Monday, March 25, 2024

စာနာထောက်ထား မေတ္တာတရားဖြင့် ပြည်ထောင်စုသားချင်း ဝိုင်းဝန်းကူညီ (ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်)

 


မောင်ငြိမ်းအေး

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) သည် ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ကမ်းရိုးတန်းဒေသ စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်တိုက်ခတ်မှုကြောင့် ရခိုင် ပြည်နယ်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

အလွန့်အလွန် အင်အားပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ ကျောက်ဖြူမြို့တို့အကြား စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက် နိုင်သည်ဟု အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ခန့်မှန်းခဲ့ပြီး မုန်တိုင်းဖြတ်သန်းတိုက်ခတ်နိုင်သည့်အခြေအနေ၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံရနိုင်မှု အခြေအနေတို့အပေါ်မူတည်၍ စစ်တွေမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ မောင်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ မြေပုံမြို့နယ်၊ မာန်အောင်မြို့နယ်တို့ကို ဘေးအန္တရာယ် ကျရောက်နိုင်ခြေမြင့်မားသည့် အနီရောင်အဆင့်ဒေသများအဖြစ် အသိပေးကြေညာခဲ့ရာတွင် ပေါက်တောမြို့နယ်လည်း ပါဝင်ခဲ့သည်။ ဆက်လက်၍ အနီရောင်အဆင့်ရှိသည့် မြို့နယ်များကို အသိပေးကြေညာခဲ့သည်။

စုစည်းဖွဲ့စည်းထား

ပေါက်တောမြို့နယ်သည် မြန်မာနိုင်ငံ၏အနောက်ပိုင်း ရခိုင်ပြည်နယ် စစ်တွေခရိုင်အတွင်း တည်ရှိပြီး အရှေ့ဘက်တွင် မင်းပြားမြို့နယ်၊ တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ အနောက် ဘက်တွင် စစ်တွေမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် မြောက်ဦးမြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။ ပေါက်တောမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၁၁ ပေတွင်ရှိပြီး လူဦးရေ ၁၈၅၂၈၄ ဦး၊ အိမ်ထောင်စု ၃၈၀၁၇ စု၊ အိမ်ခြေ ၃၅၈၉၉ လုံးရှိသည့် ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၅၃ အုပ်စု၊ ကျေးရွာ ၁၇၇ ရွာဖြင့် ဖွဲ့စည်းထားသည်။ ထို့အပြင် ဆင်တက်မော်၊ ကြိမ်နီပြင်၊ အနောက်ရဲနှင့် ငှက်ချောင်း IDPs စခန်း များလည်း ရှိသည်။

အေးချမ်းစွာနေထိုင်

ပေါက်တောမြို့နယ်သည် ရခိုင်ပြည်နယ်အတွင်း စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုရှိသော မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများက စိုက်ပျိုးရေး၊ မွေးမြူ ရေး လုပ်ငန်းများကို အဓိကအားထားလုပ်ကိုင်ကြသည့်အပြင် ရေလုပ်ငန်းများကိုလည်း စီးပွားဖြစ် လုပ်ကိုင်ကြသည်။ အဓိကထွက်ကုန် ပုစွန်၊ စပါး၊ ဆား အများဆုံး တင်ပို့ရောင်းချကြသည်။ ဆန်စက်၊ ရေခဲစက်များရှိသည့်အပြင် အခြားသော အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများလည်းရှိသဖြင့် အလုပ် အကိုင်အခွင့်အလမ်း ပေါများသည်။ ပထဝီအနေအထားအရ ရေမြေသဘာဝကောင်းမွန်သော်လည်း သဘာဝဘေး အန္တရာယ်ကျရောက်နိုင်ခြေ အများဆုံးရှိသော မြို့နယ်ဖြစ်သည်။

