လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုဆိုင်ရာ အဆင့်အတန်းကို စာပေ၊ ဂီတ၊ ပန်းချီ၊ ပန်းပု စသည့် အနုသုခုမပညာရပ်များက ပြဆိုသည်။ ၁၉၆၉ ခုနှစ်တွင်တွေ့ရှိခဲ့သော ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့အနီး ပြဒါးလင်းဂူအတွင်းမှ နွားရုပ်ပုံနှင့်ငါးရုပ် အပါအဝင် နှစ်ပေါင်းတစ်သောင်းကျော် သက်တမ်းရှိ ရှေးဟောင်းနံရံပန်းချီများက မြန်မာ့ပန်းချီသမိုင်းအစကို ဖော်ပြသကဲ့သို့ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော် ပျူခေတ်ကာလတွင်လည်း မြန်မာ့ရိုးရာ ဆယ်မျိုးသော ပန်းအတတ်ပညာရပ်များ စတင်ထွန်းကားနေပြီဖြစ်ကြောင်း ပျူမြို့ဟောင်းများမှ တူးဖော်တွေ့ရှိရသည့် ရှေးဟောင်းအမွေအနှစ် ပစ္စည်းများက ပြသလျက်ရှိသည်။
ပုဂံခေတ်မှသည် ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်းခေတ်မှသည် ကုန်းဘောင်ခေတ်အထိ စာပေနှင့် ဆယ်မျိုး သော ပန်းအတတ်ပညာများ၊ ဂီတ၊ သဘင် အစရှိသည့် အနုသုခုမပညာရပ်များ တိုးတက်ထွန်းကားခဲ့သည်ကို ခေတ်အဆက်ဆက်တည်ထားခဲ့သော ဘုရားပုထိုး၊ ဆင်းတုတော်များ၊ ကျောက်စာ၊ ခေါင်းလောင်းစာ၊ နံရံဆေးရေးပန်းချီ၊ ပုရပိုက်များတွင် တွေ့ရှိနိုင်ပေသည်။
ထိုကဲ့သို့ ခေတ်အဆက်ဆက်စည်ပင် ထွန်းကားခဲ့သော မြန်မာ့ယဉ်ကျေးမှု လက်ဆင့်ကမ်း အမွေများသည် လွတ်လပ်ရေးဆုံးရှုံး၍ ကိုလိုနီဘဝကျရောက်ခဲ့ရချိန်တွင် ရပ်တန့်ခြင်းပျက်စီးခြင်း များနှင့် ကြုံတွေ့ခဲ့ရသည်။
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တည်ထားရာတွင် နယ်ချဲ့ကိုလိုနီလက်အောက် ကျရောက်ခဲ့ရချိန်အတွင်း နိုင်ငံ၏ယဉ်ကျေးမှုများ ပျက်စီးသွားခဲ့ရခြင်းကြောင့် နောက်ဆုံးကျန်ရှိခဲ့သည့် မြန်မာ့ယဉ်ကျေးမှု အနုပညာလက်ရာများကို ပြန်လည်ပုံဖော်၍ ရတနာပုံခေတ်ဟန် ထုဆစ်တည်ထားခဲ့သည်။ နိုင်ငံတော်ဩဝါဒဆရာတော်ကြီးများ၏ လမ်းညွှန်မှုများ၊ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာထုံးတမ်းများနှင့်အညီ ရတနာပုံခေတ်ဟန် ဘူမိဖဿမုဒြာပုံစံဖြင့် တည်ထားခဲ့ကြောင်း သိရှိခဲ့ရသည်။
ထို့အတူပင် ရေပန်းဥယျာဉ်၊ နဂါးရုံဘုရား၊ ကျောက်စာရုံစေတီများ၊ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီးနှင့် သုဓမ္မာဇရပ် များကိုလည်း တည်ဆောက်ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ဒုတိယဝါဆို လပြည့်နေ့(ဓမ္မစကြာ အခါတော်နေ့)တွင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း၊ ကျောက်စာရုံစေတီများ ထီးတော်တင်လှူခြင်းနှင့် အလှူတော်မင်္ဂလာရေစက်ချ အခမ်းအနားများ ကျင်းပခဲ့ပြီး ဩဂုတ် ၈ ရက်နေ့မှစတင်ကာ ရဟန်းရှင်လူပြည်သူအများ ဖူးမြော်ကြည်ညိုနိုင်ခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီးစံပယ်ရာ ဗုဒ္ဓပရိဝုဏ်တစ်ခုလုံးတွင် ဆယ်မျိုးသော မြန်မာ့ရိုးရာပန်းအတတ်ပညာတို့နှင့် တင့်တယ်စွာထုံမွမ်းထားသည်မှာ ဗုဒ္ဓဂုဏ်တော်အရိပ်၊ ဓမ္မဂုဏ် တော်အရိပ်အောက်တွင် ငြိမ်းချမ်းခြင်း ပီတိသုခကိုခံစားကြရသော ဘုရားဖူး ပရိသတ်အား ပို၍ကြည်နူးသဒ္ဓါစိတ်များ ဖြစ်ပေါ်အောင် ဖူးမြော်မဝကြည့်ရှုမဝ ဖြစ်ကြရသည်။
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီးနောက် ကျောက်စာရုံစေတီများသို့ အကူးတွင် မြန်မာမှုပန်းပုလက်ရာ အပြောက်အမွမ်းများနှင့် ခံ့ညားတင့်တယ်လှသော အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးနှင့် သုဓမ္မာဇရပ်များကို တွေ့ရပေမည်။ သုဓမ္မာဇရပ် များတွင် နားခိုရင်းဇရပ်များတွင် ဆင်ယင်ထားသော မြန်မာ့ပန်းဆယ်မျိုးစာရင်းပါ ပန်းပုအနုပညာလက်ရာများကို ခံစားလေ့လာနိုင်မည်ဖြစ်သည်။ တစ်ဖက်တွင်လည်း ခြူးပန်း၊ ကနုတ်၊ စုလစ်မွမ်းချွန် အပြောက်အမွမ်းများဖြင့် တင့်တယ်ခံ့ညားလှသော အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီးက မြန်မာမှုမြန်မာ့ရိုးရာဒီဇိုင်းများ၏ ပြေပြစ်တင့်တယ်မှု၊ အဆင့်အတန်းရှိမှုတို့ကို ဖော်ပြလျက်ရှိသည်ကို တွေ့ရပေမည်။
ပန်းပုဆိုသည်မှာ သစ်သားအစရှိသော အရာဝတ္ထုများကို ရုပ်လုံးရုပ်ကြွများအဖြစ် ထွင်းထုပုံဖော်သော ပန်းအတတ်ပညာဖြစ်သည်။ ရှေးရိုးမြန်မာပန်းချီပန်းပုများတွင် ကနုတ်၊ နာရီ၊ ကပီ၊ ဂဇာဟူ၍ ရေးဆွဲထုလုပ်ပုံများရှိသည်။ ကနုတ်ဆိုသည်မှာ ကြာဖူး၊ ကြာငုံ၊ ကြာစွယ်စသည် တို့၏ အကွေးအကော့ အခွေအလိပ်ပုံစံဖြစ်ပြီး နာရီဆိုသည်မှာ မိန်းမရုပ်ပုံအမျိုးမျိုး၊ ကပီဆိုသည်မှာ ဘီလူးရုပ်၊ မျောက်ရုပ် စသည်များ၊ ဂဇာဆိုသည်မှာ ဆင်ရုပ်၊ မြင်းရုပ်စသည်ဖြင့် ရေးဆွဲထုလုပ်သော ရှေးရိုးမြန်မာပန်းချီပန်းပုရေးဆွဲ ထုလုပ်နည်းများဖြစ်သည်။
အနွယ် အခက် အရွက် အဖူး အပွင့် စသည်တို့ ရစ်ပတ်ထွေးယှက်နေသော ပုံသဏ္ဌာန် ကနုတ်ပန်း၊ ကနုတ်တက် လှောင်ပုံးအတွင်း ခြူးပန်းခက်ထည့်သွင်း ရေးဆွဲထုလုပ်ထားသော ခြူးပန်းကနုတ်၊ စုလစ်ဟုခေါ်ဆိုသော အမိုးပြာသာဒ်၊ ပုလ္လ သံကဲ၊ မုခ်ဦးစသည်တို့၏ အဆင်တန်ဆာ၊ စုလစ်မွမ်းချွန် အမိုးပြာသာဒ်တွင် တပ်ဆင်ထားသော မီးလျှံကဲ့သို့ ပုံစံရှိသော အစိတ်အပိုင်း၊ ထောင့်ပန်းမှာ အမိုးထောင့်စွန်းတွင် ဆင်ယင်ထားသော အစိတ်အပိုင်း၊ ပုစွန်တုပ်ကွေးမှာ စုလစ်မွမ်းချွန်တို့တွင် စိုင်ပေါင်နှင့် တွဲလျက်တွေ့ရသည်။
အခြားသော ရာထောင်ချီ၍မြား မြောင်ကျယ်ပြန့်လှသော ရှေးရိုးမြန်မာ ပန်းချီ၊ ပန်းပုပညာရပ်အစိတ်အပိုင်းများ ပေါင်းစပ်လျက်အပြောက်အမွမ်း၊ ပန်းကနုတ် အစရှိသည့် လက်ရာများကို သစ်၏မာသောဖြောင့်သောသဘောပျောက်၍ ပြေပြစ်သော နွဲ့နှောင်းသော သဏ္ဌာန်ဝင်အောင် ထုလုပ်ဆင်ယင်ထားခြင်းဖြစ်သည်။ ထိုသို့မြန်မာ့ရှေးရိုးပန်းချီ ပန်းပုအနုပညာလက်ရာများကို အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးအတွင်း အပြင်များတွင်လည်းကောင်း၊ သုဓမ္မာဇရပ်များတွင်လည်းကောင်း တန်ဆာဆင်ထားရှိရာ ဘုရားဖူးလာလူငယ် မောင်မယ်တို့ လေ့လာနိုင်မည်ဖြစ်သည်။
မိမိတို့၏ကိုယ်ပိုင်ဟန်နှင့် အမျိုးသားယဉ်ကျေးမှုကို သိရှိနားလည်မှသာလျှင် မိမိကိုယ်တိုင် ယဉ်ကျေးမှု၏ တန်ဖိုးကိုနားလည်လိမ့်မည်ဖြစ်သည်။ တန်ဖိုးကိုနားလည်ပါမှသာ ယဉ်ကျေးမှုကို ထိန်းသိမ်း ရမည်ဆိုသည့်အသိဖြင့် ထိန်းသိမ်းစောင့်ရှောက်သူများ ဖြစ်လာပေလိမ့်မည်။ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ သာသနိက အဆောက်အအုံများသို့ ကျောင်းသား ကျောင်းသူများ နေ့စဉ်ဝင်ရောက်ဖူးမြော်လျက်ရှိရာ မြန်မာ့ရိုးရာယဉ်ကျေးမှု ပြကွက်များ ရှာဖွေလေ့လာကြည့်ရှု၍ အမျိုးသားရေး ကိုယ်ပိုင်လက္ခဏာနှင့် ပြည့်စုံသော ရှေးရိုးမြန်မာ့ရိုးရာပန်းချီ ပန်းပုအနုသုခုမ ပညာရပ်များ၏ သေးငယ် သောအစိတ်အပိုင်းများကို တင်ပြအပ်ပါသည်။
ကျမ်းကိုး - မြန်မာ့စွယ်စုံကျမ်း၊ မြန်မာ့အနုသုခုမပညာအဘိဓာန်
အလင်းသစ်၊ သန်းတင်အောင်၊ နေမျိုး
No comments:
Post a Comment