Thursday, August 27, 2026

ခေတ်အဆက်ဆက် ပြောင်းလဲလာသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွေးအခေါ်များ


 

ကိုချင်း

(ယမန်နေ့မှအဆက်)

သတ္တမမျိုးဆက် — Industry 4.0 နှင့် ရေရှည်တည်တံ့သော စီးပွားရေး

၂၀၂၀ ပြည့်နှစ်နောက်ပိုင်းမှ ၂၀၃၅ ခုနှစ်ဆီသို့ လှမ်းနေသည့် ယနေ့ခေတ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စိန်ခေါ်မှုသည် ပိုမိုရှုပ်ထွေးလာပါသည်။

အဓိကမေးခွန်းမှာ “နည်းပညာအဆင့်မြင့်မားမှု၊ စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်းနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှုတို့ကို မည်သို့ပေါင်းစပ်မည်နည်း။”

စက်မှုပြုပြင်ပြောင်းလဲရေး ၄.၀ (Industry 4.0) တွင် ဉာဏ်ရည်တု (AI)၊ အင်တာနက် ချိတ်ဆက်ကိရိယာများ (IoT)၊ အဝေးထိန်းဆာဗာကြီးများနှင့် ချိတ်ဆက်အသုံးပြုသည့်စနစ် (Cloud Computing)၊ ကြီးမားသော ဒေတာအချက်အလက်များ ခွဲခြမ်းစိတ်ဖြာခြင်း (Big Data Analytics)နှင့် 5G ကဲ့သို့ နည်းပညာများကို စက်ရုံထုတ်လုပ်မှုနှင့် ပေါင်းစပ်လာပါသည်။

စက်ပစ္စည်းများအချင်းချင်း ဆက်သွယ်နိုင်ပါသည်။ အချိန်နှင့်တစ်ပြေးညီ အချက်အလက် (Real-time Data) များကို စောင့်ကြည့်နိုင်ပါသည်။ စက်ချွတ်ယွင်းမည့်အခြေအနေကို ကြိုတင်ခန့်မှန်း၍ ပြုပြင်ထိန်းသိမ်းနိုင်ပါသည်။ ထုတ်လုပ်မှုလုပ်ငန်းစဉ်ကို အလိုအလျောက်ထိန်းချုပ်နိုင်လာပါသည်။

ရလဒ်အနေဖြင့် ထုတ်လုပ်မှုမြင့်တက်ခြင်း၊ အရည်အသွေးတိုးတက်ခြင်းနှင့် ကုန်ကျစရိတ်လျှော့ချခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါသည်။

သို့သော် နည်းပညာတိုးတက်မှု တစ်ခုတည်းနှင့် မလုံလောက်တော့ပေ။ ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် သယံဇာတရှားပါးလာမှုတို့ကြောင့် အစိမ်းရောင်စက်မှုလုပ်ငန်း (Green Industry) နှင့် တစ်ပတ်လည်စီးပွားရေးစနစ် (Circular Economy) တို့သည် စီးပွားရေးမူဝါဒ၏ အဓိကအစိတ်အပိုင်းများဖြစ်လာပါသည်။

ယခင်က ယူ – ထုတ်လုပ် – စွန့်ပစ် (Take–Make–Dispose) စနစ်မှ ပြင်ဆင် – ပြန်လည် အသုံးပြု – ပြန်လည်ပြုပြင်အသုံးချ (Repair–Reuse–Recycle) စနစ်သို့ ပြောင်းလဲရန် လိုအပ်လာပါသည်။

ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်လျှောက် ကုန်ကြမ်းနှင့် စွမ်းအင်ကို ထိရောက်စွာအသုံးချခြင်း၊ စွန့်ပစ်ပစ္စည်းလျှော့ချခြင်းနှင့် ပြန်လည်အသုံးပြုခြင်းတို့မှ စီးပွားရေးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တစ်ပြိုင်နက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်လာပါသည်။

စီးပွားရေးနှင့် စီမံအုပ်ချုပ်မှုမူဘောင် (Environ-mental, Social and Governance-ESG) သည်လည်း စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်များတွင် ပိုမိုအရေးပါလာပါသည်။

လုပ်ငန်းတစ်ခု ကောင်း၊ မကောင်းကို အမြတ်အစွန်းမည်မျှရသနည်းဟူသော စံနှုန်းတစ်ခုတည်းဖြင့် မတိုင်းတာတော့ဘဲ သဘာဝပတ်ဝန်းကျင်အပေါ် မည်မျှတာဝန်ယူသနည်း၊ လူမှုအသိုင်းအဝိုင်းအပေါ် မည်သို့အကျိုးပြုသနည်း၊ စီမံအုပ်ချုပ်မှု မည်မျှကောင်းမွန်သနည်းဟူ၍ပါ တိုင်းတာလာကြပါသည်။

ကာဗွန်မျှခြေဖြစ်ရေး (Carbon Neutrality) နှင့် ကာဗွန်အလုံးစုံ စိစစ်လျှော့ချရေး (Net Zero) ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ လျှပ်စစ်သုံးယာဉ်၊ စွမ်းအင်အကျိုးရှိစွာ အသုံးချမှုနှင့် သန့်ရှင်းသော နည်းပညာ (Clean Technology) များသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါသော အစိတ်အပိုင်းများဖြစ်လာကြပါသည်။

ရုပ်ဝတ္ထုနှင့် ဒီဂျစ်တယ်စနစ်ပေါင်းစပ်ခြင်း (Cyber-Physical Integration) နှင့် ဒီဂျစ်တယ်ပုံတူ (Digital Twin) ကဲ့သို့ နည်းပညာများက ရုပ်ပိုင်းဆိုင်ရာ စက်ရုံနှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်တို့၏ ဒီဂျစ်တယ်ပုံတူကို ဖန်တီးကာ ထုတ်လုပ်မှုမစတင်မီ စမ်းသပ်ခြင်း၊ ကြိုတင်ခန့်မှန်းခြင်းနှင့် အကောင်းဆုံးဖြစ်အောင် ပြုပြင်ခြင်းတို့ ပြုလုပ်နိုင်သည့်အဆင့်သို့ ရောက်ရှိလာနေပြီဖြစ်ပါသည်။

မျိုးဆက်ဟောင်းကို မစွန့်ပစ်ဘဲ မျိုးဆက်သစ်နှင့် ပေါင်းစပ်ရန်

ခေတ်အဆက်ဆက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွေးအခေါ်များကို လေ့လာရာတွင် အရေးကြီးဆုံး သင်ခန်းစာတစ်ခုရှိပါသည်။

နောက်ဆုံးပေါ် အယူအဆသည် ယခင်အယူအဆအားလုံးကို အစားထိုးလိုက်ခြင်းမဟုတ်ပေ။ ပထမမျိုးဆက်မှ ဈေးကွက်နှင့် ကုန်သွယ်မှု၏အရေးပါမှုကို ရရှိခဲ့ပါသည်။ ဒုတိယမျိုးဆက်မှ အစိုးရ၏ မူဝါဒနှင့် အခြေခံအဆောက်အအုံကဏ္ဍ၏ အရေးပါမှုကို သိရှိခဲ့ပါသည်။ တတိယမျိုးဆက်မှ စက်မှုအသွင်ကူးပြောင်းရေး၊ ပို့ကုန်နှင့် လူ့အရင်းအနှီး၏ အရေးပါမှုကို ရရှိခဲ့ပါသည်။

စတုတ္ထမျိုးဆက်မှ ဒေသအလိုက် အားသာချက်၊ စီးပွားရေးလုပ်ငန်းတူအစုအဖွဲ့ (Cluster) နှင့် တန်ဖိုးကွင်းဆက် (Value Chain) ကို သိရှိခဲ့ပါသည်။ ပဉ္စမမျိုးဆက်မှ MSME နှင့် စွန့်ဦးတီထွင်မှု၏ အင်အားကို တွေ့ရှိခဲ့ပါသည်။ ဆဋ္ဌမမျိုးဆက်မှ အသိပညာ၊ ဆန်းသစ်တီထွင်မှုနှင့် ဒီဂျစ်တယ်နည်းပညာတို့သည် စီးပွားရေးတန်ဖိုးဖန်တီးမှု၏ အခြေခံဖြစ်လာကြောင်း သိရှိခဲ့ပါသည်။

သတ္တမမျိုးဆက်တွင်မူ ယင်းတို့အားလုံးကို စက်မှုပြုပြင်ပြောင်းလဲရေး ၄.၀ (Industry 4.0)၊ အစိမ်းရောင်စက်မှုလုပ်ငန်း (Green Industry) နှင့် တစ်ပတ်လည်စီးပွားရေးစနစ် (Circular Economy)၊ စီးပွားရေးနှင့် စီမံအုပ်ချုပ်မှုမူဘောင် (ESG)နှင့် ကာဗွန်အလုံးစုံစိစစ်လျှော့ချရေး (Net Zero)တို့နှင့် ပေါင်းစပ်ရန်လိုအပ်လာပြီဖြစ်ပါသည်။

ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအတွက် အကောင်းဆုံးမူဝါဒသည် မျိုးဆက်တစ်ဆက်၏ အယူအဆကိုသာ ရွေးချယ်ကျင့်သုံးခြင်းမဟုတ်ဘဲ မျိုးဆက်တစ်ဆက်ချင်းစီ၏ အားသာချက်ကို မိမိနိုင်ငံ၏ လက်ရှိအခြေအနေနှင့်ကိုက်ညီအောင် ပေါင်းစပ်အသုံးချခြင်းဖြစ်ပါသည်။

၂၁ ရာစု စီးပွားရေး၏ အဓိကအဖြေ

၂၁ ရာစု စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် “ပိုမိုထုတ်လုပ်နိုင်ရန်” ဆိုသည့် ရည်မှန်းချက်တစ်ခုတည်းဖြင့် မလုံလောက်တော့ပေ။

-               ပိုမိုထိရောက်စွာ ထုတ်လုပ်နိုင်ရန်၊

-               ပိုမိုဆန်းသစ်တီထွင်နိုင်ရန်၊

-               နိုင်ငံတကာဈေးကွက်တွင် ပိုမိုယှဉ်ပြိုင်နိုင်ရန်၊

-               တန်ဖိုးပိုမိုမြင့်မားသော ထုတ်ကုန်များ ဖန်တီးနိုင်ရန်၊

-               လူ့အရင်းအနှီးကို ပိုမိုမြှင့်တင်နိုင်ရန်နှင့်

-               သဘာဝပတ်ဝန်းကျင်နှင့် လူမှုအသိုင်းအဝိုင်းအတွက် ရေရှည်တည်တံ့စွာ ထုတ်လုပ်နိုင်ရန် လိုအပ်လာပြီဖြစ်ပါသည်။

ထိုရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် လွတ်လပ်ပြီး ယှဉ်ပြိုင်နိုင်သော ဈေးကွက်တစ်ခုတည်းနှင့် မလုံလောက်သကဲ့သို့ အစိုးရဦးဆောင်မှုတစ်ခုတည်းလည်း မလုံလောက်ပေ။

ထိရောက်သောအစိုးရ၊ အားကောင်းသော ပုဂ္ဂလိကကဏ္ဍ၊ ခိုင်မာသော စက်မှုအခြေခံ၊ အရည်အသွေးမြင့် လူသားအရင်းအနှီး၊ ဒေသအခြေပြု စီးပွားရေးလုပ်ငန်းတူအစုအဖွဲ့နှင့် တန်ဖိုးကွင်းဆက်၊ တက်ကြွသော MSMEနှင့် စွန့်ဦးတီထွင်မှု၊ တက္ကသိုလ်နှင့် စက်မှုလုပ်ငန်းချိတ်ဆက်သည့် ဆန်းသစ်တီထွင်မှုစနစ်၊ ဒီဂျစ်တယ်နည်းပညာနှင့် အစိမ်းရောင်စက်မှုလုပ်ငန်းတို့ အပြန်အလှန်ချိတ်ဆက်နိုင်ရန် လိုအပ်ပါသည်။

တစ်နည်းအားဖြင့်ဆိုသော် ခေတ်သစ်စီးပွားရေး၏ မောင်းနှင်အားမှာ အရာတစ်ခုတည်းအပေါ် မူတည်နေခြင်း မဟုတ်တော့ပေ။

ဈေးကွက်၊ အစိုးရ၊ စက်မှုလုပ်ငန်း၊ လူသားအရင်းအမြစ်တန်ဖိုး၊ ဒေသဆိုင်ရာ၊ MSME၊ ဆန်းသစ်တီထွင်မှု၊ ဒီဂျစ်တယ်နည်းပညာနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုတို့ကို စနစ်တကျ ပေါင်းစပ်ချိတ်ဆက်နိုင်ခြင်းကသာ နိုင်ငံတစ်နိုင်ငံ၏ ရေရှည်ယှဉ်ပြိုင်နိုင်စွမ်းကို ဆုံးဖြတ်လာမည်ဖြစ်ပါသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် သင်ခန်းစာ

ယနေ့ ဖွံ့ဖြိုးဆဲနိုင်ငံများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုမှာ စက်မှုဖွံ့ဖြိုးပြီးနောက်မှ ဒီဂျစ်တယ်စနစ်သို့ တဖြည်းဖြည်းကူးပြောင်းခွင့်ရသည့် ယခင်ဖွံ့ဖြိုးပြီးနိုင်ငံများ၏ အခြေအနေနှင့် မတူတော့ပေ။

စက်မှုအခြေခံကို တည်ဆောက်နေရင်း Industry 4.0 ကို လိုက်ရမည်။ MSME များကို မြှင့်တင်နေရင်း နိုင်ငံတကာတန်ဖိုးကွင်းဆက်နှင့် ချိတ်ဆက်ရမည်။ စွမ်းအင်လိုအပ်ချက် ဖြည့်ဆည်းနေရင်း အစိမ်းရောင်စွမ်းအင် (Green Energy) ကို ကူးပြောင်းရမည်။ ထုတ်လုပ်မှုတိုးမြှင့်နေရင်း ကာဗွန်လျှော့ချရေး (Carbon Reduction)ကိုလည်း ဆောင်ရွက်ရမည်။ လူ့အရင်းအနှီးကို တည်ဆောက်နေရင်း ဉာဏ်ရည်တု (AI)နှင့် အလိုအလျောက် (Automation) ခေတ်အတွက် ကျွမ်းကျင်မှုအသစ်များကို တစ်ပြိုင်နက်ပြင်ဆင်ရမည်။

ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ယနေ့စီးပွားရေးဖွံ့ဖြိုးရေးသည် အဆင့်တစ်ဆင့်ပြီးမှ တစ်ဆင့် ဆောင်ရွက်နိုင်သည့် လမ်းကြောင်းတစ်ခုထက် မျိုးဆက်များစွာ၏ ဖွံ့ဖြိုးရေးအယူအဆများကို တစ်ပြိုင်နက်တည်း ပေါင်းစပ်အကောင်အထည်ဖော်ရသည့် လုပ်ငန်းစဉ်ဖြစ်လာပါသည်။

ဓနဥစ္စာဖန်တီးခြင်းမှ စတင်ခဲ့သည့် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ခရီးစဉ်သည် စက်မှုဖွံ့ဖြိုးရေး၊ လူသားအရင်းအနှီး၊ ဒေသဖွံ့ဖြိုးရေး၊ MSME နှင့် စွန့်ဦးတီထွင်မှု၊ အသိပညာနှင့် ဆန်းသစ်တီထွင်မှုတို့ကို ဖြတ်သန်းလာခဲ့ပြီး ယနေ့တွင် နည်းပညာ၊ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်တို့ ဟန်ချက်ညီစွာ ပေါင်းစပ်သည့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဦးတည်လာနေပြီဖြစ်ပါသည်။

အနာဂတ်တွင် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအောင်မြင်မှုကို “မည်မျှထုတ်လုပ်နိုင်သနည်း” ဟူသည့် အတိုင်းအတာတစ်ခုတည်းဖြင့် ဆုံးဖြတ်တော့မည်မဟုတ်ပေ။

မည်မျှထိရောက်စွာ ထုတ်လုပ်နိုင်သနည်း၊ မည်မျှတန်ဖိုးမြင့်အောင် ပြောင်းလဲနိုင်သနည်း၊ မည်မျှဆန်းသစ်တီထွင်နိုင်သနည်း၊ မည်မျှယှဉ်ပြိုင်နိုင်သနည်းနှင့် မည်မျှရေရှည်တည်တံ့စွာ ဖွံ့ဖြိုးနိုင်သနည်းဟူသောအချက်များကို ပေါင်းစပ်၍ ဆုံးဖြတ်လာမည်ဖြစ်ပါသည်။

ဤသည်ပင် ဓနဥစ္စာဖန်တီးခြင်းကိုသာ အဓိကထားခဲ့သည့် ၁၈ ရာစု စီးပွားရေးအတွေးအခေါ်မှ လူသား၊ နည်းပညာ၊ စီးပွားရေးနှင့် ကမ္ဘာမြေ၏ ရေရှည်တည်တံ့မှုကို တစ်ပြိုင်နက်တည်း ထည့်သွင်းစဉ်းစားလာသည့် ၂၁ ရာစု စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအထိ ရာစုနှစ်များစွာ ဖြတ်သန်းပြောင်းလဲလာခဲ့သော ခရီးစဉ်ပင်ဖြစ်ပါသည်။

မှတ်ချက်။         “စာရေးသူသည် စီးပွားရေးပညာရှင် မဟုတ်သော်လည်း ပြည်သူပိုင်စီးပွားရေး လုပ်ငန်းကြီးတစ်ခု၏ လက်ရုံးဌာနတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ရသူဖြစ်ပါသည်။ ထိုကာလတစ်လျှောက်လုံး မိမိဌာန၏ လိုအပ်ချက်များ တင်ပြရာတွင် အဖွဲ့အစည်း၏ “စီးပွားရေး” မကောင်း၍ တောင်းခံတင်ပြမှုများမရရှိခဲ့သဖြင့် လုပ်ငန်းများ နှောင့်နှေးကြန့်ကြာခဲ့ရပါသည်။ ထို့ကြောင့် “စီးပွားရေး”ဆိုတာဘာလဲဟု အဖြေရှာမိရင်းက ရရှိသည့် “အသိ”များကို မိမိ၏ဘဝတူ လုပ်ဖော်ကိုင်ဖက်များကို မျှဝေခြင်းသာဖြစ်ပါသည်။”

(စာရေးသူ)

No comments:

Post a Comment