ခင်ရတနာ
ပြီးခဲ့တဲ့ကမ္ဘာ့ဖလားဘောလုံးပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက “ကျွန်တော်က ဥရောပသားတစ်ဦးပါ။ ဥရောပသားတွေနဲ့ အနောက်ကမ္ဘာကနေ သင်ခန်းစာတွေ အများကြီး ကျွန်တော်တို့ရခဲ့တယ်။ သူများတွေရဲ့ အပြစ်အနာအဆာတွေကို အခုမပြောနဲ့ဦး။ ပြီးခဲ့တဲ့နှစ်ပေါင်း ၃၀၀၀ လောက် လုပ်ခဲ့တာတွေအတွက် နောက်နှစ်ပေါင်း ၃၀၀၀ လောက်တောင် ကျွန်တော်တို့တောင်းပန်နေသင့်တာ။ အခုလိုအခြားသူတွေအပေါ် ဝေဖန်ထောက်ပြနေတာတွေက ဥရောပသားတွေရဲ့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေမှုသက်သက်ပဲ” လို့ မီဒီယာတွေနဲ့ ဝေဖန်ရေးတွေကို တုံ့ပြန်ခဲ့တာတွေကြောင့် အနောက်ဥရောပမီဒီယာတွေ အတော်လေး ခံပြင်းခဲ့ကြပါတယ်။
ကာတာကမ္ဘာ့ဖလားဘောလုံးပွဲ မစတင်မီကတည်းက ဝေဖန်မှုမျိုးစုံထွက်ပေါ်နေတဲ့အပေါ် ဖီဖာဥက္ကဋ္ဌက တုံ့ပြန်တာပါ။ ရွှေ့ပြောင်းအလုပ်သမား တွေနဲ့ပတ်သက်တဲ့အရေး၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ လိင်ခွဲခြားမှုအကြောင်းပြချက်တွေနဲ့ ဝေဖန်မှုပေါင်းစုံကို ကာတာနိုင်ငံဘက်ကနေ ရပ်တည်ပြီး သူကပြောခဲ့တဲ့အပြင် “ကျွန်တော်က ဥရောပ ရွှေ့ပြောင်းအလုပ်သမား မိသားစုတစ်စုကနေ မွေးဖွားလာလို့ ဘဝတွေ ဘယ်လောက်ခက်ခဲတယ် ဆိုတာ နားလည်ပါတယ်။ လစာမလောက်ငတာ၊ မလုံခြုံတာအပြင် တစ်နေရာကတစ်နေရာ ကူးပြောင်းဖို့တောင် ခက်ခဲတာကြုံခဲ့ရတယ်။ ဒါပေမဲ့ အခုဟာမှာ ကာတာကမ္ဘာ့ဖလား ကျင်းပခဲ့လို့သာ အာရှနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမားတွေ ထောင်သောင်းချီ အလုပ်ရခဲ့ကြရတယ်။ ဆက်ပြောရရင် ဥရောပနိုင်ငံတွေကရော အခုလိုထောင်သောင်းချီတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်ပေးနိုင်ခဲ့သလား”ဆိုပြီးတော့လည်း မေးခွန်းထုတ်ခဲ့ပါ သေးတယ်။ ဒါ့အပြင် အနောက်မီဒီယာတွေက ကာတာမှာရွှေ့ပြောင်းအလုပ်သမား ၆၅၀၀ သေဆုံးခဲ့ရတယ်ဆိုတဲ့ ဖော်ပြမှုကို ရှုတ်ချခဲ့ပြီး သတင်း အမှားတွေဖြစ်ကြောင်းနဲ့ အမှန်တကယ်သေဆုံးတာက ၃၇ ယောက်ဖြစ်ပြီး အဲဒီထဲမှာမှ သုံးယောက်သာ လုပ်ငန်းခွင်မတော်တဆမှုနဲ့ သေဆုံးတယ်လို့ မီဒီယာအမှားကို ထောက်ပြခဲ့ပါတယ်။
စစ်တမ်းတွေပြုစုကာ စူးစမ်း
လွတ်လပ်သောမီဒီယာတွေရဲ့ ဘိုးအေကြီးလို့ အနောက်အုပ်စုတွေက တင်စားကြတဲ့ အမေရိကန် ပြည်ထောင်စုမှာ လွန်ခဲ့တဲ့ဆယ်စုနှစ်ကတည်းက အခုအချိန်အထိ တီဗွီ၊ ရေဒီယို၊ သတင်းစာ သတင်းတွေရဲ့ အကြောင်းအရာပြည့်စုံမှု၊ ဘက်မလိုက်မှု၊ တိကျမှန်ကန်မှုနဲ့ပတ်သက်ပြီး စစ်တမ်းတွေပြုစုကာ စူးစမ်းတဲ့အခါ အမေးခံရသူ ၁၀ ဦးမှာ ခြောက်ဦးက ယုံကြည်မှုမရှိတာကို သိရသလို အွန်လိုင်းပေါ်က သတင်းတွေအတွက်တော့ ၉၀ ရာခိုင်နှုန်းက မယုံကြည်ကြဘူးလို့ သိရပါတယ်။
လူတိုင်းအတွက် သတင်းကဆက်သွယ်ရေး လက်နက်ကိရိယာဖြစ်လာသလို ကမ္ဘာအရပ်ရပ်မှာ သတင်းစကားတွေက နေ့စဉ်နဲ့အမျှ ဖြစ်ပျက်ပေါ်ပေါက်နေတာပါ။ သတင်းတွေကို သတင်းစာ ဆရာတွေရဲ့ လက်ဖျား၊ နှုတ်ဖျား၊ ကလောင်ဖျားကနေ ထွက်လာဖို့ရာ သူတို့ရဲ့နောက်ခံ သဘောထား၊ သတင်းဌာနတွေရဲ့ပေါ်လစီနဲ့ သူတို့စာဖတ်ပရိသတ်တွေအပေါ်မူတည်ပြီး တူးဆွရေးသားဖော်ထုတ်နေ ကြတာဖြစ်ပါတယ်။ မီဒီယာလုပ်ငန်းတွေ ထွန်းကားပြီးချိန်မှာ စတုတ္ထမဏ္ဍိုင်လို့ ဖွင့်ဆိုခဲ့ကြပြီး watch dog (ပြည်စောင့်ခွေး) သို့မဟုတ် whistleblower (ခရာမှုတ်သမား) လို့ခေါ်ခဲ့ကြပါတယ်။ အခုအချိန်မှာတော့ အဆင့်ဆင့်ပြောင်းလဲလာပြီး ကြီးမားကျယ်ပြန့်တဲ့ စတုတ္ထမဏ္ဍိုင်ကို ပိုင်ဆိုင်ထားတဲ့ အင်အားကြီးနိုင်ငံတွေက ကမ္ဘာကြီးကို ခြယ်လှယ် လွှမ်းမိုးချုပ်ကိုင်ဖို့ လုပ်နည်းလုပ်ဟန်တွေ ပြောင်းလဲလာသလို မီဒီယာသမားတွေရဲ့ အနှစ်သာရတွေလည်း ပုံပျက်လာခဲ့ပါတယ်။
မီဒီယာလက်နက်နဲ့ လက်ရုံးဆန့်လို့ရသမျှ အစွမ်းပြကြ
ယနေ့အချိန်မှာ လူထုဆက်သွယ်ရေး နည်းပညာက ကမ္ဘာကိုလွှမ်းခြုံထားပြီး လူတိုင်း နေ့စဉ်နဲ့အမျှ သတင်းတွေကို စားသုံးနေကြရတဲ့အခါ အင်အားကြီးနိုင်ငံတွေက မီဒီယာကနေ ကမ္ဘာကို သူတို့မြင်စေလိုတဲ့ အခြေအနေ၊ ပြချင်တဲ့ပြကွက်တွေကိုသာ ကွက်ပြီးပြတဲ့လုပ်ငန်းကို လွန်ခဲ့တဲ့ဆယ်စုနှစ်တွေထက် ပိုမိုအားထည့်လုပ်ကိုင်လာနေကြပါတယ်။ မီဒီယာကြီးတွေကနေ ကမ္ဘာကိုလိမ်လည်ပြီး နိုင်ငံငယ်တွေကို ကမောက်ကမဖြစ်အောင်၊ သူတို့လိုလားသူတွေကို ကမ္ဘာသားတွေ သနားကရုဏာသက်အောင်၊ မလိုလားသူတွေကို မျက်မုန်းကျိုးအောင်၊ နိုင်ငံငယ်တွေအချင်းချင်း တိုက်ကြခိုက်ကြအောင်၊ အကြမ်းဖက်တတ်အောင်၊ စစ်မက်ဖြစ်ပွားအောင် စသဖြင့်မီဒီယာလက်နက်နဲ့ လက်ရုံးဆန့်လို့ရသမျှ အစွမ်းပြကြပါတယ်။ သူ့နိုင်ငံအတွင်းဖြစ်နေတဲ့ အသားအရောင်ခွဲခြားမှု၊ လူမျိုးရေးခွဲခြားမှု၊ လက်နက်ကိုင် အကြမ်းဖက်မှုတွေနဲ့ အလုပ်လက်မဲ့ပြဿနာတွေ၊ မူးယစ်ဆေး သုံးစွဲမှုပျံ့နှံ့နေတာတွေ၊ အိမ်ရာမဲ့ ပြဿနာတွေအပေါ်မှာတော့ သူတို့ရဲ့မီဒီယာတွေမှာ သာမန်မျှသာ တွေ့မြင်ရမှာဖြစ်ပြီး သူတို့နဲ့ပလဲနံပမသင့်တဲ့အခြား နိုင်ငံတွေရဲ့ အလားတူဖြစ်ရပ်တွေအပေါ်မှာ အကြီးအကျယ် ဖြစ်အောင် နည်းလမ်းပေါင်းစုံနဲ့ အကျယ်ချဲ့ ဖော်ပြကြတာတွေလည်း တွေ့ရှိရပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေက ပြည်သူအများစုကတော့ အင်အားကြီးမီဒီယာတွေရဲ့နောက်ကွယ်မှာ ဘယ်လိုလူတွေရှိနေမလဲ၊ ရည်ရွယ်ချက်က ဘာကြောင့်လဲဆိုတာမျိုးကို မေးခွန်းပြန်ထုတ်သူရှားသလို အင်အားကြီးမီဒီယာ အစုအဖွဲ့ကြီးက ဓနအင်အား၊ လူအင်အား၊ နည်းပညာ၊ အတတ်ပညာအင်အား ပြည့်စုံတဲ့အတွက် အဘက်ဘက်က အားနည်းတဲ့ နိုင်ငံတွေအဖို့ ပြန်လည်ခွန်းတုံ့ပြန်ဖို့ အခွင့်အရေးမရှိဘဲ သူတို့ရဲ့မီဒီယာ အနိုင်ကျင့်ဗိုလ်ကျမှုအောက်မှာ လှိမ့်နေအောင်ခံစားကြရပါတယ်။
ကလောင်လက်နက်ကို အဓိကအသုံးပြုခဲ့
အတိတ်ကို ပြန်ကြည့်ရင် ကောင်းကင်ဘုံနဲ့ဝေးပြီး အမေရိကန်နဲ့နီးလွန်းတာက လက်တင်အမေရိကနိုင်ငံတွေအဖို့ နာကျင်စရာအတွေ့အကြုံတွေကို မလိုချင်ဘဲ ရခဲ့ဖူးပါတယ်။ စစ်ပွဲမှာ အမေရိကန်တို့က စစ်လက်နက်တွေအပြင် ကလောင်လက်နက်ကို အဓိကအသုံးပြုခဲ့တယ်ဆိုတာ သမိုင်းမှာဖျောက်ဖျက်မရပါဘူး။ ဥပမာအားဖြင့် ချီလီနိုင်ငံရဲ့ ဖြစ်ရပ်မှာ ဆယ်ဗဒိုအာယန်ဒေး အစိုးရကို ဖြုတ်ချဖို့ ချီလီပြည်သူတွေရဲ့ အကျိုးစီးပွားတွေကို ပိတ်ဆို့၊ စာနယ်ဇင်းအတတ်ပညာမျိုးစုံနဲ့ ဖိအားပေး၊ နိုင်ငံရေးမငြိမ်မသက်အောင် လှုံ့ဆော် တာမျိုးတွေ၊ နီကာရာဂွာနိုင်ငံဖြစ်စဉ်သမိုင်းမှာလည်း စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ပျက်သုဉ်း အောင် အမျိုးမျိုးဆောင်ရွက်ရာမှာလည်း အစိုးရနဲ့ ပြည်သူတွေအပေါ် ကမ္ဘာကအထင်လွဲအောင် အသရေဖျက်ခဲ့တာ၊ လတ်တလောဖြစ်ပွားနေတဲ့ ရုရှားနဲ့ ယူကရိန်းပဋိပက္ခ အရှိန်တက်အောင် မီးထိုးပေးခဲ့ရာမှာလည်း ကျောထောက်နောက်ခံ တောင့်တင်းတဲ့ အင်အားကြီးမီဒီယာတွေက အဓိကလက်သည်လို့ ဆိုရမှာပါ။
ကမ္ဘာကျော် သတင်းအေဂျင်စီအချို့ဟာ ကမ္ဘာ့နိုင်ငံငယ်တွေက ပြည်သူအများစုကြီးကို ကျုံးသွင်း ပြီး အတွေးအခေါ်ပိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ ဘာသာတရားနဲ့ ဓလေ့ထုံးတမ်းဆိုင်ရာတွေကို ကမောက်ကမဖြစ်အောင် သူတို့ပုံစံခွက်ထဲကို အတင်းသွတ်သွင်းနေတာကတော့ အခုမှမဟုတ် ပါဘူး။ သာဓကအားဖြင့် Aginter Press လို့ခေါ်တဲ့ သတင်းဌာနဆိုရင် ၁၉၇၀ ပြည့်နှစ်ကျော်ကာလတွေမှာ အင်အားအတော်လေးတောင့်တင်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဌာနဟာ သတင်းဌာနစစ်စစ် မဟုတ်ဘဲ ပြင်သစ်ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲဟောင်းတစ်ဦးက ကွပ်ကဲတဲ့ဌာနဖြစ်ပါတယ်။ သူတို့က အယ်လ်ဂျီးရီးယားနဲ့ အခြားအာရပ်နိုင်ငံတွေ၊ အာဖရိကနိုင်ငံတွေအထိတိုးချဲ့ပြီး မသိနားမလည်သူတွေကို သူတို့အတွေးအခေါ်တွေ ဖြစ်တည်လာအောင် သတင်းလုပ်ငန်းကနေ သွေးဆောင်စုစည်းစေခဲ့တာမျိုး ရှိခဲ့ပါတယ်။
