Wednesday, September 16, 2026

မသန်စွမ်းမှုနှင့် တန်းတူပါဝင်ခွင့် အပိုင်း (၃)

တန်းတူညီမျှမှုနှင့် သီးခြားအစီအမံများ

မင်းသုတ(ဓနုဖြူ)

မသန်စွမ်းသူများ တန်းတူပါဝင်နိုင်ရန် အတားအဆီးများကို ကြိုတင်ဖယ်ရှားခြင်းနှင့် တစ်ဦးချင်းလိုအပ်ချက်အလိုက် ပြင်ဆင်စီစဉ်ပေးခြင်းတို့မှာ အရေးကြီးသည်။ သို့သော် လူမှုဘဝတွင် ရေရှည်ဖယ်ထုတ်ခံခဲ့ရသည့် မသန်စွမ်းသူများအတွက် ထိုနည်းလမ်းနှစ်မျိုးတည်းဖြင့် အခွင့်အလမ်းကွာဟနေမှုများ အလိုအလျောက် ပျောက်ကွယ်သွားမည်မဟုတ်ပေ။ ထို့ကြောင့် လက်တွေ့တန်းတူညီမျှမှုရရှိလာစေရန် သီးခြားအစီအမံများ ချမှတ်ဆောင်ရွက်ရန် လိုအပ်လာနိုင်သည်။ တစ်ပုံစံတည်း ဆက်ဆံခြင်းက အမြဲတမ်းမျှတပါသလား။

လူတိုင်းကို တူညီသောစည်းမျဉ်းဖြင့် ဆက်ဆံလိုက်လျှင် တရားမျှတသွားပြီဟု ယူဆလေ့ရှိကြသည်။ သို့သော် တစ်ဦးချင်းစီ၏ အခြေအနေချင်းမတူညီပါက တူညီသော စည်းမျဉ်းတစ်ခုတည်းကပင် ရှိရင်းစွဲ အခွင့်အလမ်းကွာဟမှုကို ဆက်လက်တည်မြဲစေနိုင်သည်။ ထို့ကြောင့် အခွင့်အရေးကို စာရွက်ပေါ်တွင် တူညီစွာ သတ်မှတ်ပေးထားခြင်းနှင့် လက်တွေ့ဘဝတွင် တန်းတူအသုံးချနိုင်ခြင်းတို့ကို ခွဲခြားနားလည်ရမည်ဖြစ်သည်။

ဥပမာအားဖြင့် အလုပ်လျှောက်ထားသူအားလုံးကို အွန်လိုင်းလျှောက်လွှာတစ်မျိုးတည်းဖြည့်စေသည်ဟု ဆိုကြပါစို့။ ထိုလျှောက်လွှာကို အသံထွက်နည်းပညာဖြင့် အသုံးပြု၍မရပါက အမြင်အာရုံ မသန်စွမ်းသူသည် အရည်အချင်းပြည့်မီသော်လည်း အလုပ်လျှောက်ထားခွင့် ဆုံးရှုံးရမည်ဖြစ်သည်။ စည်းမျဉ်းတူညီနေခြင်းက အခွင့်အလမ်းကို တန်းတူအသုံးချနိုင်မည်ဟု အာမခံချက်မပေးနိုင်ကြောင်း ဤဥပမာက ဖော်ပြနေသည်။

အလားတူ စာမေးပွဲဆိုင်ရာ ညွှန်ကြားချက်များကို ကျောင်းသားအားလုံးအတွက် အသံဖြင့်သာ ရှင်းပြခြင်းသည် လူတိုင်းကို တူညီစွာဆက်ဆံသကဲ့သို့ ထင်ရနိုင်သည်။ သို့သော် အကြားအာရုံ မသန်စွမ်းသူအတွက် ညွှန်ကြားချက်များကို စာသားဖြင့် ဖော်ပြခြင်း သို့မဟုတ် လက်သင်္ကေတပြ ဘာသာစကား စကားပြန်စီစဉ်ပေးခြင်းမရှိပါက အခြားသူများနှင့်တန်းတူ စာမေးပွဲဖြေဆိုနိုင်မည်မဟုတ်ပေ။ စာမေးပွဲ၏ အဆင့်အတန်းကို မပြောင်းလဲဘဲ သက်ဆိုင်ရာကျောင်းသား၏ လိုအပ်ချက်နှင့်ကိုက်ညီသည့် နည်းလမ်းဖြင့် ညွှန်ကြားချက်များကို ရှင်းပြပေးမှသာ တန်းတူဖြေဆိုခွင့်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။

သီးခြားအစီအမံ

မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်း၏ အပိုဒ် ၅၊ အပိုဒ်ခွဲ ၄ တွင် လက်တွေ့ တန်းတူညီမျှမှုရရှိစေရန် သို့မဟုတ် တန်းတူညီမျှမှုရရှိရေးကို အရှိန်မြှင့်တင်ရန်လိုအပ်သည့် သီးခြားအစီအမံများကို ခွဲခြားဆက်ဆံမှုအဖြစ် သတ်မှတ်ခြင်းမပြုရကြောင်း ဖော်ပြထားသည်။ ထိုပြဋ္ဌာန်းချက်တွင် သုံးထားသည့် အင်္ဂလိပ်အသုံးအနှုန်းမှာ Specific Measures ဖြစ်ပြီး Special Treatment မဟုတ်ပေ။

သီးခြားအစီအမံဆိုသည်မှာ မသန်စွမ်းသူများကို အခြားသူများထက် ပိုမိုသာလွန်သည့် အခွင့်အရေးများရရှိစေရန် သို့မဟုတ် လူ့အဖွဲ့အစည်းမှ သီးခြားဖယ်ထုတ်ထားရန် ရည်ရွယ်ခြင်းမဟုတ်ပေ။ ပညာရေး၊ အလုပ်အကိုင်နှင့် လူမှုဘဝတို့တွင် အတားအဆီးများကြောင့် ရေရှည်ပါဝင်ခွင့်နည်းပါးခဲ့သည့် အခြေအနေများကို ပြန်လည်ကုစား၍ အခြားသူများနှင့် တန်းတူပါဝင်နိုင်စေရန် ဆောင်ရွက်ခြင်းဖြစ်သည်။

ဥပမာအားဖြင့် တက္ကသိုလ်ပညာသင်ယူနိုင်သည့် မသန်စွမ်းသူ နည်းပါးနေပါက သီးခြားပညာသင်ဆုများ စီစဉ်ပေးနိုင်သည်။ အလုပ်အကိုင်ရရှိရန် လိုအပ်သည့် အတွေ့အကြုံများရရှိစေရန် လုပ်ငန်းခွင် လေ့ကျင့်ရေးအစီအစဉ်များ ဖွင့်လှစ်ပေးနိုင်သည်။ အလားတူ အရည်အချင်းပြည့်မီသည့် မသန်စွမ်းသူများ အလုပ်အကိုင်တွင် တန်းတူပါဝင်ခွင့်ရရှိစေရန် သင့်လျော်သည့် ခွဲတမ်းသတ်မှတ်ခြင်းသည်လည်း သီးခြားအစီအမံတစ်မျိုးဖြစ်သည်။

ခွဲတမ်းက မည်သည့်အချိန် တန်းတူညီမျှမှုကို အထောက်အကူပြုပါသလဲ

ကုလသမဂ္ဂကော်မတီ၏ ၂၀၁၈ ခုနှစ် တန်းတူညီမျှမှုနှင့် ခွဲခြားဆက်ဆံမှုမရှိရေးဆိုင်ရာအထွေထွေရှင်းလင်းချက် အမှတ် ၆ ၊ အပိုဒ် ၂၈ တွင် ခွဲတမ်းစနစ်ကို တန်းတူညီမျှမှုမြှင့်တင်ရန် အသုံးပြုနိုင်သည့် သီးခြားအစီအမံတစ်မျိုးအဖြစ် ဖော်ပြထားသည်။ သို့သော် ခွဲတမ်းသတ်မှတ်ထားသည်ဆိုရုံဖြင့် အစီအစဉ်တိုင်း တရားမျှတသည်ဟု မဆိုနိုင်ပေ။ ရည်ရွယ်ချက်၊ ဆောင်ရွက်ပုံနှင့် လက်တွေ့အကျိုးသက်ရောက်မှုတို့ကိုပါ ထည့်သွင်းသုံးသပ်ရမည်ဖြစ်သည်။

အလုပ်အကိုင်ခွဲတမ်း သတ်မှတ်ရာတွင် အရည်အချင်းပြည့်မီသူများ အလုပ်အကိုင်ရရှိရေး၊ လုပ်ငန်းခွင်တွင် လိုအပ်သည့် အထောက်အပံ့ရရှိရေး၊ ရာထူးတိုးတက်ခွင့်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးချဲ့နိုင်ရေးတို့ကိုပါ စဉ်းစားရမည်။ သတ်မှတ်ထားသည့် အရေအတွက် ပြည့်မီစေရန်သာ ခန့်ထားပြီး အမှန်တကယ်လုပ်ကိုင်ရမည့် တာဝန်မပေးခြင်း သို့မဟုတ် တိုးတက်ခွင့်မရှိသည့် နေရာများတွင်သာ ခန့်ထားခြင်းတို့ဖြင့် တန်းတူညီမျှမှုကို ဖော်ဆောင်နိုင်မည်မဟုတ်ပေ။

ခွဲတမ်းစနစ်သည် မသန်စွမ်းသူများကို အလုပ်အကိုင်အမျိုးအစားတစ်ခုတည်းတွင် ကန့်သတ်ထားရန်လည်းမဟုတ်ပေ။ အမြင်အာရုံမသန်စွမ်းသူကို အကြောပြင်အနှိပ်လုပ်ငန်းတစ်မျိုးတည်းသာ လုပ်ကိုင်နိုင်သူဟု ယူဆခြင်း သို့မဟုတ် အကြားအာရုံမသန်စွမ်းသူကို အခြားသူများနှင့် ပြောဆိုဆက်ဆံခြင်းမပြုရသည့် အလုပ်များတွင်သာ ခန့်ထားခြင်းတို့သည် မှားယွင်းသည့် ပုံသေအယူအဆများကို ပိုမိုခိုင်မာစေနိုင်သည်။ ခွဲတမ်းစနစ်၏ ရည်ရွယ်ချက်မှာ မသန်စွမ်းသူများ၏ ရွေးချယ်ခွင့်ကို ကန့်သတ်ရန်မဟုတ်ဘဲ အရည်အချင်းနှင့် စိတ်ပါဝင်စားမှုအလိုက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်ဖြစ်သည်။

နည်းလမ်းသုံးမျိုးကို ရောထွေးမသတ်မှတ်သင့်ပါ

အဆောက်အအုံနှင့် သတင်းအချက်အလက်တို့ကို လူတိုင်းအသုံးပြုနိုင်ရန် ကြိုတင်ပြင်ဆင်ထားခြင်းသည် အလွယ်တကူသွားလာနေထိုင်အသုံးပြုနိုင်ရေးနှင့် သက်ဆိုင်သည်။ အလုပ်အင်တာဗျူးတွင် အကြားအာရုံမသန်စွမ်းသူအတွက် လက်သင်္ကေတပြ ဘာသာစကား စကားပြန်စီစဉ်ပေးခြင်းသည် တစ်ဦးချင်းလိုအပ်ချက်အလိုက် ပြင်ဆင်စီစဉ်ပေးခြင်းဖြစ်သည်။ မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်လာစေရန် ခွဲတမ်းသတ်မှတ်ခြင်းကမူ သီးခြားအစီအမံတစ်ရပ်ဖြစ်သည်။

နည်းလမ်းသုံးမျိုးသည် တန်းတူပါဝင်ခွင့်ရရှိစေရန် ရည်ရွယ်သော်လည်း ဆောင်ရွက်ရမည့်အချိန်၊ အကျိုးခံစားရသူနှင့် ဖြေရှင်းလိုသည့် အခက်အခဲတို့ မတူညီကြပေ။ လူအများအတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သော်လည်း တစ်ဦးချင်း လိုအပ်ချက်အလိုက် ထပ်မံပြင်ဆင်စီစဉ်ပေးရန် လိုအပ်နိုင်သည်။ အလားတူ ခွဲတမ်းသတ်မှတ်ထားခြင်းကြောင့် လုပ်ငန်းခွင်ကို အလွယ်တကူအသုံးပြုနိုင်ရေးနှင့် တစ်ဦးချင်းလိုအပ်ချက်အလိုက် ပြင်ဆင်စီစဉ်ပေးရေးတို့ မလိုအပ်တော့ဟု မယူဆနိုင်ပေ။

မြန်မာ့ဥပဒေနှင့် လက်တွေ့အကောင်အထည်ဖော်ရေး

မြန်မာနိုင်ငံ၏ မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေ (၂၀၁၅) တွင် ပုဒ်မ ၂၀ သည် မသန်စွမ်းသူများ၏ ပညာသင်ယူခွင့်ကို အသိအမှတ်ပြုထားပြီး ပုဒ်မ ၂၃ သည်လည်း ဘာသာရပ်ဆိုင်ရာ လိုအပ်ချက်မှတစ်ပါး မသန်စွမ်းမှုကို အကြောင်းပြု၍ ကျောင်းဝင်ခွင့် ငြင်းပယ်ခြင်းကို တားမြစ်ထားသည်။

ပုဒ်မ ၂၈ အရ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများ၌ အလွယ်တကူသွားလာနေထိုင် အသုံးပြုနိုင်ရေးအတွက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီသည် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်သည်။ ပုဒ်မ ၃၅ အရလည်း တန်းတူအလုပ်လုပ်ကိုင်ခွင့်၊ အလုပ်ခန့်ထားရာတွင် ခွဲခြားဆက်ဆံမှုမရှိရေးနှင့် လုပ်ငန်းခွင်၌ သင့်လျော်သည့် အစီအစဉ်များ ဆောင်ရွက်ပေးရေးတို့အတွက် ယင်းအမျိုးသားကော်မတီသည် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့်ညှိနှိုင်း၍ မူဝါဒနှင့် စီမံချက်များ ချမှတ်အကောင်အထည်ဖော်ပြီး ကြီးကြပ်ကွပ်ကဲရမည်ဖြစ်သည်။

သို့သော် ဥပဒေပြဋ္ဌာန်းထားရုံဖြင့် တန်းတူညီမျှမှု အလိုအလျောက်ပေါ်ပေါက်လာမည်မဟုတ်ပေ။ ဝင်ခွင့်လျှောက်လွှာ၊ သင်ကြားရေးစာရွက်စာတမ်း၊ အင်တာဗျူးနေရာ၊ သယ်ယူပို့ဆောင်ရေးနှင့် လုပ်ငန်းခွင်တို့ကို မသန်စွမ်းသူများ အမှန်တကယ် အသုံးပြုနိုင်ရန် စီစဉ်ပေးရမည်။ သီးခြားအစီအမံများ၏ ထိရောက်မှုကိုလည်း သတ်မှတ်အရေအတွက် ပြည့်မီခြင်းတစ်ခုတည်းဖြင့် မဟုတ်ဘဲ ပညာသင်ယူနိုင်မှု၊ အလုပ်လုပ်ကိုင်နိုင်မှုနှင့် ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်နိုင်မှုတို့ မည်မျှတိုးတက်လာသည်ကို ကြည့်၍ အကဲဖြတ်ရမည်ဖြစ်သည်။

မသန်စွမ်းသူတစ်ဦးချင်းစီ၏ အခြေအနေ၊ ဆန္ဒနှင့် လိုအပ်ချက်များသည် တူညီကြသည်မဟုတ်ပေ။ ထို့ကြောင့် မသန်စွမ်းသူဖြစ်သည်ဟူသော အချက်တစ်ခုတည်းဖြင့် ကြိုတင်ဆုံးဖြတ်ခြင်းမပြုဘဲ သက်ဆိုင်ရာ မသန်စွမ်းသူ၏ အတွေ့အကြုံ၊ ဆန္ဒနှင့် လိုအပ်ချက်တို့ကို နားထောင်ရမည်။ တစ်ဦးချင်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသကဲ့သို့ ပါဝင်ခွင့်ကို ဟန့်တားနေသည့် ပတ်ဝန်းကျင်၊ စည်းမျဉ်းစနစ်နှင့် စိတ်သဘောထားများကိုလည်း ပြောင်းလဲရမည်။ ထိုသို့ဆောင်ရွက်နိုင်မှသာ တန်းတူအခွင့်အရေးသည် စာရွက်ပေါ်က ပြဋ္ဌာန်းချက်အဖြစ်သာ ကျန်ရှိနေမည်မဟုတ်ဘဲ လက်တွေ့ဘဝတွင် အပြည့်အဝခံစားအသုံးချနိုင်သည့် အခွင့်အရေးဖြစ်လာမည်ဖြစ်သည်။

ကိုးကားစာရင်း

၁။ ကုလသမဂ္ဂအထွေထွေညီလာခံ။ (၂၀၀၆)။ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်း။ အထွေထွေညီလာခံဆုံးဖြတ်ချက် အမှတ် A/ RES/ 61/ 106။

United Nations General Assembly. (2006). Convention on the Rights of Persons with Disabilities. General Assembly Resolution A/RES/61/106.

၂။ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကော်မတီ။ (၂၀၁၄)။ အထွေထွေရှင်းလင်းချက် အမှတ် ၂ - အပိုဒ် ၉ ၊ အလွယ်တကူ သွားလာနေထိုင်အသုံးပြုနိုင်ရေး။ စာတမ်းအမှတ် CRPD/ C/ GC/ 2။

Committee on the Rights of Persons with Disabilities. (2014). General Comment No. 2 (2014), Article 9: Accessibility. CRPD/ C/ GC/ 2.

၃။မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကော်မတီ။ (၂၀၁၈)။ အထွေထွေရှင်းလင်းချက် အမှတ် ၆ - တန်းတူညီမျှမှုနှင့် ခွဲခြားဆက်ဆံမှုမရှိရေး။ စာတမ်းအမှတ် CRPD/ C/ GC/ 6။

Committee on the Rights of Persons with Disabilities. (2018). General Comment No. 6 (2018) on Equality and Non-Discrimination. CRPD/ C/ GC/ 6.

၄။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့။ (၂၀၀၁)။ လုပ်ဆောင်နိုင်စွမ်း၊ မသန်စွမ်းမှုနှင့် ကျန်းမာရေးဆိုင်ရာ နိုင်ငံတကာအမျိုးအစားခွဲခြားမှု။ ဂျီနီဗာ။

World Health Organization. (2001). Interna-tional Classification of Functioning, Disability and Health. Geneva: World Health Organi-zation.

၅။ ပြည်ထောင်စုလွှတ်တော်။ (၂၀၁၅)။ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ။ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၀/ ၂၀၁၅။ ၂၀၁၅ ခုနှစ် ဇွန်လ (၅) ရက်နေ့။

No comments:

Post a Comment