Sunday, November 17, 2024

အာရှဒေသသစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်ရေးအဖွဲ့

 

သိန်းသန်းထွန်း(သစ်တော)

နိဒါန်း

မြန်မာနိုင်ငံ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့သစ်တောမူဝါဒ ပဓာနအချက် (၆)ချက်နှင့်အညီ မြန်မာ့သစ်တော သယံဇာတများ ရေရှည်တည်တံ့စေရေး၊ သစ်တောဂေဟစနစ်များ ထိန်းသိမ်းကာကွယ်ရေး၊ သစ်တောထွက်ပစ္စည်းများ ရေရှည်စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန် စီမံအုပ်ချုပ်ရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေး၊ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးဌာနနှင့် ပုဂ္ဂလိကသစ်တောစိုက်ခင်းများ အောင်မြင်စွာ တည်ထောင်စိုက်ပျိုးရေး၊ သစ်တောပြုန်းတီးခြင်းနှင့် တောအဆင့်အတန်းကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးလုပ်ငန်း စဉ်များဆောင်ရွက်ရေး၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ပင်လယ်ကမ်းရိုးတန်း ဒေသများစီမံအုပ်ချုပ်ရေးနှင့် ကုလသမဂ္ဂထောင်စုနှစ် ရည်မှန်းချက်ပါ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းများအောင်မြင်စေရေး၊ ပါရီညီလာခံသဘောတူညီချက်ပါ နိုင်ငံအလိုက် ကတိကဝတ်များ အောင်မြင်စေရေး စသည့်လုပ်ငန်းများကို နိုင်ငံတော်က ပြည်ထောင်စုနှင့် တိုင်းဒေသကြီးရန်ပုံငွေများအသုံးပြုကာ ဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရန်ပုံငွေနှင့်နည်းပညာအကူ အညီအထောက်အပံ့များရယူပြီး စီမံကိန်းလုပ်ငန်းများ (Projects) ပူးပေါင်း ဆောင်ရွက်လျက်ရှိနေပါသည်။





သစ်တောဦးစီးဌာနနှင့်ရန်ပုံငွေနှင့် နည်းပညာအကူအညီပေးအပ်နေသော ပူးပေါင်းလုပ်ကိုင်နေသည့် နိုင်ငံတကာ အဖွဲ့အစည်းများအနက်မှ “အာရှဒေသ သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်ရေးအဖွဲ့” (Asian Forest Cooperation Organization- AFoCO) အကြောင်းကို မျှဝေတင်ပြအပ်ပါသည်။

အဖွဲ့အစည်းဖြစ်ပေါ်လာမှု သမိုင်းကြောင်း အကျဉ်းချုပ်

(က) အဖွဲ့အစည်းဆိုင်ရာ အချက်အလက်များ

(၁) အာရှဒေသ သစ်တောကဏ္ဍ

ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ အစည်း (Asian Forest Cooperation Organization-AFoCO)သည် အာရှနိုင်ငံများအတွင်း အစိုးရအဖွဲ့အစည်းများအကြား သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အားကောင်းခိုင်မာစေရေး နည်းပညာဆိုင်ရာ ကူညီထောက်ပံ့ပေးရေးနှင့် ထာဝစဉ်တည်တံ့စေမည့် သစ်တောစီမံအုပ်ချုပ်မှု (Sustainable Forest Management)နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆိုးကျိုးများလျော့ပါးသက်သာ စေရေးလုပ်ငန်းများ၊ လက်တွေ့လုပ်ကိုင်ရာတွင် မူဝါဒအုတ်မြစ် ခိုင်မာစေရေး ရည်ရွယ်လျက်ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်ပါသည်။

၂၀၀၉ ခုနှစ် တောင်ကိုရီးယားနိုင်ငံဂျေဂျူး (Jeju၊ South Korea) တွင် တောင်ကိုရီးယားနိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများ (ASEAN) ၏ ထိပ်သီးဆွေးနွေးပွဲတွင် AFoCO ဖွဲ့စည်းရန် စတင်အဆိုပြုတင်ပြခဲ့ပါသည်။ အာဆီယံနိုင်ငံ အကြီးအကဲများကလည်းဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြပါသည်။

ထို့နောက် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင် ကျင်းပခဲ့သော (၁၄)ကြိမ်မြောက် အာဆီယံ-ကိုရီးယား ထိပ်သီးညီလာခံတွင် သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက် ရေးအတွက် အဖွဲ့ဝင်နိုင်ငံများ၏ အစိုးရများအကြား သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ကြပါသည်။ ထိုသဘောတူညီမှုသည် ၂၀၁၂ ခုနှစ် သြဂုတ်လ ၅ ရက်နေ့မှ စတင်သက်ဝင်လှုပ်ရှား သက်ရောက်လာခဲ့ပါသည်။

တောင်ကိုရီးယားနိုင်ငံနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအပြင် အခြားသော အာရှတိုက်ရှိနိုင်ငံများဖြစ်သော ဘူတန်၊ ကာဇက်စတန်၊ မွန်ဂိုလီးယားနိုင်ငံတို့ကိုလည်း ဖိတ်ကြား၍ ရှင်းလင်းဆွေးနွေး ဖိတ်ခေါ်ခဲ့ကြ ပါသည်။

ဆက်လက်၍ တောင်ကိုရီးယားနိုင်ငံ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အခြားသော အလားအလာရှိသည့် နိုင်ငံများအနေဖြင့် AFoCO ဖွဲ့စည်းတည်ထောင်ရေးဆိုင်ရာ သဘောတူညီမှုရရှိရေးအတွက် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ဆွေးနွေးပွဲ(၆)ကြိမ် အောင်မြင်စွာကျင်းပ၍ ဆောင်ရွက်ခဲ့ကြပါသည်။

ထို့နောက် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် AFoCO တည်ထောင်ရေး သဘောတူညီချက် ပြဋ္ဌာန်းကာ ၂၀၁၈ ခုနှစ်ဧပြီလ ၂၇ ရက်နေ့မှစတင်၍ စတင်အာဏာသက်ဝင်လှုပ်ရှား လုပ်ကိုင်လာခဲ့ပါသည်။

မျှော်မှန်းချက်များ (AFoCO’s Vision)

“အာရှဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝတည်ငြိမ်တိုးတက်စေရေး၊ သစ်တောနှင့် သယံဇာတအရင်းအမြစ်များ ထိန်းသိမ်းကာကွယ်ရေးနှင့်စိမ်းလန်းသော အာရှဒေသတစ်ခုအဖြစ် ရေရှည်ရပ်တည်ရှင်သန်ရေး” မျှော်မှန်းချက်များထားရှိ ဆောင်ရွက်လျက်ရှိနေပါသည်။

လုပ်ငန်းတာဝန်များ (AFoCO Mission)

အာရှဒေသ၏ သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းခိုင်မာစေရေး၊ ထာဝစဉ်တည်တံ့စေသော သစ်တောစီမံအုပ်ချုပ်မှုလုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် မူဝါဒဆိုင်ရာ ထောက်ပံ့ပေးရေး၊ စွမ်းဆောင်ရည် မြှင့်တင်ပေးရေးနှင့် ရာသီဥတုပြောင်းလဲ မှုဆိုင်ရာ ဆိုးကျိုးများကိုတွန်းလှန်ရာတွင် သက်ဆိုင်သူများအားလုံး အတူတကွပူးပေါင်းပါဝင် လုပ်ကိုင်လာစေရေးတို့ကို အဓိကလုပ်ငန်းတာဝန်များအဖြစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိနေပါသည်။

ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းနယ်ပယ်များ

ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းနယ်ပယ်များမှာ-

(က)    ထာဝစဉ် တည်တံ့စေသော သစ်တောစီမံအုပ်ချုပ်မှု

(ခ)     သစ်တော အတန်းအစား ကျဆင်းခြင်းနှင့် သစ်တော ပြုန်းတီးမှုမှ ကာကွယ်ခြင်း

(ဂ)     ရာသီဥတု ပြောင်းလဲမှု လျော့ပါးသက်သာစေရေးနှင့် သစ်တောကာဗွန် တိုးတက် စေခြင်း

(ဃ)    သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများ အောင်မြင်စေရေးနှင့် စွမ်းဆောင်ရည်မြင့်မားရေးလုပ်ငန်းစဉ်များ ထောက်ပံ့ပေးရေး၊

အဓိကအင်္ဂါရပ်(၂)ခု(Main Organs of AFoCO)

AFoCO အဖွဲ့အစည်း၏ အဓိကအင်္ဂါရပ်(၂)ခုမှာ

(က)    မျက်နှာစုံညီအစည်းအဝေး (Assembly) နှင့်

(ခ)     ဌာနချုပ်ရုံး(Secretariat) တို့ ဖြစ်ကြသည်။

(က) မျက်နှာစုံညီအစည်းအဝေး (Assembly)

AFoCO အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်ပေးစွမ်းသော စုဖွဲ့ထားရှိသည့်အရာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံတိုင်းမှ အဆင့်မြင့် သစ်တောအရာရှိကြီးများ ကိုယ်စားပြု ပါဝင်ကြသည်။

(ခ) ဌာနချုပ်ရုံး(Secretariat)

AFoCO ဌာနချုပ်ရုံးကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ရုံးစိုက်အခြေပြု ဆောင်ရွက်လျက်ရှိပြီး ဌာနချုပ်ရုံးကို ဦးဆောင်ညွှန်ကြားရေးမှူး (Executive Director)က စီမံအုပ်ချုပ်ပါသည်။ ဦးဆောင်ညွှန်ကြားရေးမှူးကို အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်တော်ကြီးများ ပါဝင်သော မျက်နှာစုံညီအစည်းအဝေးမှ ရွေးချယ်တင်မြှောက်ခြင်းဖြစ်ပါသည်။

AFoCO အဖွဲ့အစည်း၏ ဦးဆောင်ညွှန်ကြားရေးမှူးများ

AFoCO အဖွဲ့အစည်း၏ ဦးဆောင် ညွှန်ကြားရေးမှူးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့မှုမှတ်တမ်းကို တင်ပြအပ်ပါသည်။

AFoCO အဖွဲ့အစည်း၏ အမြုတေတန်ဖိုး (၆)ခု (Six Core Values of AFoCO) အာရှဒေသသစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း၏ မူဝါဒရေးရာ (၁၀) ချက်

မူဝါဒရေးရာ (၁၀)ချက်ကို ဦးထိပ်ထား၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။

(၁)     အာရှနှင့် ပစိဖိတ်ဒေသ၏ သစ်တောမြေယာရှုခင်း ပြန်လည်တည်ထောင်ရန်၊

(၂)      သစ်တောအခြေခံသော ရာသီဥတု ပြောင်းလဲမှုနှင့် လိုက်လျောညီထွေစွာ နေထိုင်တတ်စေရန်၊

(၃)     လူထုအခြေပြုသစ်တောစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်၊

(၄)     သစ်တောကဏ္ဍတွင် ပြည်သူနှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊

(၅)   သစ်တောမီး စီမံအုပ်ချုပ်ရေးအတွက် စုပေါင်းဆောင်ရွက်သော သတင်းအချက်အလက်စနစ်ဖော် ဆောင်ရန်၊

(၆)     ဂေဟစနစ် ဝန်ဆောင်မှုပေးချေခြင်းစနစ်ဖော်ဆောင်ရန်၊

(၇)     သစ်တောပြစ်မှုများ ထိန်းချုပ်ရေးနှင့် ထာဝစဉ်တည်တံ့စေသော သစ်တောစီမံအုပ်ချုပ်မှုစနစ် ဖော်ဆောင်ရန်၊

(၈)     သစ်တောပြုန်းတီးခြင်းနှင့် တော အဆင့်အတန်း ကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး လုပ်ငန်းစဉ်နှင့် သစ်တောမြေယာ ရှုခင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို ဟန်ချက်ညီ မျှတစွာ ပေါင်းစပ်လုပ်ကိုင်သွားရန်၊

(၉)     အာရှတိုက်၏ သစ်တောကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပတ်သက်ဆက်နွှယ်သူများ၏ စွမ်းဆောင် ရည်မြှင့်တင်ရန်၊

(၁၀)   ပဲရစ်သဘောတူညီချက်ပါ ကာဗွန်အကျိုးအမြတ်နှင့် ရာသီဥတုဆိုင်ရာရန်ပုံငွေ လိုအပ်ချက်ကို ရှာဖွေထောက်ပံ့ပေးရန်တို့ ဖြစ်ကြပါသည်။

အဖွဲ့ဝင် (၁၅) နိုင်ငံနှင့် လေ့လာသူ နှစ်နိုင်ငံစာရင်း

အဖွဲ့ဝင်နိုင်ငံ(၁၅)နိုင်ငံမှာ-

(၁) ဘူတန်၊ (၂) ဘရူနိုင်းဒါရူဆလမ်၊ (၃) ကမ္ဘောဒီးယား၊ (၄) အင်ဒိုနီးရှား၊ (၅) ကာဇက်စတန်၊ (၆) လာအို၊ (၇) မွန်ဂို လီးယား၊ (၈) မြန်မာ၊ (၉) ဖိလစ်ပိုင်၊ (၁၀) တောင်ကိုရီးယား၊ (၁၁) ထိုင်း၊ (၁၂) တီမောလက်စတေ၊ (၁၃) ဗီယက်နမ်၊ (၁၄) တာဂျစ်ကစ္စတန်နှင့် (၁၅) ခရိုင် ဆက်စတန်နိုင်ငံတို့ ဖြစ်ကြသည်။ လေ့လာသူနှစ်နိုင်ငံမှာ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့ ဖြစ်ကြသည်။

မဟာဗျူဟာမြောက်ဦးစားပေးအစီအစဉ် များ(Strategic Priorities)

AFoCO အဖွဲ့အစည်းအနေဖြင့် ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ငါးနှစ်ကြာကာလ အတွင်း မဟာဗျူဟာမြောက် ဦးစားပေး အစီအစဉ်များ ရေးဆွဲ၍ လုပ်ငန်းစီမံကိန်း များကို အဖွဲ့ဝင်နိုင်ငံများတွင် လက်တွေ့ အကောင်အထည်ဖော် အောင်မြင်အောင် ဆောင်ရွက်လျက်ရှိပါသည်။

(က) သစ်တောပြန်လည်ထူထောင်ခြင်း စံပြလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း

သစ်တောဂေဟစနစ်များ သဘာဝနေရင်းဒေသများနှင့် ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝ အထောက်အကူပြုစေရန် ရည်ရွယ်လျက် သစ်တောပြန်လည်စိုက်ပျိုးခြင်းနှင့် ဂေဟစနစ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဦးစားပေးဒေသများ ရွေးချယ်လုပ်ကိုင် ဆောင်ရွက်ပေးရန်ဖြစ်ပါသည်။

(ခ) ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျော ညီထွေမှုရှိစွာ နေထိုင်နိုင်ရေးအတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များဆောင်ရွက်ပေးခြင်း

အားနည်းချက်ရှိသော အဖွဲ့ဝင်နိုင်ငံများတွင် မူဝါဒချမှတ်ရေးဆိုင်ရာများ သိပ္ပံနည်းကျလေ့လာခြင်းနှင့် လက်တွေ့ အကောင်အထည်ဖော်ရာတွင် သင့်လျော်သော နည်းစနစ်များနှင့် ချဉ်းကပ်မှု နည်းလမ်းများအသုံးပြုစေရေး ထောက်ပံ့ ကူညီမှုပြုပေးရန်ဖြစ်ပါသည်။

(ဂ) သစ်တောနှင့်ဆက်နွှယ်သည့် သဘာဝဘေးအန္တရာယ်များ စီမံခန့်ခွဲရာတွင် ထိရောက်သောနည်းပညာများ အသုံးပြု နိုင်ရန် ဆောင်ရွက်ပေးခြင်း

သစ်တောနှင့် ဆက်နွှယ်သည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ နည်းပညာအသုံးပြုကာ ကြိုတင်ကာကွယ်ရေးနှင့် ထိရောက်သော တုံ့ပြန်ထိန်းချုပ်နိုင်စွမ်းအားများ ရရှိစေရေး နမူနာပြလုပ်ဆောင်ခြင်းများ ဆောင်ရွက်ပေးသွားရန်ဖြစ်သည်။

(ဃ) ဒေသနေပြည်သူများ၏ လူမှုဘဝတိုးတက်စေရေးနှင့် လူထုအခြေပြု အသေးစားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး ဆောင်ရွက်ပေးခြင်း

ဂေဟစနစ် ဝန်ဆောင်မှုပေးချေခြင်း စနစ်ဆောင်ရွက်ရန် နည်းလမ်းပြသပေး ခြင်း၊ သစ်တောအခြေပြုနှင့် လူထု အခြေပြု အသေးစားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် သင့်လျော်သော လက်မှုလုပ်ငန်း သင်တန်းများပို့ချပေး ခြင်း၊ ဝင်ငွေတိုးအခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ဥယျာဉ်သီးနှံနှင့် စားသုံးသီးနှံ ပင်များကို သစ်တောစိုက်ခင်းများတွင် စုစည်းစိုက်ပျိုးစေပြီး တစ်ဖက်တစ်လမ်းမှ ဝင်ငွေတိုးတက်ရရှိစေမည့် လုပ်ငန်းများ ဆောင်ရွက်ပေးရန်ဖြစ်သည်။

(င) အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် တိုးတက်မြင့်မားစေခြင်းနှင့် ဒေသတွင်း တိုးတက်ရေးလုပ်ငန်းများအား စုပေါင်း စုစည်း ဆောင်ရွက်ပေးခြင်း

အဖွဲ့ဝင်နိုင်ငံများအတွင်းရှိ သစ်တောအဖွဲ့အစည်းများ၏ လုပ်ငန်းဆိုင်ရာ စွမ်းဆောင်ရည် တိုးတက်မြင့်မားစေရေးနှင့် အခြားသောမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ် ချဲ့ထွင်ကာ ပိုမိုထိရောက်အောင်မြင်စွာစုပေါင်းလုပ်ဆောင်တတ်စေရန် လေ့ကျင့်ပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

“အာရှဒေသ သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်ရေးအဖွဲ့” (Asian Forest Cooperation Organization AFoCO) အဖွဲ့အစည်းနှင့် AFoCO RETC သင်တန်းကျောင်း ဖွဲ့စည်းတည်ထောင် ခြင်း (၇)နှစ်ပြည့် (၂၀၁၈ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ) အထိမ်းအမှတ်နှင့် မြန်မာ နိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံများ၏ သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝ တည်ငြိမ်တိုးတက်စေရေးတို့ကို ဆောင်ရွက်ပေးနေသော “အာရှဒေသသစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့” AFoCO အဖွဲ့အစည်း၊ ကိုရီးယား-မြန်မာချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေရေးနှင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အဓွန့်ရှည်တည်တံ့ပါစေကြောင်း ရေးသား လိုက်ရပါသည်။ ။

No comments:

Post a Comment