ဒါ့အပြင် လွန်ခဲ့တဲ့နှစ် ၂၀ ကျော်ကာလအတွင်း နိုင်ငံတကာကိုချုပ်ကိုင်လိုတဲ့ အမေရိကန်စုံစမ်း ထောက်လှမ်းရေးအဖွဲ့ စီအိုင်အေက မီဒီယာသမားတွေကို အသုံးချလက်သပ်မွေးခဲ့သလို မီဒီယာ လုပ်ငန်းတွေကိုလည်း နောက်ကွယ်က ထောက်ပံ့ ပေးခဲ့တာမျိုးတွေကို စာရင်းဇယားအတိအကျနဲ့ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုအချိန်အထိလည်း လွတ်လပ်တဲ့မီဒီယာ အမည်ခံ အနောက်မီဒီယာအများစုရဲ့နောက်ကွယ်မှာ အခြား institution တစ်ခုခုက ရှိနေစမြဲ၊ သူတို့ အားပေးထောက်ခံမှုနဲ့ မီဒီယာကလည်း သူတို့လိုလားချက်တွေကို ရေးသားပေးစမြဲပါ။
အမှန်တရားက ပျောက်ဆုံးနေခဲ့ရ
ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ အာရှနိုင်ငံအချို့ ရုန်းထလာချိန်မှာ အနောက်မီဒီယာတွေက ဘယ်လို ပုံစံနဲ့အသိအမှတ်ပြုခဲ့ကြပါသလဲ။ အာရှတစ်လွှား စင်ပေါ်ရောက်လာတဲ့နိုင်ငံတွေထဲက သူတို့နဲ့ ပလဲနံပမသင့်တဲ့နိုင်ငံတွေရဲ့ အားနည်းချက်တွေကို Black Propaganda (အမှောင်လုပ်ငန်းဝါဒဖြန့်ချိရေး) ကျွမ်းကျင်သူတွေနဲ့ ဖော်ထုတ်ရေးသားပြီး ကမ္ဘာက အထင်အမြင်လွဲအောင် စီးရီးလိုက်ရေးသားလုပ်ဆောင် ခဲ့ကြဖူးပါတယ်။ အာရှ၊ အာဖရိက ဖွံ့ဖြိုးဆဲနိုင်ငံငယ်တွေနဲ့ပတ်သက်ရင် နိုင်ငံတကာအမြင်မှာ ကောင်းမွန်တဲ့အရာတွေထက် အဆိုးအပြစ်တွေကိုပဲ မီဒီယာပေါ်မှာမြင်ရလို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအဖို့ အမှန်တရားက ပျောက်ဆုံးနေခဲ့ရပြီး အနောက်မီဒီယာတွေရဲ့ ပုံဖော်မှုကသာ လူသားထုအမြင်မှာ စွဲကျန်ရစ်စေပါ တယ်။ အမှန်က ဒုစရိုက်မှုမျိုးစုံဟာ အနောက်နိုင်ငံတွေမှာ ဗွက်ပေါက်အောင် များပြားပြီးသားဖြစ်သလို အကြမ်းဖက်မှု၊ မငြိမ်သက်မှုနဲ့ဖိနှိပ်မှုတွေကိုတော့ အခုလို တကူးတကရေးသားတာမရှိဘဲ ဖုံးဖုံးဖိဖိ ပါးပါးသာဖော်ပြခဲ့တာပါ။
၁၉ ရာစု အတွေးအခေါ် ပညာရှင် အလက်ဇီဒီတို့ကီဗီလီက “အမှားတစ်ခုကို ပိပိရိရိ ပိုင်ပိုင်နိုင်နိုင် ရှင်းရှင်းလင်းလင်းပြောကြားခြင်းက အမှန်တစ်ခုကို မရေမရာ မပြတ်မသားပြောကြား ခြင်းထက် ပိုအကျိုးသက်ရောက်မှုကြီးမားတယ်” လို့ဆိုခဲ့ပြီး ဒီအတွေးအခေါ်ကို လက်တွေ့သုံးစွဲနေကြ သူတွေက ဘီဘီစီအသံလွှင့်ဌာနက သတင်းကြေညာ သူတွေ၊ ဝေဖန်သူတွေဖြစ်တယ်လို့ အိန္ဒိယသတင်းစာ ဆရာကြီး ဂိုဗင်းဗီဒရာသီက သာဓကပြုခဲ့တာကို မှတ်သားရပါတယ်။
ဗီယက်နမ်စစ်ပွဲကြီး စတင်ခဲ့ရ
အနောက်မီဒီယာတွေရဲ့ သတင်းစာသမိုင်းမှာ မမေ့နိုင်တဲ့ စာသားတစ်ကြောင်း ရှိခဲ့ဖူးပါတယ်။ “You furnish the pictures and I’ll furnish the war” ပါ။ အမေရိကန် သတင်းစာအင်ပါယာကြီးကို ပထမဆုံးတည်ထောင်ခဲ့တဲ့ ဝီလီယံရူးဒေါ့ဟတ်စ်က ကျူးဘားက သူ့သတင်းထောက်ဆီကို ရိုက်ခဲ့တဲ့ ကြေးနန်းပါ။ “မင်းက ဓာတ်ပုံတွေသာ ပို့လိုက်ကွာ၊ ငါက စစ်ပွဲကြီး ပို့ပေးလိုက်မယ်” တဲ့။ တကယ်လည်း ရူးဒေါ့ဟတ်စ်က ကျူးဘားကို စစ်ပွဲကြီးပို့ပေးနိုင်ခဲ့ ပါတယ်။ အဲဒီလိုပဲ တုံကင်ပင်လယ်ကွေ့အရေးအခင်း ဓာတ်ပုံတွေကနေ ဗီယက်နမ်စက်တပ်လှေတွေက အမေရိကန်စစ်သင်္ဘောတွေကို ရန်စပစ်ခတ်တယ် ဆိုတဲ့သတင်းကို အဆာပလာတွေနဲ့ပေါင်းစပ်ပြီး သူတို့ချုပ်ကိုင်ထားတဲ့ မီဒီယာတွေက ဖော်ပြလိုက်တဲ့အခါ ကမ္ဘာက မျက်စိလည်ပြီး သင့်တော်ကြောင်း ခေါင်းညိတ်လိုက်ရာကနေ ဗီယက်နမ်စစ်ပွဲကြီး စတင်ခဲ့ရဖူးပါတယ်။
၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ အမေရိကန် ပြည်ထောင်စုနဲ့ အနောက်အင်အားကြီးနိုင်ငံတွေက ထောက်လှမ်းရေးအေဂျင်စီတွေအတွက် အလုပ်လုပ်ပေးနေတဲ့ ဒါမှမဟုတ် အလုပ်လုပ်ပေးနေရတာကို မသိနားမလည်တဲ့ သတင်းသမားတွေနဲ့ မီဒီယာတွေ များစွာပေါ်ပေါက်နေကြပြီး သူတို့က ကိုလိုနီလက်သစ်ဝါဒ ဩဇာနယ်ပယ်အတွင်းမှာ သွန်လိုသွန် မှောက်လိုမှောက် ပြုလုပ်နိုင်ရေး၊ သူတို့လုပ်သမျှကို ကမ္ဘာ့လူထုပရိသတ်ကြီးတစ်ခုလုံးက မျက်စိမှိတ်ပြီး အကောင်းမြင်လာစေရေးကို အကြီးအကျယ် လုံ့လပြုနေကြပါတယ်။ တစ်ဖက်မှာတော့ ဖွံ့ဖြိုးဆဲနိုင်ငံ အတော်များများနဲ့ အနောက်အုပ်စုနဲ့ ပလဲနံပမသင့် တဲ့နိုင်ငံတွေက နယ်ချဲ့ဝါဒီတွေရဲ့ သဘောတရားရေးရာ အမှောင့်လုပ်ငန်းတွေကို ပြတ်ပြတ်သားသား ခုခံနိုင်ဖို့ နိုးကြားလာကြတာကို မြင်တွေ့ရပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေက ပြည်သူတွေဆီကို မီဒီယာပလက်ဖောင်းအမျိုးမျိုးကနေ ဝင်ရောက်လာတဲ့ ကိုလိုနီလက်သစ်သတင်းတွေနဲ့ သူတို့အတွေးအခေါ်၊ သူတို့ယဉ်ကျေးမှုတွေ စိမ့်ဝင်လာနေပြီး လူငယ်တွေနဲ့ ကလေးသူငယ်တွေအဖို့လည်း သူတို့အတွေးအခေါ်တွေဟာ ကာတွန်း၊ ရုပ်သံနဲ့ အွန်လိုင်းပေါ်မှာ စွဲဆောင်မှုအပြည့်နဲ့ နေရာယူလာနေတာကို မြင်တွေ့နိုင်ပါတယ်။ တကယ်တော့ အနောက် မီဒီယာတွေဟာ သူတို့ရဲ့နိုင်ငံရေးရည်မှန်းချက် ပေါက်ရောက်စေဖို့ လှပတဲ့ အတွေးအခေါ်တွေနဲ့ ခံစားမှုတွေကို ထည့်သွင်းသကာလောင်းထား ကြတယ်ဆိုတာကို သတိချပ်ကြဖို့လိုပါတယ်။
အပျက်ဘက်ကို ဦးတည်နေ
အနောက်မီဒီယာအများစု ဝါဒဖြန့်ကြရာမှာ အသွင်အပြင်နဲ့ နည်းစနစ်တွေ၊ အခြေခံမူချထား တာမျိုးတွေမရှိဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပေမယ့် လိုချင်တဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးရာသီဥတုအပေါ်ကို မူတည်ပြီး အတွေးအခေါ်ပိုင်းဆိုင်ရာ အမှောင့် လုပ်ငန်းတွေကို ပုံဖော်လေ့ရှိပါတယ်။ အနောက်မီဒီယာဟာ ပစ်မှတ်နိုင်ငံရဲ့ အမျိုးသားရေး လှုပ်ရှားမှု အခြေအနေ၊ ခေါင်းဆောင်ပိုင်းတွေရဲ့ တုံ့ပြန်ကာကွယ်နိုင်စွမ်းနဲ့ နိုင်ငံရဲ့ပထဝီ အခြေအနေ၊ လူထုရဲ့ပညာအရည်အချင်း စတာတွေကိုတွက်ချက်ပြီး အားနည်းချက်ကွက်လပ် တွေကို ရှာဖွေဖော်ထုတ်တတ်ကြပါတယ်။ အနောက်အင်အားကြီးနိုင်ငံတွေရဲ့ မီဒီယာကြီးတွေ အများစုက အဖျက်လုပ်ငန်း ကျော့ကွင်း (the snare of the ideological saboteurs) တွေမှာ အမြဲပါဝင်ပြီး သူတို့အနေနဲ့ အမှန်တရားကိုပြောဖို့ရေးဖို့ထက် နိုင်ငံအသီးသီးက အတိုက်အခံတွေကို ဘယ်လိုအားပေးကူညီရမလဲ၊ တိုင်းပြည်တွေ ပျက်သုဉ်းအောင် ဘယ်လိုအားထုတ် ရမလဲဆိုတဲ့ အပျက်ဘက်ကို ဦးတည်နေတာကတော့ အထင်အရှားပါပဲ။
အများဘက်က ရပ်တည်နေပါတယ်ဆိုတဲ့ မီဒီယာကြီးတွေဟာ နယ်ချဲ့ဝါဒီတို့ရဲ့ အာဘော်ကို ထင်ဟပ်နေတယ်ဆိုတာကို ဝေဖန်လာတဲ့အခါတိုင်းမှာ လွတ်လပ်တဲ့မီဒီယာတွေလို့ တွင်တွင်အော်နေကြဆဲပါ။ သူတို့လုပ်ရပ်တွေကို ဖုံးကွယ်ဖို့အတွက် သတင်းတင်ပြပုံဟန်ပန်နဲ့ နည်းစနစ်တွေကို ဘယ်လိုပဲပြောင်းပါစေ မပြောင်းလဲတာကတော့ ကမ္ဘာ့ဗိုလ်ကျစိုးမိုးရေးဝါဒီတွေဖြစ်တဲ့ နိုင်ငံကြီးတွေရဲ့အကြိုက် လိုက်ရေးနေတဲ့ ပုံစံခွက်ထဲမှာ တစ်သမတ်တည်းရှိနေဆဲပဲဖြစ်ပါတယ်။ ဒါကြောင့်သာ ကမ္ဘာပေါ်မှာ သူတို့နဲ့ အဆင်ပြေတဲ့ အစိုးရကို သူရဲကောင်းတပ်ဖွဲ့ဝင်တွေ၊ မဟာမိတ်တွေလို့ သုံးစွဲပြီး သူတို့အဆင်မပြေတဲ့ အစိုးရတွေကို ဖက်ဆစ်တွေလို့ သုံးနှုန်းကြခြင်းပါ။ သူတို့မြှောက်ပင့်ပေးတဲ့ အတိုက်အခံနဲ့ ပုန်ကန်သူတွေကို မျိုးချစ်တပ်ဖွဲ့တွေ၊ သူရဲကောင်းတွေလို့ဆိုကြသလို သူတို့နဲ့ အဆင်မပြေတဲ့အတိုက်အခံတွေနဲ့ ပုန်ကန်သူတွေကို သူပုန်လို့ ပြောင်ပြောင်တင်းတင်း သုံးစွဲနေကြခြင်းပါ။ ဒါက ဘက်မလိုက်သတင်းဌာနတွေလို့ ကြွေးကြော်နေပြီး သူတို့နိုင်ငံတွေရဲ့ အကျိုးစီးပွားအတွက် အဖြစ်မှန်ကို မျက်ကွယ်ပြုပြီး ဘက်လိုက်နေခြင်းပဲ မဟုတ်ပါလား။
ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့အသံတွေကို စုစည်းနိုင်ခဲ့
အနောက်မီဒီယာရဲ့ အဓမ္မမှုတွေကို သည်းမခံနိုင်တော့တဲ့အခါ နိုင်ငံအချို့ဟာ ကိုယ်ပိုင်မီဒီယာ တွေကနေ ဖော်ထုတ်ရေးသားတာ၊ ပြန်လည်တုံ့ပြန်တာမျိုးကို တွင်တွင်ကျယ်ကျယ်လုပ်ဆောင် ခဲ့ကြပြီး နိုင်ငံအချို့ကတော့ စည်းလုံးညီညွတ်စွာနဲ့ တန်ပြန်ထိုးစစ်စတင်ဖို့ ပြင်ဆင်လာခဲ့ကြပါပြီ။ ဒီအထဲမှာ စည်းလုံးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အဓိကပြသတဲ့အဖွဲ့ကတော့ BRICS (ဘရစ်ခ်စ်) အဖွဲ့ဝင်နိုင်ငံတွေက မီဒီယာခေါင်းဆောင်တွေပဲဖြစ်ပါတယ်။ မကြာခင်က ကျင်းပပြုလုပ်ခဲ့တဲ့ BRICS Media Forum (ဘရစ်ခ်စ်မီဒီယာဖိုရမ်) က ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အသံတွေကို စုစည်းနိုင်ခဲ့ပါတယ်။ (၆) ကြိမ်မြောက် ဘရစ်ခ်စ်မီဒီယာဖိုရမ်ကို ဂျိုဟန်နက်စ်ဘတ်ဂ်မြို့မှာ ဩဂုတ် ၂၀ ရက်က ကျင်းပခဲ့ကြပြီး သာတူညီမျှဘက်မလိုက်တဲ့ အနာဂတ်တစ်ခု ဖြစ်လာစေဖို့ ကမ္ဘာ့အထွေထွေ ရင်ဆိုင်ကြုံတွေ့ နေရမှုတွေကို ကိုင်တွယ်ဖြေရှင်းကြမယ့် မီဒီယာတွေ ဖြစ်လာဖို့ စုပေါင်းဆွေးနွေးခဲ့ကြပါတယ်။
မီဒီယာဖိုရမ်ကို နိုင်ငံပေါင်း ၃၀ ခန့်က မီဒီယာ တွေ၊ စာနယ်ဇင်းသမားတွေနဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေက ကိုယ်စားလှယ်တွေ စုစုပေါင်း လူ ၂၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြပါတယ်။ ဖိုရမ် မှာ “BRICS and Africa: Strengthening Media Dialogue for a Strengthening and Behavied Future” ခေါင်းစဉ်နဲ့ အဓိကဆွေးနွေးခဲ့ကြတာပါ။
“BRICS နိုင်ငံတွေက မီဒီယာတွေဟာ ဒီခေတ်ရဲ့ အရေးပါတဲ့ တာဝန်တွေကို ထမ်းဆောင်နေကြ ရတာဖြစ်ပြီး အခုလိုပူးပေါင်းဆောင်ရွက်ခွင့်ရတာ ဝမ်းသာမိတယ်”လို့ ဖိုရမ်ရဲ့အမှုဆောင်ဥက္ကဋ္ဌ၊ ဆင်ဟွာသတင်းအေဂျင်စီရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဖူဟွာကဆိုပါတယ်။ အာဖရိကအမျိုးသားကွန်ဂရက်ရဲ့ အမှုဆောင်တစ်ဦးဖြစ်တဲ့ ဒါကိုတယ်ကလည်း “၂၀၁၅ ခုနှစ်မှာ စတင်တည်ထောင်ပြီးကတည်းက BRICS မီဒီယာဖိုရမ်က မိမိတို့ ပူးပေါင်းနိုင်ငံတွေရဲ့ အသံကို မြှင့်တင်ပေးတဲ့ အရေးကြီးပလက်ဖောင်း တစ်ခုဖြစ်လာတယ်”လို့ ထုတ်ဖော်ပြောကြားခဲ့ ပါတယ်။
ရုရှားက TASS သတင်းဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် အန်ဒရီကလည်း သတင်းမှားတွေကို တုံ့ပြန်ဖို့နဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးဖို့ BRICS မီဒီယာတွေကို တောင်းဆိုခဲ့သလို ဘရာဇီးက ဘဏ္ဍာရေးနဲ့ စိုက်ပျိုး ရေးကဏ္ဍတွေအတွက် သတင်းအချက်အလက် ပံ့ပိုးသူ CMA လုပ်ငန်းစုအကြီးအကဲ ဂျို့စ်ကလည်း ယုံကြည်ရပြီး ဘက်မလိုက်တဲ့ သတင်းအချက်အလက်တွေရဲ့ အရေးကြီးပုံကို မီဒီယာဖိုရမ်မှာ မျှဝေပေးခဲ့ပါတယ်။ အခုလို မီဒီယာဖိုရမ်မှာ ဆက်သွယ်ချိတ်ဆက်ကြရပြီး အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးနယ်ပယ်တွေမှာ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ရှာဖွေသင့်ကြောင်း ပြောကြားခဲ့ပါတယ်။ တောင်အာဖရိက လွတ်လပ်သောမီဒီယာရဲ့ အမှုဆောင်ဥက္ကဋ္ဌ အစ်ဘယ်ဆာဗေးက ဖိုရမ်ကနေ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို မီးမောင်းထိုးပြခဲ့ပြီး အားလုံးရဲ့အမြင်တွေနဲ့ မျှော်လင့်ချက်တွေကို ထုတ်ဖော်ခဲ့ပါတယ်။
ဖိုရမ်အတွင်းမှာ ဆင်ဟွာသတင်းဌာန အကြီးအကဲက BRICS အဖွဲ့ဝင်နိုင်ငံတွေရဲ့ မီဒီယာတွေ ပူးပေါင်းဆောင်ရွက်ပြီး အပြည်ပြည်ဆိုင်ရာ ရေးသားဖော်ပြချက်တွေနဲ့ မီဒီယာကို ၎င်းတို့ အလိုကျ လက်ဝါးကြီးအုပ်ချင်နေကြတဲ့ နိုင်ငံတွေအကြားမှာ BRICS မီဒီယာခေါင်းဆောင်တွေက ရပ်တည်ချက် ခိုင်ခိုင်မာမာရှိဖို့လိုအပ်တာကို ထည့်သွင်းဆွေးနွေးခဲ့ပြီး ပဋိပက္ခတွေကို မီးမွှေးဖို့၊ အသုံးချခံအဖြစ် မရပ်တည်ကြဖို့လည်း ထောက်ပြခဲ့ပါတယ်။ အနောက်အုပ်စုမီဒီယာတွေရဲ့ ပုံဖျက်မှုတွေဖြစ်တဲ့ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာတွေ၊ ဘာသာစကားတွေနဲ့ ဆန်းသစ်တီထွင်မှုတွေကို အချင်းချင်းဖော်ထုတ်ကြဖို့ စိတ်အားထက်သန် နေကြတာကိုလည်း ဖိုရမ်မြင်ကွင်းတွေအရ သိရှိရပါတယ်။ မကြာမီကာလအတွင်းမှာ အိန္ဒိယရဲ့ အာကာသခရီး စူးစမ်းလေ့လာမှုတွေ၊ တရုတ်ရဲ့ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ တိုးတက်မှုတွေ၊ တောင်အာဖရိကနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ တိုးတက်မှုတွေကို BRICS အဖွဲ့ဝင်နိုင်ငံတွေရဲ့ မီဒီယာအသီးသီးမှာ မြင်တွေ့ ခွင့်ရလာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။
ဘက်လိုက်မှုမရှိတဲ့ အနာဂတ်ဆီကို လမ်းဖောက်
ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေးထိပ်တန်းရောက်လာနေမှုနဲ့ လူမှုရေး ဆိုင်ရာ တိုးတက်အောင်မြင်မှုတွေကို နိုင်ငံရေးမတည်မငြိမ်ဖြစ်မှု၊ သဘာဝဘေးအန္တရာယ် ကြုံတွေ့ရမှုအစရှိတဲ့ သတင်းခေါင်းစီးကြီးတွေနဲ့ တားဆီးပိတ်ပင်၊ အနုတ်လက္ခဏာဆောင်တဲ့ သတင်းတွေကိုသာ စွဲစွဲမြဲမြဲဖော်ပြခံခဲ့ရာကနေ အဲဒီလိုအတားအဆီးအပိတ်အပင်နဲ့ ကိုလိုနီနယ်ချဲ့ မီဒီယာတွေကို ချိုးဖျက်လို့ ဆဋ္ဌမအကြိမ်မြောက် ဘရစ်ခ်စ်မီဒီယာဖိုရမ်ရဲ့ ရည်ရွယ်ချက်အတိုင်း သာတူညီမျှပြီး ဘက်လိုက်မှုမရှိတဲ့ အနာဂတ်ဆီကို လမ်းဖောက်ကြရတော့မှာပဲ ဖြစ်ပါတယ်။
အနောက်နိုင်ငံမီဒီယာတို့ စီစဉ်ထားတဲ့ မူဘောင်အတွင်းက လွတ်ကင်းနိုင်တာနဲ့ တစ်ဖက်သတ် မီဒီယာတွေကြောင့် ဖုံးကွယ်နေရတဲ့ မိမိတို့ရဲ့ကိုယ်ပိုင်စဉ်းစားဉာဏ်၊ အန်တုရင်ဆိုင်မှုနဲ့ အလား အလာကောင်းတွေကို ထုတ်ဖော်တင်ဆက်နိုင်တော့မယ့်အပြင် BRICS အဖွဲ့ဝင်တွေရဲ့ သတင်းအချက်အလက် ဝေမျှတာတွေသာမက အာရှ၊ အာဖရိက ဒေသအလွန် လူထုပရိသတ်ရဲ့ အသံတွေကိုပါ ကမ္ဘာက မကြာမီကျယ်ကျယ်လောင်လောင် ကြားတွေ့ရတော့မယ်လို့ ယုံကြည်မျှော်လင့်လိုက်မိပါတယ်။ ။
ကိုးကား။ မီဒီယာစစ်မျက်နှာ(ဖိုးလမင်း)
No comments:
Post a Comment