Thursday, September 7, 2023

“ပုစွန်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကျင်းပ


နေပြည်တော် စက်တင်ဘာ ၆

ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေးနှင့် စီမံကိန်းလုပ်ငန်းများရေးဆွဲရာတွင် အထောက်အကူဖြစ်စေမည့် အချက်အလက်များ ဆွေးနွေးဖော်ထုတ်နိုင်ရေးအတွက် လစဉ် ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေးနွေးပွဲများကို ကဏ္ဍအလိုက် ခေါင်းစဉ်များသတ်မှတ် ကျင်းပလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စုဝေးဆောင်ခန်းမ၌ “ပုစွန်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် (၂၅) ကြိမ်မြောက် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က မြန်မာနိုင်ငံတွင် ပုစွန်မွေးမြူကန် ဧကစုစုပေါင်း ၁၁၃၇၃၀ ကျော်ရှိကြောင်း၊ ပုစွန် မွေးမြူသူများ၏ သားပေါက်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးနှင့် ဇီဝလုံခြုံမှုစနစ်များ ထိန်းသိမ်းကြပ်မတ်နိုင်ရေး၊ ထုတ်ကုန်များ အစားအစာဘေးကင်း လုံခြုံမှုရှိစေရေး၊ အမှန်တကယ် မွေးမြူနေသူများ မြေယာအသုံးပြုခွင့် လုပ်ပိုင်ခွင့်ရရှိရန်နှင့် နိုင်ငံတော်က ရသင့်သည့်အခွန်များ အပြည့်အဝရရှိရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အလားတူ တစ်ပိုင်တစ်နိုင် မွေးမြူသူများ၊ စီးပွားဖြစ် မွေးမြူထုတ်လုပ်သူများ၊ ပြည်ပသို့တင်ပို့ရောင်းချမည့် အဖွဲ့အစည်းများအနေဖြင့်လည်း သက်ဆိုင်ရာကဏ္ဍအလိုက် ချိတ်ဆက်ပြီး သုတေသနများ ပူးပေါင်းဆောင်ရွက်ခြင်း၊ ရရှိလာမည့် သုတေသနရလဒ်၊ နည်းပညာများကို ဖြန့်ဖြူးပေးခြင်း၊ တစ်ပိုင်တစ်နိုင် မွေးမြူသူများ၊ စီးပွားဖြစ် မွေးမြူထုတ်လုပ်သူများက ပုစွန်ရောဂါကျရောက်ပျံ့နှံ့မှုမရှိရေးအတွက် ဇီဝလုံခြုံရေး ကောင်းစွာ လိုက်နာကျင့်သုံး လုပ်ကိုင်ကြခြင်းဖြင့် ပုစွန်မွေးမြူရေးလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ မွေးမြူရေးသုတေသနဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ ပညာရှင်များက မြန်မာနိုင်ငံ၏ ပုစွန်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရန် အဓိကလိုအပ်ချက်များနှင့် တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်မွေးမြူရေး ဖော်ဆောင်ရာတွင် ပူးပေါင်းဆောင်ရွက်ရမည့်အပိုင်းများ၊ မြန်မာနိုင်ငံ ရေချို၊ ရေငန်ပုစွန်မျိုးစိတ်တို့၏ မွေးမြူထုတ်လုပ်မှုနှင့် ဆက်စပ်သည့် နည်းပညာနှင့် သုတေသနများ၊ ပုစွန်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူပြုသည့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်ကြားရေး အခြေအနေများ၊ ပုစွန်မွေးမြူရေးတွင် အရေးပါသည့် ဇီဝလုံခြုံမှုစနစ်နှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးများနှင့် စကားဝိုင်းဆွေးနွေးပွဲ တက်ရောက်လာကြသူများ၊ အွန်လိုင်းဖြင့် ပါဝင်တက်ရောက်ကြသည့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်း၊ အကြံပြုသုံးသပ်တင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment