သစ်တောမောင်
သစ်တောများ တည်ရှိရှင်သန်နေခြင်းသည် “အတိတ်ကာလ၏ အမွေအနှစ်၊ ပစ္စုပ္ပန်၏ အကျိုးစီးပွားနှင့် အနာဂတ်၏ ဖွံ့ဖြိုးမှု” ဟုဆိုသည့်အတိုင်း သစ်တောများသည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ သစ်တောများ ထာဝစဉ်တည်တံ့စေရေးအတွက် စနစ်တကျစီမံအုပ်ချုပ်ခြင်းသည် နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
သစ်ပင်သစ်တောများသည် လူများ၏ အခြေခံလိုအပ်ချက်ဖြစ်သည့် စား၊ ဝတ်၊ နေရေးကို ဖြည့်ဆည်းပေးလျက်ရှိသည်။
သစ်တောများသည် သစ်နှင့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်း အမျိုးမျိုးကို ထုတ်လုပ်ပေးလျက်ရှိပြီး
ကျေးလက်ပြည်သူများအတွက် စားဝတ်နေရေး အခြေခံ လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရုံမက နိုင်ငံ၏စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း
သစ်တော များက ပံ့ပိုးပေးလျက်ရှိပါသည်။
သစ်ပင်၊ သစ်တောများမှ သစ်တောထွက်ပစ္စည်းများအပြင် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုး
ကျေးဇူးများကိုလည်း အထောက်အပံ့ပြုပါသည်။ သစ်ပင်သစ်တောများ စိုက်ပျိုးထိန်းသိမ်းကာကွယ်
ခြင်းဖြင့် လေကောင်းလေသန့်များ ရရှိစေခြင်း၊ ရာသီဥတုအေးမြ၍မျှတစေခြင်း၊ ရေကောင်းရေသန့်
များရရှိစေခြင်း၊ ရေလှည့်ပတ်မှုစနစ် မှန်ကန်စေရန် ထိန်းသိမ်းပေးခြင်း၊ ရေအရင်းအမြစ်များ
ထိန်းသိမ်း ပေးခြင်း၊ သဘာဝစမ်းရေထွက်များ ဖြစ်ပေါ်စေခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ
ကြွယ်၀စေခြင်း၊ မြေဆီလွှာများ ထိန်းသိမ်းပေးခြင်းစသည့်အကျိုးကျေးဇူးများကို ရရှိခံစားကြရပါသည်။
“ဥတုရာသီ၊ တောကိုမှီ”
“ဥတုရာသီ၊ တောကိုမှီ” ဟု ဆိုစကားရှိပါသည်။ ရာသီဥတုကောင်းမွန်မျှတရေးသည် သစ်ပင်
သစ်တောများပေါ်တွင်သာ မှီတည်နေပါသည်။ ယနေ့မျက်မှောက်ခေတ်ရင်ဆိုင်နေရသည့် ရာသီဥတုပြောင်းလဲမှုနှင့်
နောက်ဆက်တွဲအကျိုးဆက်များကို ဖြေရှင်းနိုင်ရေးတွင် သစ်တောများ၏ အရေးပါမှု အထူးအလေးအနက်ထား
အသိအမှတ်ပြုထိန်းသိမ်းကြရမည်ဖြစ်ပါသည်။ သစ်ပင်သစ်တောများရှိပါမှ ရာသီဥတုကောင်းမွန်မျှတမည်ဖြစ်ပြီး
လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ၊ မွေးမြူရေးလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများစသည့်ဆက်စပ်
လုပ်ငန်းကဏ္ဍအသီးသီး တိုးတက်လာကာ နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။
ထို့ကြောင့် သစ်တောသယံဇာတများ ထာဝစဉ်တည်တံ့စေရေးအတွက် စီမံအုပ်ချုပ်ခြင်း၊ ထိန်းသိမ်း
ကာကွယ်ခြင်းလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရန် အလွန်အရေးကြီးပါသည်။
ယနေ့အချိန်အခါတွင် တိုးတက်ပြောင်းလဲလာသော နည်းပညာများနှင့်အတူ သစ်တောများ ထာဝစဉ်တည်တံ့စေရေးအတွက်
ခေတ်မီနည်းပညာများကို အသုံးပြုလာလျက်ရှိပါသည်။ ထို့ကြောင့် လည်း ယခုနှစ် မတ်လ ၂၁ ရက်နေ့တွင်
ကျရောက်ခဲ့သော အပြည်ပြည်ဆိုင်ရာသစ်တောများနေ့၏ ဆောင်ပုဒ်ကို “ကမ္ဘာမြေပိုမိုကောင်းမွန်ဖို့၊
သစ်တောများကို ခေတ်မီနည်းဖြင့် ထိန်းသိမ်းစို့” (Forests and Innovation: New
Solutions for a Better World) ဟု သတ်မှတ်ပေးထားပါသည်။ ခေတ်မီ နည်းပညာများအသုံးပြု၍
သစ်တောသယံဇာတများ ထိန်းသိမ်းနိုင်ရန်နှင့် သစ်တောကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ဖြစ်ပါသည်။
ခေတ်မီနည်းပညာများစွာ တိုးတက်ပြောင်းလဲ
သစ်တောများ ထာဝစဉ်တည်တံ့စေရန် စီမံအုပ်ချုပ်ခြင်းနှင့် စဉ်ဆက်မပြတ် အသုံးပြုခြင်း
လုပ်ငန်းစဉ်တွင် ခေတ်မီနည်းပညာများစွာ တိုးတက်ပြောင်းလဲလာလျက်ရှိပါသည်။ သစ်တော ဖုံးလွှမ်းမှုတွက်ချက်ခြင်း၊
မြေအသုံးချမှု ဆန်းစစ်လေ့လာခြင်းနှင့် သစ်တောများ စောင့်ကြည့်လေ့လာ ရာ၌ ခေတ်မီဂြိုဟ်တုဓာတ်ပုံများ၊
ပထဝီသတင်း အချက်အလက်နည်းပညာများ၊ Drone နည်းပညာ များကို အသုံးပြုပြီး သစ်တောစီမံအုပ်ချုပ်ခြင်း၊
ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းခြင်းလုပ်ငန်းများ ထိရောက်အောင် ဆောင်ရွက်လာလျက်ရှိသည်။
ယခင်က သစ်တောဖုံးလွှမ်းမှုတွက်ချက်ခြင်း၊ မြေအသုံးချမှု ဆန်းစစ်လေ့လာခြင်းနှင့်
သစ်တော များ စောင့်ကြည့်လေ့လာရာ၌ ဂြိုဟ်တုဓာတ်ပုံများကို မူလအရည်အသွေးအတိုင်းသာလျှင်
ရယူ အသုံးပြုရပြီး အဝေးမှအာရုံခံစူးစမ်းခြင်းနှင့် ပထဝီသတင်းအချက်အလက်နည်းပညာ (Remote
Sensing/ GIS) ဆော့ဖ်ဝဲများ၏ အကူအညီဖြင့် အရည်အသွေးကောင်းမွန်အောင် အဆင့်ဆင့် စစ်ဆေးပြီး
ပြုပြင်ဆောင်ရွက်ခဲ့ရပါသည်။ ယနေ့ခေတ်တွင် ကမ္ဘာ့နိုင်ငံများအနေဖြင့် သစ်တောများ စောင့်ကြည့်
ဆန်းစစ်လေ့လာရာတွင် နည်းပညာရပ်အသစ်များဖြစ်သည့် ဉာဏ်ရည်တုနည်းပညာ (AI)၊ Machine
Learning ၊ GeoAI ၊ Drone အသုံးပြုခြင်းစသည့် နည်းပညာအသစ်များကို အသုံးပြုလာကြ ပါသည်။
ကမ္ဘာ့နိုင်ငံများမှ သစ်တောစီမံအုပ်ချုပ်သူများ၊ ဒေသခံအစုအဖွဲ့များနှင့် ဌာနေတိုင်းရင်းသား
များအား ယင်းနည်းပညာရပ်အသစ်များကို အခမဲ့အသုံးပြုနိုင်သည့် Google Earth Engine နှင့်
SEPAL ကဲ့သို့သော Cloud Computing Platform များကို တည်ထောင်ခဲ့ကြပြီး တစ်ချိန်တည်းမှာပဲ
နည်းပညာအသစ်များကို အွန်လိုင်းမှ အလွယ်တကူ လေ့လာနိုင်သည့် အခွင့်အလမ်းများလည်း ဖန်တီးလာကြပါသည်။
မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု
မြန်မာနိုင်ငံသည် သစ်တောသယံဇာတများ ပေါကြွယ်ဝသောနိုင်ငံဖြစ်ပြီး ကုလသမဂ္ဂ စားနပ်
ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ သစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာ (၂၀၂၀)
အရ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိပါသည်။
နိုင်ငံ ဧရိယာရဲ့ ၁၀ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ် ဖွဲ့စည်းနိုင်ရေး
ဆောင်ရွက် လျက်ရှိပြီး ယနေ့အချိန်ထိ သဘာဝထိန်းသိမ်းရေးနယ်မြေ ၅၉ ခု၊ နိုင်ငံဧရိယာ၏
၆ ဒသမ ၄၂ ရာခိုင် နှုန်းကို ဖွဲ့စည်းသတ်မှတ်နိုင်ခဲ့ပြီး ရေရှည်မျှော်မှန်းချက်ပြည့်မီနိုင်ရေးအတွက်
ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊
သစ်တောဦးစီး ဌာနသည် နိုင်ငံ၏ အဖိုးတန်သစ်တောသယံဇာတများ ရေရှည်တည်တံ့ပြီး နိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုး
တိုးတက်မှုကို အထောက်အကူပြုစေရန်အတွက် မြန်မာ့သစ်တောမူဝါဒနှင့်အညီ သစ်တောများကို စီးပွားရေးအမြင်၊
လူမှုရေးအမြင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအမြင်စသည့်အမြင်မျိုးစုံ၊ ရှုထောင့် မျိုးစုံဖြင့်
ရှုမြင်ပြီး ခေတ်နှင့်အညီ ဖွံ့ဖြိုးလာသော နည်းပညာများ၊ တီထွင်ဆန်းသစ်မှုများနှင့် ထိထိ
ရောက်ရောက် ချိတ်ဆက်ကာ စနစ်တကျစီမံအုပ်ချုပ်လျက်ရှိပါသည်။
သစ်တောဦးစီးဌာနအနေဖြင့်လည်း ယခင်က ဂြိုဟ်တုဓာတ်ပုံများကို ခွဲခြမ်းစိတ်ဖြာခြင်း
(Satellite Image Analysis)၊ လေ့လာခြင်း ပြုလုပ်ရာတွင် ရိုးရိုးဂြိုဟ်တုဓာတ်ပုံများကို
အဝေးမှ အာရုံခံစူးစမ်းခြင်းနှင့် ပထဝီသတင်းအချက်အလက်နည်းပညာ (Remote Sensing/GIS) ဆော့ဖ်ဝဲ
သီးသန့်ကိုသာလျှင် အသုံးပြုပြီး သစ်တောဖုံးလွှမ်းမှုကို တွက်ချက်ခဲ့ပါသည်။ ယခုအခါ သစ်တော
သယံဇာတနှင့် သစ်တောဖုံးလွှမ်းမှုကို ဆန်းစစ်လေ့လာရာ၌ Google Earth Engine နှင့်
FAO ၏ Sepal Cloud Computing Platform မှတစ်ဆင့် ဂြိုဟ်တုဓာတ်ပုံများကို ရယူအသုံးပြုပြီး
Machine Learning နည်းစနစ်များဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ နည်းပညာရပ်များအသုံးပြုခြင်း
ဖြင့် အရည်အသွေးမြင့်မားပြီး ပို၍တိကျမှန်ကန်သည့် ကိန်းဂဏန်းအချက်အလက်များကို ပံ့ပိုးပေးနိုင်မည်
ဖြစ်သည့်အပြင် မိမိတို့နိုင်ငံ၊ မိမိတို့ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်
သစ်တောစီမံအုပ်ချုပ်မှုအတွက် ဦးစားပေးဆောင်ရွက်ရမည့် စီမံကိန်းများနှင့် မူဝါဒများ
ရေးဆွဲချမှတ်ရာတွင် မှန်ကန်စွာ အသုံးချနိုင်မည်ဖြစ်ပါသည်။
အချိုးညီဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်း
သစ်တောအခြေပြု နည်းပညာများ၊ ဇီဝနည်းပညာများနှင့် တီထွင်ဆန်းသစ်မှုများ ဖွံ့ဖြိုး
လာခြင်း၊ သဘာဝကိုအခြေခံသော ဖြေရှင်းခြင်း နည်းပညာများနှင့် အစိမ်းရောင်နည်းပညာများကြောင့်
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အချိုးညီဖွံ့ဖြိုးတိုးတက်ရန်
ကြိုးပမ်းလာလျက်ရှိပါသည်။ နည်းပညာဖွံ့ဖြိုးမှု၊ တီထွင်ဆန်းသစ်မှုများနှင့် သစ်တောကဏ္ဍကို
ချိတ်ဆက်ဆောင်ရွက်ခြင်းအားဖြင့် သစ်တောများ စဉ်ဆက်မပြတ် တည်တံ့စေရုံသာမက သစ်တောများမှ
ပံ့ပိုးပေးသော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများ တိုးပွားလာပြီး နိုင်ငံ၏ စဉ်ဆက်မပြတ်
ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။
ထင်ရှားသော သာဓကများအနေဖြင့် ကမ္ဘာ့ပလတ်စတစ်ညစ်ညမ်းမှုများကို ထိန်းချုပ်ရန်
အချိန် ကာလတိုအတွင်း သဘာဝအလျောက် ပျက်စီးလွယ်သည့် သစ်တောထွက်ပစ္စည်းများဖြင့် အစားထိုးလာနိုင်ခြင်း၊
လူသားတို့အတွက် အန္တရာယ်ဖြစ်စေနိုင် သည့် ဓာတုပစ္စည်းများပါဝင်သော လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊
လျှပ်စစ်နှင့် စက်မှုပစ္စည်းအမျိုးမျိုးတွင် သစ်တောထွက် ဓာတုဓာတ်ပေါင်းများဖြင့် အစားထိုးလာနိုင်ခြင်း၊
ကမ္ဘာ့အဝတ်အထည်စက်ရုံများအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လိုက်လျောညီထွေရှိသော
သစ်တောသစ်ပင်များမှ ရရှိသည့် ဖိုက်ဘာအမျှင်ရှည်များ အသုံးပြုလာနိုင်ခြင်း၊ ဓာတုဆေးဝါးနှင့်
ဓာတုအခြေခံအလှကုန် ပစ္စည်းအမျိုးမျိုးအစား သစ်ပင်များ၏ အစိတ်အပိုင်းအသီးသီးမှ ရရှိသော
ဇီဝဓာတ်ပေါင်းများဖြင့် အစားထိုးဆောင်ရွက်နိုင်ခြင်းစသည့် တီထွင်ဆန်းသစ်အောင်မြင်မှုများမှသည်
လူသားများ၏ ကျန်းမာရေး၊ နေထိုင်စားသောက်ရေး၊ လူမှုဘဝဖွံ့ဖြိုးရေးအတွက် ရေရှည်ဘေးကင်းလုံခြုံစွာ
အသုံးပြုနိုင်သော သစ်တောထွက်ပစ္စည်းများကို နည်းပညာပေါင်းစပ်တီထွင်ဆန်းသစ်မှုများဖြင့်
နေ့စဉ်ထုတ်လုပ်လာနိုင်ခြင်းကြောင့် ကမ္ဘာ့စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်များရရှိရေးကို
သစ်တောကဏ္ဍမှ ပိုမိုအထောက်အပံ့ပြုလာနိုင် ခဲ့ပြီဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ ရည်ရွယ်ချက်များ
ထို့ကြောင့် သစ်တောများ ထာဝစဉ်တည်တံ့စေရေးအတွက် သစ်တောများနှင့် ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ
ရည်ရွယ်ချက်များကိုအောက်ဖော်ပြပါအတိုင်း ချမှတ်ထားသည်ကို တွေ့နိုင်ပါသည်-
သစ်တောများ ကာကွယ်ခြင်း၊ ပြန်လည်တည်ထောင်ခြင်း၊ သစ်တောစိုက်ခင်း တည်ထောင်ခြင်းများ
အပါအဝင် စဉ်ဆက်မပြတ် သစ်တောစီမံအုပ်ချုပ်ခြင်းနှင့် သစ်တောအတန်းအစားကျဆင်း ခြင်းမှ
ကာကွယ်ရန် ပိုမိုအားထုတ်ကြိုးပမ်းခြင်းဖြင့် ကမ္ဘာနှင့်အဝှမ်း သစ်တောများ ဆုံးရှုံးနေမှုများအား
တားဆီးရန်နှင့် သစ်တောများ တိုးပွားလာစေရန်၊
သစ်တောအားမှီခိုနေသော ပြည်သူများ၏ အသက်မွေးမှုများတိုးတက်မှုအပါအဝင် သစ်တောအခြေခံ
စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများ တိုးပွားလာစေရန်၊
ကမ္ဘာတစ်ဝန်းရှိ သဘာဝထိန်းသိမ်းရေးနယ်မြေများနှင့် စဉ်ဆက်မပြတ် အုပ်ချုပ်လျက်ရှိသော
သစ်တောဧရိယာများအားလုံး သိသာစွာ တိုးပွားစေရန်နှင့် စဉ်ဆက်မပြတ်အုပ်ချုပ်လျက်ရှိသော
သစ်တောများမှ သစ်တောထွက်ပစ္စည်းများ တိုးပွားလာစေရန်၊
စဉ်ဆက်မပြတ် သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်ခြင်းအတွက် တရားဝင်ဖွံ့ဖြိုးမှုအကူအညီများ
လျော့ပါးလာမှုအား ပြန်လည်တိုးပွားလာအောင် ဆောင်ရွက်ရန်နှင့် အရင်းအမြစ်အမျိုးမျိုးမှ
ရန်ပုံ ငွေကြေးများ တိုးတက်ရရှိရေးအတွက် ဆောင်ရွက်ရန်၊
ကမ္ဘာ့လုံးဆိုင်ရာ ပန်းတိုင်ရည်မှန်းချက်များ
အထူးသဖြင့် သစ်တောပြုန်းတီးမှုနှင့် သစ်တောအတန်းအစားကျဆင်းမှု လျော့နည်းသက်သာစေ
ခြင်း၊ သစ်တောများအား ပြန်လည်တည်ထောင်ခြင်းနှင့် သစ်တောများ ရေရှည်တည်တံ့စေရေး စီမံ
အုပ်ချုပ်ခြင်းတို့သည် ၂၀၃၀ ပြည့်နှစ်အမီ လိုက်နာဆောင်ရွက်ရမည့် ကမ္ဘာ့လုံးဆိုင်ရာ
ပန်းတိုင် ရည်မှန်းချက်များဖြစ်ပါသည်။ အဆိုပါရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် သစ်တော
အတွင်းမှ သစ်တောသစ်ပင်အမျိုးမျိုးနှင့် သစ်တောပြင်ပရှိသစ်ပင်များ (Trees Outside
of Forests) မှ အထောက်အပံ့ပြုသော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများ၏ အရေးပါပုံကို
ပြည်သူလူထု အားလုံး သိရှိနားလည်စေရန်၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်းပါဝင်လာစေရန်
အထူးအရေးကြီးလှပါသည်။
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး
နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း
အထူးအရေးကြီးပါသည်။ အရည်အချင်းပြည့်မီသော သစ်တောပညာရှင်များ၊ သစ်တော စီမံအုပ်ချုပ်သူများ
လုံလောက်စွာ စဉ်ဆက်မပြတ်ရရှိရေးအတွက်၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ
စဉ်ဆက်မပြတ် ပြုစုပျိုးထောင်ကြရမည်ဖြစ်ပါသည်။ သစ်တောကဏ္ဍနှင့် ဆက်စပ်လျက်ရှိသော ပတ်ဝန်းကျင်
ထိန်းသိမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုသဘောတရားအခြေခံသည့် အစိမ်းရောင်စီးပွားရေး
(Green Economy)၊ အပြာရောင်စီးပွားရေး (Blue Economy)၊ စက်ဝန်းစီးပွားရေး (Circular
Economy) နှင့် သဘာဝကို အခြေခံသောဖြေရှင်းခြင်း (Nature-based Solutions - NbS) ဆိုင်ရာ
လုပ်ငန်းများတွင် ခေတ်မီနည်းစနစ်များ၊ တီထွင် ဆန်းသစ်မှုများဖြင့် ဆောင်ရွက်ကြရတော့မည်
ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက်လည်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို
ဌာန၊ အဖွဲ့အစည်းများ၏ ပင်မလုပ်ငန်းစဉ်တစ်ရပ်အဖြစ် စဉ်ဆက်မပြတ် ဆောင်ရွက်နေကြမည် ဖြစ်ပါသည်။
သို့မှသာ ၂၁ ရာစုသစ်တောကဏ္ဍတွင် သစ်တောစီမံအုပ်ချုပ်ရေးမှသည် သစ်တောဂေဟ စနစ်စီမံအုပ်ချုပ်ရေးသို့
အောင်မြင်စွာကူးပြောင်းနိုင်ပြီး ကမ္ဘာမြေပိုမိုကောင်းမွန် သာယာလှပစေရန် စွမ်းဆောင်နိုင်မည်ဖြစ်ပါသည်။
။
No comments:
Post a Comment