေးပြိုင်ပွဲတွင် (၃)ကြိမ်တိုင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး (၃)ကြိမ်လုံးထိုက်တန်သောဆုကြီးများ ရရှိခဲ့ခြင်းသည် ပေါ်ဆန်းစပါးမျိုးကို စတင်စိုက်ပျိုးခဲ့သော ဘိုးဘွားမိဘတောင်သူဦးကြီးများ၊ ယခုထက်တိုင် လက်ဆင့်ကမ်း မျိုးထိန်းသိမ်းစိုက်ပျိုးနေကြသော တောင်သူ ဦးကြီးများ၊ စဉ်ဆက်မပြတ် မျိုးထုတ်လုပ်ပေးကြသော ပေါ်ဆန်းစပါးမျိုးထုတ်လုပ်သူများနှင့်စိုက်ပျိုး ရေးပညာရှင်များ၊ ဒေသအစိုးရများ၏ ကြိုးပမ်းဆောင်ရွက်မှု၊ နိုင်ငံတော်အစိုးရ၏ ပံ့ပိုးကူညီမှု၊ နိုင်ငံတော်သမ္မတကြီး၏ ချီးမြှောက်တိုက်တွန်းမှုတို့ကြောင့် ဖြစ်ပါသည်။ 

သို့ဖြစ်ရာ ပေါ်ဆန်းဆန်၏ အောင်မြင်မှုကို ရေရှည်တည်တံ့စေရန်အတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ကြီးကြပ်မှုများနှင့်အညီ တက်ညီလက်ညီဖြင့် အစိုးရ - ပုဂ္ဂလိက - တောင်သူများ စည်းလုံးညီညွတ်စွာ ဆက်လက်လုပ်ဆောင်သွားရန် လိုအပ်ပါကြောင်း ဂုဏ်ပြုတိုက်တွန်းအပ်ပါသည်။   ။

No comments:

Post a Comment