အတိဒုက္ခရောက်

မြို့နယ်အတွင်း ရခိုင်လူမျိုးအများစု နေထိုင်ကြပြီး အခြားလူမျိုးစုအနည်းငယ်နှင့် အေးချမ်းစွာ နေထိုင်လုပ်ကိုင် လျက်ရှိသော ပေါက်တောမြို့တွင် ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့ နံနက်က ဝင်ရောက်တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် မူလရှိပြီးသား ကောင်းမွန်သည့် အခြေအနေများ ပျက်ပြားသွားခဲ့ရသည်။ ဒေသခံပြည်သူများ အတိဒုက္ခရောက်ခဲ့ကြသည်။ မုန်တိုင်းတိုက်ခတ်နေစဉ် ပြည်သူများမှာ အန္တရာယ်ကင်းရာနေရာများသို့ အပြေးအလွှား ပုန်းရှောင် နေခဲ့ကြရသည်။ ပေါက်တောမြို့နယ်တွင် နေအိမ်အများစုမှာ ဝါးဓနိအိမ်များဖြစ်ပြီး အိမ်ကြီးအိမ်ကောင်း အနည်းငယ်သာရှိသည်။ မုန်တိုင်းအရှိန်ကြောင့် နေအိမ်အများစုမှာ ပျက်စီးသွားခဲ့သည်။ မုန်တိုင်းစဲသွားသောအခါ မိမိနေအိမ်အပျက်အစီးများနှင့် သေဆုံးပျောက်ပျက်သွားသည့် မွေးမြူရေးတိရစ္ဆာန်များအတွက် ဝမ်းနည်းပက်လက်ဖြစ်ကြသည်။ လူသေဆုံးမှုမရှိသော်လည်း မွေးမြူရေးတိရစ္ဆာန်ကောင်ရေ ၁၇၇၈၇ ကောင် သေဆုံး/ပျောက်ဆုံး သွားခဲ့သည်။

အလျင်အမြန်ဆောင်ရွက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ‘‘မိုခါ’’ (MOCHA) ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၁၁ အရ သဘာဝ ဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် မေလ ၁၅ ရက်နေ့နှင့် မေလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ရန်အတွက် တပ်မတော်အရာရှိကြီးများအား အချိန်မဆိုင်းဘဲ တာဝန်ပေးအပ်ခဲ့သည်။ ပေါက်တောမြို့နယ်တွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးချုပ် ဆန်နီအုန်းအား တာဝန်ပေးအပ်ခဲ့ပြီး ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အလျင် အမြန်ဆောင်ရွက်ခဲ့သည်။

ဝမ်းသာမဆုံး

ပေါက်တောမြို့နယ်အတွင်း နေထိုင်ကြသော ပြည်သူများသည် ၂၀၂၄ ခုနှစ် မေလ ၁၄ ရက်နေ့ကို ၎င်းတို့ဘဝအတွက် ကြောက်မက်ဖွယ်ရာနေ့တစ်နေ့အဖြစ် ခံယူခဲ့ကြသည်။ ထိုနေ့တစ်နေ့တာလုံး ၎င်းတို့အတွက် ငရဲတမျှအလား ဒုက္ခဆင်းရဲများ ခံစားခဲ့ကြရသည်။ တစ်မြို့နယ်လုံး စိစိညက်ညက်ကြေပြီး နေရေး၊ ထိုင်ရေး၊ စားသောက်ရေးပါမကျန် အခက်အခဲများဖြစ်ကြရသည်။ မေလ ၁၅ ရက်နေ့သို့ရောက်သည်နှင့် နိုင်ငံတော်အစိုးရက အလျင်အမြန်စီမံခန့်ခွဲပေးမှုကြောင့် ကယ်ဆယ် ကူညီစောင့်ရှောက်မှုများ စတင်ရောက်ရှိလာခဲ့သည်။ ကူညီကယ်ဆယ်ဖေးမမည့်သူကို မျှော်လင့်တကြီး စောင့်မျှော်နေသော ပေါက်တောသူ၊ ပေါက်တောသားများမှာ ဝမ်းသာမဆုံး ဖြစ်ကြရသည်။

ကူညီဆောင်ရွက်

မေလ ၁၆ ရက်နေ့တွင် သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် မြို့နယ်များကို လိုက်လံကြည့်ရှုစစ်ဆေးရာ ပေါက်တောမြို့နယ် ကြိမ်နီပြင် IDP စခန်းများနှင့် ရပ်ကွက်ကျေးရွာများကို ရဟတ်ယာဉ်ဖြင့် လှည့်လည်စစ်ဆေးပြီး လိုအပ်သည်များကို ထောက်ပံ့ကူညီပေးသည်။ မေလ ၁၈ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးမှ ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဝင် ၁၁၆ ဦး တို့သည် ပေါက်တောမြို့နယ်သို့ ရောက်ရှိပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။

ရှာဖွေရှင်းလင်း

ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များသည် မေလ ၂၀ ရက်နေ့တွင် ပေါက်တောမြို့နယ်အတွင်းရှိ နေရာ ၁၂ နေရာတွင် နေအိမ်များ၊ ရုံးအဆောက်အအုံများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဘုရားစေတီတော်များနှင့် လမ်းများတွင် လဲကျနေသော သစ်ပင်များကို ရှင်းလင်းခြင်း၊ လမ်းများပေါ်တွင် လဲကျနေသော ဓာတ်တိုင်များ၊ ဓာတ်ကြိုးများနှင့် အခြားအပျက်အစီးများကို ဖယ်ရှားပေးခဲ့သည်။ မေလ ၂၁ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင် ၁၁၆ ဦးဖြင့် ကူညီရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။ ပေါက်တောမြို့ နယ်တွင် ပြိုလဲပျက်စီးသော သစ်ပင်ပေါင်းတစ်ထောင်ခန့်ကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက ရှင်းလင်းပေးခဲ့သည်။

ပြုပြင်ဆောင်ရွက်

မိုခါမုန်တိုင်းမတိုက်ခတ်မီအချိန်က ပေါက်တောမြို့နယ်တွင် ဆက်သွယ်ရေးအော်ပရေတာ လေးခုရှိခဲ့ပြီး ဒေသခံပြည်သူများ အဆင်ပြေစွာ အသုံးပြုနိုင်ခဲ့သည်။ မုန်တိုင်းတိုက်ခတ်ပြီးသည့် အချိန်တွင် ဆက်သွယ်ရေးစနစ်များ ပြတ်တောက်သွားခဲ့ရာ မုန်တိုင်းတိုက်ခတ်ပြီး မွန်းလွဲပိုင်းတွင်ပင် ဆက်သွယ်ရေးစနစ်တစ်ခုကို စစ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တောမြို့နှင့် ချင်းပြည်နယ်သို့ ပို့ဆောင်ပေးပြီး ထိုနေ့ညပိုင်းမှစ၍ တစ်မြို့လျှင် ဖုန်းလိုင်းလေးလိုင်းဖြင့် ဆက်သွယ်နိုင်အောင် ဆောင်ရွက်ပေးခဲ့သည်။ ပေါက်တောမြို့နယ်တွင် ကျန်းမာရေးအဆောက်အအုံ ၇၄ ခု ထိခိုက်ပျက်စီးသွားခဲ့သည်။ ၆၄ ခု မှာ လုံးဝပျက်စီးသွားပြီး ၁၂ ခုကို ချက်ချင်း ပြုပြင်ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ကျောင်းဖွင့်အမီ

ပေါက်တောမြို့နယ်တွင် အခြေခံ ပညာ ဆရာ၊ ဆရာမ ၁၆၈၅ ဦးရှိပြီး ကျောင်းသား၊ စာမျက်နှာ ၁၂ မှ ကျောင်းသူ နှစ်သောင်းကျော်ရှိသည်။ တစ်မြို့နယ်လုံးတွင် အခြေခံပညာကျောင်းပေါင်း ၁၇၀ ရှိပြီး မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ကျောင်း ၆ ကျောင်းသာ မပျက်စီးခဲ့ဘဲ မူလတန်းကျောင်း၊ အလယ်တန်း၊ အထက်တန်းကျောင်း အခြေခံပညာကျောင်း စုစုပေါင်း ၁၆၄ ကျောင်းမှာ လုံးဝပျက်စီးသွားခဲ့သည်။ မေလ ၁၄ ရက်နေ့တွင် မိုခါမုန်တိုင်း တိုက်ခတ်ခဲ့ရာ ပျက်စီးသွားသောကျောင်းများ ဇွန်လ ၁ ရက်နေ့ ကျောင်းဖွင့်အမီ ပြန်လည်ပြင်ဆင် တည်ဆောက်နိုင်ရန်အတွက် ပြန်လည်ပြင်ဆင်နိုင်သည့် ကျောင်းများကို အမြန်ဆုံးပြန်လည် ပြင်ဆင်ပေးနိုင်ခဲ့သည်။

ပုံမှန်အခြေအနေ

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ်တွင် မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် လူနေအိမ်ရာများသာမက စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဆည်မြောင်းတာတမံများ၊ လမ်းတံတားများနှင့် အိမ်မွေးတိရစ္ဆာန်များ၊ မွေးမြူရေးတိရစ္ဆာန်များ သေကျေပျက်စီးခဲ့ရသည်။ အဆိုပါပျက်စီးဆုံးရှုံးမှုများကို ပြန်လည်အစားထိုးတည်ဆောက်နိုင်ရန်အတွက် ပေါက်တောမြို့ နယ်ကို တာဝန်ယူကြီးကြပ်ဆောင်ရွက်ပေးနေသည့် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးချုပ် ဆန်နီအုန်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပေါက်တောမြို့နယ်မှ ဌာနဆိုင်ရာအဖွဲ့အစည်းများ အတူတကွ နေ့ညမပြတ်ဆောင်ရွက်ပေးခဲ့ရာ တစ်လအတွင်း ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်။

ဦးစားပေးအလိုက်

မြို့နယ်အတွင်း ပျက်စီးမှုအခြေအနေများကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ ပထမဦးစားပေးအနေဖြင့် အခြေခံပညာစာသင်ကျောင်းများအားလည်းကောင်း၊ ဒုတိယဦးစား ပေးအနေဖြင့် ဆေးရုံ၊ ဆေးခန်းများအားလည်းကောင်း၊ တတိယဦးစားပေးအနေဖြင့် သာသနိကအဆောက်အအုံများကိုလည်းကောင်း၊ စတုတ္ထဦးစားပေးအနေဖြင့် ဌာနဆိုင်ရာအဆောက်အအုံများကိုလည်းကောင်း ပြင်ဆင်ဆောင်ရွက်ပေးခဲ့သည်။ စစ်တွေမြို့မှတစ်ဆင့် ကယ်ဆယ်ရေး၊ ထောက်ပံ့ရေးပစ္စည်းများ နေ့စဉ် ရောက်ရှိခဲ့ပြီး ရောက်ရှိလာသည့် ပစ္စည်းများကို မြို့နယ်အတွင်းရှိ အိမ်ထောင်စုများအား မျှဝေထောက်ပံ့ပေးခဲ့သည်။ ပေါက်တောမြို့နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား ကူညီထောက်ပံ့ရေး ဆောင်ရွက်ရာတွင် အဆင်ပြေချမ်းသာသူ၊ အသင့်အတင့်ရှိသူ၊ ဆင်းရဲ နွမ်းပါးသူဟူ၍ ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်ပေးခဲ့သည်။

ချက်ချင်းဖြည့်ဆည်း

မုန်တိုင်း တိုက်ခတ်မှုကြောင့် ပေါက်တောမြို့နယ်တွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် နေရေး၊ ထိုင်ရေး၊ ဝမ်းရေးအတွက်သာမက အရေးကြီးသည့် သုံးရေ၊ သောက်ရေ အခက်အခဲများ ဖြစ်ပေါ်ခဲ့သည်။ မုန်တိုင်းဒဏ်ကြောင့် မူလရှိပြီး ရေအရင်းအမြစ်များ ပျက်စီးသွားသည့်အပြင် ပင်လယ်ဆားငန်ရေ ဝင်ရောက်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေး၊ ရေပေးဝေရေးနှင့် ကျန်းမာသန့်ရှင်းရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများကို နိုင်ငံတော်က မုန်တိုင်းသင့်ဒေသများအားလုံးကို ချက်ချင်းဖြည့်ဆည်းပေးခဲ့သည်။

ပေါက်တောမြို့နယ်တွင် မိုဘိုင်းဆိုလာစနစ်ဖြင့် ရေပေးရေးစနစ် နှစ်ခု၊ သောက်သုံးရေဂါလန် ၂၀၀၀ ခန့်ကို ဖြည့်ဆည်းပေးခဲ့သည်။ ရေသန့်စင်စနစ် ၂၃ ခုဖြင့် သောက်သုံးရေဂါလန် ၁၇၉၄ ဂါလန်၊ ရေသန့်စင်ဆေးပြား ၁၅ သေတ္တာ၊ ကလိုရင်း ၇၅ ပုံး၊ ၂၀ လီတာ ရေဘူး ၄၅ ဘူး၊ ရေကန်မှ ရေငန်စုပ်ထုတ်ခြင်း အကြိမ် ၂၀ ပြုလုပ်ပေးခဲ့သည်။

ဝမ်းမြောက်ပျော်ရွှင်

ပေါက်တောမြို့နယ်တွင် တည်ဆောက်ထားသော ၃၃ ကေဗွီ ဓာတ်အားလိုင်း၊ ၁၁ ကေဗွီဓာတ်အားလိုင်း၊ ၄၀၀ ဗို့ဓာတ်အားလိုင်းနှင့် ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံတစ်ရုံတို့ ပျက်စီးသွားခဲ့သည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် မြောက်ပိုင်းရှိ မြို့နယ်များကို လျှပ်စစ်ဓာတ်အား အမြန်ဆုံးရရှိရေးအတွက် စီစဉ်ပေးခဲ့ရာ ပေါက်တောမြို့ကိုလည်း အလျင်အမြန် ပြုပြင်ဆောင်ရွက်ပေးခဲ့သဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်တွင် ရာခိုင်နှုန်းပြည့် ပြင်ဆင်ပြီးခဲ့သည်။ ပေါက်တောမြို့နယ် အတွင်း ရပ်ကွက် ၅ ခုနှင့် ကျေးရွာ ၂၆ ရွာ တွင် ၃၃ ကေဗွီဓာတ်အားလိုင်း ၂၂ မိုင်ခွဲ ရှိသည့်အနက် တစ်ဝက်နီးပါးပျက်စီးသွား ခဲ့သည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများက နေ့မနားညမအား ကြိုးပမ်းဆောင်ရွက်ပေးမှု ကြောင့် ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်တွင် တစ်မြို့နယ်လုံးအတွက် လျှပ်စစ်ဓာတ်အားများ ပုံမှန် ပြန်လည်ပေးဝေနိုင်သည့်အတွက် ဒေသခံတိုင်းရင်းသားပြည်သူများ ဝမ်းမြောက် ပျော်ရွှင်ခဲ့ကြသည်။

မူလအခြေအနေရောက်

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်မှုကြောင့် ပေါက်တောတစ်မြို့နယ်လုံး၏ ပျက်စီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးမှာ ကျပ်သန်းပေါင်း ၂၆၄၄၅ သန်းကျော်ရှိသည်ဟု သိရသည်။ တည်ငြိမ်အေးချမ်းပြီး လူမှုစီးပွားဘဝနှင့် အလုပ်အကိုင်အဆင်ပြေခဲ့သည့် ပေါက်တောမြို့နယ်သည် မုန်တိုင်းဒဏ်ကြောင့် ကြေမွ ပျက်စီးခဲ့သော်လည်း မုန်တိုင်းအန္တရာယ်ကို ထိခိုက်မှုအနည်းဆုံးဖြင့် ကျော်လွှားနိုင်ရန် နိုင်ငံတော်အကြီးအကဲကိုယ်တိုင် မျက်ခြည်မပြတ်စောင့်ကြည့်ပြီး အချိန်နှင့်တစ်ပြေးညီ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့်အတွက် ရခိုင်ပြည်နယ်အတွင်းမှ မုန်တိုင်းဒဏ်သင့် မြို့နယ်များအားလုံး မူလအခြေအနေသို့ရောက်ရှိအောင် အချိန်တိုအတွင်း တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက် နိုင်ခဲ့သည်။ ပေါက်တောမြို့နယ်မှ ပြည်သူများ ဘေးဒုက္ခရောက်​နေချိန်တွင် ပြည်ထောင်စုသားချင်း ရိုင်းပင်းကူညီဖေးမစောင့်ရှောက်မှုဖြင့် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိအောင် နိုင်ငံတော်အစိုးရက ဆောလျင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။

No comments:

Post a Comment