ညွန့်ဝင်း(နတ်တလင်း)
မြန်မာစာသင်ရိုးပြဋ္ဌာန်းစာအုပ်များတွင် ချစ်ခြင်းမေတ္တာကိုရေးဖွဲ့ထားသော စကားပြေ၊ ကဗျာအချို့ ပါဝင်ပါသည်။ ချစ်ခြင်းမေတ္တာဆိုရာ၌ မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့်၊ ညီနှင့် အစ်ကို၊ မောင်နှင့် နှမတို့၏ ၅၂၈ မေတ္တာ၊ ချစ်သူများ၊ ဇနီးမောင်နှံများ၏ ၁၅၀၀ မေတ္တာဟူ၍ရှိပါသည်။ ၎င်းမေတ္တာများ ကို ဖော်ကျူးထားသောစာများကို သင်ကြားပေးရသည့်အခါ မြန်မာစာဆရာတို့၏ သင်ကြားမှုအတတ်ပညာ နှင့် တာဝန်သည် အလွန်အရေးကြီးသည်။
ကျွန်တော်တို့ငယ်ငယ်က ကြုံဖူးသော အဖြစ်တစ်ခုကို တင်ပြလိုသည်။ မြန်မာစာတွင် ပြဋ္ဌာန်းထားသော ၁၅၀၀ ချစ်ခြင်းမေတ္တာပါဝင်သည့် သင်ခန်းစာများကို ရွတ်ဆိုကျက်မှတ်သည့်အခါ တောသူတောင်သားမိဘများက မင်းတို့ကျောင်းက သည်လိုစာတွေလည်း သင်ရတာလားဟု မေးမြန်းပါသည်။ ဤတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီသော၊ သစ္စာမေတ္တာကို တန်ဖိုးထားသော လေးစားမြတ်နိုးဖွယ် ချစ်ခြင်းများကို နားလည်သိမြင်အောင် သင်ကြားရခြင်းဖြစ်ကြောင်း ဆရာဆရာမတို့ သွန်သင်ပြသည့်အတိုင်း ပြောပြလိုက်ပါသည်။ ထိုအခါမှ မိဘများက ခေါင်းညိတ်လက်ခံ ကြသည်။ ကျွန်တော်တို့ ငယ်ဆရာများ၏ မြန်မာစာ နိုင်နင်းစွာသင်ပြနိုင်မှုနှင့် လိုရင်းရည်ရွယ်ချက်ပေါက်မြောက် အောင် သင်ပြနိုင်မှု၊ တာဝန်ကျေမှု ကျေးဇူးကြောင့်ဖြစ်ပါသည်။
အခြေခံပညာ ပြဋ္ဌာန်းမြန်မာစာ သင်ခန်းစာများတွင် မြန်မာအမျိုးသမီး အမျိုးသားတို့သည် ချစ်ခြင်းမေတ္တာကို တန်ဖိုးထားတတ်သူများဖြစ်ကြောင်း၊ တစ်ဖက်ကလည်း မိမိတို့၏ကိုယ်ကျင့် သိက္ခာကို ကောင်းမွန်စွာ စောင့်ထိန်းနိုင် သူများဖြစ်ကြောင်း သိစေလိုခြင်းဖြစ်သည်။ မြန်မာအမျိုးသမီး အမျိုးသားများ၏ ဂုဏ်ရည်ဖွဲ့ကဗျာများ ထည့်သွင်းသင်ကြားစေခြင်းမှာ မြန်မာလူမျိုးတို့၏ လေးနက်တည်ကြည်သော မေတ္တာတရားနှင့် စံထားရမည့် ကိုယ်ကျင့်သိက္ခာများကို နောင်မျိုးဆက်သစ် သားငယ်သမီးငယ်တို့ အတုယူလိုက်နာတတ်စေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။
မြန်မာအမျိုးသမီးများသည် အခြားတိုင်းသားအမျိုးသမီးများနှင့်မတူ။ မိမိ၏ချစ်သူအပေါ် ခိုင်မြဲသောသစ္စာတရားနှင့် မေတ္တာသက်ဝင်ချစ်ခင်သည်။ မဖောက်ပြားသော ကိုယ်ကျင့်သိက္ခာကို တန်ဖိုးထား ထိန်းသိမ်းသည်။ ခေတ်အဆက်ဆက် စာဆိုတို့ရေးဖွဲ့ခဲ့သော မြန်မာကဗျာများတွင် မြန်မာအမျိုးသမီးတို့၏သစ္စာ၊ မေတ္တာကြီးမားပုံနှင့်လေးစားဖွယ် ကိုယ်ကျင့်တရားတို့ကို တွေ့ရသည်။ ပုဂံခေတ်အမည်မသိ ရှေးစာဆိုတစ်ဦးရေးဖွဲ့သော “ရွှေနှင့်ယိုးမှားပန်းစကား” လင်္ကာကဗျာကို ဖတ်ရှုလေ့လာကြည့်ပါ။
ရွှေနှင့်ယိုးမှား ပန်းစကား
သိုးကလေ
ပုပ္ပားနတ်တောင်
အခေါင်မြင့်ဖျား၊ စုံတောပြား၌
နံ့ရှားကြိုင်လွင့်၊ ခါတန်ပွင့်သည်
ရွှေနှင့် ယိုးမှားပန်းစကား။
သိုးကလေ
စကားပွင့်နှင့်
နှိုင်းတင့်နိုးသည်၊ ရဲမျိုးသမီး
မောင်ကြီးနှမ၊ ညက်လှပြာစင်
မယ့်သည်ပင်သည် ခရီးသား။
သိုးကလေ
မြိတ်လွတ်စုလည်း
အငယ်တည်းက၊ ကျွမ်းဝင်ကြသည်
မွေးဖတူရင်း၊ မျိုးသည်မင်းနှင့်
ချစ်ခြင်းစုရုံး၊ သက်ထက်ဆုံးသည်
နှလုံးမခြား၊ စောင့်တရား။
ဆွေမိမင်း
မျက်သုတ်နီစင်
ရထည်းဖျင်နှင့်၊ ကျိုင်းစင်မြဝါ
မတ်ကြီးလျာကို
မယ်သာကြိုက်မိ တုမရှိ။
လင်္ကာရှေးစာဆို
ဤကဗျာကို တက္ကသိုလ်ဝင်တန်း (စနစ်ဟောင်း)နှင့် အထက်တန်းစနစ်သစ် မြန်မာစာတွင် ပြဋ္ဌာန်းထားသည်။ ကဗျာထဲတွင် “စကားပွင့်နှင့် နှိုင်းတင့်နိုး” ဟူ၍ ရှေးပုဂံခေတ်မြန်မာမိန်းမပျိုလေး ၏ အလှအပကို အချိန်အခါမီ ဖူးပွင့်တတ် သည့် ပုပ္ပားတောင်မှ စကားဝါပန်းလေး နှင့် နှိုင်းယှဉ်ထားသည်။ မိန်းမပျိုလေးသည် ချစ်သူမောင်ကြီးနှင့် တစ်ပတ်လျှို တစ်ပတ်ရစ် ဆံထုံးလေးထုံးစအရွယ် ငယ်စဉ်ကတည်းက ချစ်ကျွမ်းဝင်ခဲ့သည်။ ချစ်သူဟုဆိုသော်လည်း မွေးဖခင်ကဲ့သို့ ရင်းနှီးရိုသေပြီး ခင်ပွန်းလင်အဖြစ် လက်ထပ်ရန် ရည်ရွယ်ထားသူဖြစ်သည်။ ချစ်သူအပေါ်ထားရှိသည့် ချစ်ခြင်းမေတ္တာသည် ရှိသမျှသောချစ်ခြင်းမေတ္တာ အားလုံးစုပြုံအပ်နှင်းထားကာ အသက်ထက်ဆုံးချစ်မည့်သူ (ချစ်ခြင်းစုရုံးသက်ထက်ဆုံး) ဖြစ်သည်။ အခြားတစ်ပါးသော မည်သည့်အမျိုးသားအပေါ်တွင်မျှ ပြောင်းလဲ၍ မေတ္တာသက်ဝင်ခြင်းမရှိဘဲ ချစ်သူမောင်ကြီးကိုသာ သစ္စာစောင့်သိချစ်ခင်သည်။ မောင်ကြီးအပေါ်တွင် မည်သည့်မိန်းကလေးမျှတုနှိုင်းမမီသော ချစ်ခြင်း မေတ္တာဖြင့် ချစ်ခင်ကြောင်းရေးဖွဲ့ထားသည်ကို တွေ့ရမည်ဖြစ်သည်။ ဤတွင် ပုဂံခေတ် မြန်မာသမီးပျိုတို့၏ မေတ္တာ၊ သစ္စာနှင့် ကိုယ်ကျင့်သိက္ခာသည် ဂုဏ်ယူမြတ်နိုးလေးစားဖွယ်ဖြစ်ကြောင်း အသိမှန်ရသည်အထိ သင်ပြနိုင်မှသာ မြန်မာစာဆရာ၏ တာဝန်ကျေပေလိမ့်မည်။
တစ်ဖန်ညောင်ရမ်းခေတ် စာဆိုတောင်တွင်းရှင်ငြိမ်းမယ်ရေးဖွဲ့ခဲ့သည့် အိုင်ချင်းများကို လေ့လာကြည့်နိုင်သည်။ ထိုခေတ်က နန်းတွင်း၌ ရတု၊ တေးထပ်တို့ တွင်ကျယ်ထွန်းကားခဲ့ပြီး ကျေးလက် ဒေသတို့၌ကား အိုင်ချင်း၊ အဲချင်းကဗျာများ တွင်ကျယ်ထွန်းကားခဲ့သည်။ ရတု၊ တေးထပ်တို့ကဲ့သို့ နန်းမူနန်းရာ စကားအသုံးများမပါဘဲ ကျေးလက်သံ၊ ကျေးလက်စကားဖြင့် ရေးဖွဲ့သီဆိုရသည်။ တစ်ဦးတစ်ယောက်တည်း ရွတ်ဆိုရသော ကဗျာမျိုးမဟုတ်ဘဲ အများစုပေါင်းသီဆိုရသော ကဗျာမျိုး ဖြစ်သည်။ ထို့ကြောင့် အိုင်ချင်းဆိုသည်မှာ အများဝိုင်းဖွဲ့၍ အသံအိုင်အိုင် အသံ မြိုင်မြိုင်ဖြင့် သီဆိုရသော ကျေးလက် ရိုးရာတေးကဗျာတစ်မျိုးဟု ဆိုနိုင်သည်။ ပထမဦးစွာ “နှမထွေး မယ့်ကိုလိုလျှင်” ဟူသော အိုင်ချင်းကို လေ့လာကြည့်ပါ။
နှမထွေး မယ့်ကိုလိုလျှင်
ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်း
ယောက်မတို့လေ။
နှမထွေး မယ်တို့အိမ်ကို
သိလိုချင်မူ
နတ်ခရိုင်နှင့် ဈေးဆိုင်နှင့်။
အိမ်ရှေ့ကမူ
အုတ်ပလ္လင်နှင့် ညောင်ပင်နှင့်။
အိမ့်တောင်ကမူ
ကြက်သွန်ခင်းနှင့် ရေတွင်းနှင့်။
အိမ့်မြောက်ကမူ
စပါးလင်နှင့် ဒန်းပင်နှင့်။
အိမ့်နောက်ကမူ
မိဿလင်နှင့် ချင်းပင်နှင့်။
မိဿလင်နှင့် ချင်းကိုလိုလျှင်
ဝါဆိုငယ်မှ ဝါဦး၊ မြေနူးနူးကို
တူးလှည့်ပါရှင်။
မိဿလင်နှင့် ချင်းကိုမလို
နှမထွေး မယ့်ကိုလိုလျှင်
တပေါင်းငယ်မှ တန်ခူး၊ ရွှေဖီဦးကို
ခူးလှည့်ပါရှင်။
အလိုအပျိုဖြူ သူနှင့်ဆုံသည်
ဂုံချိုကုံးငယ်နှင့်
ဆောင်လုံးညီးလေး။
၁၇ ရာစု တောင်တွင်းရှင်ငြိမ်းမယ်
ဤကဗျာတွင် အိုင်ချင်းတို့၏အစချီ အာလုပ်စကားဖြစ်သည့် “ချစ်တဲ့သူငယ် လေ၊ သူငယ်ချင်းကောင်း ယောက်မတို့ လေ” ဟူသောအရေးအဖွဲ့၌ မိန်းကလေးသူငယ်ချင်းချင်း ယောက်မဟု ချစ်ခင် ရင်းနှီးစွာခေါ်ဆိုသော မိတ်သဟာ မေတ္တာကိုတွေ့နိုင်သည်။ ချစ်သူကို မိမိ၏အိမ်တည်နေရာကို လမ်းညွှန်ရာ၌ တိုက်ရိုက်ပြောခြင်းမဟုတ်ဘဲ သူငယ်ချင်းကို ပြောပြဟန်ရေးဖွဲ့ထားသည်မှာ မြန်မာမိန်းမပျိုတို့၏ ဟီရိသြတ္တပ္ပဟူသော အရှက်အကြောက်တရားရှိခြင်း ကိုပြသည်။ ချစ်သူကို မိမိအိမ်သို့ အလည်လာစေချင်သည်။ သို့သော် မိန်းမသားတို့ရှိအပ်သော ဣန္ဒြေသိက္ခာကို စောင့်ထိန်းသည်။ ကိုယ်ကျင့်တရား ထိပါးမည့်အရေးကိုလက်မခံ။ ချစ်သူက မိမိကိုတောင်းရမ်းလိုလျှင် ရိုးရာဓလေ့အတိုင်း လူကြီးမိဘများထံ လာရောက်ခွင့်တောင်းစေချင်သည်။ ၎င်းကိစ္စကိုလည်း တိုက်ရိုက်မပြော။ ခြံတွင် စိုက်ထားသည့် မိဿလင်နှင့်ချင်းကို ရလိုလျှင်မှစ၍ သရဖီပန်းဦးကိုခူးလို လျှင်အထိ စကားပရိယာယ်သုံး၍ ပြောခဲ့သည်။ ဤအချက်ကိုကြည့်လျှင် စစ်မှန်သော ချစ်ခြင်းမေတ္တာကို တန်ဖိုးထားပြီး ရိုးရာဓလေ့အတိုင်း မိဘခွင့်ပြုချက်ဖြင့်သာ လက်ထပ်လိုသည့် မြန်မာမိန်းမပျိုတို့၏ ကိုယ်ကျင့်သိက္ခာကို သိမြင်နိုင်သည်အထိ မှန်ကန်ထိရောက်သော စကားသုံးဖြင့် ရှင်းလင်းသင်ကြားနိုင်မှ မြန်မာစာဆရာ၏ တာဝန်ကျေသည်ဟု မှတ်ယူရမည်။
တောင်တွင်း ရှင်ငြိမ်းမယ်၏ နောက်ထပ်အိုင်ချင်းတစ်ပုဒ်ဖြစ်သည့် “စစ်မှာတစ်မူ” အိုင်ချင်းတွင်လည်း မြန်မာအမျိုးသမီးတို့၏ မေတ္တာနှင့် စိတ်နေသဘောထားကို တွေ့နိုင်သည်။ ထိုအိုင်ချင်းကဗျာကို တက္ကသိုလ်ဝင်တန်း (စနစ်ဟောင်း)တွင် ပြဋ္ဌာန်းထားသည်။
စစ်မှာ တစ်မူ
ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်း
ယောက်မတို့လေ။
သူများ မောင်မှာ
စစ်သံကြားလျှင်
နာဖျားဥပါယ်ခိုကြတယ်။
နှမလေး မယ်တို့မောင်မှာ
စစ်သံကြားလျှင်၊ ရွှေဓားပိုက်ကာ
အိုးစားဖက်ကို၊ လိုက်လို့ ရှာသည်
ရိက္ခာကနည်း၊ မိုးက သည်းသနှင့်
သင်းတွဲကို ကူးပါလိမ့်မလားတော်။
စစ်မှာ တစ်မူ
နှမလေး မယ့်ထက်ဖြူကို
ယူမလားတော်။
စစ်မှာ ယွန်းမ
နှမလေး မယ့်ထက်လှကို
ရမလားတော်။
စစ်မှာ ဆွေမျိုး
ဘိုးဘွားမောင့်မှာ ရှိသလားတော်။
စစ်မှာ တစ်မူ
နှမလေး မယ့်ထက်ဖြူကို
မယူဘူးဗျာ။
စစ်မှာ ယွန်းမ
နှမလေး မယ့်ထက်လှကို
မရဘူးဗျာ။
စစ်မှာ ဆွေမျိုး
ဘိုးဘွားမောင့်မှာ မရှိဘူးဗျာ။
ရေမြေ့သခင်၊ ရှင်ဘုရင်က
မိန့်တော် စာနှင့်၊ အပါချသည်
လိုက်ရတော့မယ်။
မြင်းမှာ အုန်းခွံ၊ကျွန်မှာ ကုလား
ဓားမှာ မိုးကြိုး၊ ယွန်းပုဆိုးနှင့်
အိုးစားဖက် စုံ၊ စစ်သည် ပုံမှာ
ကျွန်ယုံစားမို့၊ မောင်ကလေးငယ်
မောင်သာ လိုက်တဲ့၊
တောင်ပတ်လည်နှင့်
ဇင်းမယ်ဆိုသည့် ညိုတဲ့မြို့မှာ ပျို့လွမ်းဖွယ်လေး။
ထိုကဗျာတွင် စစ်ကိုသာ တွယ်တာ လွန်းသော၊ တာဝန်ကို လေးစားလွန်း သော ချစ်သူမောင်ကို ကရုဏာဒေါသဖြင့် ပြောဆိုထားသော မေတ္တာစကားများကို တွေ့ရသည်။ သူများ၏ ချစ်သူမောင်များ မလုပ်ရဲသော စစ်သူရဲကောင်းအလုပ်ကို လုပ်ရဲသူ၊ တာဝန်ကျေပွန်သူ ချစ်သူမောင်ကို အဝေးမှလှမ်း၍ လွမ်းနေရကြောင်း ရေးဖွဲ့တင်ပြထားသည်။ ချစ်သူစစ်သည် မောင်အတွက် ဂုဏ်ယူပုံ၊ စိုးရိမ်သောက ရောက်ရပုံ၊ ချစ်ပရိယာယ်ဖြင့် ရန်တွေ့ပုံ၊ ကြည်နူးရပုံ၊ လွမ်းဆွတ်ရပုံများသည် ချစ်သူအပေါ်ထားရှိသည့် မြန်မာမိန်းမ ပျိုတို့၏ မေတ္တာတရားကို ဖော်ကျူးနေ ကြောင်း လိမ္မာပါးနပ်စွာ ရှင်းပြသင့်ပေသည်။
ကုန်းဘောင်ခေတ် စာဆိုမယ်ခွေ၏ “လက်ဆောင်” လေးဆစ်ကဗျာတွင်လည်း မြန်မာမိန်းမပျိုလေးတို့၏ ချစ်သူအပေါ်ထားရှိသော မေတ္တာတရားကို တွေ့ရသည်။ ထိုကဗျာကို စနစ်သစ် Grade - 10 တွင် ပြဋ္ဌာန်းထားသည်။
လက်ဆောင်
မဝယ်ဘူး
မယ်ခူးတဲ့ ဖက်စို။
မီးမကူ နေပူမှာ မကင်အားလို့
ထားရတယ် အိပ်ရာအောက်မှာ
မင်းသောက်ဖို့ကို။
ညှာအနား
ရှေ့သွားနှင့် ကိုက်လို့ တို
မချိုတောင့် လိပ်ဆေး။
ပိုးမကူ
ဝါချည်ဖြူ တစ်ပင်ရစ်ကယ်နှင့်
ငယ်ချစ်မောင် ရွှေဝသွားကို
ပါးလိုက်ကဲ့လေး။ ။
မိန်းမပျိုလေးက ချစ်သူမောင်ကို ဆေးလိပ်လက်ဆောင်ပေးသော ကဗျာ ဖြစ်သည်။
ထိုလက်ဆောင်သည် သာမန် လက်ဆောင်မဟုတ်။ ထူးထူးခြားခြား ပြုလုပ်ထားသော ပစ္စည်းဖြစ်သည်။
ချစ်သူ မောင်အတွက် ဆေးလိပ်ကို မယ်ကိုယ်တိုင်လိပ်သည်။ ဆေးလိပ်လိပ်မည့်ဖက်ကို ဝယ်ယူခြင်း
မဟုတ်ဘဲ မယ်ကိုယ်တိုင် လတ်ဆတ် စိမ်းစိုသောဖက်ကို ခူးထားခြင်းဖြစ်သည်။ ဖက်ကိုခြောက်သွေ့စေရန်
မီးလည်း မကင်၊ နေပူလည်းမလှန်းရက်။ ဖက်ခြောက်၍ နူးညံ့ပျော့ပျောင်းအောင် မယ့်အိပ်ရာအောက်တွင်ထား၍
ကိုယ်ငွေ့ဖြင့် ခြောက်သွေ့စေသည်။ တစ်ဖန်ဆေးလိပ်လိပ်ရန် ဖက်အညှာကိုရက်စက် စိမ်းကားခြင်း
အရိပ်အငွေ့တို့ဖြစ်စေမည့် ကတ်ကြေး၊ ဓားတို့ဖြင့်လှီးညှပ်ဖြတ်ခြင်းမပြုဘဲ ရှေ့သွားလေးဖြင့်
အသာကိုက် ဖြတ်ပါသည်။ မယ့်မေတ္တာဖြင့် ပေါင်းစပ်လိပ်ထားသော ဆေးလိပ်ဖြစ်၍ မချိုစဖူး အထူးချိုမည့်
(သောက်ကောင်းမည့်) ဆေးလိပ်ဖြစ်သည်။ ဆေးလိပ်ကို ရစ်ပတ်ချည်နှောင်သည့် ချည်ကိုပင်လျှင်သူ
တစ်ပါးအသက်ပါသည့် ပိုးချည်မျှင်ကိုမသုံးဘဲ ဝါချည်မျှင်အဖြူလေးကို တစ်ပင်တည်း ရစ်ချည်ထားသည်။
ဝါချည်ဖြူ တစ်ပင်တည်း ရစ်ပတ်ထားခြင်းသည် တစ်ပင်တည်းနွယ်သော သံယောဇဉ်နှင့် ချစ်ခြင်းမေတ္တာသစ္စာကို
ဖော်ညွှန်းခြင်းကို နားလည်သိမြင်သည်အထိ သင်ပြနိုင်မှ တာဝန်ကျေမည်ဖြစ်သည်။
မြတ်နိုးထိန်းသိမ်းအပ်
ဖော်ပြပါ ကဗျာများတွင်စာဆိုတို့သည် အမျိုးသမီးများဖြစ်သကဲ့သို့ ရေးဖွဲ့သော ကဗျာများတွင် မြန်မာအမျိုးသမီး တို့၏ကြီးမား၍ ဖြူစင်မြင့်မြတ်သော မေတ္တာ၊ တည်ကြည်ခိုင်မြဲသော သစ္စာ၊ စောင့်ထိန်းနိုင်သော အကျင့်သိက္ခာတို့ကို လေးစားဂုဏ်ယူဖွယ် တွေ့ရသည်။ မျိုးဆက်သစ် မြန်မာသမီးပျိုတို့သည်လည်း ကဗျာများကို ဖတ်ရှုလေ့လာ၍ မြတ်နိုးထိန်းသိမ်းအပ်သည့် မျိုးရိုးဂုဏ်သိက္ခာနှင့် မေတ္တာ၊ သစ္စာတရားတို့ကို မှတ်သားလိုက်နာကျင့်သုံးအပ်ကြောင်း အကိုးအကားနှင့်တကွ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းအသိပေး သင်ကြားမှသာ မြန်မာစာဆရာ၏ တာဝန် ပြီးမြောက်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပေသည်။ ။
ကိုးကား-
အခြေခံပညာ အထက်တန်း
ဆင့် မြန်မာစာပြဋ္ဌာန်းစာအုပ်များ။
No comments:
Post a Comment