မောင်တည်ကြည်
(ယမန်နေ့မှအဆက်)
တားဆီးကာကွယ်ခြင်းကဏ္ဍ
တားဆီးကာကွယ်ခြင်းကဏ္ဍတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Pre-vention Unit-CPU) များကို ၂၀၁၉ ခုနှစ်မှစ၍ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်း ၁၄ ခုတွင် ရှေ့ပြေးအဖြစ် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်အထိ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်း ၃၇ ခုတွင်သာမက တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ၁၄ ခုတွင်ပါ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့သောကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများအား ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။
အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များအနေဖြင့် ပြည်သူလူထုအား သတင်းပို့တိုင်ကြား
နိုင်သည့် အခွင့်အလမ်းများ ပိုမိုရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့မှုများမှာ-
ဖွဲ့စည်းထားသော အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များအနေဖြင့် အဂတိလိုက်စားမှု
ဆက်လက်မဖြစ်ပေါ်စေရေးအတွက် တားမြစ်ထိန်းချုပ်သွားရန် အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှု
ဆန်းစစ်လေ့လာခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်း ၁၃ ခုနှင့် တိုင်းဒေသကြီး/
ပြည်နယ်အစိုးရအဖွဲ့တစ်ခု၌ ဆောင်ရွက်ထားကြောင်း တွေ့ရှိရပါသည်။
စုံစမ်းစစ်ဆေးအရေးယူခြင်းကဏ္ဍ
ဥပဒေမူဘောင်ခိုင်မာရေးအတွက် ကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအား
ပြန်လည်သုံးသပ်ရေးအစည်းအဝေးများကို ကျင်းပပြုလုပ်ခဲ့ပြီး ပြန်လည်သုံးသပ်ရေးအဖွဲ့၏ သုံးသပ်ချက်အစီရင်ခံစာကို
၈-၁၂-၂၀၂၃ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ တင်ပြခဲ့ကြောင်းနှင့်
ဥပဒေပြင်ဆင်သည့်ကိစ္စရပ်များ ပြီးမြောက်ပါက ဥပဒေပြင်ဆင်ချက်များနှင့်အညီ အဂတိလိုက်စားမှု
တိုက်ဖျက်ရေးနည်းဥပဒေအသစ် ထုတ်ပြန်နိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ထို့အပြင် ရေးဆွဲထားသည့် အများပြည်သူအကျိုး ထုတ်ဖော်သတင်းပေးသူများ အကာအကွယ် ပေးရေးဥပဒေ
(မူကြမ်း) အား သုံးသပ်စိစစ်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။
စုံစမ်းစစ်ဆေးအရေးယူခြင်းကဏ္ဍအနေနဲ့ ကော်မရှင်သို့ ပေးပို့လာသည့် တိုင်ကြားစာများအပေါ်
စိစစ်သုံးသပ်ပြီး ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများမှ စိစစ်ဆောင်ရွက်ရမည့်ကိစ္စရပ်များ
ဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များသို့
လွှဲပြောင်းပေးပို့ခြင်း၊ ကော်မရှင်မှ အရေးယူရန်ရှိပါက စုံစမ်းစစ်ဆေး တရားစွဲတင်ဆောင်ရွက်ခြင်း၊
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် သက်ဆိုင်ခြင်းမရှိသည့် တိုင်ကြားစာများ၊ သက်သေအထောက်အထားခိုင်လုံမှုမရှိသည့်
တိုင်ကြားစာများကို ကျိုးကြောင်းဖော်ပြပြီး တိုင်ကြားသူထံသို့ အကြောင်းပြန်ကြားခြင်းများ
ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။
၂၀၂၃ ခုနှစ်တွင် ကော်မရှင်ရုံး နေပြည်တော်သို့ တိုင်ကြားစာ ၁၁၂၈ စောင်၊ ကော်မရှင်ရုံးခွဲ
(ရန်ကုန်)သို့ တိုင်ကြားစာ ၂၆ စောင်၊ ကော်မရှင်ရုံးခွဲ (မန္တလေး) သို့ တိုင်ကြားစာ
၃၈ စောင်၊ ကော်မရှင်ရုံးခွဲ(တောင်ကြီး)သို့ တိုင်ကြားစာ ၁၁ စောင်၊ ကော်မရှင်ရုံးခွဲ
(မော်လမြိုင်) သို့ တိုင်ကြားစာ ၁၄ စောင် အပါအဝင် တိုင်ကြားစာ စုစုပေါင်း ၁၂၁၇ စောင်
လက်ခံရရှိပါသည်။
၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ နှစ်အလိုက် တိုင်ကြားစာများ လက်ခံရရှိမှုမှာ -
၂၀၂၃ ခုနှစ်တွင် ကော်မရှင်မှ လက်ခံရရှိသည့် တိုင်ကြားစာများ၏အခြေအနေအား အောက်ပါအတိုင်း
ဖော်ပြအပ်ပါသည်-
၂၀၂၃ ခုနှစ်တွင် လက်ခံရရှိသည့် တိုင်ကြားစာများအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေကို
ဖော်ပြ အပ်ပါသည်-
အရေးယူဆောင်ရွက်ပေးနိုင်သည့် တိုင်ကြားစာ ၇၃၆ စောင်နှင့်ပတ်သက်၍ ကော်မရှင်မှ
စုံစမ်းစစ်ဆေးသည့် တိုင်ကြားစာ ၆ စောင်၊ ကြိုတင်ထောက်လှမ်းစုံစမ်းသည့် တိုင်ကြားစာ
၁၇ စောင်၊ ပြည်ထောင်စုဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များသို့ အရေးယူ
ဆောင်ရွက်ရန် လွှဲပြောင်းပေးပို့သည့် တိုင်ကြားစာ ၃၄၅ စောင်နှင့် တိုင်ကြားသူတစ်ဦးချင်းထံသို့
တိုင်ကြားစာပါအကြောင်းအရာနှင့်စပ်လျဉ်း၍ ဆောင်ရွက်သင့်သည်များကို ဖော်ပြအကြံပြုချက်များဖြင့်
ပြန်ကြားပေးသည့် တိုင်ကြားစာ ၃၆၈ စောင်ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။
စုံစမ်းစစ်ဆေးတရားစွဲတင်ပို့မှုနှင့် လွှဲပြောင်းပေးပို့မှု
၂၀၂၃ ခုနှစ်တွင် တိုင်ကြားစာ ၆ စောင်အား စုံစမ်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး လူပုဂ္ဂိုလ်
၁၄ ဦးအား ရာဇဝတ်ကြီးမှု ၁၄ မှု၊ ရာဇဝတ်အထွေထွေမှု ၅ မှုတို့ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးတရား
လွှတ်တော်တို့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ တရားစွဲတင်ပို့ခဲ့ပြီး ဝန်ထမ်း
၆ ဦးတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃၀ (ခ) အရ ဝန်ထမ်းစည်းကမ်းဖြင့်
အရေးယူနိုင်ရေး သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပေးပို့အရေးယူဆောင်ရွက်နိုင်ခဲ့ ပါသည်။
၂၀၂၃ ခုနှစ်တွင် ပြည်ထောင်စု၀န်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များသို့
အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၁၆ (ဍ) အရ လွှဲပြောင်းပေးပို့သည့် တိုင်ကြားစာများအပေါ်
သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများမှ ဝန်ထမ်း ၁၀၉ ဦးအား ဝန်ထမ်းစည်းကမ်းအရ အရေးယူဆောင်ရွက်ခဲ့
ပါသည်။
ကော်မရှင် စတင်ဖွဲ့စည်းသည့် ၂၀၁၄ ခုနှစ်မှ ယခုအချိန်အထိ တိုင်ကြားစာပေါင်း ၃၆၃၀၅
စောင်ရရှိခဲ့ပြီး အရေးယူဆောင်ရွက်ပေးနိုင်သည့် တိုင်ကြားစာ ၂၀၄၆၃ စောင်အပေါ် စုံစမ်းစစ်ဆေးဖော်ထုတ်အရေးယူခဲ့ရာမှ
နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ ဝန်ထမ်းစည်းကမ်းအရ အရေးယူဆောင်ရွက်ခဲ့သည့် နိုင်ငံ့ဝန်ထမ်း
၂၆၈၄ ဦးဖြစ်ပြီး အဂတိလိုက်စားမှု ကျူးလွန်သူ ၃၀၂ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ
တရားစွဲဆိုအရေးယူဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ
တရားစွဲဆိုအရေးယူဆောင်ရွက်ခဲ့သည့် ၃၀၂ ဦးမှာ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ ၆၅ ဦး၊ အဆင့်မြင့်
အရာရှိ ၂၁ ဦး၊ အရာထမ်း ၈၀၊ အမှုထမ်း ၈၄ ဦး၊ ပြည်သူ့ဝန်ထမ်း ၁၈ ဦးနှင့် အခြားပုဂ္ဂိုလ်
၃၄ ဦးတို့ ပါဝင်ခဲ့ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနဲ့ စုံစမ်းစစ်ဆေးတရားစွဲတင် ဆောင်ရွက်ခဲ့သည့်
အမှုများမှ ပြည်သူ့ဘဏ္ဍာသိမ်းဆည်းနိုင်မှုနှင့် နိုင်ငံ့ဘဏ္ဍာသို့ ပြန်လည်ပေးသွင်းနိုင်မှုမှာ
မြန်မာငွေကျပ် ၂၃ ဘီလီယံကျော်၊ အမေရိကန်ဒေါ်လာ ၄ သန်းကျော်တို့ ဖြစ်ပါတယ်။ နိုင်ငံတော်ဘဏ္ဍာ
ဆုံးရှုံးမှုမရှိစေရေး ကာကွယ်နိုင်ခဲ့မှုမှာ မြန်မာငွေကျပ် ၁၅၅ ဒသမ ၈၅၅ ဘီလီယံကျော်နှင့်
ယူရို ၃ သန်းကျော်တို့အပြင် နိုင်ငံတော်က ရရန်ရှိသည့် ငွေကြေးများ၊ အခွန်အခများကိုလည်း
သက်ဆိုင်ရာကုမ္ပဏီများက ပြန်လည်ပေးသွင်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ခြင်း
ကော်မရှင်အနေဖြင့် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းနှင့် သက်ဆိုင် သည့်
နယ်ပယ်များတွင် သတင်းအချက်အလက်ဖလှယ်ခြင်း၊ အတွေ့အကြုံများနှင့် ကောင်းမွန်သည့် အလေ့အကျင့်များမျှဝေခြင်းနှင့်
အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်အတွက် အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့
ASEAN – Parties Against Corruption (ASEAN-PAC)သို့ ၂၀၁၃ ခုနှစ်တွင် ဝင်ရောက်ခဲ့ပါသည်။
ထို့ပြင် ဒေသတွင်းနိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ ထိုင်း၊ လာအို၊ ကိုရီးယား၊ အိန္ဒိယ၊
ကမ္ဘောဒီးယားရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့အစည်းများနှင့်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့အစည်းများနှင့်
လည်းကောင်း နားလည်မှု စာချွန်လွှာ MoU ရေးထိုး၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို
ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးနှင့်
နှစ်နိုင်ငံနားလည်မှုစာချွန်လွှာကို ၂၉-၆-၂၀၂၃ ရက်နေ့တွင် လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်ပြီး လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် ASEAN-PAC အဖွဲ့ဝင်နိုင်ငံများနှင့်လည်း
လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားသည်ကို
တွေ့ရှိရပါသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးက ကြီးမှူးကျင်းပသည့်
"Together Against Corruption" လူမှုကြော်ငြာပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေး
ရန်ကုန်မြို့၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံး၏ ဖိတ်ကြားမှုအရ ကော်မရှင်သည် “အဂတိလိုက်စားမှု
တိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့” ခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ
အသိပညာပေးပိုစတာနှင့်ဗီဒီယိုပြိုင်ပွဲကို မြန်မာနိုင်ငံတစ်ဝန်းမှ အသက် ၁၄ နှစ်မှ ၃၅
နှစ်ကြား လူငယ်ပြိုင်ပွဲဝင်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။
ထို့ပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် လူငယ်များ ပိုမိုပါဝင်လာစေရန်နှင့်
လူငယ်များ၏ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်နိုင်စေရန် ရည်ရွယ်၍ စာစီစာကုံးပြိုင်ပွဲကို
ပြည်တွင်းပြိုင်ပွဲတစ်ခုအဖြစ် ထည့်သွင်းကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ပြီး အဂတိလိုက်စားမှု
တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ပိုစတာ၊ ဗီဒီယိုပြိုင်ပွဲတို့နှင့် တစ်ပြိုင်တည်း ကျင်းပခဲ့ပါသည်။
အဆိုပါ ပြိုင်ပွဲများအလိုက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင်များအနက်
အကောင်းဆုံး ပြိုင်ပွဲဝင် ၁၀ ဦးစီကို အတည်ပြုရွေးချယ်ခဲ့ပြီး အကောင်းဆုံးပြိုင်ပွဲဝင်
ပိုစတာနှင့် ဗီဒီယိုတို့ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးက ကြီးမှူးကျင်းပသည့်
“Together Against Corruption” ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် ပေးပို့ယှဉ်ပြိုင်ခဲ့ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ
အသိပညာပေးပိုစတာ၊ ဗီဒီယိုနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိကြသူများအား
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့က ကျင်းပ ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှု
တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ငွေသားဆု၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လည်ဆွဲတို့ဖြင့်
ဆုများကို ထိုက်တန်စွာ
ချီးမြှင့်ပေးအပ်ခဲ့ပါသည်။
(ဆက်လက်ဖော်ပြပါမည်)

No comments:
Post a Comment