ကိုဘုန်း (ထုတ်လုပ်)
အမျိုးသား၊ အမျိုးသမီးနှစ်ဦးစလုံးတို့သည် မွေးဖွားသည်မှစ၍ တူညီသောအခွင့်အလမ်းများနှင့် အခွင့်အရေးများရှိကြသည်။ လူသားဖြစ်တည်မှုတွင် လူသားတစ်ယောက်၏ ရပိုင်ခွင့်၊ ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးတို့သည် ညီမျှသောအခြေခံစံနှုန်းများဖြစ်သည်။ နိုင်ငံတကာတွင် ကျား၊ မ တန်းတူညီမျှ အခွင့်အရေးရရှိမှုကို ဆန်းစစ်ကြည့်ပါက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးစသည့် အခန်းကဏ္ဍများတွင် အမျိုးသားများနည်းတူ အမျိုးသမီးများပါဝင်ခွင့်ရရှိရေး အားနည်းခဲ့သည်။ ကမ္ဘာပေါ်တွင် အမျိုးမျိုးသောအခြေအနေများကြောင့် သန်းပေါင်းများစွာသော အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ အလွဲသုံးစားမှုများ ခံစားနေရချိန်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ အသိပညာပေးနိုင်ရေးသည် အထူးအရေးပါသည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုသည် ကမ္ဘာတစ်ဝန်းတွင် ပျံ့နှံ့နေပြီးနက်နဲစွာအမြစ် တွယ်နေသည့် ပြဿနာတစ်ရပ်လည်းဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အဆိုအရ ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးသုံးဦးတွင် တစ်ဦးခန့်သည် ၎င်းတို့၏ တစ်သက်တာတွင် ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို တွေ့ကြုံခံစားခဲ့ကြရသည်။ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုသည် ရေတွက်ရန်ခက်ခဲသော်လည်း အမျိုးသမီးများအပေါ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေသော အကြမ်းဖက်မှုများရှိနေသည်။ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွင် စိတ်ပိုင်းဆိုင်ရာခြယ်လှယ်မှုများ၊ ခြိမ်းခြောက်မှုများနှင့် အရှက်ရစေသည့် အပြုအမူများ ပြသခံရခြင်းတို့ ပါဝင်သည်။ အမျိုးသမီးအများအပြားသည် ၎င်းအကြမ်းဖက်မှုများကို တိတ်ဆိတ်စွာ ခံစားနေကြရသည်။ အမျိုးသမီးများ၏ ၃၅ ရာခိုင်နှုန်းနီးပါးသည် ၎င်းတို့၏ လက်တွဲဖော် သို့မဟုတ် လက်တွဲဖော်မဟုတ်သော သူများ၏လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပုံစံအချို့ကို တွေ့ကြုံခံစားခဲ့ရကြောင်း ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ အမျိုးသမီးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သုတေသနစင်တာမှ ခန့်မှန်းသည်မှာ နှစ်စဉ် အသက် ၁၈ နှစ်မတိုင်မီ ကမ္ဘာပေါ်ရှိ မိန်းကလေး ၁၂ သန်းခန့်သည် ၎င်းတို့၏ဆန္ဒကိုဆန့်ကျင်ပြီး လက်ထပ်ကြရသည်။ ယင်းသို့ ကလေးထိမ်းမြားလက်ထပ်ခြင်းက မိန်းကလေးငယ်များအား အကြမ်းဖက်မှုဖြစ်နိုင်ခြေ ပိုများစေသည်။
အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် လူကုန်ကူးခံရသူအားလုံး၏ ၇၁ ရာခိုင်နှုန်းရှိသည်။ လူကုန်ကူးခြင်းခံရပါက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း သို့မဟုတ် အိမ်တွင်းကျွန်အဖြစ် အတင်းအဓမ္မခိုင်းစေခြင်းများ ပြုလုပ်လေ့ရှိသည်။ အင်တာနက် ထွန်းကားလာသည်နှင့်အမျှ အွန်လိုင်းပေါ်မှ နှောင့်ယှက်ခံရမှုသည်အရေးပါသော ပြဿနာတစ်ခု ဖြစ်လာသည်။ အမျိုးသမီးများသည် မကြာခဏဆိုသလို ဆိုက်ဘာတိုက်ခိုက်ခံရခြင်း၊ ၎င်းတို့၏ဆိုရှယ်မီဒီယာအကောင့်များမှ အချက်အလက်များရယူ၍ နှောင့်ယှက်ခံရခြင်း၊ ငွေညှစ်ခံရခြင်း၊ အမျိုးသမီးများ၏ပုံများကို ကာယကံရှင်၏ သဘောတူညီချက်မပါဘဲမျှဝေခြင်းတို့ဖြင့် အွန်လိုင်းပေါ်မှ နှောင့်ယှက်မှုခံရခြင်းများ ကြုံတွေ့ နေကြရသည်။
နိုင်ငံတော်၏ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးလုပ်ငန်းအစီအစဉ်များ
မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးလုပ်ငန်း အစီအစဉ်များကိုအကောင်အထည်ဖော်လျက်ရှိသည်။ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုလက်မှတ်ရေးထိုးခဲ့ပါသည်။ ထို့အပြင် အာဆီယံအမျိုးသမီးကော်မတီ၊ ကလေးသူငယ်အခွင့်အရေးများမြှင့်တင်ရေးနှင့် ကာကွယ် စောင့်ရှောက်ရေးကော်မရှင်အဖွဲ့ဝင် နိုင်ငံလည်းဖြစ်ပြီး ကျန်အာဆီယံနိုင်ငံများနည်းတူ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးလုပ်ငန်းများအား တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီသည်လည်း အမျိုးသမီးအခွင့်အရေးမြှင့်တင်ဖော်ဆောင်သည့် လုပ်ငန်းများကို မူဝါဒ(၄)ရပ်၊ လုပ်ငန်းတာဝန်(၁၂)ရပ်ချမှတ်ပြီး ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အဆင့်အနေဖြင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီနှင့် လုပ်ငန်းကော်မတီများကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို သတင်းပို့ တိုင်ကြားနိုင်ရန် ၂၄ နာရီ Help Line ဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ်ကတည်းက စတင်ထူထောင်ထားခဲ့ပြီးဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအခမ်းအနားများကို စတင်ကျင်းပခဲ့သည်။ အကြမ်းဖက်ခံရသူများကို တရားရင်ဆိုင်ခရီးစရိတ်နှင့် အသက်မွေးဝမ်းကျောင်းစရိတ်များ ထောက်ပံ့ပေးခြင်း၊ လုံခြုံရေးအတွက် နားခိုရာနေရာများ စီစဉ်ပေးခြင်း၊ အခြားသောဝန်ဆောင်မှုများ ရရှိနိုင်ရေး ညွှန်းပို့ချိတ်ဆက်ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ အကြမ်းဖက်ခံရသည့် အမျိုးသမီးများကို ယာယီလက်ခံစောင့်ရှောက်ပေးနိုင်ရေးအတွက် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ လားရှိုး၊ လွိုင်ကော်နှင့်မုံရွာမြို့တို့တွင် One Stop Women Support Center များ ဖွင့်လှစ်ထားရှိပြီး ဝန်ဆောင်မှုများပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်ကို အသုံးပြုပြီး လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသူ (Case Manager) ၂၅၀ ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။
အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးခြင်း
အမျိုးသမီးများ၏ စွမ်းရည်ကိုမြှင့်တင်ပေးခြင်းဖြင့် နိုင်ငံတစ်နိုင်ငံချင်းစီ၏ ကုန်ထုတ်စွမ်းအားများ တိုးတက်မြင့်မားလာမည်ဖြစ်သည်။ ထို့ကြောင့် အမျိုးသမီးတစ်ဦးချင်းစီ၏ အရည်အချင်း၊ အရည်အသွေးလုပ်ကိုင်နိုင်စွမ်းတို့ကို မြှင့်တင်ပေးပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကိုင်ဆောင်ရွက်သင့်သည်။ ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသမီးများ၏ အခွင့်အရေးကို ကာကွယ်ပေးခြင်း၊ ကျား၊ မတန်းတူညီမျှမှုကိုမြှင့်တင်ခြင်း၊ အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးမြှုပ်နှံခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။ အမျိုးသမီးများ၏အခွင့်အရေးကို အောက်ပါအချက်များဖြင့် ကာကွယ်ပေးနိုင်သည်။
ခိုင်မာသောဥပဒေမူဘောင်
ကျား၊ မရေးရာအခြေခံအကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှုနှင့် တန်းတူညီမျှအခွင့်အရေးများကဲ့သို့ သောပြဿနာများကို ဖြေရှင်းပေးသည့် အမျိုးသမီးများ၏ အခွင့်အရေးကိုအာမခံသည့် ခိုင်မာသော ဥပဒေမူဘောင်များကို လိုက်နာကျင့်သုံးရန် လိုအပ်ပါသည်။
ပညာရေး
မိန်းကလေးငယ်များနှင့် အမျိုးသမီးများအတွက် ပညာရေးကိုမြှင့်တင်ပေးပြီး အရည်အသွေး ပြည့်မီသောပညာရေးကို တန်းတူရရှိစေရမည်။ ပညာရေးသည် အမျိုးသမီးများ၏ အရည်အချင်းများကို မြှင့်တင်ပေးပြီး ကျား၊ မ စံနမူနာများကိုချိုးဖျက်ရန် ပံ့ပိုးပေးပါသည်။
စီးပွားရေးစွမ်းဆောင်မှု
တန်းတူညီမျှ စီးပွားရေးအခွင့်အလမ်းများ၊ မျှတသောလုပ်ခလစာနှင့် အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိရေးကို ဆောင်ရွက်ရမည်။ စီးပွားရေးစွမ်းဆောင်မှုသည် ၎င်းတို့၏ လွတ်လပ်မှုကို မြှင့်တင်ပေးပြီး အားနည်းချက်ကို လျှော့ချပေးပါသည်။
ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း
မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုများ၊ မိခင်စောင့်ရှောက်မှုနှင့် အမျိုးသမီးများအပေါ် သက်ရောက်မှုရှိသော သီးခြားကျန်းမာရေးပြဿနာများကို ဖြေရှင်းပေးခြင်းအပါအဝင် အမျိုးသမီးများကို အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများ လက်လှမ်းမီနိုင်စေရန်ဆောင်ရွက် ပေးရမည်ဖြစ်သည်။
နိုင်ငံရေးပါဝင်မှု
နိုင်ငံရေးလုပ်ငန်းစဉ်များနှင့် ခေါင်းဆောင်မှုအခန်းကဏ္ဍများတွင် အမျိုးသမီးများ၏ တက်ကြွစွာပါဝင်မှုကို အားပေးရမည်။ ကျား၊ မရေးရာရှုထောင့်များကို ထည့်သွင်းစဉ်းစားသည့် မူဝါဒများအတွက် အမျိုးသမီးများဆုံးဖြတ်ချက်ချသည့်ရာထူးများတွင် ထားရှိခြင်းသည် မရှိမဖြစ် လိုအပ်ပါသည်။
လူမှုအသိအမြင်နှင့် ယဉ်ကျေးမှုဆိုင်ရာများ
ကျား၊ မ မညီမျှမှုကို ဆက်လက်တည်မြဲစေမည့် ကျား၊မ မညီမျှမှုများကို ဆန့်ကျင်သည့် စံနမူနာများနှင့် ယဉ်ကျေးမှုစံနှုန်းများကို စိန်ခေါ်ရန်အတွက် လူမှုအသိအမြင်ကို မြှင့်တင်ပေးရပါမည်။ ကျား၊ မ တန်းတူညီမျှမှုအပေါ် လူ့အဖွဲ့အစည်း၏ သဘောထားများ အပြောင်းအလဲကို အားပေးအားမြှောက် ပြုခြင်းသည် အရေးကြီးပါသည်။
မီဒီယာကိုယ်စားပြုမှု
ပုံသေပုံစံများကိုစိန်ခေါပြီး လူမှုအသိုင်းအဝိုင်း၏ ခံယူချက်များကို ပြောင်းလဲရန်အတွက် အထောက်အကူဖြစ်စေရန်အတွက် မီဒီယာများတွင် အမျိုးသမီးများ၏ အပြုသဘောဆောင်ပြီး တိကျမှန်ကန်သော ကိုယ်စားပြုမှုကို မြှင့်တင်ပေးရမည်။
ပံ့ပိုးမှုစနစ်များ
အကြမ်းဖက်မှု သို့မဟုတ် ခွဲခြားဆက်ဆံခံရမှု ရင်ဆိုင်နေရသော အမျိုးသမီးများအတွက် ရုပ်ဝတ္ထု ပစ္စည်းများနှင့် အကြံဉာဏ်ပေးခြင်းဝန်ဆောင်မှုများ အပါအဝင် ပံ့ပိုးမှုစနစ်များ ထူထောင်ပေးခြင်း၊ ကျား၊ မ အခြေပြုအကြမ်းဖက်မှုများကို အစီရင်ခံခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းသည် အရေးကြီးပါသည်။
နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ခြင်း
ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးအခွင့်အရေးဆိုင်ရာ ပြဿနာများကိုဖြေရှင်းရန်အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများနှင့် မိတ်ဖက်များပူးပေါင်းဆောင်ရွက်ခြင်းသည် အရေးကြီးပါသည်။ ကောင်းသောအလေ့အကျင့်များနှင့် အရင်းအမြစ်များကို မျှဝေခြင်းသည် ပိုမိုကျယ်ပြန့်သော အကျိုးသက်ရောက်မှုကို အထောက်အကူပြုပါသည်။
စောင့်ကြည့်ခြင်းနှင့် အကဲဖြတ်ခြင်း
အမျိုးသမီးများ၏ အခွင့်အရေးများကို အကာအကွယ်ပေးရန်အတွက် ရည်ရွယ်သောမူဝါဒများနှင့် အစပြုမှုများ၏ ထိရောက်မှုကိုပုံမှန်စောင့်ကြည့် အကဲဖြတ်ရပါမည်။ အထက်ပါကြိုးပမ်းအားထုတ်မှုများကို ပေါင်းစပ်ခြင်းသည် အမျိုးသမီးများ၏ အခွင့်အရေးများကို ကာကွယ်ခြင်းနှင့် မြှင့်တင်ခြင်းအတွက် ကမ္ဘာတစ်ဝန်းတွင် ကျယ်ကျယ်ပြန့်ပြန့် ချဉ်းကပ်မှုတစ်ရပ်ကို အထောက်အကူဖြစ်စေပါ သည်။
အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် ပညာရေး၊ စီးပွားရေးအခွင့်အလမ်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီခြင်း၊ ဥပဒေဆိုင်ရာရပိုင်ခွင့်များနှင့် လူမှုရေးသဘောထားများ စသည့်အချက်များသည် အရေးကြီးပါသည်။ ပညာရေးနှင့်တန်းတူ အလုပ်အကိုင်အခွင့်အလမ်း များမှတစ်ဆင့် အမျိုးသမီးများအား စွမ်းဆောင်ပေးခြင်းဖြင့် စီးပွားရေးလွတ်လပ်မှုကို ဖြစ်ပေါ်စေ ပါသည်။ အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဥပဒေဆိုင်ရာအခွင့်အရေးများကို လက်လှမ်းမီရရှိစေရေး၊ ကျား၊ မစံနှုန်းများနှင့် ပုံသေပုံစံများကို ကိုင်တွယ်ဖြေရှင်းခြင်းသည် အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အားလုံးပါဝင်ပြီး ပံ့ပိုးကူညီသောလူ့အဖွဲ့အစည်းကို ဖန်တီး ရာတွင် အရေးပါသော အခန်းကဏ္ဍမှပါဝင်ပါသည်။
အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေးရေးတွင် ရင်းနှီးမြှုပ်နှံမှုများသည် အရေးကြီးသော်လည်း အမျိုးမျိုးသောပြဿနာများ ရှိနေပါသည်။ ကျား၊ မ အခြေပြုအကြမ်းဖက်မှု၊ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများမညီမျှစွာ ဝင်ရောက်မှုနှင့် ခေါင်းဆောင်မှုအခန်းကဏ္ဍများတွင် အကန့်အသတ်ဖြင့် ကိုယ်စားပြုမှုသည် တိုးတက်မှုကို ဟန့်တားစေပါသည်။
အဆိုပါစိန်ခေါ်မှုများကို ဖြေရှင်းရန် ကျယ်ကျယ်ပြန့်ပြန့် မဟာဗျူဟာများ၊ မူဝါဒများပြုပြင်ပြောင်းလဲမှုများနှင့် အမျိုးသမီးများ၏ ဘဝတိုးတက်မှုနှင့် ဘေးကင်းရေးတို့အတွက် ပါဝင်သော ပတ်ဝန်း ကျင်တစ်ခုဖန်တီးရန် စဉ်ဆက်မပြတ် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီမှုများ လိုအပ်ပါသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများမှ တားဆီးကာကွယ်ရန် ၎င်းတို့နှင့်နီးစပ်သော အသိုက်အဝန်းသည် အရေးပါပြီးအကြမ်းဖက်မှုပြဿနာကို ပွင့်လင်းစွာဆွေးနွေးနိုင်သည့် ပတ်ဝန်းကျင်မျိုး ဖြစ်ရန်လိုသည်။ ထို့ကြောင့် ကျား၊ မ တန်းတူညီမျှမှုနှင့် အကြမ်းဖက်မှု၏ အကျိုးဆက်များအကြောင်း ကို လူထုအကြားသိရှိနားလည်အောင် ပညာပေးသင့်သည်။ အမျိုးသမီးများ စီးပွားရေးစွမ်းဆောင်မှုက အကြမ်းဖက်မှုကို လျှော့ချနိုင်သည့် အချက်တစ်ချက်ဖြစ်ပြီး ထိုသို့ဆောင်ရွက်နိုင်ရန် အမျိုးသမီးများ၏ ပညာသင်ကြားခွင့်နှင့် အလုပ်အကိုင် အခွင့်အလမ်းမြှင့်တင်ပေးခြင်းများ ပါဝင်သည်။ ဥပဒေရေးရာကဏ္ဍအနေဖြင့်လည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ဥပဒေကြောင်းအရ ပိုမိုကာကွယ်ပေးနိုင်ရန် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့်ပတ်သက်သည့် ရှိရင်းစွဲ ဥပဒေများကို လိုအပ်ပါက ပြန်လည်ပြင်ဆင်ခြင်း၊ အသစ်ပြဋ္ဌာန်းရန်လိုအပ်ပါက အသစ်ပြဋ္ဌာန်းခြင်းများ လုပ်ဆောင်ရပါမည်။
အမျိုးသမီးများအပေါ် နည်းအမျိုးမျိုးဖြင့် အကြမ်းဖက်မှုများသည် နေရာအသီးသီးရှိ အမျိုးသမီးများအပေါ် သက်ရောက်နေသော ကမ္ဘာလုံးဆိုင်ရာပြဿနာဖြစ်သည်။ ထို့ကြောင့် အမျိုးသမီးများအတွက် လုံခြုံမှုရှိသည့် ကမ္ဘာကြီးကိုဖန်တီးရန် ရပ်ရွာ၊ မြို့နယ်အဆင့်ဆင့်မှသည် အမျိုးသားအဆင့်၊ နိုင်ငံတော်အဆင့်၊ ကမ္ဘာလုံးဆိုင်ရာအဆင့်အထိ ပူးပေါင်းကြိုးပမ်းကြရမည် ဖြစ်ကြောင်းကို တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
No comments:
Post a Comment