နေပြည်တော် အောက်တိုဘာ ၁၈
G.B.S Agricultural Services Co.,Ltd. သည် မကွေးမြို့ ကန်လှကျေးရွာ ဒဟတ်ကန်အုပ်စုတွင် တည်ရှိပြီး စက်ရုံအနေဖြင့် တစ်ရက်လျှင် ဆီတန်ချိန် ၁၂ တန် ခန့်အား နေ့စဉ်ထုတ်လုပ်၍ ပြည်တွင်းသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကာ ဒေသတွင်းစားသုံးဆီလိုအပ်ချက်၏ ၉ ဒသမ ၁၂ ရာခိုင် နှုန်းခန့်ကို ဖြည့်ဆည်းပေးနိုင်ပြီး ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါစက်ရုံ၌ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများအား ကုန်ပစ္စည်းအမျိုးအစားအလိုက် အရောင်အသွေး ခွဲခြားဆောင်ရွက်နေမှု၊ ဆီစက်တွင် ဆီကြိတ်ခွဲထုတ်လုပ်နေမှုအခြေအနေကို စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် မကွေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဆန်းညွန့်အောင်နှင့်အတူ ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရုံးသို့ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး MSME အေဂျင်စီအဖွဲ့ဝင်နှင့်တွေ့ဆုံ၍ အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ တာဝန်များနှင့် ပံ့ပိုးပေးရမည့်ကဏ္ဍများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယမန်နေ့မွန်းလွဲပိုင်းတွင် မကွေးဒေသရှိ စိုက်ပျိုးမွေးမြူရေးဒေသထွက်ကုန်ကြမ်းအခြေပြု MSMEs လုပ်ငန်းများ၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းများလည်ပတ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ မကွေးဒေသအား နိုင်ငံ့ဆီအိုးကြီးဟု တင်စားကြ သည့်အတိုင်း မြေပဲ၊ နှမ်း၊ နေကြာ စသည့် ဆီထွက်သီးနှံများ စိုက်ပျိုးအောင်မြင်ကာ ပြည်သူတို့၏ စားသုံးဆီလိုအပ်ချက်အား ဖူလုံအောင် ဖြည့်ဆည်းပေးနိုင်ရေး၊ ဆီစက်များအား အဆင့်မြှင့်တင်၍ လုပ်ငန်းများအားတိုးချဲ့ဆောင်ရွက်သွားရန်၊ မကွေးစက်မှုဇုန်အား စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုပြီး စက်မှုဇုန်အတွက် လိုအပ်လာမည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် နေရောင်ခြည် စွမ်းအင်သုံးဆိုလာစနစ် တပ်ဆင်သုံးစွဲမည့် အခြေအနေများကိုလည်း ယခုကတည်းကပင် ထည့်သွင်းတွက်ချက်ဆောင်ရွက် သွားရန်လိုကြောင်း၊ ထို့ပြင် လယ်ယာနှင့်စက်မှုကဏ္ဍတို့တွင်လည်း EV လုပ်ငန်းသုံးယာဉ်များကို အစားထိုးအသုံးပြုနိုင်ရေး စီမံဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။
ထိုမှတစ်ဆင့် အမှတ် (၅)စက်မှုသင်တန်းကျောင်း (မကွေး) နှင့် MSMEs လုပ်ငန်းများဖြစ်သည့် မကွေးမြို့ရှိ Ko Myan နှမ်းလှော်မှုန့်စက်ရုံ၊ စူပါမင်းဆီစက်လုပ်ငန်း၊ မင်းဘူးမြို့ရှိ ရတနာဖြိုးဝါစက်နှင့် ဆီစက်လုပ်ငန်းတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment