Tuesday, September 15, 2026

အနာဂတ်မျှော်မှန်း မြန်မာ့ပေါ်ဆန်း (သို့မဟုတ်) ဂုဏ်ပုဒ်နှင့် အရည်အသွေး-မြန်မာ့ပေါ်ဆန်း ဝင့်ထည်စွာ ရေရှည်တည်တံ့ရေး



မြန်မာနိုင်ငံသည် တစ်ချိန်က ‘‘အာရှတိုက်၏ ဆန်အိုးကြီး’’ ဟု တင်စားခံရသည်အထိ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုတွင် ထင်ရှားခဲ့ပါသည်။ စပါးစိုက်ပျိုးရေးသည် ပြည်သူတို့၏ စားရေရိက္ခာ ဖူလုံမှုနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက်အထောက်အကူပြုနေသည့် ပင်မလုပ်ငန်း တစ်ရပ်ဖြစ်ပါသည်။




စပါးသီးနှံသည် ပြည်တွင်းစားသုံးမှုအတွက် အဓိကကျသော သီးနှံဖြစ်သည့်အပြင် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးရာတွင်လည်း အရေးပါသောပို့ကုန်ဖြစ်သည်။ မြန်မာ့ဆန်စပါးတင်ပို့မှု သမိုင်းကြောင်းကို လေ့လာကြည့်လျှင် ဒုတိယကမ္ဘာစစ်မတိုင်မီ ကာလများက နှစ်စဉ် ဆန်တန်ချိန် သုံးသန်းကျော်အထိ စံချိန်တင်တင်ပို့နိုင်ခဲ့သည့် ဂုဏ်ယူဖွယ်မှတ်တမ်းများရှိခဲ့ပါသည်။ ၂၀၂၅ ခုနှစ်တွင် စုစုပေါင်း စပါးစိုက်ဧက ၁၇ သန်းခန့်ရှိပြီး ဆန်တန်ချိန်ပေါင်း ၂ ဒသမ ၇ သန်းကျော် နိုင်ငံခြားသို့ တင်ပို့ ခဲ့ပါသည်။

စပါးစိုက်ပျိုးရန် အထူးသင့်လျော်သည့် ရေမြေရာသီဥတု အခြေအနေကောင်းများ ပိုင်ဆိုင်ထားသော မြန်မာနိုင်ငံတွင် စပါးစိုက်တောင်သူများက အထွက်ကောင်း၊ အရည်အသွေးကောင်း၊ ပိုးမွှား၊ ရောဂါနှင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိ ခေတ်မီစပါးမျိုးသစ်များနှင့် ဒေသစပါးမျိုးများကို ကြိုက်နှစ် သက်ရာ ရွေးချယ်စိုက်ပျိုးကြသည်။ ဒေသမျိုးများစွာရှိသည့်အနက် ပေါ်ဆန်းစပါးသည် စားသုံးမှုအရည်အသွေးကောင်းမွန်သောကြောင့် ပြည်တွင်းဈေးကွက်၌ အစဉ်အဆက် အပြည့်အဝလက်ခံ အားပေးမှုရရှိထားသော စပါးမျိုးဖြစ်ပါသည်။ ယခုအခါ ပေါ်ဆန်းအုပ်စုဝင်စပါးများကို စုစုပေါင်း မိုးစပါးစိုက်ဧရိယာ၏ ၁၀ ရာခိုင်နှုန်းခန့် စိုက်ပျိုးလျက်ရှိပါသည်။

ကမ္ဘာပေါ်ရှိ အခြားအနံ့မွှေးပါစပါးမျိုးများတွင် မပါရှိသည့် အမွှေးနံ့ဗီဇတည်ဆောက်ပုံရှိသော ပေါ်ဆန်းစပါး

မြန်မာနိုင်ငံသည် စပါးဗီဇအရင်းအမြစ်ပေါများ ကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ အဆိုပါ စပါးဗီဇအရင်းအမြစ်များအနက် ပေါ်ဆန်းစပါးမျိုးသည် အလွန်ကျော်ကြားပြီး ကမ္ဘာပေါ်တွင် အနံ့မွှေးပါ အရည်အသွေးမြင့် “မြန်မာ့ပုလဲစပါး” ဟု အသိများပါသည်။ ပေါ်ဆန်းစပါးသည် ၂၀၁၁ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် နှစ်ကြိမ်တိုင် ကမ္ဘာ့အကောင်းဆုံးဆန်ဟု အသိအမှတ်ပြုခံထားရသော စပါးမျိုးဖြစ်ပါသည်။

မွှေးရနံ့ပါရှိသော အခြားစပါးမျိုးများဖြစ်သည့် ဂျက်စမင်စပါးနှင့် ဘာစမာတီစပါးမျိုးများ၏ ဆဲလ် (Cell) အတွင်းရှိ ခရိုမိုဇုန်းနံပါတ် (၈) ၏ ဒီအင်န်အေအစီအစဉ်တွင် ဘေ့စ် (Nitrogenous base) ရှစ်ခု လျော့သွားခြင်း (8 bp deletion in Exon 7) သည် အမွှေးနံ့ဒြပ်ပေါင်း ၂-အက်ဆီ တိုင်း-၁-ပီရိုလင်း (2-acetyl-1-pyrroline, 2AP) ထွက်ပေါ်ခြင်းနှင့် ဆက်စပ်မှုရှိကြောင်းကို ပညာရှင်များက သုတေသနပြု ဖော်ထုတ်ခဲ့ကြပြီး ဖြစ်ပါသည်။

အရည်အသွေးကောင်း ပေါ်ဆန်းစပါးမျိုးများအပါအဝင် မြန်မာ့ရနံ့မွှေးစပါးမျိုးများသည် ဘာစမာတီစပါးနှင့် ဂျက်စမင်စပါးများကဲ့သို့ ဗီဇပါဝင်ခြင်းမျိုးမဟုတ်ဘဲ အမွှေးနံ့ဖြစ်စေမှုနှင့် သက်ဆိုင်သည့် Os2AP gene ၏ အခြားနေရာ (exon 13) တွင် ဘေ့စ်သုံးခုတိုးလာခြင်း (3 bp insertion) ကြောင့် အကျိုးဆက်အားဖြင့် အမွှေးနံ့ဒြပ်ပေါင်း (2AP) ထွက်ပေါ်လာကြောင်း၊ ကမ္ဘာပေါ်ရှိ အခြားအနံ့မွှေးပါစပါးမျိုးများတွင် မပါရှိသည့် အမွှေးနံ့ဗီဇတည်ဆောက်ပုံရှိကြောင်း၊ ဗီဇအမှတ်အသားအသစ် (3In2AP marker) အား အသုံးပြု၍ မြန်မာနိုင်ငံတွင် စိုက်ပျိုးသော ရနံ့‌မွှေးသည့် စပါးမျိုးများအား ဗီဇစစ်ဆေးလေ့လာခဲ့ရာ ပေါ်ဆန်းစပါးမျိုးအများစုသည် အခြားနိုင်ငံများမှ စပါးမျိုးများတွင် မပါရှိသည့် အမွှေးနံ့ဗီဇအသစ် (3bp insertion) ပါရှိကြောင်းကို မြန်မာစိုက်ပျိုးရေး ပညာရှင်တစ်ဦးက သုတေသနပြု ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါသည်။

မြန်မာနိုင်ငံ၏ မူရင်းအဖိုးတန် သဘာဝအရင်းအမြစ်ဖြစ်သော ပေါ်ဆန်းစပါးမျိုးများအပါအဝင် စပါးမျိုးပေါင်း ၉၀ ၏ အမွှေးနံ့ဗီဇဆိုင်ရာ အချက်အလက် (DNA sequence) များကို မှတ်တမ်းထား ထိန်းသိမ်းနိုင်ရန်အတွက် နိုင်ငံတကာဗီဇသတင်း အချက်အလက်မှတ်တမ်းများထားရှိရာ GenBank database ဖြစ်သည့် (www.ncbi.gov) တွင် GenBank accession number JQ308346 မှ JQ 308435 ထိ ထုတ်လွှင့်မှတ်တမ်းတင်ထားရှိပြီးဖြစ်သည်ဟု လေ့လာသိရှိရပါသည်။

ပေါ်ဆန်းစပါးကို ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်ဒေသများတွင် အစိုက်များပါသည်။ ပေါ်ဆန်းစပါး၏ မူရင်းဒေသသည် မှတ်တမ်းများအရ ပေါ်ဆန်းမွှေး (D-44-8)၊ ပေါ်ဆန်းဘေးကြား (D-60-8) အပါအဝင် မီးဒုံးအုပ်စုစပါးများကို စတင်စုဆောင်းမှတ်တမ်းတင်ခဲ့သည့် ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသဖြစ်သည်ဟု ယူဆနိုင်ပါသည်။ ၂၀၀၀ ပြည့်နှစ်မှစတင်၍ ပေါ်ဆန်းစပါးကို မြန်မာ နိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုဒေသတွင် ချဲ့ထွင်စိုက်ပျိုးလာခဲ့ကြပါသည်။ ဒေသအလိုက် အရည်အသွေးကွာခြားသောကြောင့် ကိုယ်ပိုင်ကုန်အမှတ်တံဆိပ် အမှတ်အသားများဖြင့် ပြည်တွင်းဈေးကွက်တွင် တွင်ကျယ်စွာ ရောင်းချလျက်ရှိပါသည်။

ဤကဲ့သို့ ထူးခြားသည့်ဗီဇပါရှိသည်ကို ငြင်းချက်ထုတ်မရအောင် ခိုင်မာသောမြန်မာတို့၏ ရတနာပေါ်ဆန်းစပါးကို နည်းလမ်းတကျ ကာကွယ်ထိန်းသိမ်း၍ အကျိုးရှိစွာ တိုးချဲ့စိုက်ပျိုး ထုတ်လုပ် ရောင်းဝယ်ဖောက်ကားသွားရန် လိုအပ်မည်ဖြစ်ပါသည်။ ပေါ်ဆန်းစပါးမျိုးများကို ထိန်းသိမ်းရာတွင် မူရင်းပေါက်ရောက်ရာဒေသများတွင် စနစ်တကျထိန်းသိမ်းခြင်းနှင့် အထူးစီမံထားသည့် မျိုးဗီဇထိန်းသိမ်းရာနေရာများတွင် ထိန်းသိမ်းခြင်းတို့ဖြင့် ရေရှည်တည်တံ့အောင် စနစ်တကျ စီမံဆောင်ရွက် ထိန်းသိမ်းသွားကြရမည် ဖြစ်ပါသည်။ ယနေ့အချိန်ထိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန မျိုးစေ့ဘဏ်တွင် ပေါ်ဆန်းဗီဇမျိုးကွဲပေါင်း ၁၀၈ မျိုးကို ထိန်းသိမ်းထားရှိပါသည်။

ဒေသဆိုင်ရာအညွှန်း

မြန်မာနိုင်ငံ၌ “ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေ”တွင် ဒေသထွက်ကုန်များကို “ဒေသဆိုင်ရာ အညွှန်း” ဖြင့် အကာအကွယ်ပေးနိုင်ရန် အခန်းတစ်ရပ် ထည့်သွင်းပြဋ္ဌာန်းထားသောကြောင့် ပေါ်ဆန်းစပါးထုတ်ကုန်များကို ဒေသဆိုင်ရာအညွှန်းဖြင့် ကာကွယ်သင့်ပါသည်။ “ဒေသဆိုင်ရာအညွှန်း” ဆိုသည်မှာ မူရင်းဒေသကို အထူးဖော်ညွှန်းသောအရည်အသွေး၊ ထင်ပေါ်ကျော်ကြားမှု သို့မဟုတ် အခြားထူးခြားသော ဝိသေသလက္ခဏာများပါရှိသည့် ကုန်ပစ္စည်းထွက်ရှိရာ နိုင်ငံ၊ နယ်မြေ သို့မဟုတ် ဒေသမှ မူလထွက်ရှိသော ကုန်ပစ္စည်းဖြစ်ကြောင်း ညွှန်းပြချက်တစ်ခုခုကိုဆိုသည်” ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

ဒေသဆိုင်ရာအညွှန်းနှင့် အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးတို့ကြား ကွာခြားချက်မှာ အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကို အခြားသူတစ်ဦးဦးသို့ လွှဲပြောင်းခြင်းနှင့် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်းများ ပြုလုပ်နိုင်သော်လည်း ဒေသဆိုင်ရာအညွှန်းကို အသုံးပြု၍ ထုတ်လုပ်ရောင်းချရန် အခွင့်အရေးရရှိထားသည့် အဖွဲ့အစည်းသည် ၎င်းတို့အဖွဲ့အစည်းနှင့် မသက် ဆိုင်သောသူများအား လွှဲပြောင်းပေးခြင်းနှင့် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်းများ မပြုလုပ်နိုင်ပါ။ ထို့အပြင် ဒေသဆိုင်ရာအညွှန်းကို မူရင်းဒေသရှိ ထုတ်လုပ်သူအားလုံးက အသုံးပြုနိုင်ပြီး အမှတ် တံဆိပ်မူပိုင်ခွင့်ကို အမှတ်တံဆိပ်ပိုင်ရှင် သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းကသာ အသုံးပြုနိုင်သည်။

ဒေသဆိုင်ရာအညွှန်းသည် တိကျသော မူရင်းဒေသရှိပြီး ထိုမူရင်းဒေသကြောင့်ဖြစ်သော အရည် အသွေး၊ ထင်ပေါ်ကျော်ကြားမှုနှင့် အခြားဝိသေသ လက္ခဏာများ ပိုင်ဆိုင်သည့် ထုတ်ကုန်များတွင် အသုံးပြုသည့်အမည် (သို့မဟုတ်) သင်္ကေတဖြစ်သည်။ ကုန်အမှတ်တံဆိပ်ကဲ့သို့ ဒေသဆိုင်ရာ အညွှန်းကိုလည်း ကမ္ဘာ့စီးပွားရေးတွင် စျေးကွက်ရှာဖွေရေးလက်နက်တစ်ခုအဖြစ် အသုံးပြုနိုင် သည်။ ‌ဒေသထွက်ကုန်များအား နိုင်ငံတကာဈေးကွက်တွင် ဒေသဆိုင်ရာအညွှန်းဖြင့် အကာ အကွယ်ရယူလိုပါက မူရင်းဒေသ သို့မဟုတ် မူလနိုင်ငံတွင် ဒေသဆိုင်ရာအညွှန်းအား မဖြစ်မနေ အကာအကွယ် ရယူထားရမည်။

မြန်မာနိုင်ငံတွင် ဒေသထွက်ကုန်ပစ္စည်းအဖြစ် လူသိများကျော်ကြားသော ထုတ်ကုန်ပစ္စည်းများစွာ ရှိသည့်အနက် ပေါ်ဆန်းစပါးသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ အောက်မြန်မာနိုင်ငံ ဧရာ ဝတီတိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်မြို့နယ်များဖြစ်သော ဖျာပုံ (ဥတိုကျေးရွာ)၊ မြောင်းမြ၊ ပုသိမ်၊ ဒေးဒရဲစသည်ဒေသများမှထွက်ရှိသည့် ပေါ်ဆန်းစပါးများသည် ပင်လယ်လေနှင့် ဆားငန်ဓာတ် အနည်းငယ်ပါဝင်သော ရေမြေသဘာဝကြောင့် အနံ့မွှေးပြီးအရသာစိမ့်၍ လူသိများကျော်ကြား ပါသည်။

ထို့အပြင် မြစ်ဝကျွန်းပေါ်အထက်ပိုင်း ရေကြည်၊ ကျုံပျော်မြို့နယ်များရှိ ရေချိုဒေသ၊ မြေနုကျွန်းပေါ် နှင့် မြေဆီဩဇာ အလွန်ထက်သန်သောမြေများမှ ထွက်ရှိသည့် စိမ့်အိသောအရသာရှိပြီး ထမင်းအေး သွားသော်လည်း ပျော့ပျောင်းနေဆဲဖြစ်သည့် ပေါ်ဆန်းစပါးနှင့် အလင်းရောင်၊ ပထဝီအနေအထား၊ မြေဆီဩဇာ၊ ရေအစရှိသည့် သဘာဝတရားတို့ကြောင့် ထမင်းရှည်ထွက်မှုနှင့် အနံ့မွှေးမှုတွင် ထိပ်တန်း အရည်အသွေးရှိ အထက်မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို၊ ဝက်လက်တို့မှ ထွက်ရှိသည့် ‘‘ရွှေဘိုပေါ်ဆန်း’’ တို့သည်လည်း နာမည်ကျော်ကြားသည့် ဒေသထွက်ကုန်များ ဖြစ်ကြသည်။

အဆိုပါပေါ်ဆန်းစပါး ဒေသထွက်ကုန်များသည် ဒေသဆိုင်ရာအညွှန်းအဖြစ် အလားအလာရှိသည့် ကုန်ပစ္စည်းများဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒေသထွက်ကုန်ပစ္စည်းများကို ဒေသဆိုင်ရာအညွှန်းဖြင့် အကာအကွယ်ရယူမည်ဆိုပါက ထုတ်ကုန်၏အရည်အသွေးအား ထိန်းသိမ်းထားနိုင်ခြင်း၊ အခွင့်အရေးရရှိသူများ၏ မူပိုင်ခွင့်ကို ကာကွယ်ပေးနိုင်ခြင်း၊ ထုတ်ကုန်၏ဈေးနှုန်းသည် ပရီမီယံသို့ ဦးတည်နိုင်ခြင်းနှင့် ကျေးလက်ဒေသများတွင် ဝင်ငွေတိုးစေခြင်းစသည့် စီးပွားရေးအကျိုးသက်ရောက်မှုရရှိနိုင်မည် ဖြစ်သည်။

ထို့အပြင် စားသုံးသူများအတွက်လည်း ထုတ်ကုန်များအကြောင်း အချက်အလက်မှန်ကန် စွာပေးနိုင်ခြင်း၊ ထုတ်ကုန်၏အမည်ကို ယေဘုယျအမည်ဖြစ်လာခြင်းမှ ကာကွယ်ပေးနိုင်ခြင်း၊ ထုတ်ကုန်၏အမည်သည် ဒေသကိုအစွဲပြု၍ စားသုံးသူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သောကြောင့် ခရီးသွားလုပ်ငန်းများနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ တိုးတက်လာနိုင်ခြင်း၊ ကျေးလက်ဒေသ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။

အမျိုးသားရေးအရ အရေးပါသည့် အရည်အသွေးမြင့်ပေါ်ဆန်းဆန်ကို နိုင်ငံတကာဈေးကွက်သို့ ပိုမိုချဲ့ထွင်ရောင်းချနိုင်ရေးအတွက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ပညာရှင်များက အဆင့်မြင့် မျိုးမွေးမြူ ရွေးချယ်ခြင်းနည်းလမ်းများကို အသုံးပြု၍ ရာသီမရွေးစိုက်ပျိုးနိုင်ပြီး အထွက်နှုန်းကောင်း၊ အရည်အသွေးကောင်း၊ ပေါ်ဆန်းမွှေးကဲ့သို့ အနံ့ မွှေပါသည့် လက္ခဏာများရရှိရန် ရည်ရွယ်ချက်ဖြင့် သုတေသနပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ခဲ့သောကြောင့် စားသုံးမှုအရည်အသွေး ကောင်းမွန်ပြီး ရာသီမရွေးစိုက်ပျိုးနိုင်သော အထွက်နှုန်းကောင်း ရေဆင်းပေါ်ဆန်း-၁ နှင့် ရေဆင်း ပေါ်ဆန်း-၂ ဟူ၍ စပါးမျိုးသစ် နှစ်မျိုးကို အောင်မြင်စွာ မွေးမြူထုတ်လုပ်နိုင်ခဲ့ပါသည်။

