Friday, September 5, 2025

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး မန္တလေးတိုင်း‌ဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

 

နေပြည်တော် စက်တင်ဘာ ၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးသည် ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ ဦးမြင့်ဦး၊ ဦးသန်းအောင်ကျော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မဟာအောင်မြေမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဖြင့် စမ်းသပ်မဲပေးနေမှုကို ကြည့်ရှုပြီး မဲဆန္ဒရှင်များနှင့် တွေ့ဆုံအားပေးစကားပြောကြားသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး၌ တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ရွေးကောက်ပွဲအောင်မြင် စွာကျင်းပရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေး မှာကြားပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် ကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် ယခင်ကျင့်သုံးခဲ့သည့် နိုင်သူအကုန်ယူစနစ်(FPTP) အပြင် FPTP နှင့် PR စနစ် ပေါင်းစပ်ထားသည့် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (Mixed Member Proportional-MMP)ကို အသုံးပြုဆောင်ရွက်သွားမည့်အခြေအနေနှင့် မဲဆန္ဒနယ်များကို စနစ်တကျသတ်မှတ်ထားမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ကြိုတင်ဆန္ဒမဲများ စနစ်တကျ ပေးနိုင်ရေးနှင့်မဲပေးရာတွင် အပိုင်းလိုက် MEVM စက်ဖြင့် မဲပေးနိုင်ရေးအတွက် MEVM စက်များ စနစ်တကျသယ်ယူရွှေ့ပြောင်းရန်၊ MEVM ကြီးကြပ်မှုနှင့် နည်းပညာအထောက်အကူပြုအဖွဲ့များကို စနစ်တကျ ဖွဲ့စည်းလေ့ကျင့်ဆောင်ရွက်ရန်၊ ရွေးကောက်ပွဲနေ့မတိုင်မီ MEVM စက်အသုံးပြု၍ လေ့လာစမ်းသပ်မဲပေးမှုများဆောင်ရွက်ရန်နှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ရာ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment