Monday, August 24, 2026

ငဝန်တာ တာတမံနိမ့်ကျမှုဖြစ်ပေါ်ခဲ့မှုအပေါ် ရေတိုက်စားမှုကာကွယ်ခြင်းနှင့် ရေစီးလမ်းကြောင်းပိတ်ဆို့ကာကွယ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု ညှိနှိုင်း‌ဆောင်ရွက်

နေပြည်တော် ဩဂုတ် ၂၃

ငဝန်မြစ်ရေ ပေ ၃၀ အောက်သို့ ကျဆင်းလာသည်နှင့်အမျှ Geo Bag အိတ်ကြီးများချခြင်း၊ နိုင်လွန်ကြိုးပိုက်များဖြင့်ထုပ်ပြီး သဲအိတ်တွဲများချခြင်း၊ ရေယာဉ်တွဲများ၊ Split Berge ရေယာဉ်ကြီးများဖြင့် Geo Bag အိတ်ကြီးများအား ရေနက်အိုးနှင့် ရေစီးကြောင်းများအတွင်း ရေအောက်ကြမ်းပြင် မြင့်တက်လာစေရန်ချခြင်း၊ Stand Pipe နှင့် Steel Sheet Pile များကို Scour ခံနိုင်ရည်ရှိရန် ရိုက်သွင်းခြင်း၊ Jumbo Bags အိတ်များချခြင်း၊ သောင်တူးစက်နှင့် သဲမှုတ်ခြင်း၊ Gabion ကျောက်ထုပ်တွဲများချခြင်း၊ CB တွဲချခြင်းနှင့် မြစ်ကြောင်းမှသဲနုန်းများကို သောင်တူးသင်္ဘောများဖြင့် လိုအပ်သောနေရာများသို့ ဖို့ခြင်း၊ Geo Tube များ ချခြင်းတို့ကို သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ နည်းပညာကျွမ်းကျင်သူများ၊ ကျွမ်းကျင်လုပ်သားများ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်အတူ ပေါင်းစပ်ညှိနှိုင်း အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားရန် ကြိုးပမ်းလျက်ရှိသည်။

ယနေ့နံနက်ပိုင်းတွင် အဆိုပါ လုပ်ငန်းခွင်သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဧရာဝတီတိုင်းဒေသကြီး စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော်နှင့်အတူ ကြည့်ရှုစစ်ဆေး၍ လက်ရှိငဝန်မြစ်ရေမှတ်၊ ရေထုစီးနှုန်းလျော့နည်းကျဆင်းလာမှုနှင့်ကိုက်ညီ၍ လုပ်ငန်းများအရှိန်အဟုန်မြင့် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းညှိနှိုင်းဆွေးနွေး ကြီးကြပ်စီမံဆောင်ရွက်ခဲ့သည်။

လုပ်ငန်းခွင်တွင် ဒုတိယဝန်ကြီးက ရေအောက်ကြမ်းပြင် မြင့်တက်လာစေရန် ဆောင်ရွက်နိုင်ရေး၊ ရေအောက်ကြမ်းပြင် ရေတိုက်စားမှုသက်သာစေရန် Geo Bags အိတ်များချခြင်း၊ Geo Textile အစများခင်းခြင်း၊ ရေလမ်းကြောင်းထိန်းခြင်းများ ဆောင်ရွက်ရေး၊ အမြန်ဆုံးရေစီးဝင်မှု ပိတ်ဆို့ကာကွယ်နိုင်ရေး၊ လက်ရှိငဝန်မြစ်၏ ရေမြင့်အမှတ်၊ ရေထုစီးနှုန်း ဆက်လက်ကျဆင်းနိုင်သည့် အခြေအနေများကြောင့် ရေတိုက်စားမှု ကာကွယ်ခြင်းလုပ်ငန်းနှင့် ရေစီးလမ်းကြောင်း ပိတ်ဆို့ကာကွယ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးမှာကြားသည်။

ထို့ပြင် ဟင်္သာတမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များသည် ငဝန်တာတာတမံနိမ့်ကျမှု ဖြစ်ပေါ်ခဲ့မှုအပေါ် မြေပြင်ဖြစ်ပေါ်နေသည့် အနေအထားအရ လုပ်ငန်းဆောင်ရွက်နေသည့် အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်အခြေအနေများ စသည့် ရေတိုက်စားမှုကာကွယ်ခြင်းနှင့် ရေစီးလမ်းကြောင်း ပိတ်ဆို့ကာကွယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment