Wednesday, September 16, 2026

မိဘ ဆရာ ပူးပေါင်း ကျောင်းသား ကျောင်းသူများ ပညာအရည်အသွေး ပိုမိုကောင်း

ဒေါက်တာသန့်စင်(ရူပဗေဒ)

ယခုခေတ်တွင် မိသားစုစားဝတ်နေရေးအတွက် အိမ်ရှိလူတိုင်း အလုပ်လုပ်နေကြရပါသည်။ မိမိတို့၏အချိန်များကို စားဝတ်နေရေးအတွက် အသုံးချနေရသဖြင့် မိမိတို့၏ သားသမီးများအား ကျောင်းဖွင့်ချိန်တွင် ကျောင်းအပ်၊ လိုအပ်သောပစ္စည်းများ ဝယ်ယူဖြည့်ဆည်းပေးရုံဖြင့် တာဝန်ကျေ မိဘများမဖြစ်နိုင်ပါ။ ကျောင်းသား ကျောင်းသူများ၏ တစ်နေ့တာအချိန်၌ ကျောင်းတွင်းစာသင်ချိန်၊ မိဘများနှင့် အတူနေရသည့်အချိန်နှင့် ပြင်ပပတ်ဝန်းကျင်တွင် အပေါင်းအသင်းသူငယ်ချင်းများနှင့် ခေတ္တနေရသည့်အချိန်တို့ရှိပါသည်။

ကလေးတစ်ဦးသည် ကျောင်းတွင်းအချိန် အများစုကို ဆရာ ဆရာမများနှင့် ဖြတ်သန်းရသော်လည်း ကျောင်းချိန်ပြင်ပတွင် မိဘများ၏လမ်းညွှန်မှုကို ရနေပါသည်။ ထို့ကြောင့် မိဘနှင့် ဆရာတို့အကြား နားလည်မှုကောင်းမွန်ပြီး ပူးပေါင်းဆောင်ရွက်နိုင်ပါက ကလေး၏ပညာရေးအပေါ်တွင် ကောင်းမွန်သောသက်ရောက်မှု ပိုမိုရရှိနိုင်ပါသည်။

မိဘများ၏ပူးပေါင်းပါဝင်မှုသည် အထောက်အကူပြု

မိဘ ဆရာအသင်း၏ အဓိကရည်ရွယ်ချက်မှာ မိဘများနှင့် ဆရာ ဆရာမများ ပူးပေါင်း၍ ကျောင်းသား ကျောင်းသူများ၏ ပညာရည်မြင့်မားရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးရန်ဖြစ်ပါသည်။ မိဘဆရာအသင်းမှ ဦးဆောင်ကာ ကျောင်းပတ်ဝန်းကျင်သာယာလှပရေး၊ ကျောင်းသား ကျောင်းသူများ၏ ကျန်းမာရေး၊ အားကစား၊ စာကြည့်တိုက်နှင့် ပြင်ပလေ့လာရေး၊ ကျောင်းလုံခြုံရေး၊ ကျောင်းတွင်း/ ပြင်ပ မူးယစ်၊ လောင်းကစားမှုမရှိရေး၊ ကျောင်းသား ကျောင်းသူအချင်းချင်း ရိုင်းပင်းကူညီရေးကိစ္စများတွင် မိဘများ၏ ပူးပေါင်းပါဝင်မှုသည် အထောက်အကူပြုပါသည်။ ကျောင်းသည် ဆရာများ၏တာဝန်သာဖြစ်သည်ဟူသောအမြင်မှ ကျောင်းသည် မိဘ၊ ဆရာ၊ ကျောင်းသားနှင့် လူမှုအသိုင်းအဝိုင်းအားလုံး၏ ပူးပေါင်းတာဝန်ဟူသည့်အမြင်ဖြစ်ရန် လိုအပ်ပါသည်။

ကျောင်းသား ကျောင်းသူများသည် စာမေးပွဲအောင်မြင်ရေး၊ စာမေးပွဲတွင် အမှတ်ကောင်းကောင်းရရှိရေးတစ်ခုတည်းမဟုတ်ဘဲ အသိပညာနှင့် ကျွမ်းကျင်မှုများသာမက ကိုယ်ခန္ဓာကျန်းမာ သန်စွမ်းမှု၊ စိတ်ဓာတ်ကောင်းမွန်မှု၊ ကိုယ်ကျင့်တရားကောင်းမွန်မှု၊ လူမှုဆက်ဆံရေးကောင်းမွန်မှု၊ တာဝန်ယူတတ်သောစိတ်ဓာတ်ရှိမှုတို့ လိုအပ်ပါသည်။ ထို့အပြင် စာကြည့်တိုက်များကို ကောင်းစွာ အသုံးချကာ ပြင်ပအကျိုးရှိစာများကို ဖတ်ရှုကြရန်လိုပါသည်။

ကျောင်းတွင် ကလေး၏ သင်ယူမှုအခြေအနေ မည်သို့ရှိသနည်း၊ စာပေဘက်တွင် မည်သည့်ဘာသာများ အားနည်းချက်ရှိသနည်း၊ အကျင့်စာရိတ္တနှင့် လူမှုဆက်ဆံရေးအပိုင်းတွင် မည်သို့တိုးတက်မှုရှိသနည်းဆိုသည်များကို မိဘများသိရှိရန် လိုအပ်ပါသည်။ ထို့အတူ အိမ်တစ်အိမ်တွင် ကျောင်းသား၏ မိဘအခြေအနေ၊ နေ့စဉ်ကြုံတွေ့ရသော အခက်အခဲ၊ စိတ်ပိုင်းဆိုင်ရာအခြေအနေများကို ဆရာ ဆရာမများအနေဖြင့်လည်း အကဲခတ်လေ့လာကြည့်သင့်ပါသည်။

ပညာရေးဆိုသည်မှာ စာမေးပွဲအောင်ရန်အတွက် စာကျက်ခြင်းတစ်ခုတည်းမဟုတ်ပါ။ ကလေး၏ ဗလငါးတန်အရည်အချင်းကို မြှင့်တင်ပေးခြင်း၊ သူတို့၏အနာဂတ်ကို ကောင်းမွန်သည့် မျှော်လင့်ချက်များရှိရန် လေ့ကျင့်ပေးခြင်းနှင့် အဓိကအနေဖြင့် လူမှုရေးနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း သင်ကြားပေးနိုင်ရပါမည်။

ယနေ့ခေတ် ပညာရေးနှင့်ပတ်သက်နေသော အခြေအနေများသည် ယခင်ကနှင့်မတူဘဲ များစွာကွာခြားသွားပါသည်။ နည်းပညာသင်ယူမှုများ တိုးတက်လာပြီး ကလေးများ၏ လေ့လာသင်ယူမှု ပုံစံပြောင်းလဲနေပြီဖြစ်ပါသည်။ သတင်းအချက်အလက်နှင့် ပညာရပ်များကို စာအုပ်ထဲတွင် ရှာဖွေရခြင်းမဟုတ်တော့ဘဲ အင်တာနက်နည်းပညာ ဒီဂျစ်တယ်နည်းပညာများကို အသုံးပြုကာ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းတို့မှတစ်ဆင့် လွယ်ကူစွာ လေ့လာနိုင်ပြီဖြစ်ပါသည်။ သို့ရာတွင် ဒီဂျစ်တယ်နည်းပညာအသုံးပြုမှုများကြောင့် ကျောင်းသား ကျောင်းသူများ၏ ကိုယ်တိုင်အားထုတ်မှု ကြိုးစားမှုလျော့ကျသွားကာ နည်းပညာကိုသာ မှီခိုမှုလွန်ကဲခြင်းမရှိရန် ထိန်းသိမ်းပေးရန် လိုအပ်ပါသည်။ ထို့အပြင် ကျောင်းသား ကျောင်းသူများ အင်တာနက်ဖြင့် ဂိမ်းကစားခြင်း၊ အခြားလောင်းကစားမှုများ မပြုလုပ်စေရန် မိဘ၊ ဆရာများက ပူးပေါင်း၍ ပညာပေးကာကွယ်ရပါမည်။

ကျွန်တော်သည် ဂျပန်နိုင်ငံသို့ အခြေခံပညာကျောင်းများ၏ သင်ရိုးညွှန်းတမ်း၊ စာသင်ကြားပုံ၊ မိဘများနှင့် ဆရာများ ဆက်သွယ်ပုံစသည်တို့ကို လေ့လာရန်သွားရောက်ခဲ့ဖူးပါသည်။ တိုကျို၊ ကျိုတို၊ အိုဆာကာ၊ ကိုဘေး စသည့်မြို့များရှိ ကျောင်းများကို ကိုယ်တိုင်ကျောင်းတက်ချိန်မှ ကျောင်းဆင်းချိန်အထိ ကျောင်းသား ကျောင်းသူများနှင့်အတူ တက်ခဲ့ရပါသည်။ JJCA အကူအညီနှင့် နိုင်ငံပေါင်းစုံမှ ပညာရေးဆိုင်ရာ ကျွမ်းကျင်သူ ၁၀ ဦးနှင့်အတူ လေ့လာခဲ့ပါသည်။ ကျောင်းတက်ချိန်တွင် ရပ်ကွက်အတွင်းမှ အသက်အနည်းငယ်ကြီးသော အငြိမ်းစားလူကြီးများက အလံငယ်လေးများကိုကိုင်ကာ လမ်းစုံလမ်းခွတွင် ကလေးများ ယာဉ်အန္တရာယ်မဖြစ်စေရန် လမ်းရှင်းပေးပြီး ကလေးများကို ကျောင်းသို့ အန္တရာယ်ကင်းစွာ ကျောင်းတက်နိုင်စေရန် စေတနာ့ဝန်ထမ်း ကူညီပေးသည်ကိုတွေ့ရပါသည်။

နေ့လယ်စာကျွေးသည့် တချို့ကျောင်းများတွင် မိဘများက အလှည့်ကျလာရောက်ချက်ပြုတ် ကူညီကြပါသည်။ ထမင်းစားချိန်တွင် စာသင်ခန်းအသီးသီးမှ အလှည့်ကျ တာဝန်ကျ ကျောင်းသား ကျောင်းသူများက ကျောင်းမီးဖိုချောင်ခန်းမသို့သွား၍ ကိုယ့်အခန်းအတွက် လိုအပ်သော ထမင်း၊ ဟင်းများကို သွားယူခြင်း၊ ထမင်းစားပြီး အသုံးပြုသော တစ်ခါသုံးတူများ ထမင်းပန်းကန်၊ နွားနို့ဘူးများကို အမှိုက်ပုံးအတွင်း စနစ်တကျလွှင့်ပစ်ခြင်းတို့ကို မူလတန်းအဆင့်မှပင် သင်ကြားပေးပါသည်။

ညနေပိုင်းတွင် သန့်ရှင်းရေးအတွက် အဝတ်အစားများလဲပြီး ကျောင်းတွင်းအခန်းများ၊ ရေအိမ်များ၊ လက်ဆေးစင်များကို သန့်ရှင်းရေးလုပ်ခြင်း၊ ကျောင်းပန်းခြံများတွင် စိုက်ပျိုးထားသော သစ်ပင်များကို ရေလောင်းပြုပြင်ခြင်းတို့ ပြုလုပ်ကြပါသည်။ ကျွန်တော်တို့ကိုပါ ဝင်ရောက်လုပ်ကိုင်ရန်ခေါ်ပါသည်။ ကျွန်တော်တို့လည်း သူတို့နှင့်အတူ ထမင်းစား၊ သန့်ရှင်းရေး၊ ပန်းခြံသစ်ပင်ပြုပြင်ရေး၊ အားကစား၊ ပန်းချီစသည်တို့ကို ဝင်ရောက်လုပ်ကိုင်ခဲ့ရပါသည်။ ထိုအတွေ့အကြုံကို မြဝတီမဂ္ဂဇင်းတွင် အခန်းဆက်ဆောင်းပါးရေးခဲ့ဖူးပါသည်။

မိဘနှင့်ဆရာ ပူးပေါင်းမှုလိုအပ်သည်ဆိုသော အခြေခံအမှန်တရားက မပြောင်းလဲပါ

ပညာရေးတွင် အချိန်များပြောင်းသွားပါပြီ။ လူနေမှုပုံစံများ ပြောင်းသွားပါပြီ။ နည်းပညာများ ပြောင်းသွားပါပြီ။ ပညာရေး၏ သင်ကြားမှုပုံစံများ ပြောင်းသွားပါပြီ။ သို့ရာတွင် ကလေးတစ်ဦးကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ရန် မိဘနှင့်ဆရာ ပူးပေါင်းမှုလိုအပ်သည်ဆိုသော အခြေခံအမှန်တရားက မပြောင်းလဲပါ။ သားသမီးကို စာသင်ပေးရန် တာဝန်ရှိသည်ဆိုသည်မှာ မှန်ပါသည်။ သို့သော်လည်း သားသမီး၏ပညာရေးသည် ကျောင်း၏ တာဝန်ဆိုသည်မှာ မပြည့်စုံပါ။ မိဘများက မိမိကလေး၏စာဖတ်ချိန် သတ်မှတ်ပေးနိုင်ပါသည်။ ကလေး၏အခက်အခဲကို နားထောင်ပေးနိုင်ပါသည်။ ကျောင်း၏ ကောင်းမွန်သောလုပ်ငန်းများတွင် ပါဝင်နိုင်ပါသည်။

မိဘက လက်တစ်ဖက်၊ ဆရာက လက်တစ်ဖက်ဆိုလျှင် ကျောင်းသား ကျောင်းသူများသည် ထိုလက်နှစ်ဖက်ကြားမှနေ၍ တောက်ပပျော်ရွှင်စွာ အနာဂတ်ကို လျှောက်လှမ်းသွာနိုင်ကြတော့မည်ဖြစ်ပါသည်။ ။

No comments:

Post a Comment