Wednesday, September 30, 2026

ဆယ်ကျော်သက်နှင့် မူးယစ်ဆေးအန္တရာယ်

 ဒေါက်တာဇင်ဇေယျာဝင်း

လူငယ်တို့၏အိပ်မက်

လူငယ်တစ်ဦး၏ဘဝသည် အိပ်မက်များနှင့် မျှော်လင့်ချက်များဖြင့် စတင်သည်။ တစ်ဦးက ဆရာဝန်ဖြစ်ချင်သလို တစ်ဦးက သိပ္ပံပညာရှင်၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကျောင်းဆရာ၊ အားကစား သမား သို့မဟုတ် အနုပညာရှင်ဖြစ်ချင်ကြသည်။

ထိုအိပ်မက်များသည် လူငယ်တစ်ဦး၏ ကိုယ်ပိုင်အနာဂတ်သာမက မိသားစုနှင့် လူ့အဖွဲ့အစည်း၏ အနာဂတ်ကိုပါ ပုံဖော်ပေးနိုင်သည်။ သို့သော် လူငယ်တို့၏ အနာဂတ်ကို လမ်းလွဲစေနိုင်သည့် အန္တရာယ်များလည်း ရှိနေသည်။ ထိုအန္တရာယ်များအနက် မူးယစ်ဆေးဝါးသုံးစွဲမှုသည် အလေး အနက်ထားကာကွယ်ရမည့် ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ်ဖြစ်သည်။ မူးယစ်ဆေးဝါးသုံးစွဲ မှုသည် ကျန်းမာရေးကိုသာမက ပညာရေး၊ မိသားစုဆက်ဆံရေးနှင့် လူမှုဘဝကိုပါ ထိခိုက်စေနိုင်သည်။ ထို့ကြောင့် လူငယ်တို့၏အိပ်မက်များ မပျောက်ကွယ်စေရန် မူးယစ်ဆေးအန္တရာယ်ကို နားလည်ပြီး ကြိုတင်ကာကွယ်ရန် အရေးကြီးသည်။

ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါးပြဿနာ

UNODC (United Nations Office on Drugs and Crime) ၏ ၂၀၂၅ ခုနှစ် World Drug Report အရ မူးယစ်ဆေးဝါးပြဿနာသည် လူတစ်ဦးချင်း၏ ကျန်းမာရေးသာမက မိသားစု၊ လူမှုအသိုင်းအဝိုင်း၊ စီးပွားရေး၊ ပတ်ဝန်းကျင်၊ အုပ်ချုပ်ရေးနှင့် လုံခြုံရေးတို့အပေါ်ပါ သက်ရောက်သည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာသည်။ ၂၀၂၃ ခုနှစ်တွင် အသက် ၁၅ နှစ်မှ ၆၄ နှစ်အတွင်း လူဦးရေ ခန့်မှန်းခြေ ၃၁၆ သန်းသည် Cannabis၊ Opioids၊ Amphe-tamines၊ Cocaine နှင့် Ecstasy စသည့် မူးယစ်ဆေးဝါးတစ်မျိုးမျိုးကို အသုံးပြုခဲ့ကြသည်။ ယင်းပမာဏသည် ဆယ်နှစ်အတွင်း ခန့်မှန်းခြေ ၂၈ ရာခိုင်နှုန်း တိုးလာခဲ့သည်။

မူးယစ်ဆေးဝါးပြဿနာသည် တစ်ဦးချင်းစီ၏ ကျန်းမာရေးအပြင် မိသားစုနှင့် လူမှုအသိုင်းအဝိုင်း များအပေါ်ပါ ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်သည်။ ထို့ကြောင့် မူးယစ်ဆေးပြဿနာကို တစ်ဦးချင်း အပြစ်အဖြစ်သာမမြင်ဘဲ ပြည်သူ့ကျန်းမာရေးနှင့် လူမှုရေးပြဿနာအဖြစ်လည်း အလေးထားဖြေရှင်း ရန် လိုအပ်သည်။ အထူးသဖြင့် လူငယ်များကို အန္တရာယ်မဖြစ်မီကာကွယ်ပေးခြင်းသည် ရေရှည် အတွက် အရေးကြီးသော ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဖြစ်သည်။

ဆယ်ကျော်သက်အရွယ် - အရေးကြီးသော ဖွံ့ဖြိုးမှုကာလ

ဆယ်ကျော်သက်အရွယ်သည် ကလေးဘဝမှ လူကြီးဘဝသို့ ကူးပြောင်းသည့် အရေးကြီးသော ဖွံ့ဖြိုးမှုကာလဖြစ်သည်။ ဤကာလတွင် ခန္ဓာကိုယ်သာမက ဦးနှောက်နှင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုများလည်း ဆက်လက်ဖြစ်ပေါ်နေသည်။ လူငယ်များသည် မိမိတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်များချလိုစိတ်နှင့် အသစ်အဆန်းများကို စမ်းသပ်လိုစိတ် ပိုမိုရှိလာ နိုင်သည်။ တစ်ချိန်တည်းတွင် သူငယ်ချင်းများ၏ လွှမ်းမိုးမှုကိုလည်း ပိုမိုခံရနိုင်သည်။

“တစ်ခါတည်း စမ်းကြည့်တာပါ” သို့မဟုတ် “သူငယ်ချင်းတွေအားလုံး လုပ်နေကြတာပဲ”ဟူသော အတွေးများသည် အန္တရာယ်ရှိသော ဆုံးဖြတ်ချက်များ ဖြစ်ပေါ်စေနိုင်သည်။ မူးယစ်ဆေးဝါးအချို့ သည် ဦးနှောက်လုပ်ဆောင်မှုကို ပြောင်းလဲစေပြီး မှတ်ဉာဏ်၊ အာရုံစူးစိုက်မှု၊ သင်ယူနိုင်စွမ်းနှင့် ဆုံးဖြတ်ချက်ချနိုင်စွမ်းတို့ကို ထိခိုက်စေနိုင်သည်။ ထို့ကြောင့် ဆယ်ကျော်သက်အရွယ်တွင် မူးယစ် ဆေးကို ငြင်းပယ်နိုင်စွမ်း၊ မှန်ကန်စွာ ဆုံးဖြတ်နိုင်စွမ်းနှင့် ကျန်းမာသောအလေ့အထများကို စနစ် တကျ တည်ဆောက်ပေးရန် လိုအပ်သည်။

မူးယစ်ဆေးဝါးသုံးစွဲမှု၏ အန္တရာယ်များ

မူးယစ်ဆေးဝါးသုံးစွဲမှုသည် ခန္ဓာကိုယ်ကျန်းမာရေးတစ်ခုတည်းကိုသာ ထိခိုက်စေသည် မဟုတ်ပါ။ မူးယစ်ဆေးအချို့သည် မှတ်ဉာဏ်၊ အာရုံစူးစိုက်မှုနှင့် ဆုံးဖြတ်ချက်ချနိုင်စွမ်းတို့ကို ထိခိုက်စေပြီး ပညာသင်ယူမှုကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။ ထပ်ခါတလဲလဲ သုံးစွဲခြင်းသည် စွဲလမ်းမှုနှင့် မူးယစ်ဆေးသုံးစွဲမှုဆိုင်ရာ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။ အချို့သော မူးယစ်ဆေးများသည် နှလုံးနှင့် သွေးကြောစနစ်ကို ထိခိုက်စေနိုင်ပြီး Opioids များကို အလွန်အကျွံ သုံးစွဲပါက အသက်ရှူလမ်းကြောင်းကို ထိခိုက်၍ အသက်အန္တရာယ်ဖြစ်စေနိုင်သည်။

မူးယစ်ဆေးသုံးစွဲမှုသည် စိတ်ကျန်းမာရေး ပြဿနာများနှင့်လည်း ဆက်စပ်နိုင်ပြီး မတော်တဆ ထိခိုက်မှုများနှင့် အန္တရာယ်ရှိသော အပြုအမူများကို ဖြစ်ပေါ်စေနိုင်သည်။ ထို့အပြင် ကျောင်းတက်ရောက်မှုနှင့် ပညာရေးစွမ်းဆောင်ရည်ကျဆင်းခြင်း၊ မိသားစုဆက်ဆံရေးပျက်စီးခြင်းနှင့် လူမှုရေးပြဿနာများ ဖြစ်ပေါ်ခြင်းတို့ကိုလည်း ဖြစ်စေနိုင်သည်။ ထို့ကြောင့် မူးယစ်ဆေးကို ရှောင်ရှားခြင်းသည် ယနေ့ကျန်းမာရေးကို ကာကွယ်ခြင်းသာမက မိမိ၏ ပညာရေး၊ မိသားစုဘဝနှင့် အနာဂတ်အခွင့်အလမ်းများကိုပါ ကာကွယ်ခြင်းဖြစ်သည်။

သူငယ်ချင်းကောင်းနှင့် အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချခြင်း

ဆယ်ကျော်သက်များ၏ဘဝတွင် သူငယ်ချင်းများသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ကြသည်။ သူငယ်ချင်းကောင်းများသည် စာကြိုးစားရန်၊ အားကစားလုပ်ရန်နှင့် မိမိရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် အားပေးနိုင်သည်။ အပြန်အလှန်အားဖြင့် အန္တရာယ်ရှိသောအပြုအမူ များကို အားပေးသည့် အဖော်အပေါင်းများသည် လူငယ်တစ်ဦး၏ ဆုံးဖြတ်ချက်များကို လွှမ်းမိုးနိုင် သည်။ ထိုအခြေအနေများတွင် “မလုပ်ဘူး” ဟု ပြတ်ပြတ်သားသား ပြောနိုင်ခြင်းသည် မိမိ၏ ကျန်းမာရေးနှင့် အနာဂတ်ကို တန်ဖိုးထားခြင်း ဖြစ်သည်။

အားလပ်ချိန်ကို ရည်ရွယ်ချက်မရှိဘဲ ကုန်ဆုံးစေမည့်အစား အားကစား၊ စာဖတ်ခြင်း၊ ဂီတ၊ ပန်းချီ၊ သိပ္ပံနှင့် နည်းပညာလှုပ်ရှားမှုများတွင် ပါဝင်သင့်သည်။ ထိုလုပ်ငန်းများသည် လူငယ်များ၏ စွမ်းရည် များကို ဖော်ထုတ်ပေးသည့်အပြင် စည်းကမ်းရှိမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် မိမိကိုယ်ကို ထိန်းချုပ်နိုင် မှုတို့ကိုလည်း တိုးတက်စေနိုင်သည်။ ထို့ကြောင့် အားလပ်ချိန်ကို “အချိန်ဖြုန်းချိန်” အဖြစ်မမြင်ဘဲ မိမိအနာဂတ်အတွက် အသုံးချနိုင်သည့် “ဖွံ့ဖြိုးချိန်” အဖြစ် မြင်သင့်သည်။

အွန်လိုင်းအသုံးပြုမှုနှင့် မိသားစု၏အခန်းကဏ္ဍ

ယနေ့ခေတ်တွင် အင်တာနက်နှင့် ဒီဂျစ်တယ်နည်းပညာများသည် ပညာရေး၊ သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးအတွက် အရေးပါသောကိရိယာများ ဖြစ်လာသည်။ သို့သော် အွန်လိုင်းဂိမ်းနှင့် လူမှုကွန်ရက်များကို အလွန်အကျွံအသုံးပြုခြင်းသည် စာလေ့လာချိန်၊ အိပ်ချိန်၊ ကိုယ်လက်လှုပ်ရှားချိန်နှင့် မိသားစုနှင့် ဖြတ်သန်းရမည့်အချိန်တို့ကို ထိခိုက်စေနိုင်သည်။ ထို့ကြောင့် အွန်လိုင်းအသုံးပြုမှုကို လုံးဝတားမြစ်ခြင်းထက် အသုံးပြုချိန်နှင့် ရည်ရွယ်ချက်ကို စနစ်တကျ စီမံပေးသင့်သည်။

 မိဘများသည် သားသမီးများ၏ အခက်အခဲများကို နားထောင်ပေးပြီး အပြစ်ပေးရန်ထက် နားလည်မှုနှင့် ယုံကြည်မှုအပေါ် အခြေခံသောဆက်ဆံရေးကို တည်ဆောက်ပေးရန်လိုအပ်သည်။ သားသမီးများသည် ပြဿနာတစ်ခုကြုံလာသည့်အခါ မိဘများထံ လွတ်လပ်စွာပြောပြနိုင်သည်ဟု ခံစားရရန်အရေးကြီးသည်။ ထို့အပြင် မိဘများသည် အားကစား၊ စာဖတ်ခြင်း၊ အနုပညာနှင့် လူမှုရေး လှုပ်ရှားမှုများကဲ့သို့ အကျိုးရှိသော အစားထိုး လုပ်ငန်းများကို အားပေးသင့်သည်။

မိသားစု၊ ကျောင်းနှင့် လူမှုအသိုင်းအဝိုင်း

လူငယ်များကို မူးယစ်ဆေးအန္တရာယ်မှကာကွယ်ရန် မိသားစုတစ်ခုတည်း၏ အားထုတ်မှုဖြင့် မလုံလောက်ဘဲ ကျောင်းနှင့် လူမှုအသိုင်းအဝိုင်းများပါ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်။ ကျောင်းများတွင် မူးယစ်ဆေးအန္တရာယ်ပညာပေးခြင်းနှင့်အတူ အားကစား၊ အနုပညာ၊ စာဖတ်ခြင်း၊ သိပ္ပံနှင့် လူမှုဝန်ထမ်းလုပ်ငန်းများအတွက် အခွင့်အလမ်းများ ဖန်တီးပေးသင့်သည်။ လူမှုအသိုင်း အဝိုင်းများတွင်လည်း လူငယ်များအတွက် အားကစားကွင်းများ၊ စာကြည့်တိုက်များနှင့် လူငယ် လှုပ်ရှားမှုနေရာများ ရှိသင့်သည်။

ထို့ကြောင့် မူးယစ်ဆေးကာကွယ်ရေးသည် “မူးယစ်ဆေးမသုံးရ”ဟု တားမြစ်ပြောဆိုခြင်း တစ်ခုတည်းမဟုတ်ဘဲ လူငယ်များအတွက် ကျန်းမာ၊ လုံခြုံပြီးရည်မှန်းချက်ရှိသော ဘဝပတ်ဝန်း ကျင်ကို တည်ဆောက်ပေးခြင်းလည်းဖြစ်သည်။ လူငယ်တို့၏ အနာဂတ်သည် မိသားစုနှင့် လူ့အဖွဲ့ အစည်း၏ အနာဂတ်ဖြစ်သောကြောင့် “မူးယစ်ဆေးကို မသုံးရ” ဟုသာ ပြောခြင်းထက် “မူးယစ်ဆေး မသုံးဘဲ ဘာကောင်းတာလုပ်မလဲ” ဆိုသည့် အဖြေကို လူငယ်များနှင့်အတူ ဖန်တီးပေးကြရမည်ဖြစ် သည်။

လူငယ်တို့၏ အနာဂတ်ကို ကာကွယ်ကြပါစို့

ဆယ်ကျော်သက်အရွယ်သည် လူတစ်ဦး၏အနာဂတ်ဘဝအတွက် အခြေခံကောင်းများ တည် ဆောက်ရမည့် အရေးကြီးသောကာလဖြစ်သည်။ မူးယစ်ဆေးဝါးသည် လူငယ်တို့၏ ကျန်းမာရေး၊ ပညာရေး၊ မိသားစုဘဝနှင့် အနာဂတ်အခွင့်အလမ်းများကို ထိခိုက်စေနိုင်သည့် အန္တရာယ်တစ်ရပ် ဖြစ်သည်။ ထို့ကြောင့် မူးယစ်ဆေးကာကွယ်ရေးကို တားမြစ်ခြင်းတစ်ခုတည်းအဖြစ်မမြင်ဘဲ ကျန်းမာသောဘဝပုံစံ၊ မှန်ကန်သော ဆုံးဖြတ်ချက်ချနိုင်စွမ်းနှင့် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းတို့ကို တည် ဆောက်ပေးခြင်းအဖြစ် ဆောင်ရွက်သင့်သည်။ မိဘများက နားလည်မှုရှိစွာ နားထောင်ပေးပြီး ကျောင်းများက အသိပညာနှင့် အကျိုးရှိသော လှုပ်ရှားမှုများ ပံ့ပိုးပေးရန် လိုအပ်သည်။

လူငယ်များအနေဖြင့်လည်း မိမိတို့၏ အိပ်မက်များနှင့် ရည်မှန်းချက်များကို တန်ဖိုးထားကာ မူးယစ်ဆေးအပါအဝင် အန္တရာယ်ရှိသော အပြုအမူများကို ပြတ်သားစွာ ငြင်းပယ်သင့်သည်။ လူငယ် တစ်ဦးချင်းစီ၏အိပ်မက်ကို ကာကွယ်ခြင်းသည် မိသားစုတစ်စု၏ အနာဂတ်ကိုသာမက လူ့အဖွဲ့ အစည်းတစ်ရပ်လုံး၏ အနာဂတ်ကိုကာကွယ်ခြင်းဖြစ်သောကြောင့် “အချိန်ကိုအကျိုးရှိစွာအသုံးချပြီး မိမိအနာဂတ်ကို မူးယစ်ဆေးမှ ကာကွယ်ကြပါ” ဟု တိုက်တွန်းလိုက်ရပါသည်။ ။

No comments:

Post a Comment