နေပြည်တော် မတ် ၁၈
မြန်မာနိုင်ငံ စာရင်းကောင်စီက ကြီးမှူးကျင်းပသည့် လက်မှတ်ရပြည်သူ့စာရင်းကိုင် (Certified Public Accountant – CPA) (ပထမပိုင်း) သင်တန်း အမှတ်စဉ် (၄၈) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နဝရတ်ခန်းမ၌ Hybrid System ဖြင့် ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စု စာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ
ဒေါက်တာ ခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံ စာရင်းကောင်စီဒုတိယဥက္ကဋ္ဌ
(၁) ဒေါ်နိုင်သက်ဦး၊ အမြဲတမ်း အတွင်းဝန်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများ
တက်ရောက်ကြပြီး မြန်မာနိုင်ငံ စာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၂) ဦးဝမ်းတင်နှင့် ကောင်စီဝင်များ၊
မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းမှ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့်
သင်တန်းသားများ၊ ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းမှ တာဝန်ရှိသူများက Online ဖြင့်
တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍနှစ်ရပ်လုံးတွင်
စာရင်းပညာရှင်နှင့် စာရင်းကျွမ်းကျင်သူများ မွေးထုတ်ပေးလျက်ရှိရာ လက်မှတ်ရပြည်သူ့ စာရင်းကိုင်သင်တန်းသည်
ဘွဲ့လွန်ပညာရှင်အဆင့် နှစ်နှစ်သင်တန်းဖြစ်ပြီး ၁၉၇၂ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ရာ ယခုဆိုလျှင်
သင်တန်းအမှတ်စဉ် (၄၈) သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ယခု သင်တန်းသည် နိုင်ငံတော်ကို
အကျိုးပြုသည့် သင်တန်းဖြစ်သဖြင့် နိုင်ငံက အားထားရသည့် ကျင့်ဝတ်သိက္ခာမြင့်မားသော စာရင်းပညာရှင်များအဖြစ်
ရပ်တည်ဆောင်ရွက်နိုင်စေရေး၊ ပညာရပ်ကို လေးစားတန်ဖိုးထားသည့် အရည်အချင်းပြည့်ဝသူများဖြစ်စေရေး
သင်တန်းကာလတစ်လျှောက် ဇွဲ၊ လုံ့လ၊ ဝီရိယရှိစွာဖြင့် သင်ယူကြိုးစားကြစေလိုကြောင်း၊ ပို့ချသင်ကြားပေးမှုများကို
အလေးထားလေ့လာဆည်းပူးခြင်းအပြင် ကိုယ်တိုင်လေ့လာသင်ယူခြင်းဖြင့် မိမိ ရည်မှန်းချက်ပန်းတိုင်သို့
လှမ်းချီနိုင်ရေး ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း
နေပြည်တော် သင်တန်းကျောင်းတာဝန်ခံက သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို နေပြည်တော် သင်တန်းကျောင်းတွင် သင်တန်းသား ၂၈ ဦးနှင့် ရန်ကုန်
သင်တန်းကျောင်းတွင် သင်တန်းသား ၅၈ ဦး စုစုပေါင်းသင်တန်းသား ၈၆ ဦးတို့ကို ဘာသာရပ်ခြောက်ခုဖြင့်
သင်တန်းကာလ ၁၁ လကြာ တစ်ပြိုင်တည်း ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment