Monday, August 24, 2026

တည်နေရာကွာဝေးသော်လည်း ချစ်ကြည်ရင်းနှီးမှုနှင့် နားလည်ယုံကြည်မှုတို့ အပြည့်အဝရှိသည့် မိတ်ဆွေ

သိင်္ဃသူ

(ယမန်နေ့က အဆက်)

တစ်နိုင်ငံနှင့်တစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ကြရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန်၊ ကုန်သွယ်စီးပွားဆိုင်ရာ အခွင့်အလမ်းများဖန်တီးရန်၊ နှစ်နိုင်ငံအကြား ကူးသန်းသွားလာကြသည့် မိမိနိုင်ငံသားများအား စောင့်ရှောက်မှုပြုနိုင်ရန် စသည့်ရည်ရွယ်ချက်များထားရှိကြသည်။ အရှေ့ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်သော ဘယ်လာရုစ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးမှာ ၁၉၉၉ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ဖြတ်သန်းခဲ့ပြီးဖြစ်သည့် နှစ်ပေါင်း ၂၇ နှစ်တာကာလအတွင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ အရှိန်အဟုန်တိုးမြင့်လာခဲ့ပြီးနောက် သံတမန်ဆက်ဆံမှု မြှင့်တင်ခြင်းအဖြစ် ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီဖြစ်သည်။

 


“ဘယ်လာရုစ်နိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများကို ခေတ်မီစက်ကိရိယာများဖြင့် အောင်မြင်စွာ အကောင်အထည်ဖော်ကာ နိုင်ငံ့စီးပွားရေး တိုးတက်အောင် ဆောင်ရွက်လျက်ရှိသကဲ့သို့ သိပ္ပံနှင့်နည်းပညာများလည်း များစွာဖွံ့ဖြိုးတိုးတက် လျက်ရှိသည်။ မိမိတို့နိုင်ငံသည်လည်း စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်ငန်းများ ကို အဓိကထားဆောင်ရွက်လျက်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် ဘယ်လာရုစ်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မည်ဆိုပါက မိမိတို့နိုင်ငံ၏ သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးမွေးမြူ ရေးကဏ္ဍ တိုးတက်စေရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်သည်။ ထို့ကြောင့် မိမိအနေဖြင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ကြိုးပမ်း ဆောင်ရွက်နေခြင်းဖြစ်သည်။” ဟု ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့တွင် တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမိသားစုများနှင့် သင်တန်းသားများအား သြဂုတ် ၂၁ ရက် ဒေသစံတော်ချိန် ည ၇ နာရီ ၁၅ မိနစ်တွင် Double Tree by Hilton ဟိုတယ်၌ တွေ့ဆုံအမှာစကားပြောကြားရာတွင် ပြောကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတက ဘယ်လာရုစ်နိုင်ငံတွင် လယ်ယာစက်မှုလုပ်ငန်းများ တိုးတက်လျက်ရှိသကဲ့သို့ မွေးမြူရေးလုပ်ငန်းများတွင်လည်း ခေတ်မီနည်းစနစ်များဖြင့် အောင်မြင်စွာဆောင်ရွက်ပြီး ထုတ်ကုန်များကို နိုင်ငံတကာသို့တင်ပို့ရောင်းချနိုင်သည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည်လည်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြစ်သဖြင့် အခြေခံအားဖြင့် တူညီမှုရှိကြောင်း၊ မိမိအနေဖြင့် ဘယ်လာရုစ်နိုင်ငံသို့ ရောက်ရှိချိန်ကာလအတွင်း ဘယ်လာရုစ်နိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်ကို မျက်မြင်တွေ့ရှိခဲ့ရကြောင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံနှင့် ဆက်ဆံမှုတိုးမြှင့်ဆောင်ရွက်ခြင်းသည် မိမိတို့နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ရာ စိုက်ပျိုးရေးအခြေခံစက်မှုနိုင်ငံ လမ်းကြောင်းကို လျှောက်လှမ်းရန် ကြိုးပမ်းနေသည့် မိမိတို့နိုင်ငံအနေဖြင့် ဘယ်လာရုစ်နိုင်ငံတွင် လေ့လာစရာ၊ သင်ယူစရာ များစွာရှိနေသည်ကို ညွှန်ပြခဲ့ခြင်းပင်ဖြစ်သည်။

ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့တွင် တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၂၂ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ မိနစ် ၂ဝ တွင် ဘယ်လာရုစ် နိုင်ငံ မင့်စ်မြို့အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြန်လည်ထွက်ခွာကြသည်။

နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဘယ်လာရုစ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဘယ်လာရုစ်အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံအမတ်ကြီး၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် တာဝန်ရှိသူများက လေဆိပ်တွင်ရင်းနှီးနွေးထွေးစွာ ပို့ဆောင်နှုတ်ဆက်ကြရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဘယ်လာရုစ်နိုင်ငံ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က ကော်ဇောနီလျှောက်လမ်း၏ တစ်ဖက်တစ်ချက်တွင် နေရာယူ၍ အလေးပြုကြသည်။

နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာသည့် အထူးလေယာဉ်သည် ဥရောပအရှေ့ပိုင်းဒေသ ဘယ်လာရုစ်နိုင်ငံ၏မြို့တော် မင့်စ်မှသည် အာရှတိုက်၏ အလယ်ဗဟိုရှိရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ တူဗားပြည်နယ်၏မြို့တော် ကီဇီးလ် (Kyzyl) ဆီသို့ စံတော်ချိန်ဇုန်များကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်ပျံသန်းကာ ဒေသစံတော်ချိန် ညနေ ၆ နာရီ မိနစ် ၂၀ တွင် ရောက်ရှိကြသည်။ တူဗားပြည်နယ် ကီဇီးလ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြည်နယ်အကြီးအကဲ မစ္စတာ ဗလာဒီစလပ်ခိုဗာလစ်ဂ်နှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမိုးအောင်နှင့် တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ရုရှားဖက်ဒရေးရှင်းဝင် ပြည်နယ်တစ်ခုဖြစ်သောတူဗားသည် ဆိုက်ဘေးရီးယားတောင်ပိုင်း တွင်တည်ရှိသည့် ကုန်းတွင်းပိတ်ပြည်နယ်တစ်ခုဖြစ်ပြီး မွန်ဂိုလီးယားနိုင်ငံနှင့် နယ်နိမိတ်ထိစပ် နေသည်။ အကျယ်အဝန်း ၁၆၈၆၀၄ စတုရန်း ကီလိုမီတာရှိပြီး လူဦးရေ ၃၄၀၀၀၀ ခန့် နေထိုင် ကြသည်။ ပြည်နယ်မြို့တော်ကီဇီးလ် (Kyzyl) ၏ အနီးတွင် အာရှတိုက်ကုန်းမြေပြင်ကြီး၏ အလယ်ဗဟိုရှိနေသည်။ မြေမျက်နှာပြင်၏ ၈ဝ ရာခိုင်နှုန်းကျော်ကို တောင်တန်းများ၊ တောင်ကုန်းများက ဖုံးလွှမ်းထားပြီး Yenisei မြစ်၏ မြစ်ညာမြစ်ဝှမ်း တည်ရှိရာ ပြည်နယ်ဖြစ်သည်။ အအေးဓာတ်ပြင်းထန်ကြမ်းတမ်းပြီး ရှည်လျားသည့်ဆောင်းရာသီနှင့် ကာလတိုသည့် နွေရာသီတို့ရှိသည်။

ပြည်နယ်၏ လူဦးရေအများစုမှာ တူဗန် (Tuvan) လူမျိုးများဖြစ်ကြပြီး တိဗက်ဗုဒ္ဓဘာသာနှင့် Shamanism ခေါ် ရိုးရာယုံကြည်ကိုးကွယ်မှုတစ်မျိုးတို့ကို ကျယ်ကျယ်ပြန့်ပြန့်ကိုးကွယ်ကြသူ များဖြစ်ကြသည်။ တူဗန်လူမျိုးတို့သည် သဘာဝကိုမြတ်နိုးသူများဖြစ်ကြပြီး ၎င်းတို့သီဆိုကြသည့် ရိုးရာတေးသီချင်း Khoomei မှာ ကမ္ဘာတွင်ထင်ရှားသည်။ လည်ချောင်းကြွက်သားများကို အသုံးပြု၍ ဘယ်သံ၊ ညာသံ၊ အမြင့်သံ (High-pitched overtone) စသည်တို့ အသံနှစ်ခု၊ သို့မဟုတ် နှစ်သံထက်ပို၍ထွက်လာအောင် သီဆိုရသည့် ထူးခြားဆန်းပြားသည့် ရိုးရာအနုပညာဖြစ်သည်။ Khoomei သီချင်းဆိုနည်းသည် တူဗားဒေသ၏ တောင်တန်းများ၊ မြစ်ရေစီးသံများ၊ တိရစ္ဆာန်အော်သံများ၊ လေတိုက်ခတ်သံများကို ကိုယ်စားပြုသည်ဟုလည်း ဆိုကြသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် သြဂုတ် ၂၂ ရက် ဒေသစံတော်ချိန် ည ၇ နာရီတွင် တူဗားပြည်နယ်အကြီးအကဲ မစ္စတာဗလာဒီစလပ် ခိုဗာလစ်ဂ်နှင့် ကီဇီးလ်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့အိမ်တော်၌ တွေ့ဆုံဆွေးနွေးသည်။

ဦးစွာ နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲကျင်းပမည့် တူဗားပြည်နယ်အစိုးရအဖွဲ့အိမ်တော်သို့ ရောက်ရှိရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ကာရာ-အိုးလ် ရှော်ဘန်နှင့် တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ်လိုက်ပါသွားသည့် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့ဝင်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တူဗားပြည်နယ်အကြီးအကဲနှင့်အတူ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တူဗားပြည်နယ်အကြီးအကဲက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး တူဗားပြည်နယ်၏ သမိုင်းကြောင်းနှင့် ဒေသဆိုင်ရာအချက်အလက်များ၊ တူဗားပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် တွင်းထွက်ပစ္စည်းများ ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ တူဗားပြည်နယ်တွင် နေထိုင်သူအများစုသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပြီး မြန်မာနိုင်ငံနှင့် ကိုးကွယ်ယုံကြည်မှုများ တူညီလျက်ရှိမှု၊ မြန်မာနိုင်ငံနှင့် တူဗားပြည်နယ်တို့အကြား ဘာသာရေးနှင့် ယဉ်ကျေးမှုကဏ္ဍ၊ ပညာရေးကဏ္ဍနှင့် ခရီးသွားကဏ္ဍအပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်လိုမှုတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် တူဗားပြည်နယ်၏သမိုင်းကြောင်း၊ သာယာလှပမှုနှင့်ဖွံ့ဖြိုးတိုးတက်မှု မှတ်တမ်းဗီဒီယိုကို ကြည့်ရှုကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက တူဗားပြည်နယ်အကြီးအကဲနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် များက မိမိဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို လှိုက်လှဲနွေးထွေးစွာ ကြိုဆို သည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ မိမိအနေဖြင့် တူဗားပြည်နယ်သို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်းဖြစ်ပြီး သန့်ရှင်းလှပပြီး စိမ်းလန်းစိုပြည်သည့် တောတောင်ရှုခင်းများကို မြင်တွေ့ရသဖြင့် မိမိတို့၏စိတ်နှလုံးကို ချမ်းမြေ့စေ ကြောင်းတို့ကို စတင်ပြောကြားသည်။ ဆက်လက်၍ မြန်မာနှင့်ရုရှားတို့သည် ယုံကြည်စိတ်ချရသည့် မိတ်ဆွေရင်းနိုင်ငံများဖြစ်ကြပြီး အလှမ်းကွာဝေးသော်လည်း သံတမန်ဆက်ဆံမှုများ ရှည်လျား ကောင်းမွန်လျက်ရှိကြောင်း၊ ယခုအခါ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်ရန် အကောင်းဆုံးအခြေအနေသို့ ရောက်ရှိနေကြောင်း၊ နှစ်နိုင်ငံဗဟိုအစိုးရအဖွဲ့ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်လျက်ရှိသကဲ့သို့ နှစ်နိုင်ငံမှ ပြည်နယ်များအချင်းချင်းလည်း ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ တူဗားပြည်နယ်သည် တွင်းထွက်သယံဇာတများထွက်ရှိပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်သည့် ပြည်နယ်တစ်စုဖြစ်ကာ မိမိတို့နိုင်ငံသည်လည်း မြေပေါ်မြေအောက် သယံဇာတပေါများစွာ ထွက်ရှိပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် နိုင်ငံဖြစ်သဖြင့် မြန်မာနိုင်ငံနှင့် တူဗားပြည်နယ်တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်သည့် အလားအလာနှင့် အခွင့်အလမ်းရှိကြောင်း၊ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာကိုကိုးကွယ်သည့် နိုင်ငံဖြစ်သကဲ့သို့ တူဗားပြည်နယ်တွင် နေထိုင်သူအများစုသည်လည်း တိဗက်ဗုဒ္ဓဘာသာများဖြစ်ကြသဖြင့် ဘုရားဖူးခရီးစဉ်များနှင့် ခရီးသွားလုပ်ငန်းများ အပြန်အလှန်မြှင့်တင် ဆောင်ရွက်နိုင်ကြောင်း၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအချင်းချင်း ထိတွေ့ဆက်ဆံမှုများ ပိုမိုမြှင့်တင်နိုင်ရန်အတွက် သံတမန်ဆက်ဆံမှုများကို ယခုထက်ပိုမိုတိုးတက်စေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်အောင် ဆောင်ရွက် သွားနိုင်မည့်အခြေအနေများ စသည်တို့ကို အကျယ်တဝင့်ပြန်လည်ဆွေးနွေးပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် တူဗားပြည်နယ်အကြီးအကဲက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ကြသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီး များနှင့်အဖွဲ့ဝင်များ၊ တူဗားပြည်နယ်အကြီးအကဲ မစ္စတာ ဗလာဒီစလပ် ခိုဗာလစ်ဂ်၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ မစ္စတာ ကာရာ-အိုးလ် ရှော်ဘန်၊ တာဝန်ရှိသူများနှင့်အတူ သြဂုတ် ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ကီဇီးလ်မြို့ရှိ အထင်ကရနေရာများဖြစ်သော အာရှတိုက်အလယ်ဗဟိုနေရာ The Center of Asia အထိမ်းအမှတ် ကျောက်တိုင်၊ တူဗားပြည်နယ်အမျိုးသားဂီတနှင့် ပြဇာတ်ရုံ "V. Kok - ool"၊ တူဗားပြည်နယ် အမျိုးသား ပြတိုက်တို့သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာ ပူတင်၏ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ်လည်းကောင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာအလက် ဇန္ဒား လူကာရှန်ကို၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် အဖြစ်လည်းကောင်း သွားရောက်ခဲ့ပြီး သြဂုတ် ၂၃ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တူဗားပြည်နယ် ကီဇီးလ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာရာ တူဗားပြည်နယ်အကြီးအကဲ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက လေဆိပ်တွင် ရင်းရင်းနှီးနှီးပို့ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံတော်သမ္မတ၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့သို့ တရားဝင် ခရီးစဉ်များသွားရောက်ခဲ့ခြင်းက မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာဆက်ဆံရေးတို့ အတွက် များစွာအကျိုးဖြစ်ထွန်းစေခဲ့သည်။ အိမ်နီးချင်းနိုင်ငံ၊ ဒေသတွင်းနိုင်ငံများသာမက အလှမ်းကွာဝေးသည့် ဒေသမှနိုင်ငံများနှင့် မိတ်ဆွေကောင်း၊ မိတ်ဆွေစစ်များအဖြစ် ထူထောင် ဆက်ဆံထားနိုင်ခြင်းက နိုင်ငံတကာမျက်နှာစာတွင် မိတ်ဖက်အင်အားကို ရရှိစေသည်။ ထို့အပြင် နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နိုင်ငံ့အကျိုးစီးပွား မြင့်မားလာစေမည် ဖြစ်သကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုမှာလည်း ဘက်စုံ၊ ကဏ္ဍစုံတွင် အရှိန်အဟုန်နှင့် ဖြစ်ပေါ်လာစေမည်ဖြစ်သည်။

မိမိနိုင်ငံတွင်ရှိနေသည့် မိမိတို့ပိုင်ဆိုင်သည့် အရင်းအမြစ်များနှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန် အားထုတ်ကြိုးပမ်းဆောင်ရွက်ကြရာတွင် နိုင်ငံသူ နိုင်ငံသားအားလုံး စည်းလုံးညီညွတ်ရန်၊ စည်းကမ်းကောင်းမွန်ရန်နှင့် ဝီရိယစိုက်ထုတ် အလုပ်လုပ်ကြရန် လိုအပ်သကဲ့သို့ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင်လည်း အနှောင့်အယှက်ကင်းရန်လိုသည်။ အထူးသဖြင့် ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းများ ပြောင်းလဲဖြစ်ပေါ်နေချိန်၊ ကမ္ဘာ့အခြေအနေအရပ်ရပ်တို့ ရှုပ်ထွေးနေချိန်တွင် မိတ်ဆွေကောင်း၊ မိတ်ဆွေစစ်နိုင်ငံများ မဖြစ်မနေလိုအပ်သည့်အလျောက် နိုင်ငံတော်သမ္မတကြီး၏ တရားဝင်ခရီးစဉ်များက နိုင်ငံ့အနာဂတ်အတွက် အမြော်အမြင်ဖြင့် ဆောင်ရွက်ချက်များ၊ နိုင်ငံ့အကျိုးစီးပွားဆောင်ကြဉ်းသည့် ခရီးစဉ်များအဖြစ် ကမ္ပည်းမှတ်တမ်း မော်ကွန်းတင်မည်သာ ဖြစ်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment