Friday, September 5, 2025

နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြစ်ပေါ်စေသည့် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းဖော်ထုတ်

 


၂၀၂၅ ခုနှစ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၃ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပရာ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ နာယက နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ်က “ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ခြင်းသာမက ယဉ်ကျေးသိမ်မွေ့ခြင်းနှင့်ပါပြည့်စုံသည့် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများကို ကျင်းပပြုလုပ်ခြင်းသည်လည်း မြန်မာ့အနုပညာဖွံ့ဖြိုးတိုးတက်စေရုံသာမက ထူးခြားပြီး အနက်အဓိပ္ပာယ်ပြည့်ဝသည့် မြန်မာ့အနုပညာကို ကမ္ဘာကပင် တွေ့မြင်ကြရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ဂုဏ်ဒြပ်နှင့်အဆင့်အတန်းကို ညွှန်းဆိုပြသမည်ဆိုလျှင် ထိုနိုင်ငံ၊ ထိုလူမျိုး၏ ထိန်းသိမ်းစောင့်ရှောက်လာခဲ့သော အနုသုခုမယဉ်ကျေးမှုအဆင့်အတန်း မည်မျှသက်တမ်းရှည်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်မှုနှင့် ရှေးအစဉ်အလာမပျက် ဖော်ထုတ်ပြသနိုင်မှုသည် အဓိကကျသည့်အချက်ဖြစ်သည်။ မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းများစွာကတည်းက တည်တံ့ဖြစ်ထွန်းခဲ့ သော ယဉ်ကျေးမှုအနုသုခုမပညာရပ်များသည် ယနေ့ထက်တိုင်အောင် အရှည်တည်တံ့ခိုင်မြဲပြီး ရှေးမူဟန်မပျက် ဖော်ထုတ်ပြသလျက်ရှိသည်ကို တွေ့မြင်ရသည်။

နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်နေစေရန်အတွက် ထိုနိုင်ငံ၏ အစဉ်အဆက်ယဉ်ကျေးမှုအမွေအနှစ်များကို ထုတ်ဖော်ပြသနိုင်မှုစွမ်းပကားများနှင့် သက်သေထူပြနိုင်သည်။ မျက်မှောက်ကာလတွင် ခေတ်ရေစီးကြောင်း တိုးတက်ပြောင်းလဲမှုကြောင့် တိုင်းတစ်ပါးယဉ်ကျေး မှုများ ထိုးဖောက်လွှမ်းမိုးလာချိန်တွင် မိမိနိုင်ငံ၊ မိမိယဉ်ကျေးမှုကို တန်ဖိုးထား ထိန်းသိမ်းမြတ်နိုးကြရန် အထူးလိုအပ်လျက်ရှိသည်။ တိုင်းတစ်ပါးယဉ်ကျေးမှုများ ထိုးဖောက်လွှမ်းမိုးလာသောကြောင့် အထူးသဖြင့် လူငယ်လူရွယ်များသည် တိုင်းတစ်ပါးယဉ်ကျေးမှုကို အထင်ကြီးပြီး မိမိနိုင်ငံ၊ မိမိလူမျိုးအပေါ် တန်ဖိုးထားလေးစားမှု လျော့နည်းပါးလျားလာသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

ယင်းသို့သောကာလတွင် မိမိနိုင်ငံ၊ မိမိယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ရာ လည်းရောက်၊ ပြန်လည်ဖော်ထုတ်ခြင်းလည်းဖြစ်သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နိုင်ငံတော်အစိုးရအဆက်ဆက်တို့က အစဉ်အလာမပျက် ထိန်းသိမ်းစောင့်ရှောက် ပြန်လည်ဖော်ထုတ်ပေးလျက်ရှိသလို မိမိနိုင်ငံနှင့် မိမိလူမျိုးကို ချစ်မြတ်နိုးကြသော ပြည်သူအပေါင်းတို့ကလည်း အဆိုပါရိုးရာယဉ်ကျေးမှုပြိုင်ပွဲကြီးကို မြှင့်တင်အားပေးကြရမည်ဖြစ်သည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ၁၉၉၃ ခုနှစ်မှစတင်၍ နှစ်စဉ်အစဉ်အလာမပျက်ကျင်းပခဲ့ရာ ယခုအခါ (၂၆)ကြိမ်မြောက် ပြိုင်ပွဲကြီးကိုပင် ကျင်းပတော့မည်ဖြစ်သည်။

၁၉၉၃ ခုနှစ်မှစတင်ကျင်းပနိုင်ခဲ့သဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ် အမျိုးမျိုးတို့သည် ယနေ့ထက်တိုင်အောင် မတိမ်ကောဘဲ မြန်မာပြည်သူများကြားတွင် တန်ဖိုးထားထိန်းသိမ်းအားပေးနေဆဲဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားသဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိယဉ်ကျေးမှု အဓွန့်ရှည်တည်တံ့ခိုင်မြဲ ဖြစ်ထွန်းနေသည်မှာ ဂုဏ်ယူစရာကောင်းသလို ဝမ်းမြောက်စရာလည်းဖြစ်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှုပြိုင်ပွဲတွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုကိုလည်း ထည့်သွင်းပေးခဲ့သည်။ နိုင်ငံတော်အနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်ပေါင်းများစွာ မတိမ်ကောမပပျောက်စေရေး၊ မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးစရိုက်လက္ခဏာများကို တန်ဖိုးထား လိုစိတ်၊ ထိန်းသိမ်းစောင့်ရှောက်လိုစိတ်များကို လက်ဆင့်ကမ်းပေးဝေနိုင်ခဲ့သည်။

ယနေ့ကာလတွင် နိုင်ငံ၏လူသားအရင်းအမြစ်များဖြစ်သည့် မျိုးဆက်သစ် လူငယ်မောင်မယ်များအား အနာဂတ်နိုင်ငံတော်ကြီးကို ကောင်းမွန်စွာတည်ဆောက် နိုင်စေရေး၊ နိုင်ငံ့သားကောင်းများဖြစ်လာစေရေးကို ရည်မျှော်၍ ပြုစုပျိုးထောင်နေပြီး နိုင်ငံတော်ကို ကဏ္ဍစုံမှ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံ၏ ရိုးရာအစဉ်အလာ ဓလေ့ထုံးတမ်းများနှင့် ယဉ်ကျေးမှုဆိုင်ရာ အတွေ့အကြုံဗဟုသုတများသည် နိုင်ငံတော်အပေါ် ချစ်ခင်မြတ်နိုးလိုစိတ်နှင့် မျိုးချစ်စိတ်တို့ကို ဖြစ်ပေါ်စေသည့် အခြေခံအကြောင်းတရားများဖြစ်ရာ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမဆိုင်ရာပညာရပ်များကို မြတ်နိုးတန်ဖိုးထားပြီး လက်ဆင့်ကမ်း ထိန်းသိမ်း စောင့်ရှောက်နေသည့် ပညာရှင်များနှင့် ဒေသအသီးသီးရှိ ဝါသနာရှင်မျိုးဆက်သစ် လူငယ်များက မကြာမီ ဆက်လက်ထိန်းသိမ်း ဖော်ထုတ်ကြတော့မည်ဖြစ်ပါကြောင်း။   

No comments:

Post a Comment