ယခုအခါ ပေါ်ဆန်းစပါးအပါအဝင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကွင်းဆက်တစ်ခုလုံး ပိုမိုအဆင်ပြေ ချောမွေ့နိုင်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် တောင်သူများ ပူးပေါင်းကာ စပါးစိုက်ပျိုးရေးဇုန်များ တည်ထောင်လုပ်ကိုင်နေပြီလည်း ဖြစ်ပါသည်။

မြန်မာ့ဒေသစပါးဖြစ်သော ပေါ်ဆန်းစပါးမျိုး၏ သမိုင်းကြောင်း၊ ထူးခြားမှုနှင့် အရေးပါမှုတို့ကို အများပြည်သူကြား ပိုမိုသိရှိစေရန်၊ ပေါ်ဆန်းစပါးသည် မြန်မာလူမျိုးများ၏ စိုက်ပျိုးရေးဆိုင်ရာ အလေ့အထ၊ ဓလေ့စရိုက်နှင့် ယဉ်ကျေးမှုအစဉ်အလာကို ဖော်ညွှန်းပေးနိုင်စွမ်းရှိပြီး စိုက်ပျိုးရေး ကဏ္ဍတွင် အရေးပါလျက်ရှိသည်ကို မီးမောင်းထိုးပြနိုင်ရန်၊ ပေါ်ဆန်းစပါး၏ မျိုးရိုးဗီဇလက္ခဏာ ကောင်းများကို ရေရှည်ထိန်းသိမ်းကာကွယ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းတို့နှင့်သက်ဆိုင်သည့် သုတေ သနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို အားပေးရန်၊ ပေါ်ဆန်းစပါးကဲ့သို့သော အရည်အသွေးကောင်း ဒေသ စပါးမျိုးများကို စိုက်ပျိုးထုတ်လုပ်အသုံးပြုသည့်လုပ်ငန်းစဉ်များတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ အော်ဂဲနစ်စိုက်ပျိုးနည်းစနစ်များ အသုံးပြုလာစေရန်၊ စပါးစိုက်ပျိုး ထုတ်လုပ်ရောင်းဝယ်ဖောက်ကား စားသုံးသူများကြား အကြားအလတ်မရှိ ချိတ်ဆက်မှုကောင်းသည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်းမှသည် စီးပွားရေးအထောက်အကူပြု အလုပ်အကိုင်အခွင့်အလမ်း ကောင်းများရရှိစေရန်၊ ဆန်စပါးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များကို အကောင်အထည်ဖော်ရာတွင် အထောက်အကူပြနိုင်ရန်နှင့် ပေါ်ဆန်း စပါးကို ရေရှည်တည်တံ့စွာ ထိန်းသိမ်းတိုးချဲ့ စိုက်ပျိုးထုတ်လုပ်ခြင်းသည့် မဖြစ်မနေလုပ်ဆောင် ရမည့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်ကြရန်ရည်ရွယ်၍ ရေးသားပြုစုအပ် ပါသည်။

(မှတ်ချက်။ ၂၀၂၅ ခုနှစ် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ ကျင်းပသည့် ပေါ်ဆန်းဖိုရမ်တွင် တင်ပြခဲ့သော ပညာရှင်များ၏ တင်ပြချက်များအား လေ့လာစုစည်းထုတ်နုတ်တင်ပြထားခြင်း ဖြစ်ပါ သည်။)

ပေါ်ဆန်းစပါးမျိုးသစ်များ၏ အရည်အချင်းလက္ခဏာများ



 

No comments:

Post a Comment