Monday, March 25, 2024

ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း အပ်နှင်းပွဲ ကျင်းပ


 

ရန်ကုန် မတ် ၂၄

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းအပ်နှင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ သာကေတမြို့နယ် တိပိဋက လင်္ကာရကျောင်းတိုက် ပဓာနနာယကဆရာတော် ဒွိပိဋကဓရ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တအဂ္ဂသာမိ၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက်စာချနာယကဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသုမင်္ဂလ၊ ဘွဲ့တံဆိပ်တော်ရဆရာတော်၊ သံဃာတော်များ၊ သီလရှင်ဆရာကြီးများ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း နှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ သာသနာပြုဘွဲ့ရ လူပုဂ္ဂိုလ်များ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြ သည်။

ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က အခမ်းအနားဖွင့်စာတမ်းကို ဖတ်ကြားလျှောက်ထား၍ အခမ်းအနားဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ သာကေတမြို့နယ် တိပိဋကလင်္ကာရစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ရရှိတော်မူသော မြောက်ဥက္ကလာပမြို့နယ် ပုရွက်ဆိတ်ကုန်းရပ်ကွက် ရတနာသိဒ္ဓိစာသင်တိုက်၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဝါယမိန္ဒက သမ္မောဒနီယ သြဝါဒကထာ မြွက်ကြားချီးမြှင့်တော်မူသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးအပါး ၈၀၊ သီလရှင်ဆရာကြီး ရှစ်ပါး စုစုပေါင်း ၈၈ ပါး တို့အား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဘွဲ့တံဆိပ်ရလူပုဂ္ဂိုလ် ၁၆ ဦးတို့အား ဘွဲ့တံဆိပ်အပ်နှင်းခြင်းတို့ကို ဆောင်ရွက်ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် စာချနာယကဆရာတော် မဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တသုမင်္ဂလထံမှ အနုမောဒနာတရား နာယူ၍ ရေစက်သွန်းလောင်း အမျှပေး​ဝေကြသည်။

ယင်းနောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းပြီး ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုများ လှူဒါန်း၍ အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment