Saturday, February 21, 2026

ရေအားလျှပ်စစ်မှသည် အနာဂတ်မှာ အမှောင်ခွင်း၍ အလင်းဆောင်ကြမည်

 

လင်းလင်း

လှိုင်သာယာစက်မှုဇုန်က အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်လုပ်တဲ့ ကိုပြည့်၊ အင်းစိန်နဲ့ လှိုင်သာယာဆက်သွယ်ထားတဲ့ အောင်ဇေယျကြိုးတံတားအဆင်းအနီး ဖုန်းအလုခံလိုက်ရပါတယ်။ စက်ရုံက အချိန်ပိုဆင်းပြီးအပြန် ည ၉ နာရီဝန်းကျင်မှာ ဖြစ်ပါတယ်။ ညအချိန်မှောင်နေတာကြောင့် ဆန့်ကျင်ဘက်အရပ်က လူနှစ်ဦးလာတာကိုသာ မြင်လိုက်ရပြီး မျက်နှာကိုလည်း သဲသဲကွဲကွဲမမှတ်မိ လိုက်ပါဘူး။

စက်ဘီးနင်းလာတာကိုတစ်ဦးက စက်ဘီးလက်ကိုင်တန်းကို ဖမ်းဆွဲလိုက်ပြီး ဟန်ချက်ပျက်သွားစဉ်မှာ နောက်တစ်ဦးက လက်ထဲကဖုန်းကို ဆွဲလုလိုက်တာကြောင့် စက်ဘီးလဲသွားပါတယ်။ အင်အားချင်းလည်း မမျှတာကြောင့် ဖုန်းကို ဘာလို့ယူသွားတာလဲလို့‌အော်ချိန်သာ ရလိုက်ပြီး လုတဲ့သူနှစ်ဦးက ကြိုးတံတားဘက်ကို ပြေးသွားပေမယ့် မလိုက်ရဲပါဘူး။ “မီးလာရင် ဒီလိုဖြစ်မှာမဟုတ်ဘူး။ အခုက မီးလည်းပျက်နေတယ်။ မှောင်နေတော့ မကောင်းမှုပြုတဲ့သူတွေအတွက် အခွင့်အရေးရတာပေါ့။ လူကိုအန္တရာယ်မပြုသွားတာ ကံကောင်းတယ်လို့ ကိုပြည့်ရဲ့အမေက မှတ်ချက်ပြုပြီး ကိုပြည့်ကတော့ ဘယ်လောက်ပဲရရ နောက်ရက်တွေမှာ အချိန်ပိုမဆင်းတော့ဘူး” လို့ ဆိုပါတယ်။

ရန်ကုန်မြို့ရဲ့ ရပ်ကွက်အချို့မှာ ညအချိန်လျှပ်စစ်မီးမလာလို့ ဖုန်းမီးရောင်ကို အားကိုးသွားလာနေကြရပါတယ်။ ဒီလိုအခြေအနေက မကောင်းမှုပြုလိုသူတွေ၊ သူခိုးနဲ့ ဒုစရိုက်သမားတွေအတွက်တော့ ခိုးဆိုးလုနှိုက်ဖို့ အခွင့်အရေးဖြစ်နေပါတယ်။ ရန်ကုန်သာမက မန္တလေးမြို့အပါအဝင် မြို့ကြီးတွေ၊ အခြားနေရာတွေမှာလည်း ညအမှောင်က ဒုစရိုက်သမားတွေအတွက် မကောင်းမှုပြုဖို့ အခွင့်အရေးရနေပြီး ခိုးမှု၊ လုယက်မှုတွေသာမက လူသတ်သည်အထိ မကြောက်မလန့် ဥပဒေကို ချိုးဖောက်လာကြပါတယ်။

“ညဘက်အပြင်ထွက်ရင် သတိထားသွားလာကြပါ။ လုယက်မှုတွေအထိပါ ပြောင်ပြောင်တင်းတင်း ကျူးလွန်လာကြပါတယ်။ လုယက်တဲ့သူတွေက ပစ္စည်းယူရုံတင်မကပါဘူး။ လူကိုပါ အန္တရာယ်ပြုလာကြပါတယ်။ ကျွန်တော့်ကိုယ်တွေ့ပါ။ ခေါင်းကိုအသေရိုက်တာပါ။ ကံကောင်းလို့ မသေတာ၊ ဆိုင်ကယ်တော့ပါသွားတယ်” ဟု မန္တလေးမြို့ခံတစ်ဦးက ဆိုပါတယ်။

ညဘက်တွေမှာ မဖြစ်မနေသွားလာနေရတဲ့ ကိုပြည့်တို့လို လူတွေအတွက် လျှပ်စစ်လိုအပ်ချက်ရဲ့ဒဏ်ကို ခံစားနေကြရပါတယ်။ လမ်းမီးရောင်များ လင်းထိန်နေခြင်းက စိုးရိမ်ထိတ်လန့်မှုတွေက ကင်းဝေးစေပြီး စိတ်လုံခြုံမှုကိုခံစားရစေပါတယ်။ မီးတွေလင်းထိန်နေရင် အမှောင်ထုကို အခွင့်ကောင်းယူပြီး လှုပ်ရှားနေကြတဲ့ ဒုစရိုက်သမားတွေ၊ မကောင်းမှုပြုလိုသူတွေကို ဥပဒေချိုးဖောက်ဖို့ ဟန့်တားရာလည်း ရောက်ပါတယ်။ အလင်းရောင်အောက်မှာ သူတို့ရဲ့လှုပ်ရှားမှုကို အလွယ်တကူမြင်တွေ့နိုင်တဲ့အတွက် ပြစ်မှုကျူးလွန်ဖို့ အခွင့်အရေးလျော့နည်းသွားစေပါတယ်။ ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝတွေ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စတဲ့ကဏ္ဍတွေမှာ အခြေခံအဆောက်အအုံဖြစ်တဲ့ လျှပ်စစ်မီးရရှိရေးက အဓိကကျပါတယ်။ လျှပ်စစ်မီးရရှိမှ စက်ရုံတွေ ရာနှုန်းပြည့်လည်ပတ်နိုင်ပြီး ကုန်ထုတ်စွမ်းအားတိုးတက်မှာဖြစ်သလို ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ၊ ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေအထိပါ ချိတ်ဆက်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ခေတ်မီဖွံ့ဖြိုးတိုးတက်လာတဲ့ မြို့ပြလူနေမှုစနစ်နဲ့အတူ လျှပ်စစ်ပစ္စည်းတွေက ဈေးကွက်အတွင်း တစ်နေ့ထက်တစ်နေ့ ဆန်းသစ်တီထွင်ထုတ်လုပ်လာကြပါတယ်။ တစ်ဖက်မှာလည်း ပြည်သူတွေရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုက စွမ်းအင်ထုတ်လုပ်နိုင်စွမ်းထက် ကျော်လွန်ကာ လိုအပ်ချက်ဖြစ်လာပါတယ်။ ဒီလိုအခြေအနေမှာ အိမ်တွေ၊ လမ်းတွေ ရာနှုန်းပြည့်လင်းဖို့၊ စက်ရုံအလုပ်ရုံတွေရဲ့ ကုန်ထုတ်စွမ်းအားအတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပြည့်ဝစွာပေးနိုင်ဖို့က စိန်ခေါ်မှုအသွင်ဖြစ်လာပါတယ်။

လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေဖို့ ဓာတ်အားချွေတာသုံးစွဲရေးနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ပေးကြဖို့ နိုင်ငံတော်က အသိပေးတိုက်တွန်း နှိုးဆော်နေပါတယ်။ ချွေတာရေးနည်းလမ်းတွေအပြင် အခြားတစ်ဖက်ကလည်း လျှပ်စစ်ဓာတ်အားကို ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ဖို့ ရေတိုရေရှည်နည်းလမ်းတွေကို စဉ်းစားဆောင်ရွက်လာကြရပါတယ်။

ကမ္ဘာ့နိုင်ငံအများစုမှာ လျှပ်စစ်ဓာတ်အားကို နျူကလီးယား၊ ရေအား၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး၊ နေစွမ်းအင်၊ လေစွမ်းအင်၊ ဇီဝလောင်စာ၊ ဒီရေ၊ ဘူမိအပူစွမ်းအင်နှင့် အခြားစွန့်ပစ်ပစ္စည်းတွေ စတဲ့ အရင်းအမြစ်တွေက စီမံခန့်ခွဲထုတ်ယူသုံးစွဲနေပါတယ်။ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ အားနည်းချက်၊ အားသာချက်တွေက မတူညီနိုင်တဲ့အတွက် သင့်လျော်သလို မိမိနိုင်ငံနဲ့ ကိုက်ညီမယ့် အရင်းအမြစ်တွေကို အသုံးပြုထုတ်လုပ်ကြရပါတယ်။ ဘယ်လိုအရင်းအမြစ်က ထုတ်ယူသည်ဖြစ်စေ အကောင်းနဲ့အဆိုးကတော့ ဒွန်တွဲတည်ရှိနေပါတယ်။ ကောင်းကျိုးသာရပြီး ဆိုးကျိုးလုံးဝမရှိတဲ့ လျှပ်စစ်ထုတ်လုပ်မှုဟူ၍ မရှိနိုင်ပါ။ သို့သော် စွမ်းအင်ဖူလုံရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်တွေကို ချိန်ထိုးတွက်ဆရပြီး နည်းပညာဆိုင်ရာ ခေတ်မီတိုးတက်လာတဲ့အတွက် ကောင်းကျိုးများဖို့၊ ဆိုးကျိုးနည်းနိုင်သမျှနည်းဖို့ စဉ်းစားဆောင်ရွက်ကြရပါတယ်။ မြစ်ချောင်းတွေ၊ တောင်ကုန်းဒေသတွေနှင့် မိုးရေချိန်များပြားမှုတို့က ရေအားလျှပ်စစ်စီမံကိန်းအတွက် သဘာဝကဖန်တီးပေးထားတဲ့ အားသာချက်တွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မှု အလားအလာကောင်းတွေပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကမ္ဘာ့အဆင့် ၁၄ မြောက် ရေအားလျှပ်စစ်အရင်း အမြစ်ကြွယ်ဝတဲ့ နိုင်ငံအဖြစ် သတ်မှတ်ခြင်းခံရပါတယ်။ ဒီလိုအားသာချက်ကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ဖို့ စီမံဆောင်ရွက်သင့်ပြီး မြန်မာနိုင်ငံအနေနဲ့ ရေအားလျှပ်စစ်စွမ်းအင်ကို ထိရောက်စွာအသုံးချနိုင်မယ်ဆိုရင် နိုင်ငံရဲ့ အခုလက်ရှိရင်ဆိုင်နေရတဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရုံသာမက စွမ်းအင်ကဏ္ဍကနေ နိုင်ငံခြားဝင်ငွေရရှိဖို့ အလားအလာကောင်းတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ အဓိကရေအားလျှပ်စစ်ထုတ်လုပ်နိုင်တဲ့ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်နဲ့ စစ်တောင်းမြစ်တို့ တည်ရှိနေပါတယ်။ ရေအားလျှပ်စစ်က ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်တစ်ခုဖြစ်ပြီး ကာဗွန်ထုတ်လွှတ်မှုနည်းပါးတာကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိတဲ့ စွမ်းအင်ထုတ်လုပ်နိုင်ရေး နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ မူလကတည်ဆောက်ဖို့ လျာထားစာချုပ် ချုပ်ဆိုခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်ဆောင်ရွက်ဖို့ ကြန့်ကြာနေတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေ ရှိနေပါတယ်။ ၂၀၀၅ ခုနှစ်က တိုင်းတာစစ်ဆေးတွေ့ရှိချက်တွေအရ ရေအားအရင်းအမြစ် မှ ၄၅၀၀၀ မဂ္ဂါဝပ်ခန့် ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ထုတ်လုပ်နိုင်ခြင်းမရှိသေးဘဲ ခုနစ်ရာခိုင်နှုန်းကျော်ခန့်ကိုသာ လက်ရှိထုတ်လုပ်နေတာ တွေ့ရပါတယ်။

လေ့လာမိသလောက်က ချင်းတွင်းမြစ်ပေါ်မှာ တည်ဆောက်မယ့် ရွှေစာရေးရေအားလျှပ်စစ်စီမံကိန်း၊ ထမံသီရေအားလျှပ်စစ်စီမံကိန်း၊ သံလွင်မြစ်ပေါ်မှာ တာဆန်းရေအားလျှပ်စစ်စီမံကိန်းနဲ့ ဧရာဝတီမြစ်ပေါ်မှာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းတွေ ဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကနေ ၂၃ မိုင်ခန့် (၃၇ ကီလိုမီတာ) အကွာမှာတည်ရှိတဲ့ ဧရာဝတီမြစ်ဖျားဒေသ ရေအားလျှပ်စစ်စီမံကိန်းကြီးက အနာဂတ်တိုးတက်လာမယ့် လူဦးရေနဲ့အတူ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို များစွာဖြည့်ဆည်းပေးနိုင်မယ့် စီမံကိန်းတစ်ခုအဖြစ် သုံးသပ်မိပါတယ်။ ဧရာဝတီမြစ် စတင်မြစ်ဖျားခံရာ အင်မိုင်ခ(မေခ)နဲ့ မလိခတို့ပေါင်းဆုံရာနေရာနဲ့ မြစ်လက်တက်တွေပေါ်မှာ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်နှစ်သောင်းနီးပါး ထုတ်လုပ်နိုင်မယ့် ရေကာတာ(ဆည်) ခုနစ်ခုနဲ့ ဆည်ခုနစ်ခု တည်ဆောက်ရေးအတွက် လျှပ်စစ်ဓာတ်အား အထောက်အပံ့ပေးဖို့ တည်ဆောက်ထားပြီးဖြစ်တဲ့ ၉၉ မဂ္ဂါဝပ်ထွက်ရှိတဲ့ ချီဖွေငယ်ဆည်အပါအဝင်ရှစ်ခုကို တရုတ်နိုင်ငံက တည်ဆောက်အကောင်အထည်ဖော်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။

စုစုပေါင်းအမေရိကန်‌ဒေါ်လာ ဘီလီယံ၂၀ ၀န်းကျင်ခန့် ကုန်ကျနိုင်ကြောင်း ခန့်မှန်းထားပြီး တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီး မြှုပ်နှံမှုကော်ပိုရေးရှင်း - CPI (ယခု State Power Investment Corporation–SPIC) ၊ မြန်မာနိုင်ငံအစိုးရနဲ့ Asia World ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်သွားဖို့ စီမံဆောင်ရွက်ထားတာ ဖြစ်ပါတယ်။

စီမံကိန်းအကြီးဆုံးက မဂ္ဂါဝပ် ၆၀၀၀ ၊ လိုင်ဇာ(မလိယန်)စီမံကိန်းက မဂ္ဂါဝပ် ၂၈၀၀၊ ချီဖွေစီမံကိန်းက မဂ္ဂါဝပ် ၃၄၀၀၊ အူဆောက်စီမံကိန်းက မဂ္ဂါဝပ် ၂၅၀၀၊ ဖီဆော်စီမံကိန်းက မဂ္ဂါဝပ်၂၄၀၀၊ ခေါင်လန်ဖူးစီမံကိန်းက မဂ္ဂါ၀ပ် ၃၀၀၀ ၊ ရီနန်စီမံကိန်းက မဂ္ဂါဝပ် ၁၄၀၀ စုစုပေါင်း လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်နှစ်သောင်းကျော် ထုတ်လုပ်နိုင်မယ်လို့ SPIC က ဖော်ပြထားပါတယ်။

ဒီလိုစီမံကိန်းတွေသာ အကောင်အထည်ပေါ်လာမယ်ဆိုရင် မြန်မာနိုင်ငံနဲ့ ပြည်သူတို့အတွက် ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံးရာနှုန်းပြည့်မီးလင်းစေဖို့ မျှော်မှန်းနိုင်ပြီဖြစ်ပါတယ်။ အနာဂတ်မှာ ရေအားလျှပ်စစ်အရင်းအမြစ်တွေကို အခြေခံပြုပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာတဲ့စွမ်းအင်ကဏ္ဍကို တည်ဆောက်နိုင်ပါပြီ။ ဝန်ထမ်းတွေ ညဘက်အိမ်အပြန် နောက်ကျတာပဲဖြစ်ဖြစ်၊ အကြောင်းကိစ္စရှိလို့ မဖြစ်မနေသွားလာရတာပဲဖြစ်ဖြစ် ညအမှောင်ကြောင့် စိုးရိမ်စိတ်နဲ့သွားလာနေရတဲ့ အခြေအနေက လွန်မြောက်နိုင်ပါပြီ။

နည်းပညာမြင့်မားလာမှုရဲ့ အထောက်အကူတွေကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စံနှုန်းတွေ၊ စီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်၊ ဂေဟစနစ်အပါအဝင် ရေသယံဇာတပျက်စီးဆုံးရှုံးနိုင်မှု၊ ရေရှည်တည်တံ့ရေးအပေါ် အကျိုးသက်ရောက်နိုင်မှု အခြေအနေတွေကို စဉ်းစားတွက်ချက်ထားတဲ့အတွက် မြန်မာနိုင်ငံရဲ့ အသက်သွေးကြော ဧရာဝတီဆက်လက်တည်တံ့ဖို့ အကြောင်းပြချက်နဲ့ တွေဝေ၊ တွန့်ဆုတ်နေဖို့ မသင့်တော့ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ထားခဲ့ရတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေက ဓာတ်အားမလုံမလောက်ဖြစ်ရတဲ့ အဓိကအကြောင်းရင်းဖြစ်တာကို ပြည်သူတွေ သိမြင်နားလည်ပြီး အနာဂတ်မှာ မြန်မာနိုင်ငံနဲ့ တိုင်းရင်းသားပြည်သူ လူထုအကျိုးဖြစ်ထွန်းစေဖို့ အမှောင်ခွင်းလို့ အလင်းဆောင်ကြပါစို့လို့ ဆန္ဒပြုလိုပါတယ်။ ။

No comments:

Post a Comment