ဆက်လက်ဝဲ (MDevS)
၂၀၁၅ ခုနှစ် ဇွန်လ ၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့သည့် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေပါ ရည်ရွယ်ချက်များ၌ “မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ စွမ်းရည်နှင့် စွမ်းဆောင်နိုင်မှုများကို နိုင်ငံတော်နှင့် နိုင်ငံသားတို့က အသိအမှတ်ပြုနိုင်ရန်” ဆိုသည့် ရည်ရွယ်ချက်ပါဝင်ပါသည်။
အဆိုပါရည်ရွယ်ချက်အရ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီက
“မသန်စွမ်းမှုအမျိုးအစားအလိုက် အထိမ်းအမှတ်နေ့များတွင် မသန်စွမ်းသူများ၏ အခွင့်အရေး၊
မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ စွမ်းရည်နှင့် စွမ်းဆောင်နိုင်မှုများကို အများပြည်သူက
ပိုမို အလေးထားအသိအမှတ်ပြုလာစေရေး လှုံ့ဆော်အသိပညာပေးလုပ်ငန်းများကို နိုင်ငံပိုင်စာနယ်ဇင်း၊
မီဒီယာများကတစ်ဆင့် ဆောင်ရွက်ရန်” ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ကျင်းပခဲ့သည့်
အစည်းအဝေးတွင် ဆုံးဖြတ်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန
ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်တို့ကို တာဝန်ပေးအပ်ခဲ့ပါသည်။
၂၀၀၆ ခုနှစ်မှစတင်၍ နှစ်စဉ် မတ်လ ၂၁ ရက်နေ့တိုင်း ကမ္ဘာ့ဒေါင်းစင်ဒရုန်း(Down
Syndrome) နေ့အဖြစ် သတ်မှတ်ကာ အထိမ်းအမှတ်လှုပ်ရှားမှုများကို နှစ်စဉ်ကျင်းပလာခဲ့ပါသည်။
လာမည့် ၂၀၂၄ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ကမ္ဘာ့ဒေါင်းစင်ဒရုန်းနေ့ ကျရောက်မည်ဖြစ်ရာ
ဒေါင်းစင်ဒရုန်းဉာဏ်ရည် မသန်စွမ်းသူများအတွက် တန်းတူအခွင့်အရေးရရှိမှု သေချာစေရန်၊
ဒေါင်းစင်ဒရုန်းကလေးများဘဝ ပိုမိုဖွံ့ဖြိုးလာစေရေး အထောက်အကူပြုနိုင်ရန်၊ အခြားကလေးများနည်းတူ
ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် ပိုမိုပါဝင်လာနိုင်စေရန်၊ ဒေါင်းစင်ဒရုန်းမသန်စွမ်းသူများ၏
စွမ်းဆောင်နိုင်မှုကို ပိုမိုအသိအမှတ်ပြုလာစေရန်နှင့် ပြုစုပျိုးထောင်ပေးသော မိဘအုပ်ထိန်းသူများကို
အားပေးကူညီနိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အများပြည်သူသို့ ယခုကဲ့သို့
နှိုးဆော်အသိပေးရ ခြင်း ဖြစ်ပါသည်။
ဒေါင်းစင်ဒရုန်း အထိမ်းအမှတ်နေ့
ဒေါင်းစင်ဒရုန်းဆိုသည့် ဝေါဟာရကို မရင်းနှီးသေးသော ပြည်သူများကို ဦးစွာမိတ်ဆက်ပေးလိုပါ
သည်။ ဒေါင်းစင်ဒရုန်းသည် မျိုးဗီဇကြောင့် ကမ္ဘာပေါ်ရှိ လူတိုင်းတွင် ဖြစ်ပွားနိုင်ပါသည်။
ဖြစ်ပွားရ သည့် အကြောင်းရင်းမှာ သန္ဓေသားလောင်းဖြစ်ရန် မိခင်နှင့်ဖခင်ထံမှ မျိုးဗီဇသယ်ဆောင်သည့်အမျှင်
(ခရိုမိုဇုန်း-chromosome) များ ပုံမှန်မဖြစ်ခြင်းကြောင့်ဟု ဆိုပါသည်။ ပုံမှန်သန္ဓေသားအတွက်
ခရိုမိုဇုန်းအမျှင် ၂၃ စုံကို လက်ခံရရှိပါသည်။ ခရိုမိုဇုန်းအမျှင် တစ်စုံလျှင် အမျှင်
နှစ်မျှင်နှုန်းဖြင့် စုစုပေါင်း ခရိုမိုဇုန်း အမျှင် ၄၆ ခု ပါရှိသည်။
ခရိုမိုဇုန်း ၄၆ စုံ အနက် ၂၁ စုံမြောက် ခရိုမိုဇုန်း အမျှင်တစ်စုံ (အမျှင်နှစ်မျှင်)
သည် ပုံမှန်မဟုတ်ဘဲ တစ်မျှင် ပိုမိုပါဝင်ခြင်းကြောင့် တစ်နည်းအားဖြင့် စုစုပေါင်းခရိုမိုဇုန်းအမျှင်
၄၇ ခုကြောင့် ဒေါင်းစင် ဒရုန်းကလေးများ မွေးဖွားလာရခြင်းဖြစ်ပါသည်။ အဆိုပါအမျှင်တစ်စုံ၏
နံပါတ်သည် ၂၁ ခုမြောက် (Trisomy 21) ဖြစ်၍ မတ်လ ၂၁ ရက်နေ့ကို ကမ္ဘာ့ ဒေါင်းစင်ဒရုန်းနေ့အဖြစ်
သတ်မှတ်ခဲ့ကြခြင်း ဖြစ်ပါ သည်။
ဒေါင်းစင်ဒရုန်း ဖြစ်နိုင်ခြေ
ကမ္ဘာ့နိုင်ငံများတွင် အရှင်မွေးကလေး ၈၀၀ တွင် တစ်ဦးသည် ဒေါင်းစင်ဒရုန်းကလေး
ဖြစ်နိုင် ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစကလေးများ၊
ကလေးသူငယ်များတွင် မသန်စွမ်းဖြစ်ပွားမှုနှုန်း အနည်းဆုံးဖြစ်စေရန် မသန်စွမ်းသူများ၏
အခွင့်အရေးဥပဒေပုဒ်မ ၂၇ အရ ကျန်းမာရေးဝန်ကြီးဌာနအား စီမံချက်များချမှတ်၍ ဖော်ဆောင်စေလျက်ရှိပါသည်။
ဒေါင်းစင်ဒရုန်းနှင့် အခြားမျိုးဗီဇရောဂါများဖြစ်ပွားမှုကို ကာကွယ် လျှော့ချနိုင်ရေးအတွက်
သားသမီးမယူမီ ကျွမ်းကျင်သော ဆရာဝန်များ၊ ပညာရှင်များနှင့်တွေ့ဆုံပြီး မိမိတို့၏မျိုးဗီဇရောဂါဆိုင်ရာ
တိုင်ပင်ဆွေးနွေးခြင်း (Genetic Counselling) ပြုလုပ်သင့်ပါသည်။
အထူးသဖြင့် မိမိကိုယ်တိုင် သို့မဟုတ် မိသားစုတွင် မျိုးဗီဇရောဂါရှိသူများ၊ ဒေါင်းစင်ဒရုန်းဝေဒနာ
ခံစားနေရသည့် သားသမီးကြီးရှိသည့် မိဘများ၊ နှုန်းလွန်အသံလှိုင်း (Ultrasound)ဖြင့်
ကိုယ်ဝန်ကို စစ်ဆေးစဉ် မူမမှန်သောအခြင်းတစ်ခုခု တွေ့ရှိရသည့် မိခင်လောင်းများအနေဖြင့်
မျိုးဗီဇရောဂါ ဆိုင်ရာ တိုင်ပင်ဆွေးနွေးခြင်းကို မဖြစ်မနေဆောင်ရွက်သင့်ပါသည်။ ကိုယ်ဝန်ဆောင်ချိန်တွင်လည်း
(Triplemarkers tests/ Quard test) စသည်တို့ကို ဆောင်ရွက်၍ သန္ဓေသား၏ ဒေါင်းစင်ဒရုန်း
ဖြစ်နိုင် ခြေ (High Risk Percentage) ကို တွက်ချက်စစ်ဆေးနိုင်ပါသည်။ ယင်းသို့စစ်ဆေးခြင်းဖြင့်
ဒေါင်းစင် ဒရုန်းကလေးမွေးဖွားလာပါက ပြုစုပျိုးထောင်နိုင်ရေးကို ကြိုတင်စီစဉ်ဆောင်ရွက်နိုင်မည်
ဖြစ်ပါ သည်။
မိဘအသက်အရွယ်နှင့် ဒေါင်းစင်ဒရုန်း
ကျန်းမာရေးဆိုင်ရာစစ်တမ်းများတွင် မိခင်အသက်အရွယ်နှင့် ဒေါင်းစင်ဒရုန်းကလေး မွေးဖွားမှုသည်
ဆက်စပ်ကြောင်း၊ မိခင်၏အသက် ၂၀ ဆိုပါ က ၁:၁၄၄၁၊ အသက် ၃၀ ဆိုပါက ၁:၉၅၉၊ အသက် ၄၀ ဆိုပါက
၁:၈၄၊ အသက် ၅၀ ဆိုပါက ၁:၄၄ အချိုးအသီးသီးရှိကြောင်း ဖော်ပြထားပါသည်။ အသက် ၄၅ နှစ်အရွယ်
ကိုယ်ဝန်ဆောင် ၃၀ တွင် တစ်ဦးက ဒေါင်းစင်ဒရုန်းကလေးမွေးဖွားနိုင်ခြေ အလွန်မြင့်မားကြောင်း
ဆေးပညာဆိုင်ရာတွေ့ရှိချက်အရ အသက်ကြီးမိခင်မှ ဒေါင်းစင်ဒရုန်းကလေး မွေးဖွားနိုင်ခြေများသည်ဟု
ဆိုနိုင်သော်လည်း ဒေါင်းစင်ဒရုန်းကလေး ၇၀ ရာခိုင်နှုန်းကို အသက် ၃၀ နှင့်အောက် မိခင်များက
မွေးခဲ့ခြင်းဖြစ်ကြောင်း လေ့လာသိရှိနိုင်ပါသည်။
ထို့အပြင် ဖခင်၏ အသက်အရွယ်ကြီးခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း၊ အသက်ကြီးသော
အမျိုးသားနှင့် ၃၅ နှစ်နှင့်အထက် အမျိုးသမီးတို့ အိမ်ထောင်ပြု၍ သားသမီးရယူခြင်းသည်
အသက် ၃၅ နှစ်အောက်အမျိုးသမီးနှင့် အိမ်ထောင်ပြု၍ သားသမီးရယူခြင်းထက် ဒေါင်းစင်ဒရုန်းကလေး
ပိုမိုဖြစ်နိုင်ကြောင်းလည်း လေ့လာသိရှိနိုင်ပါသည်။ ဒေါင်းစင်ဒရုန်းကလေးမွေးဖွားမှုသည်
အမျိုးသမီး အမျိုးသား အသက်အရွယ်အပေါ် မူတည်ခြင်းထက် မိမိ၏ ကံ ကံ၏ အကျိုးကြောင့်လည်း
ဖြစ်နိုင် ကြောင်း အယူအဆများရှိပါသည်။
မသန်စွမ်းမှုအဆင့်ကို လျှော့ချခြင်း
အမျိုးသားကော်မတီအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ ငါးနှစ်
စီမံကိန်း (၂၀၂၂-၂၀၂၇) ကို ချမှတ်၍ ကျန်းမာရေးဝန်ကြီးဌာနအား ကျန်းမာရေးကဏ္ဍဆိုင်ရာ
လုပ်ငန်းစီမံချက်ကို ရေးဆွဲစေကာ ဖော်ဆောင်စေလျက်ရှိပါသည်။ လုပ်ငန်းစီမံချက်တွင် “မသန်စွမ်းဖြစ်မှုနှင့်
မသန်စွမ်းမှုအဆင့်အခြေအနေ (Disability Grad-ing) ပိုမိုဆိုးရွားလာမှုကို ကြိုတင်ကာကွယ်သည့်
အစီအစဉ်များ တိုးမြှင့်ဆောင်ရွက်ခြင်း” လုပ်ငန်း ပါဝင်ပါသည်။ ဒေါင်းစင်ဒရုန်းကလေး အရွယ်ရောက်ပါက
ဝေဒနာပျောက်ကင်းသွားခြင်းမရှိဘဲ အသက်ထက်ဆုံး အမြဲတမ်းမသန်စွမ်းမှုဖြင့် နေထိုင်သွားရမည်ဖြစ်ပါသည်။
သို့ဖြစ်၍ မသန်စွမ်းမှုအဆင့် အခြေအနေ ပိုမိုဆိုးရွားမလာရန် ကာကွယ်နိုင်ရေးအတွက် မွေးကင်းစကလေးများတွင်
ဒေါင်းစင်ဒရုန်း ဖြစ်၊ မဖြစ်ကို နိုင်ငံပိုင်ဆေးရုံကြီးများသို့ သွားရောက်ပြီး ပညာရှင်များဖြင့်
တိုင်ပင်ပြသကာ စစ်ဆေး၍ အကြံဉာဏ်ရယူနိုင်ကြောင်း အသိပေးတိုက်တွန်းအပ်ပါသည်။
ဒေါင်းစင်ဒရုန်း သွင်ပြင်လက္ခဏာ
ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် ရှေးခေတ်မွန်ဂိုလူမျိုးမျက်နှာပေါက်မျိုးရှိသော
ချစ်စရာကလေးများကို တွေ့မြင် နိုင်ပါသည်။ ယင်းကလေးများ၏ ဦးခေါင်း၊ မျက်နှာ၊ ခြေလက်သွင်ပြင်လက္ခဏာများသည်
တူညီလေ့ရှိပါသည်။ ခေါင်းသေးခြင်း၊ ပြားခြင်း၊ မျက်နှာပြားခြင်း၊ မျက်လုံးထောင့်များ
အပေါ်ဘက် သို့စွေနေခြင်း၊ နှာခေါင်းသေးပြီး နှာရိုးပြားခြင်း၊ ပါးစပ်သေးခြင်း၊ လျှာအပြင်ထွက်ပြီး
အက်ကွဲနေ ခြင်း၊ မျက်ဆံတွင် အဖြူအပြောက်လေးရှိနေခြင်း၊ လက်တိုခြင်း၊ လက်သန်းကွေးနေခြင်း၊
ခြေညှိုးနှင့် ခြေခလယ်ကြားအကွာအဝေးကျဲနေခြင်း၊ လက္ခဏာတစ်ကြောင်းတည်းပါခြင်း၊ ကြွက်သားများ
ပျော့နေခြင်း၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနောက်ကျခြင်းစသည်တို့သည် ဒေါင်းစင်ဒရုန်း၏ ထင်ရှားသောသွင်ပြင်များ
ဖြစ်ပါသည်။
မွေးရာပါ အမြင်အာရုံချို့ယွင်းခြင်း၊ အကြားအာရုံချို့ယွင်းခြင်း၊ နှလုံးရောဂါ၊
ကင်ဆာ၊ သွေးကင်ဆာ၊ သိုင်းရိုက်ရောဂါ၊ ဆီးချိုရောဂါ၊ အစာအိမ်အူလမ်းကြောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊
မျိုးဆက်ပြန့်ပွားနိုင်ခြေနည်းခြင်း စသည့်ရောဂါများလည်း ပါဝင်လာနိုင်ပါသည်။ စကားပြောနှင့်
ဉာဏ်ရည်ဖွံ့ဖြိုးမှုနောက်ကျခြင်းမရှိရန် ကုသမရသော်လည်း မိဘများနှင့်မိသားစုက လိုအပ်သောစောင့်ရှောက်မှုများပေးခြင်း၊
ကူညီဖေးမခြင်းနည်းလမ်းများဖြင့် ဒေါင်းစင်ဒရုန်းကလေးများကို ကိုယ်တိုင်အခက်အခဲမရှိ
ရပ်တည်နေထိုင်နိုင်ရန် လေ့ကျင့်ပျိုးထောင်ပေးနိုင်ပါသည်။
ပြုစုပျိုးထောင်ခြင်း
ဒေါင်းစင်ဒရုန်းကလေးများကို လူမမာကဲ့သို့ အိပ်ရာပေါ်တွင်မထားရန်၊ အခြားကလေးများနှင့်
အတူဆော့ကစားစေခြင်းကို ခွင့်ပြုရန်၊ နေ့စဉ်လုပ်ဆောင်ရသောကိစ္စများကို မိသားစုက လုပ်ပေး
ခြင်းမပြုဘဲ ဖြည်းဖြည်းမှန်မှန် အချိန်ယူ၍ သင်ပေးရန်၊ လုပ်ခွင့်ပြုရန်လိုအပ်ပါသည်။
အိပ်ချိန်၊ အိပ်ရာထချိန်၊ သွားတိုက်၊ မျက်နှာသစ်၊ ရေချိုး၊ အင်္ကျီဝတ်စသည်တို့ကို အချိန်မှန်ဆောင်ရွက်တတ်ရေး
လေ့ကျင့်ပေးရန်၊ အလုပ်တစ်ခုပြီး နောက်အလုပ်လုပ်ရန် သိသာသည့်အချက်ပြသင်္ကေတများ (ဥပမာ-
မျက်နှာသစ်ပြီး သွားတိုက်ရန် သွားတိုက်နေသော ရုပ်ပုံကိုပြသထားခြင်း) ကို စီစဉ်ထားပြီး
နားလည်လိုက်နာစေရေး လေ့ကျင့်ပေးထားရန် စသည့် နည်းစနစ်များကို မိဘအုပ်ထိန်းသူများကိုယ်တိုင်
နားလည်ထားရန် အရေးကြီးပါသည်။ ရုပ်ပုံ၊ ဓာတ်ပုံ များဖြင့် ပြသသင်ကြားပေးခြင်းသည် ထိရောက်ကြောင်း
သိရှိရသဖြင့် တစ်နေ့တာလုပ်ဆောင်ရမည့် လှုပ်ရှားမှုပြ ရုပ်ပုံ၊ ဓာတ်ပုံများကို စုဆောင်း၍
ဒေါင်းစင်ဒရုန်းကလေးများကို လေ့ကျင့်ပေးသင့် ကြောင်း အကြံပေးလိုပါသည်။
ကျောင်းနေအရွယ်ရောက်ပါက သက်ဆိုင်ရာကျွမ်းကျင်သူများနှင့် ကလေးကို စစ်ဆေးမှုများ
ပြုလုပ်ပြီး ကြိုတင်ပြင်ဆင်ရပါမည်။ အိမ်စာများကို ကလေးနှင့်အတူ ကူလုပ်ပေးခြင်း၊ နားမလည်သည့်
သင်ခန်းစာများကို သင်ပြပေးခြင်း၊ ရိုက်ခြင်း၊ ဆူခြင်းမပြုဘဲ စိတ်ရှည်ရှည်ဖြင့် ညင်သာစွာပြောဆို
သင်ကြားခြင်း စသည့်နည်းလမ်းများကိုလည်း နားလည်ထားရန် လိုအပ်ပါသည်။ နေ့စဉ်လူမှုဘဝတွင်
ဦးဆောင်လုပ်ကိုင်တတ်စေရန် အဝတ်အစားကို ကိုယ်တိုင်ရွေးချယ်စေခြင်း၊ စိုးရိမ်စိတ်ဖြင့်
အကာအကွယ်ပေးတားဆီးခြင်းအစား စောင့်ကြည့်ကာ စောင့်ရှောက်ပေးခြင်း နည်းလမ်းများဖြင့်
လွတ်လပ်ခွင့်၊ လုပ်ခွင့်ပေးခြင်း၊ ပြဿနာတစ်ရပ် (ဥပမာ- ကျောင်းက အတန်းဖော်နှင့် ဖြစ်တတ်သော
ပြဿနာ၊ တွေ့ကြုံရသည့်အခက်အခဲ) ကို ကိုယ်တိုင် ဖြေရှင်းနိုင်ရန် အကူအညီပေးခြင်း၊ မှန်ကန်စွာ
ဖြေရှင်းတတ်ရန် တည့်မတ်ပေးခြင်းစသည့် နည်းလမ်းများကိုလည်း အသုံးပြုနိုင်ပါသည်။
မိဘအုပ်ထိန်းသူများအနေဖြင့် ဒေါင်းစင်ဒရုန်းကလေးများကို ပြုစုပျိုးထောင်ရေး အသိပညာများကို
တတ်ကျွမ်းနားလည်စေရန် လေ့လာပြီး စိတ်ခွန်အားအပြည့်ဖြင့် ဆောင်ရွက်ခြင်းဖြင့် မိဘများကွယ်လွန်သည့်အချိန်တွင်
ကလေးကိုယ်တိုင် အမှီအခိုအနည်းဆုံးဖြင့် ရပ်တည်နေထိုင်သွားနိုင်မည်ဖြစ်ပါသည်။ နိုင်ငံတော်ကလည်း
မသန်စွမ်းသူများ လူမှုအသိုင်း အဝိုင်းတွင် အခြားသူများနည်းတူ ပါဝင်ဆောင်ရွက်နိုင်ရေး၊
လုပ်ရည်ကိုင်ရည်နှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရေး၊ ရုပ်ပိုင်း၊ စိတ်ပိုင်း၊
ဉာဏ်ရည်ပိုင်း၊ ဘာသာစကားဆိုင်ရာနှင့် လူမှုရေးပိုင်းဆိုင်ရာ ပြုစုပျိုးထောင်ရေးနှင့်
ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ
အမျိုးသားကော်မတီက မူဝါဒများ ချမှတ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများအား စီမံချက်များနှင့်
အစီအစဉ်များရေးဆွဲစေကာ တစ်နှစ် ထက်တစ်နှစ် တိုးမြှင့်ဖော်ဆောင်စေလျက် ရှိပါသည်။
ခွဲခြားဆက်ဆံခြင်းမပြုရန်
ဒေါင်းစင်ဒရုန်းကလေးများသည် ရုပ်ပိုင်းနှင့် ဉာဏ်ရည်ပိုင်းတွင် အခြားကလေးများနှင့်
ကွဲပြားမှု ရှိသော်လည်း ပင်ကိုသဘောထားနူးညံ့သူများဖြစ်ပြီး အလွယ်တကူ ဒေါသထွက်ခြင်းမရှိဘဲ
အကျင့် ကောင်းမွန်သူများ ဖြစ်ကြပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဒေါင်းစင်ဒရုန်း
ဉာဏ်ရည်မသန်စွမ်းသူများ သည် အလုပ်လုပ်ကိုင်နိုင်ကြပြီး ဝတ်စုံဒီဇိုင်နာ၊ တေးဂီတ၊ အားကစား၊
ကျောင်းဆရာ၊ မော်ဒယ်၊ ပန်းပုဆရာ၊ စာရေးဆရာ၊ သရုပ်ဆောင်၊ မုန့်တိုက်လုပ်ငန်းစသည့်ကဏ္ဍစုံတွင်
ထူးချွန်သူများအဖြစ် ရပ်တည်လျက်ရှိပါသည်။
စပိန်နိုင်ငံမှ Angela Bachiller သည် ဒေါင်းစင်ဒရုန်း ဉာဏ်ရည်မသန်စွမ်းသူများ
ရွေးကောက်ခံ ပိုင်ခွင့်အတွက် ကြိုးပမ်းခဲ့သူ နိုင်ငံရေးသမားအဖြစ် ထင်ရှားပါသည်။ သို့ဖြစ်၍
အခြားကလေးများ နည်းတူ သွားလာနေထိုင်ပြုမူခြင်းကို လုပ်ခွင့်ရရှိစေရေး မိသားစုအပါအဝင်
အများပြည်သူအနေဖြင့် ခွဲခြားဆက်ဆံခြင်းမပြုဘဲ တန်းတူလေ့ကျင့်သင်ကြားပေးရန် အရေးကြီးပါသည်။
နိုင်ငံတော်အနေဖြင့်လည်း မသန်စွမ်းသူများကို တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အဖွဲ့အစည်းများကဖြစ်စေ၊
လုပ်ငန်းဌာနများကဖြစ်စေ နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံခြင်း၊ အကြမ်းဖက်ခြင်း၊ အလွဲသုံးခြင်း၊
လျစ်လျူရှုခြင်းတို့မှ အကာအကွယ်ပေးနိုင်ရန် ဥပဒေ၊ နည်းဥပဒေများထုတ်ပြန်ပြီး စီမံဆောင်ရွက်ပေးလျက်ရှိပါသည်။
အထူးပညာရေးအစီအစဉ်
နိုင်ငံတော်အစိုးရသည် မသန်စွမ်းကလေးသူငယ်တိုင်းအတွက် ပညာသင်ကြားရေးဆိုင်ရာ အခွင့်အလမ်းများရရှိစေရန်
မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနများသို့
တာဝန်ပေးဆောင်ရွက်စေလျက်ရှိပါသည်။ ကျောင်းပညာ သင်ကြားနိုင်သည့် ဒေါင်းစင်ဒရုန်းကလေးများအနေဖြင့်
အခြားကလေးများနည်းတူ အခြေခံပညာ ကျောင်းများတွင် တက်ရောက်သင်ကြားနိုင်ပါသည်။
ကျောင်းပညာမသင်ကြားနိုင်သော မသန်စွမ်းကလေးများအား ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွင်
အခက်အခဲမရှိရပ်တည်နိုင်ရန်၊ စွမ်းဆောင်ရည်မြင့်မားလာရန်အတွက် နိုင်ငံပိုင်နှင့်အစိုးရကျောင်း
များ မှတ်ပုံတင်ထားသော ပုဂ္ဂလိကကျောင်းများ၏ သီးသန့်အထူးပညာရေးအစီအစဉ်များတွင် ပါဝင်
တက်ရောက်နိုင်ပါ သည်။ ယင်းအစီအစဉ်များတွင် ဒေါင်းစင်ဒရုန်းကလေးများအတွက် စကားပြော ကုထုံးများနှင့်
အသက်မွေးဝမ်ကျောင်းပညာရပ်များဆိုင်ရာ အထူးလေ့ကျင့်ခန်းများကို သင်ကြား ပေးလျက်ရှိပါသည်။
မိဘအုပ်ထိန်းသူများအနေဖြင့် ဒေါင်းစင်ဒရုန်းကလေးများကို နွေးထွေးလုံခြုံမှုပေးခြင်း၊
စနစ် တကျ လေ့ကျင့်သင်ကြားပေးခြင်း၊ ဂရုတစိုက်ပြုစုပျိုးထောင်ပေးခြင်းတို့ဖြင့် ကလေးများ
ကြီးပြင်းလာပါက မိမိကိုယ်တိုင်ရပ်တည်နေထိုင်နိုင်သည့်အပြင် မိသားစုနှင့်ပတ်ဝန်းကျင်အတွက်
တန်ဖိုးရှိသူတစ်ဦး ဖြစ်လာနိုင်ပါသည်။
မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်မှစတင်၍ ကမ္ဘာ့ဒေါင်းစင်ဒရုန်းနေ့အထိမ်းအမှတ် လှုပ်ရှားမှုများကို
မသန်စွမ်းအသင်းအဖွဲ့များ၊ ဒေါင်းစင်ဒရုန်းမသန်စွမ်းသူများ၏ မိဘများက စတင်ဆောင်ရွက်လာ
ခဲ့ရာ ယခုနှစ်တွင် (၁၀) နှစ် ပြည့်မြောက်ပြီဖြစ်ပါသည်။ အမျိုးသားကော်မတီ၏ မသန်စွမ်းသူများ၏
အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာငါးနှစ်စီမံကိန်း (၂၀၂၂-၂၀၂၇) အရ ပညာရေး၊ ကျန်းမာရေး၊
အလွယ်တကူလက်လှမ်းမီ ရယူအသုံးပြုနိုင်ရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေးနှင့်
အရေးပေါ်အခြေအနေ၊ လုပ်ငန်းနှင့် အလုပ်အကိုင်ဆိုင်ရာလုပ်ငန်းစီမံချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများက
ရေးဆွဲဖော်ဆောင်လျက်ရှိရာ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်နှင့် မိတ်ဖက်အဖွဲ့အစည်းများက
ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ဉာဏ်ရည်မသန်စွမ်းသူများ၏ အခွင့်အရေး၊ ဒေါင်းစင်ဒရုန်းကလေးများ
ဘဝ ပိုမိုဖွံ့ဖြိုးလာစေရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် ပိုမိုပါဝင်လာနိုင်စေရေးအတွက်
တန်းတူအလေးထား ထည့်သွင်းအကောင်အထည်ဖော်လျက်ရှိပါသည်။
အများပြည်သူအနေဖြင့် ဒေါင်းစင်ဒရုန်း ဉာဏ်ရည်မသန်စွမ်းသူများ၏ စွမ်းဆောင်နိုင်မှုများနှင့်
ယင်းသို့ စွမ်းဆောင်နိုင်ရန် ပြုစုပျိုးထောင်ပေးသော မိဘအုပ်ထိန်းသူများ၏ ကြိုးပမ်းအားထုတ်မှု
များကို အသိအမှတ်ပြုကြိုဆိုရင်း ဒေါင်းစင်ဒရုန်းကလေးများဘဝ ပိုမိုဖွံ့ဖြိုးလာစေရေးအတွက်
ဝိုင်းဝန်းအထောက်အကူပြုကြပါစို့ဟု တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။
No comments:
Post a Comment