ဦးကျော်ကျော် (တရားရေး)
ရောင်းချရန်ပဋိညာဉ်
ရောင်းချရန်ပဋိညာဉ် (သို့မဟုတ်) စရန်ပေးစာချုပ်ဆိုသည်မှာ ရောင်းသူနှင့် ဝယ်သူကြားတွင် ရောင်းသူက ဝယ်သူအား ပစ္စည်းရောင်းချရန် သဘောတူညီချက်တစ်ခု ဖြစ်ပါသည်။
ရောင်းချရန်ပဋိညာဉ်တွင် ရောင်းသူသည် ဝယ်သူသို့ရောင်းချသော ပစ္စည်းနှင့်စပ်လျဉ်း၍
အာမခံချက်ဖြင့် ပိုင်ဆိုင်မှုကို ရောင်းချနိုင်သည်။ အာမခံဆိုသည်မှာ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုနှင့်ပတ်သက်သော
အချို့သော အချက်အလက်များနှင့် ကိုယ်စားပြုမှုများသည် မှန်ကန်ကြောင်း တရားဝင်ကျင့်သုံးနိုင်သော
ကတိတစ်ခုဖြစ်သည်။
ရောင်းချရန်ပဋိညာဉ် ချုပ်ဆိုရာတွင် ရောင်းချသူနှင့် ဝယ်ယူသူတို့အကြား ထားရှိသည့်
စည်းကမ်းချက်များကို ပြေငြိမ်းအောင် ဆောင်ရွက်လျက် မရွှေ့မပြောင်းနိုင်သော ပစ္စည်းအားပေးအပ်ရန်
ပြုလုပ်သည့် ပဋိညာဉ်သည် ယင်းပစ္စည်းကို ရောင်းချရန်ပြုလုပ်သည့် ပဋိညာဉ်ဖြစ်သည်။
ပစ္စည်းကို ရောင်းချမည်ဆိုသော ပဋိညာဉ်ကို နှုတ်ဖြင့်ဖြစ်စေ၊ စာချုပ်ချုပ်ဆို၍ဖြစ်စေ
ပြုလုပ်နိုင်သည်။ စာချုပ်ချုပ်ဆို၍ ပြုလုပ်ထားသော ရောင်းချရန်ပဋိညာဉ်ကို မှတ်ပုံတင်ရန်
မလိုပေ။ စာချုပ် စာတမ်းများမှတ်ပုံတင်ဥပဒေပုဒ်မ ၁၆ အရ မှတ်ပုံမတင်မနေရသည့် စာချုပ်စာတမ်းမျိုးလည်း
မဟုတ်ပေ။
တရားဝင်ပဋိညာဉ်
တရားဝင်ပဋိညာဉ်မြောက်ရန်အတွက် “ပဋိညာဉ်အက်ဥပဒေပုဒ်မ ၂၃ တွင် သဘောတူညီချက်၏ ရည်ရွယ်ချက်သည်
အောက်ပါအချက်တစ်ရပ်ရပ်မရှိမှသာလျှင် တရားဥပဒေနှင့်ညီကြောင်း ပြဋ္ဌာန်းထား ပါသည်-
(၁) တရားဥပဒေဖြင့် တားမြစ်ထားသည့်အချက်၊
(၂) အကယ်၍ ခွင့်ပြုလျှင် တရားဥပဒေပါ ပြဋ္ဌာန်းချက်များကို ပျက်ပြားစေမည့်အချက်၊
(၃) လိမ်လည်လှည့်ဖြားရာ ရောက်သည့်အချက်၊
(၄) သူတပါး၏ ကိုယ် (သို့မဟုတ်) ပစ္စည်းကို ထိခိုက်နစ်နာစေခြင်း (သို့မဟုတ်) နစ်နာရာ
ရောက်စေသည့် အချက်၊
(၅) ကျင့်ဝတ်တရားပျက်ပြားသည့် သို့မဟုတ် အများပြည်သူဆိုင်ရာဝါဒနှင့် ဆန့်ကျင်သည်ဟု
တရားရုံးက ထင်မြင် သည့်အချက်။” ဟု ဒေါ်စပ်ချစ်ဦးနှင့် ဦးစိုင်းရီအမှု၊ ၂၀၀၂ ခုနှစ်၊
မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၂၆၀ တွင် လမ်းညွှန် ထုံးဖွဲ့ထားပါသည်။
မှန်ကြောင်းလက်မှတ်ရေးထိုးခြင်း
“မှန်ကြောင်းလက်မှတ်ရေးထိုးခြင်း အထမြောက်ရန် အောက်ပါ အင်္ဂါရပ်များဖြင့် ပြည့်စုံရန်လိုသည်-
(၁) အနည်းဆုံး သက်သေ ၂ ဦး ရှိရမည်၊
(၂) သက်သေတိုင်းက စာချုပ်၌ စာချုပ်ချုပ်ဆိုသူ လက်မှတ်ရေးထိုးသည်ကို ဖြစ်စေ၊ အမှတ်အသား
ပြုသည်ကိုဖြစ်စေ တွေ့မြင်ရမည်၊ သို့မဟုတ် စာချုပ်ချုပ်ဆိုသူက မိမိလက်မှတ် သို့မဟုတ်
အမှတ်အသားဖြစ်ကြောင်း ဝန်ခံပြောဆိုသည်ကို ကြားသိရမည်၊
(၃) သက်သေတိုင်းက စာချုပ်ချုပ်ဆိုသူ၏ ရှေ့တွင် လက်မှတ်ရေးထိုးရမည်။” ဟု ဦးစိုးအောင်နှင့်
ဒေါ်ခင်ခင်လှ ပါ-၂ အမှု၊ ၂၀၀၀ ပြည့်နှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၇၃ (၇၄) တွင်
လမ်းညွှန်ထုံးဖွဲ့ ထားပါသည်။
ပဋိညာဉ်ချိုးဖောက်ခြင်း
တိကျစွာနှင့် ပြည့်စုံစွာပြောရလျှင် ပဋိညာဉ်ပြုသူတစ်ယောက်သည် ပဋိညာဉ်အရ ၎င်းအပေါ်တွင်
ကျရောက်သောတာဝန်ကို ဆောင်ရွက်ရန် ငြင်းပယ်လျှင် သို့မဟုတ် ပဋိညာဉ်အရ ဆောင်ရွက်ရန် အချိန်ကျရောက်သော်လည်းဆောင်ရွက်ရန်
ပျက်ကွက်လျှင် ပဋိညာဉ်ချိုးဖောက်မှုဖြစ်ပေါ်သည်။ ပဋိညာဉ်ကို ငြင်းပယ်ခြင်း
(repudiation of the contract) သည် ပဋိညာဉ်အတိုင်း လိုက်နာဆောင်ရွက်ရန် ငြင်းဆိုခြင်း
(refusal to fulfil the contract) ဖြစ်သည်။
ကတိရသူက ပဋိညာဉ်ကို ဖျက်သိမ်းခွင့်ရခြင်း
စာဖြင့်ရေးသားထားသည့် ပဋိညာဉ်တွင် ဝယ်သူက သတ်မှတ်ထားသောနေ့ရက်အတွင်း ပဋိညာဉ်ကိုပြီးစီးအောင်
မဆောင်ရွက်ပါက စရန်ငွေကို အဆုံးခံရန်နှင့် ရောင်းသူက ပဋိညာဉ်ဖောက်ဖျက်ပါက စရန်ငွေကိုပြန်ပေးရမည့်အပြင်
နောက်ထပ်လျော်ကြေးပေးရန် နှစ်ဖက်လုံးအပေါ် အတည်ဖြစ်သည့် စည်းကမ်းချက်ပါရှိလျှင် ထိုပဋိညာဉ်သည်
အချိန်ကို အဓိကထားကြောင်း ထင်ရှားသည်။ (A.K.R.M.M.K CHIDAMBARAM CHETTYAR VS KHOO
HWA LAM၊ ၁၉၅၀ ပြည့်နှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး (တရားလွှတ်တော်ချုပ်)၊ စာ ၉၈)
ပဋိညာဉ်ချုပ်ဆိုရာတွင် ပါဝင်သူတစ်ဦးက အကြောင်းအရာတစ်ခု သတ်မှတ်ထားသောအချိန်တွင်
ပြုလုပ်ရန် ကတိပြုသော်လည်း ထိုကဲ့သို့ပြုလုပ်ရန် ပျက်ကွက်လျှင် အချိန်သည် ပဋိညာဉ်၏အဓိက
အချက်ဖြစ်ရန် ရည်ရွယ်ပါက ကတိရသူက ထိုပဋိညာဉ်ကို ပဋိညာဉ် အက်ဥပဒေပုဒ်မ ၅၅ အရ ဖျက်သိမ်းခွင့်ရသည်။
ပဋိညာဉ်အက်ဥပဒေ ပုဒ်မ ၅၅ တွင် ဖော်ပြထားသောအချိန်ကာလသည် ပဋိညာဉ်၏ အဓိကအချက်ဖြစ်စေရန်
ကာယကံရှင်များက ရည်ရွယ်ခြင်းရှိ-မရှိပြဿနာကို စာဖြင့်ရေးသားထားသော စာချုပ်စာတမ်းပါ
စည်းကမ်းချက်များနှင့် ပတ်ဝန်းကျင်အကြောင်းခြင်းရာများကို ဆင်ခြင်စဉ်းစားဆုံးဖြတ်ရမည်။
(ဒေါ်လှနွဲ့ (၎င်း၏အခွင့်ရကိုယ်စားလှယ် ဦးထွန်းအောင်) / ဒေါ်လှနွဲ့ (၎င်း၏အခွင့်ရကိုယ်စားလှယ်
ဦးထွန်းအောင်) နှင့် ဦးသန်းညွန့်ပါ ၃ / ဦးသန်းညွန့်၊ ၂၀၀၁ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊
စာ ၄၀၃(၄၀၄))
ပဋိညာဉ်တွင်ပါရှိသော အစီအစဉ်အတိုင်း တာဝန်များကို ဆောင်ရွက်ခြင်း
ပဋိညာဉ်အက်ဥပဒေပုဒ်မ ၅၂ တွင် အပြန်အလှန်ကတိများအတိုင်း ဆောင်ရွက်ရန်အစီအစဉ်ကိုပဋိညာဉ်အရ
အတိအလင်း သတ်မှတ် ထားလျှင် ထိုအစီအစဉ်အတိုင်း ဆောင်ရွက်ရမည်။ ထို့ပြင် ပဋိညာဉ်အရ အစီအစဉ်ကို
အတိအလင်းသတ်မှတ်ခြင်းမရှိလျှင် အမှုကိစ္စ သဘောအရ လိုအပ်သောအစီအစဉ်အတိုင်း ဆောင်ရွက်ရမည်ဟု
ပြဋ္ဌာန်းထားသည်။ သို့ဖြစ်၍ သာမန်အားဖြင့် အပြန်အလှန် ကတိပြုသူနှစ်ဦးသည် ပဋိညာဉ်တွင်ပါရှိသော
အစီအစဉ်အတိုင်း ၎င်းတို့၏ တာဝန်များကို ဆောင်ရွက်ရမည်ဖြစ်သည်။ (ဒေါ်နီ(ခ)ဒေါ်မိမိလေးနှင့်
ဒေါ်အေး၊ ၂၀၀၁ ခုနှစ် ၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ ၂၅၉)
ရောင်းရန်ပဋိညာဉ်ချုပ်ဆိုရုံဖြင့် ဝယ်သူသည်အခွင့်အရေးမရှိခြင်း
ပစ္စည်းလွှဲပြောင်းအက်ဥပဒေပုဒ်မ ၅၄ အရ ရောင်းရန်ပဋိညာဉ်ချုပ်ဆိုရုံဖြင့် ဝယ်သူသည်
ပစ္စည်းပေါ်၌ မည်သည့်အခွင့်အရေးမျှမရှိကြောင်း "A contract for the sale of
immoveable property is a contract that a sale of such property shall take place
on terms settled between the parties. It does not, of itself create any
interest in or charge on such property." ဟုပြဋ္ဌာန်းထားသည်။ (ဦးမြင့်စိုးနှင့်
ဦးတင်ရွှေပါ၂၊ ၂၀၀၂ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ ၃၆၈(၃၇၆))
ပဋိညာဉ်ကို သီးခြားအတည်ပြုလုပ်ခြင်း
သို့ရာတွင် သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ ၁၂ (ဂ) တွင် ဆောင်ရွက်ရန် သဘောတူသည့်ကိစ္စမှာ
မဆောင်ရွက်သည့်အတွက် ငွေကြေးအားဖြင့် လျော်ကြေးပေးသော်လည်း လုံလောက်သည့် သက်သာခွင့်မရနိုင်သည့်ကိစ္စဖြစ်လျှင်
ယင်းပဋိညာဉ်ကို သီးခြား အတည်ပြုလုပ်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။
ရောင်းချမည်ဆိုသော ပဋိညာဉ်ရှိသည့် အကြောင်းကြောင့် ဝယ်မည့်သူသည် ပစ္စည်းအပေါ်၌
ပိုင်ဆိုင်ခွင့် မရရှိသေးသော်လည်း ထိုပစ္စည်းနှင့်ပတ်သက်၍ အရောင်းစာချုပ်ချုပ်ဆိုပေးရန်
သီးခြား ဆောင်ရွက်စေနိုင်ခွင့်ရှိသောကြောင့် လုံးဝအခွင့်အရေးမရှိဟု မဆိုသာ ပေ၊ သို့ဖြစ်ရာ
ဝယ်မည့်သူသည် ပစ္စည်းကို အာမခံထားခွင့်ရှိပြီး အာမခံထားခဲ့လျှင် ပစ္စည်းဆုံးရှုံးမှုအတွက်
အာမခံကုမ္ပဏီမှ လျော်ကြေးတောင်းဆိုခွင့်ရှိပေသည်။ (ဂျီစွန်ဒရမ်နှင့် ဗေါ်လကန် အင်ရှူးဝါရင်း
ကုမ္ပဏီ၊ အတွဲ ၉ ရန်ကုန် ၄၅၂)
ပဋိညာဉ်အတိုင်း ဆောင်ရွက်ပေးစေလိုမှုတွင် တရားလိုသည် ၎င်းနှင့်တရားပြိုင်အကြားတွင်
ပြီးမြောက်သော ပဋိညာဉ်ရှိကြောင်း၊ ပဋိညာဉ်ပါ ဆောင်ရွက်ရန်ရှိသည့်ကိစ္စများကို ဆောင်ရွက်ရန်
အဓိက ကျသည့်နေ့ရက်များတွင် အသင့်ရှိသည့်အပြင် အာသီသလည်း ရှိကြောင်း၊ ထို့ပြင် ပဋိညာဉ်အတိုင်း
ဆောင်ရွက်နိုင်ကြောင်း သက်သေပြရမည်။ ပဋိညာဉ်အတိုင်းဆောင်ရွက်စေခြင်းမှာ တရားရုံးက မိမိသဘောအတိုင်း
ခွင့်ပြုရသည့်ကိစ္စဖြစ်သည်။ မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ပဋိညာဉ်အတိုင်း သီးခြားဆောင်ရွက်စေရန်
စွဲဆိုမှုသက်သက်ဖြစ်ပါမူ၊ ဆိုလိုသည်မှာ အရောင်းပဋိညာဉ်အတိုင်း ဆောင်ရွက်ပေးစေရန်နှင့်
လွှဲပြောင်းစာချုပ် ချုပ်ဆိုရန်ဖြစ်လျှင် ထိုအမှု တွင် ပစ္စည်း၏ပိုင်ဆိုင်မှုကို အဆုံးအဖြတ်ပေးရန်
မဟုတ်ပေ။ ထိုအမှုများ၌ အငြင်းပွားသောတစ်ခုတည်းသောပြဿနာမှာ ပဋိညာဉ်ပြုလုပ်ခြင်းရှိ မရှိ၊
ရှိလျှင် သီးခြားဆောင်ရွက်ပေးသင့်သော အကြောင်းရှိ မရှိဖြစ်သည်။ မရွှေ့မပြောင်းနိုင်သောပစ္စည်းကို
ပဋိညာဉ်အတိုင်း သီးခြားဆောင်ရွက်စေရန်နှင့် ပစ္စည်းလက်ရောက်ရလိုမှု ဖြစ်လျှင် အချင်းဖြစ်ပစ္စည်း၏
ပိုင်ဆိုင်မှုကို တရားရုံးက အဆုံးအဖြတ်ပေးရမည်။ ဤအမှုတွင် ဦးအောင်ကျော်မင်းတို့က ဦးစိုးမြင့်အပေါ်
အချင်းဖြစ်မြေနှင့် အိမ်ကို ပဋိညာဉ်အတိုင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်နှင့် ပစ္စည်းလက်ရောက်ပေးအပ်ရန်
တရားစွဲဆိုခြင်းဖြစ်သဖြင့် အချင်းဖြစ် ပစ္စည်းကို ဦးစိုးမြင့်က တရားဝင်ပိုင်ဆိုင်မှု
ရှိ မရှိကို ထည့်သွင်းစဉ်းစားရမည်။ (ဦးစိုးမြင့်နှင့် ဦးအောင်ကျော်မင်းပါ၂ ၊ ၂၀၀၁ ခုနှစ်၊
မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ ၁၆၇)
အရောင်းအဝယ်ကတိစာချုပ်တွင် အခြားသူတစ်ဦးဦးအား လွှဲပြောင်းရောင်းချလျှင် ရောင်းသူမှ
ဝယ်သူသို့ စရန်ငွေ ၂ ဆ ပေးလျော်ရန် စည်းကမ်းချက်ပါရှိခြင်း၊ ရောင်းသူက ပဋိညာဉ်ဖောက်ဖျက်သည့်အခါ
ဝယ်သူအား လျော်ကြေးငွေပေးစေလျှင် လုံလောက်သည့် သက်သာခွင့်ရသည်ဟုဆိုနိုင်ခြင်းရှိ မရှိ။
ပုဒ်မ ၂၇ (ခ) အရ မူလပဋိညာဉ်ပြုပြီးမှ ပေါ်ပေါက်လာသည့် ပိုင်ဆိုင်ခွင့်ရှိသူတစ်ဦးအပေါ်
မူလပဋိညာဉ်အတိုင်း သီးခြားအတည်ပြုဆောင်ရွက်စေနိုင်ပါသည်။ (ဦးမြမောင်နှင့် ဦးဝမ်စွိ(ခ)တန်ဝမ်စွိပါ-၇/ဦးတင်ဦး
ပါ-၈ ၊ ၁၉၉၅ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ ၁၁၅)
ဝယ်ယူသည့်ပစ္စည်းနှင့်စပ်လျဉ်း၍ ယခင်ရောင်းချရန်ပဋိညာဉ်ရှိကြောင်းကို သိလျက်နှင့်
အချင်းဖြစ်ပစ္စည်း ဝယ်ယူသူအပေါ် ထိုပဋိညာဉ်အတိုင်း သီးခြားအတည်ပြုလုပ်နိုင်ကြောင်း၊
သီးခြား သက်သာခွင့်အက်ဥပဒေပုဒ်မ ၂၇ အရ ပဋိညာဉ်တွင် ပါဝင်ချုပ်ဆိုသူတို့အပေါ်တွင်သာမက
တရားပြိုင်တို့က လွှဲပြောင်းပေးသဖြင့် ပိုင်ရေးပိုင်ခွင့်ရရှိလာသူတို့အပေါ်တွင်ပါ အတည်ပြုလုပ်နိုင်ကြောင်း
ထုံးဖွဲ့သည်။ (ကိုဖန်ငါးနှင့် ဒေါ်ပွေးနှင့် အခြားသူများ၊ ၁၉၅၁ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံးများ၊
စာ ၄၅၇)
ဖောက်ဖျက်သူထံမှလျော်ကြေးရခွင့်
ငြင်းပယ်ခြင်းမြောက်အောင် ပဋိညာဉ်အရ ပြုလုပ်ရမည့်တာဝန်ကို ပြုလုပ်ဆောင်ရွက်ရန်
မည်သို့ ငြင်းပယ်ရမည်နည်းဟူမူ လုံးလုံး လျားလျား ငြင်းဆိုရမည် (total refusal) သို့မဟုတ်
အကြွင်းမဲ့ ငြင်းဆို ခြင်း (absolute refusal) ဟု ဆိုရပေလိမ့်မည်။ ပဋိညာဉ်ပြုသူတစ်ယောက်သည်
ပဋိညာဉ်အတိုင်း ၎င်းက မဆောင်ရွက်နိုင်ကြောင်း သို့မဟုတ် မဆောင်ရွက်လိုကြောင်းကို ၎င်း၏ပြုမူချက်
(conduct) ဖြင့် သိစေလျှင်၊ ပဋိညာဉ်အရ ၎င်းပေါ်ကျရောက်သော တာဝန်ကို ငြင်းပယ်ရာရောက်သဖြင့်
အခြားတစ်ဖက်တွင် ပဋိညာဉ်ပြုသူသည် ထိုငြင်းပယ်ချက်ကြောင့် နစ်နာလျှင် လျော်ကြေးရခွင့်ရှိသည်။
(၁၉၇၂ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၄၃(၄၄))
ပဋိညာဉ်အက်ဥပဒေပုဒ်မ ၇၄ အရလည်း ပဋိညာဉ်ကို ဖောက်ဖျက်သောအခါ ထိုသို့ဖောက်ဖျက်ပါက
ပေးရန်ဖြစ်သော ငွေပမာဏကို ပဋိညာဉ်တွင်ဖော်ပြထားလျှင် ထိုသို့ဖောက်ဖျက်ခြင်းကြောင့်
အမှန် တကယ် ပျက်စီးဆုံးရှုံးမှုရှိကြောင်း ထင်ရှားသည်ဖြစ်စေ၊ မထင်ရှားသည်ဖြစ်စေ ဖောက်ဖျက်ကြောင်း
တိုင်တန်းသူသည် ဖောက်ဖျက်သူထံမှ ထိုဖော်ပြသော ငွေကြေးပမာဏကို ရပိုင်ခွင့်ရှိသည်။
အရောင်းအဝယ်ကတိစာချုပ်တွင် ဝယ်သူမှ စရန်ငွေပေးချေပြီး နောက်တွင် ရောင်းသူများ၏
ပျက်ကွက်မှုကြောင့် အရောင်းအဝယ် အထမမြောက်ပါကလည်းကောင်း၊ အခြားတစ်ဦးဦးအား လွှဲပြောင်းရောင်းချလျှင်သော်လည်းကောင်း
ရောင်းသူများက ဝယ်ယူသူ၏ နစ်နာကုန်ကျစရိတ်များနှင့် ဝယ်သူထံမှ ကြိုတင်ရယူထားသော စရန်ငွေ၏
၂ ဆဖြစ်သည့်ငွေကို ဝယ်သူသို့ ရောင်းသူမှပေးလျော်ရန် နှစ်ဦးနှစ်ဖက်သဘောတူညီကြကြောင်း
စည်းကမ်းချက်တစ်ရပ် ပါရှိသည်။
ယင်းစည်းကမ်းချက်မှာ ရောင်းသူက အရောင်းအဝယ်ပဋိညာဉ်ကို ပျက်ကွက်မှုမရှိစေရန်အတွက်
အာမခံချက်တစ်ရပ်အဖြစ် ထည့်သွင်းထားခြင်းဖြစ်သည်။ ဝယ်ယူသူသည် အရောင်းအဝယ်ပြုလုပ်သည့်
ပစ္စည်းကိုရယူလိုသဖြင့် အဖိုးစားနားပေးကာ ဝယ်ယူခြင်းဖြစ်သည်။ အရောင်းအဝယ်ကတိစာချုပ်
ချုပ်ဆိုခြင်းမှာ ရောင်းသူက အရောင်း အဝယ်ပြုလုပ်သည့်ပစ္စည်းကို အဖိုးစားနားဖြင့် ဝယ်သူအား
လွှဲပြောင်းရောင်းချရန်သာဖြစ်သည်။ ဝယ်သူက ရောင်းသူထံမှ လျော်ကြေး တောင်းရန် ရည်ရွယ်ချက်ဖြင့်
ချုပ်ဆိုခြင်းမဟုတ်ကြောင်း မြင်သာ သည်။ ထို့ကြောင့်ပင် သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ
၁၂ ၏ ရှင်းလင်းချက်တွင် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းအား လွှဲပြောင်းပေးရန် ပဋိညာဉ်ကိုဖောက်ဖျက်သည့်အတွက်
ငွေကြေးအားဖြင့် လျော်ကြေးပေးသော်လည်း လုံလောက်သည့် သက်သာခွင့်မရနိုင်ဟု မှတ်ယူရမည်ဖြစ်ကြောင်း
ပြဋ္ဌာန်းထားခြင်းဖြစ်သည်။
“အရောင်းအဝယ်ပျက်ပြယ်သဖြင့် ပေးသွင်းထားသောငွေကို ပြန်လည်ပေးအပ်ရန်နှင့်စပ်လျဉ်း၍
ပဋိညာဉ်အက်ဥပဒေတွင် ပြဋ္ဌာန်းထားချက်များမတွေ့ရပေ။ ဤပြဿနာကို ဆုံးဖြတ်ရာ၌ ပေးသွင်းသော
ငွေသည်ရောင်းငွေအတွက် တစ်စိတ်တစ်ဒေသအားဖြင့် ပေးသွင်းခဲ့လျှင် ရောင်းသူသော်လည်းကောင်း၊
ဝယ်သူသော်လည်းကောင်း ပဋိညာဉ်အတိုင်း ဆောင်ရွက်ရန်ပျက်ကွက်က ထိုငွေကို ပြန်လည်ပေးအပ်ရမည်”ဟု
ဘာဘူကနီရာလား(လ်)ဒနုကာနှင့် မက်ဆား(စ်) ရွှေပြည်စိုးဖလင်ကုမ္ပဏီအမှု၊ ၁၉၆၄ ခုနှစ် မြန်မာနိုင်ငံ
တရားစီရင်ထုံး(တရားရုံးချုပ်)၊ စာ ၁၉၅ တွင် စီရင်ထုံးဖွဲ့ ထားသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုဝယ်ယူရန် ပဋိညာဉ်ပြုလုပ်သော ဝယ်သူက စရန်ငွေကိုပေးထားရာ
ပဋိညာဉ်အတိုင်း အပြီးသတ် ဆောင်ရွက်ရန် အချိန်စေ့ရောက်သောအခါ ရောင်းသူသည် အပြီးသတ် ဆောင်ရွက်ရန်
ပျက်ကွက်ခဲ့လျှင် ဝယ်သူသည် ပဋိညာဉ်ကို ဖျက်သိမ်းသည်ဟုမှတ်ယူ၍ စရန်ငွေကို ရလိုကြောင်း
စွဲဆိုနိုင်သည်၊ (သို့မဟုတ်) ပဋိညာဉ်ကို ဆက်လက်အတည်ဖြစ်သည်ဟုမှတ်ယူ၍ ပဋိညာဉ်ကိုချိုးဖောက်သည့်အတွက်
နစ်နာကြေး ရလိုမှုစွဲဆိုနိုင်သည်၊ (သို့မဟုတ်) ပဋိညာဉ်အတိုင်း ဆောင်ရွက်ပေးစေရန် စွဲဆိုနိုင်သည်။
ပဋိညာဉ်အက်ဥပဒေပုဒ်မ ၇၄ အရလည်း ပဋိညာဉ်ကိုဖောက်ဖျက်သောအခါ ထိုသို့ဖောက်ဖျက်ပါက ပေးရန်ဖြစ်သော
ငွေပမာဏကို ပဋိညာဉ် တွင်ဖော်ပြထားလျှင် ထိုသို့ဖောက်ဖျက်ခြင်းကြောင့် အမှန်တကယ် ပျက်စီးဆုံးရှုံးမှုရှိကြောင်း
ထင်ရှားသည်ဖြစ်စေ၊ မထင်ရှားသည်ဖြစ်စေ ဖောက်ဖျက်ကြောင်း တိုင်တန်းသူသည် ဖောက်ဖျက်သူထံမှ
ထိုဖော်ပြသော ငွေကြေးပမာဏကိုရပိုင်ခွင့်ရှိသည်။ သက်သေခံအမှတ်(က) ခြံမြေအရောင်းအဝယ်
စရန်ပေးစာချုပ်တွင် ရောင်းသူကပျက်ကွက်ပါက စရန်ငွေ၏နှစ်ဆကို ပေးလျော်မည်ဟု နှစ်ဦးနှစ်ဖက်
သဘောတူညီထားကြသဖြင့် စရန်ငွေ ၅၀၀၀၀/- ၏ နှစ်ဆဖြစ်သော ငွေ ၁ သိန်းကျပ်ကို ဝယ်သူအယူခံတရားလိုကရပိုင်ခွင့်ရှိသည်။
(ဒေါ်နီ(ခ)ဒေါ်မိမိလေးနှင့် ဒေါ်အေး၊ ၂၀၀၁ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ
၂၅၉(၂၇၀))
တရားစွဲဆိုရန်အကြောင်း
အရောင်းအဝယ်ပဋိညာဉ်အတိုင်း ဆောင်ရွက်ပေးစေလိုမှုတွင် တရားစွဲဆိုရန်အကြောင်းကို
ဖြစ်မြောက်စေသည့် အကြောင်းခြင်းရာများမှာ-
(၁) အချင်းဖြစ်မြေသည် တရားပြိုင်ပိုင်ဖြစ်ခြင်း၊
(၂) တရားပြိုင်က တရားလိုအား ထိုပစ္စည်းကို အဖိုးစားနားဖြင့် ရောင်းချရန်ပဋိညာဉ်ပြုခြင်း၊
(၃) တရားလိုသည် အဖိုးစားနားကို အပြည့်အဝပေးချေပြီးခြင်း သို့မဟုတ် အချို့အဝက်
ပေးချေ၍ ကျန်ငွေကိုပေးချေရန်အသင့်ရှိခြင်း၊
(၄) တရားပြိုင်သည် မှတ်ပုံတင်အရောင်းအဝယ် စာချုပ်ချုပ်ဆိုပေးရန် ပျက်ကွက်လျက်ရှိခြင်းတို့
ဖြစ်သည်။ (ဒေါ်ညွန့်ကြည်နှင့် ဒေါ်မြမြစန်းပါ၂/ ဒေါ်ညွန့်ကြည်နှင့် ဒေါ်မြမြစန်းပါ၂နှင့်
ဒေါ်မြမြစန်းပါ၂ နှင့် ဒေါ်ညွန့်ကြည်၊ ၂၀၂၂ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ
၁၇(၃၃))
ရောင်းချရန် ပဋိညာဉ်သို့မဟုတ် စရန်ပေးစာချုပ်များသည် စာချုပ် ချုပ်ဆိုသူများ၏
ရပိုင်ခွင့်များ၊ တာဝန်များကို မှတ်တမ်းအဖြစ် ဆောင်ရွက်သည်။ ရောင်းချရန် ပဋိညာဉ် သို့မဟုတ်
စရန်ပေးစာချုပ်များသည် ချုပ်ဆိုသူတို့အကြား အခကြေးငွေရရှိရန် ဆောင်ရွက်ပေးပါသည်။ ရောင်းချရန်
ပဋိညာဉ် သို့မဟုတ် စရန်ပေးစာချုပ်များသည် ဝင်ငွေတိုး ရန် အခွင့်အလမ်းလည်း ဖြစ်ပါသည်။
ရောင်းချရန် ပဋိညာဉ် သို့မဟုတ် စရန်ပေးစာချုပ်များသည် ချုပ်ဆိုသူများအကြား အငြင်းပွားမှုများကို
တားဆီးပေးခြင်းဖြင့် ကုန်သွယ်စီးပွားဆက်သွယ်တိုးတက်မှုကို အထောက်အကူပြုသကဲ့သို့ တစ်ဖက်တွင်လည်း
အငြင်းပွားမှုများ၏ အခြေခံအစပြုရာ စာချုပ်စာတမ်းတစ်ခုဖြစ်ပေရာ ရောင်းချရန် ပဋိညာဉ်နှင့်ပတ်သက်သည့်
ဥပဒေသဘောတရားများကို အလွယ်တကူလေ့လာနိုင်စေရန် စုစည်းတင်ပြအပ်ပါသည်။ ။
No comments:
Post a Comment