မြင့်စိုး(နတလ)
လက်ကမ်း၍ ကြိုပါမည်
၁၉၉၄ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သော ဆောင်းပါးတစ်ပုဒ်ဖြင့် စာပေနယ်သို့ ကျွန်တော် စတင်ဝင်ရောက်ခဲ့သည်။ ထိုစဉ်က ရေးခဲ့သော ဆောင်းပါး၏ အမည်မှာ “လက်ကမ်း၍ကြိုပါမည်” ဟူ၍ဖြစ်၏။ မည်သူတို့ကို လက်ကမ်း၍ ကြိုခဲ့ပါသနည်း၊ မည်သည့်အဖွဲ့အစည်းကို ဇောစေတနာရည်သန်၍ ရေးခဲ့ပါသနည်း ဆိုရပါမူ ဦးခွန်ဆာ ခေါင်းဆောင်သည့် MTA ခေါ် လွယ်မော်လက်နက်ကိုင်အဖွဲ့အား ဖိတ်ခေါ်ရေးသားခဲ့ခြင်းဖြစ်ပါသည်။ တပ်မတော်သားဘဝဖြင့် တာဝန်ထမ်းဆောင်ခဲ့စဉ်က ဦးခွန်ဆာ၏ မွေးရပ်ဇာတိဖြစ်သော ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်အတွင်းရှိ နောင်လိုင်ကျေးရွာ၌ စခန်းထိုင်ခဲ့ဖူးသည်။
နောင်လိုင်ဆိုသည်မှာလည်း ၁၉၇၇ ခုနှစ်အချိန်ကာလက ဗိုလ်မှူး သီဟသူရ သိန်းထွန်းတင်၏ ပွိုင့် ၆၀၄၁ တောင်ကုန်းတိုက်ပွဲနှင့် ဆက်စပ်နေသော နာမည်ကျော်စခန်းတစ်ခုဖြစ်သည်။ အားမနာတမ်း ပြောရလျှင် နောင်လိုင်တစ်ရွာလုံး လွယ်မော်အမျိုးချည်း ဖြစ်လို့နေပါတော့သည်။ ၁၉၈၈ ခုနှစ်မှ ၁၉၉၁ ခုနှစ်အတွင်း စည်းရုံးရေးသဘောအရ သူတို့နှင့် ခင်မင်ရင်းနှီးခွင့်ရခဲ့သည်။ တန့်ယန်းဒေသတွင် နေထိုင်လှုပ်ရှားသွားလာခဲ့စဉ်အတွင်း လွယ်မော်ကာကွယ်ရေးအဖွဲ့ စတင်ဖွဲ့စည်းသည်မှအစ ၁၉၆၄ ခုနှစ်တွင် တောခိုပြီး အစိုးရကို ဆန့်ကျင်တိုက်ခိုက်ခြင်း၊ တန့်ယန်းရဲစခန်းကို ဝင်ရောက်ပစ်ခတ်ခြင်းနှင့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ခြင်းများက အလယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ထိုင်းနယ်စပ်အနီးရှိ ဟိုမိန်းဒေသ၌ MTA ဌာနချုပ် ပြုလုပ်၍ နေထိုင်ကြသည်ကအဆုံး အားလုံးလေ့လာသိရှိခဲ့ရသည်။
၁၉၉၁ ခုနှစ်၌ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံးသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရသည်။ ထိုစဉ်က အဆိုပါရုံးနှင့် ကကပြည်(ခေါ်) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကို ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် အောင်သိန်းတစ်ဦးတည်းက ကွပ်ကဲနေသဖြင့် ကကပြည်၊ ကကနယ်ဌာနအချင်းချင်း အလွန်ရင်းနှီးခဲ့ကြသည်။ ကကပြည်မှာ စာရေး ဆရာ၊ ဒါရိုက်တာ တင်သန်းဦး (ဒုတိယဗိုလ်မှူးကြီး မောင်မောင်ဦး -ကွယ်လွန်)၊ ပျဉ်းမနားမြင့်လှိုင် (ဗိုလ်ကြီးမြင့်လှိုင် - ကွယ်လွန်)၊ ကိုမြသန်းစံ၊ ဒုတိယဗိုလ်မှူးကြီး အောင်ကျည်ထွဏ်း၊ ဗိုလ်မှူးမြင့်အောင်တို့လို စာရေးဆရာ၊ တေးရေးဆရာ၊ ဒါရိုက်တာများနှင့် ဆုံခဲ့သည်။
နဝတ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ရုံးတွင်လည်း ညဂျူတီ ဝင်ရောက်တာဝန်ထမ်းဆောင်ရသဖြင့် စာရေးဆရာ သုခိအောင်၊ ဦးသိန်းစိန် (ဒုတိယဝန်ကြီး (ငြိမ်း)-ကွယ်လွန်)၊ ဗိုလ်မှူးကြီး ရဲထွဋ်၊ တက္ကသိုလ်မြတ်သူ အစရှိသော စာရေးဆရာကြီးများ၏ ဆောင်းပါးများကို လေ့လာဖတ်ရှုခွင့်ရခဲ့သည်။ ယင်းကဲ့သို့သောစေ့ဆော်မှုများ ပေါင်းဆုံသွားမှုကြောင့် လွယ်မော်လက်နက်ကိုင်အဖွဲ့ကို တရားဥပဒေဘောင်အတွင်း ဝင်ရောက်ကြရန် ဖိတ်ခေါ်ထားသည့် လက်ကမ်း၍ကြိုပါမည် ဆောင်းပါး တစ်ပုဒ်သန္ဓေတည်ပေါက်ဖွားလာခြင်း ဖြစ်ပါသည်။
ဆက်လက်ရေးသားခဲ့သော “အလင်းစကားကြားနိုင်ပါစေ” ဆောင်းပါးသည်လည်း လွယ်မော်အဖွဲ့ကိုပဲ ရည်ညွှန်းခဲ့ပါသည်။ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တာဝန်ရှိအဖွဲ့အစည်းများ၏ ကြိုးပမ်းမှု၊ ဒေသခံပြည်သူလူထု၏ ငြိမ်းချမ်းရေးလိုလားမှု၊ လွယ်မော်အဖွဲ့အစည်း၏ ယုံကြည်မှုတို့ကြောင့်ပဲ ဖြစ်ပေလိမ့်မည်။ ၁၉၉၆ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် MTA လွယ်မော်အဖွဲ့သည် အင်အား ၁၄၀၀၀ ကျော်ဖြင့် အကြွင်းမဲ့လက်နက်စွန့်ခဲ့ကြသည်။ သူတို့လက်နက်စွန့်ချိန်မှာ ကျွန်တော်လည်း တပ်မတော်သားဘဝမှ နယ်ဘက်ဝန်ထမ်းဘဝသို့ ကူးပြောင်းတာဝန်ထမ်းဆောင်ချိန်နှင့် တိုက်ဆိုင်နေ သည့်အပြင် ပထမဆုံးသွားခဲ့ရသည်က ကိုးကန့်နှင့် ‘ဝ’ဒေသ၊ ဒုတိယသွားခဲ့ရသည်က ဟိုမိန်းဒေသဖြစ် လို့ နေပါတော့သည်။
ကျွန်တော်တို့ ဌာနဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ဟိုမိန်းဒေသ၏ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ တရားဥပဒေစိုးမိုးရေးမှအစ လဝကလုပ်ငန်းများ၊ ယာဉ်မှတ်ပုံတင်ခြင်းလုပ်ငန်းများအဆုံး အားလုံးတက်ညီ လက်ညီ ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသည်။ ဤလုပ်ငန်းများကို ရည်ညွှန်းဖော်ပြ၍ နိုင်ငံတော်၏စေတနာကို နားလည်သဘောပေါက်စေရန်အတွက်လည်း ဆောင်းပါးတစ်ပုဒ် ထပ်မံရေးသားဖြစ်ခဲ့သည်။ ဆောင်းပါးအမည်ကတော့ “ကမ်းသောလက်များ၏ စေတနာ” ဟူ၍ပါတည်း။
ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ကြစေလို
နိုင်ငံတော် ဖြတ်သန်းခဲ့သော အတိတ်သမိုင်းမှ သင်ခန်းစာများကိုရယူ၍ အနာဂတ်ကာလတွင် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ကျစ်လျစ်ခိုင်မာသည့် ညီညွတ်သော စုပေါင်းအားကို ဆက်လက်ကြိုးပမ်း တည်ထောင်သွားရမည်ဖြစ်သော်လည်း နိုင်ငံရေးအရ သဘောထားကွဲလွဲမှု၊ တိုင်းရင်းသားအရေးအရ သဘောထားကွဲလွဲမှုများကြောင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ရပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်စေခဲ့ပါသည်။ ပြည့်အင်အားသည် ပြည်တွင်း မှာသာရှိသည် ဆိုသည့်အချက်နှင့်အညီ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်ကြရန် လိုပါသည်။
သို့ဖြစ်၍ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ကြရေး နိုင်ငံတော်အစိုးရက အကြိမ်ကြိမ် အသိပေးထုတ်ပြန်ထားပြီးဖြစ်ပါသည်။ နိုင်ငံတော်အစိုးရ၏ စေတနာကိုနားလည်သဘောပေါက်၍ ဝင်ရောက်လာကြသောအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များကိုလည်း လှိုက်လှဲနွေးထွေးစွာ ကြိုဆိုလက်ခံလျက်ရှိကြောင်း တွေ့ရသည်။
တိုင်းဧရာအတွင်း ကျွန်တော်ကြုံခဲ့ဖူးသော စစ်ဆင်ရေးကြီးများ
အဘ ဗိုလ်မှူးချုပ် သန်းတင်၊ ဒုတိယဝန်ကြီးချုပ်(ငြိမ်း)၏ အမျိုးသားစာပေဆုရ “ကိုယ်တွေ့ဖြစ်ရပ်များ၊ စစ်ဆင်ရေးပြီး စစ်ဆင်ရေးမှ” စာအုပ်ကို လေ့လာဖတ်ရှုလိုက်လျှင် မိမိတို့ ဧရာဝတီတိုင်းဒေသကြီးအတွင်း တစ်နည်းပြောရလျှင် မြစ်ဝကျွန်းပေါ်ဒေသအတွင်း ၁၉၄၈ ခုနှစ်မှစတင်၍ ဗမာပြည်ကွန်မြူနစ်ပါတီ၏ လှုပ်ရှားမှုများ၊ ၁၉၅၆ ခုနှစ်တွင် ဗကပဧရာဝတီတိုင်းနှင့် KNU တို့ ပူးပေါင်း၍ မဒညတ ဖွဲ့စည်းခဲ့မှုများ၊ ၁၉၆၈ ခုနှစ် မြစ်ဝကျွန်းပေါ် တိုင်းတည်ထောင်ရေးစီမံချက် ချမှတ်ဆောင်ရွက်ခဲ့သည့် ဗကပ၏အစီအမံများ၊ ဗိုလ်မှူးချုပ် သန်းတင် တပ်မ (၈၈) ဗျူဟာမှူးဘဝဖြင့် ၁၉၆၇ ခုနှစ်တွင် မြောင်းမြခရိုင် သလ္လာခွင်အတွင်း စစ်ဆင်ရေးချေမှုန်းခဲ့မှုများ၊ ၁၉၇၁ ခုနှစ်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး တာဝန်လက်ခံပြီးနောက် ရွှေလင်းယုန်၊ မိုးဟိန်းစစ်ဆင်ရေးများ ဆက်လက်ဆင်နွှဲခဲ့မှုများ၊ တိုင်းလုံးအောင်နှင့် ဧရာမင်းစစ်ဆင်ရေးများ၊ ပြည်ပြေးများ ဝင်ရောက်လာမှုကို ချေမှုန်းခဲ့သည့် ထော်ပိုင်စစ်ဆင်ရေး(၁၉၇၂) တို့ကို ဆင်နွှဲပြီးနောက် ဖြတ်(၄)ဖြတ် စစ်နည်းဗျူဟာဖြင့် ဧရာဝတီတိုင်းတစ်ခုလုံး ဗကပကင်းစင်သည့် အဖြူရောင်နယ်မြေဖြစ်အောင် ဆောင်ရွက်ခဲ့မှုများကို လေ့လာတွေ့ရှိရမည်ဖြစ်သည်။
အဘ ဗိုလ်မှူးချုပ်သန်းတင်သည် ၁၉၇၄ ခုနှစ် ဇွန်လ ၁ ရက်နေ့အထိ နတခတိုင်းမှူး တာဝန်ထမ်းဆောင်ပြီးနောက် လပခတိုင်းမှူး တာဝန်ပြောင်းရွှေ့ထမ်းဆောင်ခဲ့ပြီး အောင်စိုးမိုးစစ်ဆင်ရေး ဖြင့် ပဲခူးရိုးမတစ်ခုလုံး ရောင်စုံသောင်းကျန်းသူ တစ်ယောက်မျှ မကျန်အောင် ရှင်းလင်းချေမှုန်းခဲ့သည်။ ယင်းနောက် သတ္တုတွင်းဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး၊ ဝန်ကြီးတာဝန်များ ထမ်းဆောင်ခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်ဒုတိယဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ မြစ်ဝကျွန်းပေါ်ဒေသ၌ စစ်ဆင်ရေးကြီးများ ဆောင်ရွက်နေချိန်သည် ကျွန်တော်တို့ မူလတန်း၊ အလယ်တန်း ကျောင်းသား အရွယ်အချိန်ကာလဖြစ်ပါသည်။
ဒေသခံတို့၏ မှုန်ဝါးသွားသောအိပ်မက်များ
အထက်ပါစစ်ဆင်ရေးကြီးများ ဆင်နွှဲပြီးနောက် ဧရာဝတီတိုင်းတစ်ခုလုံး အေးချမ်းခဲ့သည်မှာ နှစ်ပေါင်း ၅၀ မကရှိခဲ့ပေပြီ။ တည်ငြိမ်အေးချမ်းမှု အရသာကို ကျွန်တော်တို့ အပြည့်အဝခံစားခဲ့ကြဖူးပြီ။ ယင်းသို့နေလာရာမှ ၂၀၂၄ ခုနှစ်တွင် သာပေါင်းမြို့နယ်အတွင်းက မကျီးစင်၊ ဘောမိတစ်ဝိုက်မှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့သည်။ ကျွန်တော့်ဇာတိဖြစ်သော လေးမျက်နှာမြို့နယ်နှင့် ရေကြည်မြို့နယ် အနောက်ဘက်ခြမ်းဒေသများမှာ ၂၀၂၅ ခုနှစ် မတ်လ ၁၆ ရက်နေ့မှစ၍ တည်ငြိမ်အေးချမ်းမှု ပျက်ပြားသွားခဲ့သည်။
AA အကြမ်းဖက်အဖွဲ့နှင့် ဒေသခံ PDF များ ပူးပေါင်းဝင်ရောက်လာသဖြင့် တပ်မတော်က ပြန်လည်ရှင်းလင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရသည်။ ယင်းကဲ့သို့ အကြောင်းတရားများကြောင့် လေးမျက်နှာမြို့နယ် အနောက်ခြမ်းဒေသများ၊ ရေကြည်မြို့နယ် အစပ်၊ အင်္ဂပူမြို့နယ်အစပ်နေရာများတွင် ဆောင်ရွက်ပေးရန် လျာထားခဲ့သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အားလုံးရပ်ဆိုင်းသွားခဲ့သည်။
ထင်သာမြင်သာ လုပ်ငန်းနှစ်ခုကိုသာ ဥပမာပြလိုပါသည်။ လေးမျက်နှာမြို့နယ် နင်းကြမ်းကျေးရွာအထိ ရောက်ရှိနေပြီဖြစ်သော မဟာဓာတ်အားလိုင်းကို ယင်းနေရာမှ ၄ မိုင် ၆ ဖာလုံ အကွာအဝေးရှိ ပန်းတောကြီးကျေးရွာသို့ ဆက်လက်သွယ်တန်းရန် ယခုဘဏ္ဍာနှစ်တွင် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရက ခွင့်ပြုထားပြီးဖြစ်သည်။ နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိ၍ လုပ်ငန်းဆောင်ရွက်ခွင့် မရတော့ပေ။ ပန်းတောကြီး ကျေးရွာမီးရလျှင် လမ်းတစ်လျှောက် ကျေးရွာများနှင့် ပုသိမ်-မုံရွာ ကားလမ်းပေါ်က ကျေးရွာများ မီးရဖို့မဝေးတော့ပြီ။ ယခုမူကား မျှော်လင့်ချက်အိပ်မက်တို့ အကောင်အထည်ပေါ်လာဖို့ စောင့်ရပေဦးမည်။
နောက်ထပ်အိပ်မက်တစ်ခု။ ကျွန်တော်တို့ငယ်စဉ်က အလယ်တန်းစကားပြေထဲမှာ သင်ခဲ့ရသည့် ဆင်ဖိုးထွန်း၏ ဇာတိဖြစ်သော အနောက် ရိုးမတောင်ခြေရှိ ဖက်စလက်၊ ကွင်းကလေးကျေးရွာများအပါအဝင် ပတ်ဝန်းကျင်ကျေးရွာများမှ ပုသိမ်-မုံရွာ ကားလမ်းမကြီးသို့ ကူးလူးဆက်သွယ်နိုင်ရန် ပန်းပုကွင်းကျေးရွာအနီး၌ သီတာချောင်းကူးတံတား တစ်စင်းပေါ်ပေါက်လာရေး မျှော်လင့်တောင့်တလာ ခဲ့သည်မှာ နှစ်ပေါင်း ၃၀ နီးပါးရှိခဲ့ပြီ။ ယခုဘဏ္ဍာနှစ်တွင် ပေ ၃၀၀ တံတားကြီးတစ်စင်း တည်ဆောက်ပေးရန် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဘတ်ဂျက်ဖြင့် လျာထားခဲ့၊ တိုင်းတာခဲ့၊ နေရာသတ်မှတ်ခဲ့ပြီးဖြစ်သည်။ ထိုနေရာသည်လည်း တည်ငြိမ်အေးချမ်းမှုမရှိ၍ ဒေသခံတို့၏ အိပ်မက်များ မှုန်ဝါးသွားခဲ့ရသည်။ နိုင်ငံတော်အစိုးရက မည်သို့ပင် စိတ်ကောင်းစေတနာထားစေကာမူ ခံယူသူတို့ဘက်က စိတ်ရင်းစိတ်ထား မှန်ကန်စွာထားဖို့ ပျက်ကွက်မည်ဆိုပါက အကျိုးရလဒ်ကောင်းများ ရရှိနိုင်မည်မဟုတ်ပေ။
အသိတရားများ နိုးကြားစေလို
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း(၃)ပိုင်းခွဲ၍ ကျင်းပခဲ့ပြီး ဖြစ်ပါသည်။ မကြာမီလွှတ်တော်များ ကျင်းပတော့မည်၊ အစိုးရအဖွဲ့သစ် ပေါ်ပေါက်လာတော့မည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးကို အတူတကွ တည်ဆောက်ကြရန် ဖြစ်ပါသည်။ ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အချို့အနေဖြင့် စစ်၏ အနိဋ္ဌာရုံများ၊ ဆိုးကျိုးများကို ရှေးနှစ်ပေါင်းများစွာကတည်းက ခံစားခဲ့ကြရဖူးပြီဖြစ်သည်။ ဒေသခံပြည်သူတိုင်း တည်ငြိမ်အေးချမ်းမှုကို လိုလားကြသည်။ သို့ဖြစ်ပေရာ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ အကျိုး၊ မိမိတို့ တိုင်းရင်းသားများအကျိုး၊ ဒေသအကျိုးတို့အတွက် မှန်ကန်သော အယူအဆ၊ အသိတရားများတိုးပွားကာ ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်လာကြရန် တိုက်တွန်းရေးသားလိုက်ရပါသည်။ ။

No comments:
Post a Comment