သုတေသနအခြေပြုတက္ကသိုလ်များ (အပိုင်း-၂)
ဒေါက်တာမျိုးကြွယ်(ပါမောက္ခချုပ်-ငြိမ်း)
ဩစတြေးလျနိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် နယ်သာလန်နိုင်ငံ စသည့်နိုင်ငံများ၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍ နိုင်ငံတကာတွင် ထိပ်တန်းရောက်နေရခြင်းသည် စိုက်ပျိုးမွေးမြူရေးပညာ အဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း ပညာရေးတို့ နှစ်စဉ်တိုးတက်ပြောင်းလဲသင်ကြား၊ သုတေသနပြုလာမှုအပေါ် မူတည်၍ ထိပ်တန်းနိုင်ငံများ ဖြစ်နေကြခြင်းဖြစ်ပါသည်။ ထိုနိုင်ငံတက္ကသိုလ်များရှိ စိုက်ပျိုးမွေးမြူရေးပညာသင်ကြား၊ သုတေသနများ ဆောင်ရွက်နေမှုတို့ကို လေ့လာ၊ အတုယူနိုင်ရန် အမိနိုင်ငံအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ ဆက်လက်ဆွေးနွေးလိုပါသည်။
သုတေသနအခြေပြု
တက္ကသိုလ်များတွင် ကျောင်းသား ကျောင်းသူ ဦးရေမများသော်လည်း ကမ္ဘာ့တက္ကသိုလ်များတွင်
သုတေသနဦးစားပေး ဆောင်ရွက်နေသော တက္ကသိုလ်များကို နမူနာ ဆက်လက်ပေးလိုပါသည်။
အမေရိကန်နိုင်ငံ
ကယ်လီဖိုးနီးယားနည်းပညာ သုတေသနတက္ကသိုလ်/ ကယ်လ်တက်ရှ် (California Institute of
Technology - Caltech) သည် ပုဂ္ဂလိက တက္ကသိုလ်တစ်ခုဖြစ်ပြီး ကျောင်းသားဦးရေမှာလည်း ဩစတြေးလျနိုင်ငံ
ကွင်းစလန်းတက္ကသိုလ်ကဲ့သို့သော တက္ကသိုလ်ကြီးများနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါသည်။
သို့သော် အရေးကြီးဆုံးအချက်မှာ သုတေသနအခြေပြုတက္ကသိုလ်ဖြစ်ခြင်းသည် ကျောင်းသားဦးရေများပြားခြင်းနှင့်
တိုက်ရိုက်မသက်ဆိုင်ပါ။ ကယ်လ်တက်ရှ်သည် ကျောင်းသား ကျောင်းသူဦးရေ အလွန်နည်းသော်လည်း
သုတေသနလုပ်ငန်း အလွန်အင်အားကောင်းသော တက္ကသိုလ်ဖြစ်ပါသည်။ ဤကဲ့သို့သုတေသနအားကောင်းရခြင်းမှာ
-
(က) ကယ်လ်တက်ရှ်သည်
ပုဂ္ဂလိကတက္ကသိုလ်ဖြစ်ခြင်း
ကယ်တက်ရှ်သည် အမေရိကန်ပြည်ထောင်စု၊
ကယ်လီဖိုးနီးယားပြည်နယ် ပါစာဒီနာ (Pasadena) မြို့တွင် တည်ရှိသည့် လွတ်လပ်သော ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။
၁၈၉၁ ခုနှစ် ကတည်းက စတင်တည်ထောင်ထားပြီး သိပ္ပံ၊ အင်ဂျင်နီယာနှင့် သုတေသနကို ဦးစားပေးပါသည်။
စုစုပေါင်း ကျောင်းသား ကျောင်းသူ ၂၄၀၀ ခန့်တွင် ဘွဲ့ကြို ကျောင်းသား ကျောင်းသူ ၉၀၀
ကျော်သာရှိပြီး ဘွဲ့လွန်ကျောင်းသား ကျောင်းသူ ၁၅၀၀ နီးပါး တက်ရောက်သင်ကြား၊ သုတေသနပြုလျက်ရှိပါသည်။
တက္ကသိုလ် အငယ်/ အသေးလေး ဖြစ်သော်လည်း ပါမောက္ခပေါင်း ၃၀၀ ကျော်က ကြီးကြပ်သုတေသနပြုလျက်ရှိနေကာ
ကျောင်းသား ဆရာ အချိုး ၃ အချိုး ၁ (Students Teachers Ratio 3:1) ဖြင့် ကမ္ဘာ့သုတေသနအခြေပြု
ထိပ်တန်းတက္ကသိုလ်အဖြစ် ဦးဆောင်နေပါသည်။
(ခ-၂) အရွယ်အစားသေးသော်လည်း
သုတေသန အားကောင်း/ အလွန်မြင့်မားသော တက္ကသိုလ်များ ရှိနေခြင်း
ဥပမာ-ကယ်လ်တက်ရှ်အပါအဝင်
ရော့က်ဖဲလားတက္ကသိုလ် (Rockefeller University)၊ အိန္ဒိယစိုက်ပျိုးရေးသုတေသနတက္ကသိုလ်
(ဘွဲ့လွန်သင်တန်းများသာ ဖွင့်လှစ်ထား) (IARI-Indian Agricultural Research
Institute)နှင့် အချို့သော သုတေသနအထူးပြု တက္ကသိုလ်များသည် ကျောင်းသား ကျောင်းသူအရေအတွက်
အနည်းငယ်နှင့်ပင် သုတေသနပြုနေပါသည်။ ထို့ကြောင့် သုတေသနအခြေပြုတက္ကသိုလ် ဖြစ်၊ မဖြစ်ကို
ကျောင်းသားဦးရေ တစ်ခုတည်းဖြင့် ဆုံးဖြတ်၍မရပါ။
(ခ-၃) ကယ်လ်တက်ရှ်သည်
သုတေသနဦးစားပေး ၏ အလွန်ကောင်းသော ဥပမာတစ်ခုဖြစ်ခြင်း
ဤတက္ကသိုလ်၏ အဓိကရည်မှန်းချက်မှာ
သုတေသနနှင့် ပညာရေးကို အတူတကွပေါင်းစပ်ခြင်းဖြင့် လူသားတို့၏ အသိပညာကို တိုးတက်စေရန်ဖြစ်ပါသည်။
ထို့ကြောင့် ကယ်လ်တက်ရှ်တွင် ပညာရေး၊ သုတေသန၊ တီထွင်မှုကို အလွန်နီးကပ်စွာ ပေါင်းစပ်ထားပါသည်။
အခြားတစ်နည်းဖြင့် ပြောရလျှင် ယင်းသည် “ကျောင်းသားအများကြီးကို သင်ကြားပေးရန်” အဓိကထားသော
တက္ကသိုလ်ထက် “သုတေသနမှတစ်ဆင့် အသိပညာအသစ်များ ဖန်တီးရန်” ပိုမိုအလေးထားသော တက္ကသိုလ်ဖြစ်ပါသည်။
(ခ-၄) ကယ်လ်တက်ရှ်တွင်
ကျောင်းသားဦးရေ အလွန်နည်းသော်လည်း သုတေသန နာမည်ကြီးနေခြင်း
ဤအချက်သည် ၎င်း၏
အားနည်းချက်မဟုတ်ဘဲ အားသာချက်တစ်ခုဖြစ်ပါသည်။ ဤတက္ကသိုလ်သည် ကျောင်းသား ကျောင်းသူဦးရေကို
အလွန်နည်းပါးစွာ ထိန်းသိမ်းထားပြီး ပါမောက္ခများစွာ ခန့်ထားကာ ထိုပါမောက္ခများနှင့်
ကျောင်းသား ကျောင်းသူများ နီးကပ်စွာ အလုပ်လုပ်နိုင်ရန်၊ ဓာတ်ခွဲခန်းသုတေသနများတွင် ပါဝင်နိုင်ရန်၊
တစ်ဦးချင်း သုတေသနစီမံချက်များ လုပ်နိုင်ရန်၊ ကမ္ဘာ့ထိပ်တန်း သိပ္ပံပညာရှင်များနှင့်
တိုက်ရိုက်ပူးပေါင်းနိုင်ရန် အခွင့်အလမ်းများ ပေးထားပါသည်။ ကယ်လ်တက်ရှ်တွင် ခန့်မှန်းအားဖြင့်
ကျောင်းသား ကျောင်းသူ ၂၃၆၉ ဦးနှင့် ပါမောက္ခ ၃၂၃ ဦးရှိသဖြင့် ကျောင်းသား ဆရာအချိုး
(Student–Faculty Ratio)သည် ခန့်မှန်းအားဖြင့် ၃ : ၁ ဖြစ်ပါသည်။ ယင်းသည် ပုံမှန်အရွယ်အစားကြီး
တက္ကသိုလ်များထက် အလွန်နည်းပါးခြင်းက သုတေသနအလုပ်တွင် တပန်းသာခြင်းဖြစ်ပါသည်။
(ခ-၅) ကယ်လ်တက်ရှ်တွင်
ဘွဲ့ကြို ကျောင်းသား ကျောင်းသူများကိုယ်တိုင် သုတေသနလုပ်ငန်းတွင် ပါဝင်ကြခြင်း
ဤတက္ကသိုလ်၏ အရေးကြီးသောထူးခြားချက်တစ်ခုမှာ
ဘွဲ့ကြို ကျောင်းသား ကျောင်းသူများကိုယ်တိုင် သုတေသနတွင် ပါဝင်ခွင့်ရရှိခြင်းဖြစ်ပါသည်။
အချက်အလက်များအရ ဘွဲ့ကြို ကျောင်းသား ကျောင်းသူများ၏ ၉၁ ရာခိုင်နှုန်းခန့်သည် သုတေသနလုပ်ငန်းများတွင်
ပါဝင်ကြပါသည်။ ထို့ကြောင့် တက္ကသိုလ်၏ သင်ကြားရေးပုံစံကို ကျောင်းသား ကျောင်းသူ၊ ပါမောက္ခ၊
ဓာတ်ခွဲခန်း၊ ကွင်း၊ သုတေသနစီမံချက်၊ စာတမ်း ရေးသားမှု၊ တီထွင်ဖန်တီးမှုဟူ၍ နားလည်နိုင်ပါသည်။
ယင်းသည် ရိုးရိုးစာသင်၊ စာမေးပွဲစစ်၊ ဘွဲ့ပေးနေသည်ဟူသော ပညာသင်ကြားရေးပုံစံထက် သုတေသနကို
ပိုမိုအလေးထားသော ပုံစံဖြစ်ပါသည်။
(ခ-၆) ဘွဲ့လွန် ကျောင်းသား ကျောင်းသူများ၏ အခန်းကဏ္ဍလည်း
အလွန်အရေးကြီးနေခြင်း
ဤတက္ကသိုလ်တွင်
ဘွဲ့ကြို ၉၇၁ ဦး၊ ဘွဲ့လွန် ၁၃၉၈ ဦး ရှိသောကြောင့် ဘွဲ့လွန်ကျောင်းသား ကျောင်းသူအရေအတွက်က
ဘွဲ့ကြိုကျောင်းသား ကျောင်းသူထက်ပင် ပိုများပါသည်။ ဤအချက်သည် ယင်း၏ သုတေသနသဘာဝကို ပြသသည့်
အရေးကြီးသော အချက်တစ်ခုဖြစ်ပါသည်။ ဘွဲ့လွန်များသည် မဟာသုတေသန၊ ပါရဂူသုတေသန၊ ဓာတ်ခွဲခန်း
သုတေသန၊ သုတေသနစာတမ်းများ ထုတ်ဝေမှု၊ သုတေသနစီမံကိန်းများတို့တွင် တက်ကြွစွာ ပါဝင်ကြပါသည်။
(ခ-၇) တက္ကသိုလ်၏ သုတေသနအသုံးစရိတ်ကို ကြည့်ခြင်းက ပိုမိုသင့်တော်ခြင်း
တက္ကသိုလ်တစ်ခု၏
သုတေသနအခြေခံဖြစ်မှုကို ဆုံးဖြတ်ရာတွင် ကျောင်းသား ကျောင်းသူ ဦးရေထက် သုတေသနနှင့် ဖွံ့ဖြိုးရေးအသုံးစရိတ်ကို
ကြည့်ခြင်းက ပိုမိုအသုံးဝင်ပါသည်။ ဤတက္ကသိုလ်၏ ၂၀၂၄ ခုနှစ် သုတေသနအသုံးစရိတ်သည် ခန့်မှန်းအားဖြင့်
အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၄၅ သန်းခန့်ရှိပါသည်။ အလွန်စိတ်ဝင်စားစရာကောင်းသည်မှာ ကျောင်းသား
ကျောင်းသူ ၂၄၀၀ ခန့်သာရှိသော်လည်း သုတေသနစရိတ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၄၅ သန်းခန့်
အသုံးပြုနေခြင်းဖြစ်ပါသည်။ ထို့ကြောင့် သုတေသနစွမ်းရည်သည် တက္ကသိုလ်အရွယ်အစားနှင့်မတူညီသော
အယူအဆဖြစ်သည်ဟု ဆိုနိုင်ပါသည်။
(ခ-၈) ကယ်လ်တက်ရှ်တွင် အကြီးစားသုတေသန အထောက်အပံ့များစွာရှိနေခြင်း
ဤတက္ကသိုလ်၏ သုတေသနလုပ်ငန်းများသည်
မူလပါစာဒီးနားနယ်မြေတစ်ခုတည်းတွင်သာ ကန့်သတ်ထားခြင်းမရှိပါ။ အရေးကြီးသော သုတေသနအဆောက်အဦ၊
ဓာတ်ခွဲခန်းနှင့် သုတေသနအဖွဲ့အစည်းများတွင် ဖြန့်ဝေ၊ ဆောင်ရွက်နေပါသည်။ ဥပမာ -
(ခ-၈-၁) ဂျက်လေယာဉ်တွန်းကန်မှု
ဓာတ်ခွဲခန်း (Jet Propulsion Laboratory - JPL) - Caltech သည် NASA အတွက် Jet
Propulsion Laboratory (JPL) ကို စီမံခန့်ခွဲလည်ပတ်ပေးနေပါသည်။
(ခ-၈-၂) ပါဆိုမာနက္ခတ်တာရာ၊
မိုးလေဝသလေ့လာရန် သီးသန့်အဆောက်အအုံ (Palomar Observatory)၊ နက္ခတဗေဒ (Astronomy)နှင့်
ကောင်းကင်ဆိုင်ရာရူပဗေဒ (Astrophysics) သုတေသနများအတွက် အရေးပါသောဓာတ်ခွဲခန်း၊ သုတေသနအဆောက်အအုံများ
(Observatory) ရှိနေပါသည်။
(ခ-၈-၃) ကက်သုတေသနအဆောက်အအုံ
(W. M. Keck Observatory) ကမ္ဘာ့အရေးပါသော နက္ခတ သုတေသန (Astronomical Research
Facility) တစ်ခုဖြစ်ပါသည်။
(ခ-၈-၄) လေဆာသုတေသနအဆောက်အအုံ
(LIGO- Laser Interferometer Gravitational - Wave Observatory) သည် မြေဆွဲအားလှိုင်းများ
(Gravi-tational Waves) များကို ရှာဖွေသည့် ကမ္ဘာ့အဆင့် သုတေသနလုပ်ငန်းတစ်ခုဖြစ်ပါသည်။
ထို့ကြောင့် ဤတက္ကသိုလ်၏ သုတေသနညွှန်းကိန်းပြမှု (Research Impact) သည် ကျောင်းသား
ကျောင်းသူ ဦးရေထက် အလွန်ကျော်လွန်နေပါသည်။
(ခ-၉) နိုဘယ်ဆု (Nobel Prize) နှင့် အခြားသုတေသနဆု
(Research Awards) များစွာရရှိနေခြင်း
ဤတက္ကသိုလ်၏ သုတေသနအောင်မြင်မှုစွမ်းရည်
(Research Reputation) ကို အပြည်ပြည်ဆိုင်ရာ ဆုတံဆိပ်များမှလည်း တွေ့မြင်နိုင်ပါသည်။
ယင်း၏ သုတေသနသမိုင်းမှတ်တမ်းများအရ နိုဘယ်ဆုရှင် ၄၈ ဦး၊ အမျိုးသားသုတေသန ဆုတံဆိပ်ရရှိသူများ၊
အမျိုးသားအဆင့် တီထွင်မှုနှင့် နည်းပညာဆု တံဆိပ်ရရှိသူများ၊ အမျိုးသားအဆင့် ကမ္ဘာကျော်ပညာရှင်အဖွဲ့ဝင်များ
အများအပြားရှိပါသည်။
ဤအချက်သည် ကျောင်းသားဦးရေ
နည်းပါးသော်လည်း ကမ္ဘာ့သိပ္ပံနှင့် နည်းပညာအပေါ် သုတေသနသက်ရောက်မှု အလွန်ကြီးမားကြောင်း
ပြသပါသည်။
စာရေးသူ၏အတွေး
စိုက်ပျိုးမွေးမြူရေး
အခြေပြုနိုင်ငံများတွင် တက္ကသိုလ်အများစုက စိုက်ပျိုး၊ မွေးမြူထုတ်ကုန်များ အရည်အသွေးမြင့်တိုးတက်ထုတ်လုပ်ရုံသာမက
နိုင်ငံတကာဈေးကွက်တွင် မိမိနိုင်ငံ ထုတ်ကုန်များစွာ ရောင်းချနိုင်ရန်၊ နိုင်ငံတကာယုံကြည်မှု
ပိုမိုရရှိနိုင်ရန် စိုက်ပျိုးမွေးမြူရေးသိပ္ပံသုတေသန (Crop and Livestock/Farm
Animal Science Research) များသာမက ဆက်စပ်ပညာရပ်များဖြစ်သော စိုက်ပျိုး စီးပွားရေး၊
စိုက်ပျိုးရေးအင်ဂျင်နီယာ၊ အစားအစာ သိပ္ပံနှင့်နည်းပညာ၊ တောင်သူပညာပေးနှင့် စိုက်ပျိုး၊
မွေးမြူရေးဆိုင်ရာ ပညာရေး၊ ရိတ်သိမ်းချိန်လွန် နည်းပညာစသည့်ပညာရပ်များ၏ သုတေသနများစွာကို
စိုက်ပျိုးမွေးမြူရေးဆိုင်ရာ တက္ကသိုလ်များသာမက စီးပွားရေး၊ ပညာရေး၊ အင်ဂျင်နီယာနှင့်
နည်းပညာတက္ကသိုလ်များက ပူးပေါင်းလုပ်ဆောင်ရန်လိုပါလိမ့်မည်။ ပုံမှန်စာသင်၊ စာမေးပွဲစစ်၊ ဘွဲ့ဒီဂရီပေးရုံသာမက ကယ်လ်တက်ရှ်ကဲ့သို့
နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေး သုတေသနနှင့် အသုံးချသုတေသန များစွာဆောင်ရွက်ရပါမည်။
အိန္ဒိယနိုင်ငံကဲ့သို့
စိုက်ပျိုးမွေးမြူရေးသုတေသန ကောင်စီတစ်ခုတည်းက ဘွဲ့လွန်ပညာများ သင်ကြား၊ သုတေသနဆောင်ရွက်မှုများကို နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်
လိုအပ်ချက်အလိုက် နှစ်စဉ်ကြီးကြပ်၊ လမ်းညွှန်ပေးလျှင်ကောဟူ၍ အတွေးတစ်စအနေဖြင့် ရေးသားလိုက်ရပါသည်။
။



No comments:
Post a Comment