နေပြည်တော် ဩဂုတ် ၂၃
ပြည်ပပို့ကုန် Export လုပ်ငန်းများမှ နိုင်ငံခြားဝင်ငွေပိုမိုရရှိပြီး ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) မြင့်တက်ရေး၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမိုတင်ပို့ကာ နိုင်ငံခြားဝင်ငွေတိုးမြှင့်ရရှိနိုင်ရေးနှင့် ဒေသတွင်းလူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုဖော်ဆောင်နိုင်ရေးတို့အတွက် လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရန် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ၊ စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ဒက္ခိဏအသေးစားနှင့်အလတ်စား စက်မှုဇုန်ရှိ ဒေသတစ်ခုထုတ်ကုန်တစ်ခု (OROP) အပါအဝင် MSMEs စက်ရုံများကို ကြည့်ရှုစစ်ဆေးစဉ် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ မေပယ်ဝင်း အထည်ချုပ်စက်ရုံ၏ ကုန်ကြမ်းအသုံးပြုမှုနှင့် လုပ်ငန်းဆောင်ရွက်မှု၊ Dakhina Meat Export စက်ရုံ၌ ISO နှင့် နိုင်ငံတကာစံချိန် စံညွှန်းအရည်အသွေးနှင့်အညီ စည်သွတ်ဘူးများ ထုတ်လုပ်နေမှု၊ အေးခဲအသားခြောက်များ ပြည်ပသို့တင်ပို့ရန် ပြင်ဆင်ဆောင်ရွက်နေမှု၊ New Life ပလတ်စတစ်စက်ရုံ၌ စွန့်ပစ်ပလတ်စတစ်ပစ္စည်းများမှ ကော်စေ့များထုတ်လုပ်၍ စိုက်ပျိုးရေးလုပ်ငန်းသုံး ရေဖျန်းပိုက်နှင့် ပိုက်ဆက်ပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများထုတ်လုပ်နေမှု၊ ဆိုလာစနစ်မှ စက်ရုံ၏လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဆိုလာစနစ်တပ်ဆင်အသုံးပြုမှုမှ ရရှိသောအကျိုးကျေးဇူးများကို MSMEs လုပ်ငန်းရှင်များအား အသိပညာမျှဝေပေးရန် မှာကြားသည်။
အလားတူ ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံး၌ MSMEs လုပ်ငန်းရှင်များ၊ ပုဂ္ဂလိက စက်မှုလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ တာဝန်ရှိသူများနှင့် MSMEs လုပ်ငန်းရှင်များ၏ စက်ရုံအလုပ်ရုံများ စက်စွမ်းအားပြည့်လည်ပတ်နိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု၊ MSMEs ချေးငွေများအတွက် စစ်တမ်းကောက်ယူပြီး ဖြေရှင်းဆောင်ရွက်ပြီးစီးမှုနှင့် ကုန်ကြမ်းနှင့် စက်အရန်ပစ္စည်း လိုအပ်ချက်များ၊ လုပ်ငန်းများတိုးချဲ့ရန်နှင့် စက်ရုံအဆင့်မြှင့်တင်ရန် လုပ်ငန်းဆိုင်ရာ အခက်အခဲများနှင့် သိလိုသည်များကို ဆွေးနွေးမေးမြန်းမှုအပေါ် ဒုတိယဝန်ကြီးက ရှင်းလင်းဖြေကြား၍ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment