Friday, September 5, 2025

ပထမလှေကားထစ်ကို တက်ကြပါစို့

 

ကေကေ(မဟာဝိဇ္ဇာ)

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် အထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို စတင်ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပြီ ဖြစ်သည်။

ဒီမိုကရေစီစနစ်၏ ပထမလှေကားထစ်မှာ ရွေးကောက်ပွဲ၊ ဒုတိယလှေကားထစ်မှာ လွှတ်တော်၊ တတိယလှေကားထစ်မှာ အစိုးရဖြစ်သည်။ ပြည်သူ့ကိုယ်စား သွယ်ဝိုက်အုပ်ချုပ်မှုစနစ်၏ လှေကားထစ်များ ဖြစ်ကြသည်။ တစ်ထစ်ချင်းတက်ရသည်။ အထစ်ကျော်တက်၍ အပေါ်မရောက်ဘဲ ပြုတ်ကျသွားသောဖြစ်ရပ်လည်း ရှိခဲ့ပြီးဖြစ်သည်။ လှေကားထစ်တိုင်း သူ့အထွာနှင့်သူအရေးကြီးသည်။ အောက်ဆုံးအထစ်မှာမူ အခြေခံကျသဖြင့် ပို၍အရေးကြီးသည်ဟု ထင်ပါသည်။

တာဝန်များကို ကောင်းမွန်စွာထမ်းဆောင်

အောက်ဆုံးအထစ်ဖြစ်သော ရွေးကောက်ပွဲတွင် အဓိကဇာတ်ကောင်သုံးခုရှိ၏။ ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီနှင့် မဲဆန္ဒရှင်တို့ဖြစ်ကြသည်။ ၎င်းတို့တွင် တာဝန်ကိုယ်စီရှိသည်။ တာဝန်များကို ကောင်းမွန်စွာထမ်းဆောင်ကြလျှင် လှပသော ရွေးကောက်ပွဲဖြစ်လာလိမ့်မည်။ ဇာတ်ကောင်တို့ သရုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်အချို့ကို အနည်းငယ်ဖော်ပြချင်ပါသည်။

ရွေးကောက်ပွဲ၏ လုပ်ငန်းအနှစ်ချုပ်မှာ ရွေးကောက်ပွဲရက်ကို အခြေခံသော ရွေးကောက်ပွဲလုပ်ငန်းစဉ် (Electoral Process)ကို အချိန်ဇယားရေးဆွဲကာ အကောင်အထည်ဖော်ပေးရခြင်းဖြစ်သည်။ ရွေးကောက်ပွဲတစ်ခု၏ နိုင်ငံတကာက လက်ခံထားသော စံသတ်မှတ်ချက်မှာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ (Free and Fair Election)ကို ကျင်းပပေးနိုင်ခြင်းဖြစ်သည်။ လွတ်လပ်စွာရပ်တည်ခြင်း (Independence)၊ ဘက်မလိုက်ခြင်း (Impartial)နှင့် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းတို့မှာ ရွေးကောက်ပွဲ၏ အရေးကြီးသော အင်္ဂါရပ်များဖြစ်ပေသည်။ ဥပဒေဟုဆိုရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ လွှတ်တော်သုံးရပ်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေများ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် သက်ဆိုင်ရာနည်းဥပဒေများကို ဆိုလိုသည်။

ပြည့်စုံမှန်ကန်သော မဲစာရင်းပြုစုရေး

ရွေးကောက်ပွဲလုပ်ငန်းစဉ်များအနက် အရေးကြီးသော လုပ်ငန်းတစ်ခုမှာ ပြည့်စုံမှန်ကန်သော မဲစာရင်းပြုစုရေးဖြစ်၏။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတုန်းက မဲစာရင်းများစွာ ဖောင်းပွခဲ့သည်။ ဤသည်ကို သင်ခန်းစာယူ၍ လက်ရှိရွေးကောက်ပွဲကော်မရှင် သည် မဲစာရင်းမှန်ကန်စေရန် အချိန်ယူပြင်ဆင်ထားပေသည်။ အခြားအရေးကြီးသော လုပ်ငန်းနှစ်ခုမှာ လွယ်ကူရှင်းလင်းသော မဲပေးနည်းနှင့်လျှို့ဝှက်မဲပေးစနစ်ကို ဖော်ဆောင်ပေးရန်ဖြစ်သည်။ လျှို့ဝှက်မဲပေးစနစ်ကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၁ တွင် ပြဋ္ဌာန်းထားသည်။ ၂၀၂၀ ပြည့်နှစ်တုန်းက ဤပုဒ်မကို ဖောက်ဖျက်ရာရောက်သော တရားမဲ့ ပြုကျင့်မှုတွေ ရှိခဲ့သည်။ လာမည့် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်မူ မြန်မာအီလက် ထရောနစ်မဲပေးစက်ကို အသုံးပြု၍ ဤအလုပ်နှစ်ခုကို ဖော်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံရွေးကောက်ပွဲသမိုင်းအရ နိုင်ငံသားများသည် ရွေးကောက်ပွဲအတွေ့အကြုံ အလွန်နည်းပါးလှပေသည်။ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ် ကာလသည် အရေးပေါ်ကာလဖြစ်သောကြောင့် ကြားဖြတ်ရွေးကောက်ပွဲ တစ်ခုတလေမျှပင် မရှိခဲ့ချေ။ ရွေးကောက်ပွဲနှင့် ဝေးကွာနေသော မဲဆန္ဒရှင်ပြည်သူများကို ပြန်လည်ယဉ်ပါးလာအောင် လူထုဆက်ဆံရေးနည်းလမ်းစုံဖြင့် အသိပညာပေးရန်ကလည်း အရေးပါသော အလုပ်တစ်ခုဖြစ်သည်။

ဆက်လက်၍ ပါတီများ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းအချို့ကို ဖော်ပြပါမည်။ ပါတီများသည်နိုင်ငံ့အကျိုးက ပထမ၊ ပါတီအကျိုးက ဒုတိယဟု ကြွေးကြော်လေ့ရှိကြပါသည်။ ကိုယ်ရေးပတ်သက်မှု မနွှယ်ဘဲ မဲဆန္ဒနယ်၏ ကောင်းကျိုးကို အမှန်တကယ်သယ်ပိုးမည့် အရည်အချင်းပြည့်ဝသော ကိုယ်စားလှယ်လောင်းများကိုသာ အမည်စာရင်းတင်သွင်းခြင်းဖြင့် ကြွေးကြော်သံကို အကောင် အထည်ဖော်ရာ ရောက်ပါလိမ့်မည်။ ပထမလှေကားထစ်တွင် ပါတီ၏ လူကောင်းများကို တက်လှမ်းစေခြင်းဖြင့် ကျန်လှေကားထစ်များကို ကောင်းကျိုးပြု လိမ့်မည်ဟု ယုံကြည်ပါသည်။ တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုအတွင်း ဝင်ရောက်ယှဉ်ပြိုင်သည်ဖြစ်စေ၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယှဉ်ပြိုင်သည်ဖြစ်စေ ဥပ‌ဒေနှင့်အညီ တရားသဖြင့် ယှဉ်ပြိုင်ရန် လိုအပ်သည်။

ပါတီများ မဲဆွယ်စည်းရုံးရာတွင် သင်္ကြန်ရေပက် ခံထွက်သလို၊ အားကစားအောင်ပွဲခံသလို လမ်းသွားလမ်းလာပြည်သူအများကို အနှောင့်အယှက်ဖြစ်စေသည့် မော်တော်ယာဉ်များဖြင့် လှည့်ပတ်သွားလာ အင်အားပြစည်းရုံးခြင်းထက် နှုတ်စွမ်းနှုတ်စဖြင့် စကားစစ်ထိုးရမည့် လွှတ်တော်အမတ်လောင်းများပီပီ ရွေးကောက်ပွဲအတွက် သတ်မှတ်ထားသောနေရာ သို့မဟုတ် ပါတီက စီစဉ်ထားသောနေရာများ၌ ပါတီမူဝါဒ၊ ရှေ့လုပ်ငန်းစဉ်၊ အခြားအချက်အလက်များကို မဲဆန္ဒရှင်တို့ နားဝင်စွဲမှတ်သွားအောင် ဟောပြောစည်းရုံးခြင်းက ရွေးကောက်ပွဲမဲဆွယ် စည်းရုံးမှုပိုပြီး ပီပြင်ပါသည်။ ကွယ်ပျောက်သွားပြီ ဖြစ်သော ပါတီတစ်ခု၏ စည်းလွတ်ဝါးလွတ် အင်အားပြအလုပ်ကို ၂၀၂၅ ခုနှစ်တွင် ပြန်လည်ရှင်သန်မှုမပေးလိုသည်မှာ စာရေးသူ၏ ဆန္ဒသဘောထားတစ်ခုသာ ဖြစ်သည်။ ယထာဘူတကျကျ စဉ်းစားကြည့်လျှင် ဟောပြောစည်းရုံးခြင်းနည်းလမ်း သည် ပါတီကြီး၊ လတ်၊ ငယ်မရွေး တန်းတူအခွင့် အရေးရရှိခြင်း၊ ကိုယ်စားလှယ်လောင်းများနှင့် မဲဆန္ဒရှင်ပရိသတ် တိုက်ရိုက်ထိတွေ့မှုရရှိခြင်း၊ ပါတီနှင့် ကိုယ်စားလှယ်လောင်းတို့၏ သဘောထားနှင့် အရည်အသွေးကို အကဲခတ်၊ အကဲဖြတ်နိုင်ခြင်း၊ ရွေးကောက်ပွဲ၏ သဘောသဘာဝနှင့် ကိုက်ညီခြင်း စသည့်ကောင်းကျိုးများကို ပေးနိုင်စွမ်းရှိသည်။

ဦးနှောက်ထဲက မဲတစ်မဲဖြစ်စေလို

နောက်ဆုံးတင်ပြလိုသည်မှာ မဲဆန္ဒရှင်များ၏ တာဝန်ဖြစ်သည်။ မဲဆန္ဒရှင်များသည် သတ်မှတ်အရည်အချင်းကိုက်ညီပါက မဲပေးခွင့်၊ ယှဉ်ပြိုင်ခွင့်ရှိသည်။ ဥပဒေက ပေးထားသော အခွင့်အရေးဖြစ်၏။ ဤအခွင့်အရေးကို လက်မလွှတ်ရန်၊ မဲပေးဖို့ မပျက်ကွက်ရန် တိုက်တွန်းလိုသည်။ မဲပေးခြင်းဖြင့် ပြည်သူ့ကိုယ်စား သွယ်ဝိုက်အုပ်ချုပ်မှုစနစ်အတွက် မိမိစိတ်ကြိုက်ကိုယ်စားလှယ် ရွေးချယ်ပေးရာ ရောက်သည်။ တစ်ဖန်ဆန္ဒမဲပေးရာတွင် အသိအကျွမ်း ဆွေမျိုးသားချင်းထက် မိမိရပ်ရွာဒေသကို အမှန်တကယ်အကျိုးပြုမည့် ကိုယ်စားလှယ်လောင်းကို ရွေးခြင်းဖြင့် မိမိအခွင့်အရေးကို တန်ဖိုးရှိစွာ အသုံးချသင့်ပေသည်။ ဆိုလိုသည်မှာ အသည်းကြားက မဲတစ်ပြားမဖြစ်စေဘဲ ဦးနှောက်ထဲက မဲတစ်မဲ ဖြစ်စေလိုသည်။ ထို့ပြင် အခြေခံမဲစာရင်းကပ်ထား သောအခါ (၁) မဲစာရင်းတွင် မိမိအမည်ပါမပါ၊ (၂) မိမိ၏အချက်အလက်များ မှန်ကန်မှုရှိ မရှိ၊ (၃) မဲစာရင်းတွင် မပါသင့်သူတွေပါနေခြင်း ရှိ မရှိကို မပျက်မကွက်သွားရောက်၍ လိုအပ်ပါက သက်ဆိုင်ရာပုံစံများ တင်သွင်းခြင်းဖြင့် ရွေးကောက်ပွဲကော်မရှင်ကို အကူအညီပေးသင့်ပေသည်။ မဲစာရင်း မှန်ကန်ရေးအတွက် ရွေးကောက်ပွဲကို ကူညီ ရာရောက်သည်။

ထပ်မံဖြည့်စွက်လိုသောတစ်ချက်မှာ ရွေးကောက်ပွဲ ဇာတ်ကောင်တွေအတွက် အစိုးရဌာနအဖွဲ့အစည်း များ၊ မီဒီယာများ၊ စေတနာ့ဝန်ထမ်းအရပ်ဘက်လူမှု အဖွဲ့အစည်းများ စသော ဇာတ်ပို့ဇာတ်ရံများ ရှိနေခြင်းဖြစ်သည်။ မကြာသေးခင်က ပြဋ္ဌာန်းခဲ့သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ် ပေးရေးဥပဒေနှင့် ရွေးကောက်ပွဲလုံခြုံရေးအတွက် ဖွဲ့စည်းထားသော ပြည်သူ့လုံခြုံရေးအဖွဲ့များမှာ ဇာတ်ကောင်များအတွက် အားတက်စရာဖြစ်သည်။ သို့ဖြစ်၍ ပထမလှေကားထစ်ကို ယုံယုံကြည်ကြည်တက်လှမ်းကြပါစို့ဟု တိုက်တွန်းလိုက်ရပေသည်။ ။

No comments:

Post a Comment