Wednesday, October 6, 2021

ကျန်းမာသက်ရှည်စေဖို့ တစ်ဦးချင်း ဆီစားသုံးမှုလျှော့ချကြပါစို့

ရှေးယခင်ကတည်းက မြန်မာအများစုသည် ဟင်းချက်ရာတွင် ဆီများစွာထည့်၍ ချက်ပြုတ် စားသုံးလေ့ ရှိကြသည်။ တစ်နှစ်ပတ်လုံး စားသုံးနိုင်ရန် မြေပဲ၊ နှမ်း စသည့်ဆီထွက်သီးနှံများကို ကိုယ်တိုင် စိုက်ပျိုး၍ ဆီကြိတ်ပြီး စဉ့်အိုးထဲထည့်ကာ လှောင်ထားကြသည်။ ကြက်ဆီပြန်၊ ဝက်ဆီပြန် ဟင်းဆိုလျှင် ထမင်းပို၍စားကောင်းသည်ဟုဆိုသည်။ လက်ဖက်သုပ်နှင့် ငါးခြောက် ဖုတ်တို့တွင်လည်း ဆီများ နစ်နေအောင် ထည့်ထားလေ့ရှိသည်။ တချို့သောသူများသည် ဆီပေါပေါများများ စားသုံးနိုင် သည်ကိုပင် ဂုဏ်ယူဝင့်ကြွားလျက် ရှိသည်။ အမှန်တော့ မြန်မာတို့သည် စားသုံးဆီကိုလိုသည့် ပမာဏထက် ပိုမိုစားသုံးလျက်ရှိကြသည်။

အထူးသဖြင့် အညာဒေသမှပြည်သူများသည် စားသုံးဆီကို လွန်လွန်ကဲကဲစားသုံးကြသည်။ ယခင်က ပဲဆီ၊ နှမ်းဆီစစ်စစ်ကို စားသုံးပြီး ကိုယ်လက်လှုပ်ရှားမှု များခြင်းကြောင့် နောက်ဆက်တွဲရောဂါ ပြင်းပြင်းထန်ထန်ခံစားရလေ့မရှိသော်လည်း လက်ရှိအချိန်တွင် အကြိမ်ကြိမ်ကြော်ထားသည့် ဆီများ အပါအဝင် ကျန်းမာရေးနှင့် မညီညွတ်သောပြည့်ဝဆီများနှင့် အသွင်ပြောင်းဆီများကို စားသုံးခြင်း ကြောင့် ကျန်းမာရေးကို များစွာထိခိုက်စေလျက် ရှိသည်။ ထို့အပြင် စီးပွားရေးအရလည်း ထိခိုက်လျက် ရှိသည်။

ကျန်းမာရေးနှင့်ညီညွတ်သောဆီ

ကမ္ဘာပေါ်တွင် ကောက်ပဲသီးနှံနှင့် သား၊ ငါးများမှ ဆီအမျိုးမျိုး ထုတ်ယူစားသုံးလျက်ရှိသည်။ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ စားအုန်း ဆီ၊ ပဲပိစပ်ဆီ၊ အုန်းဆီ၊ သံလွင်ဆီနှင့် မုန်ညင်းဆီ တို့ဖြစ်ကြသည်။ အထူးသဖြင့် မပြည့်ဝဆီအုပ်စုဖြစ်သည့် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီနှင့် ငါးမှရသောအဆီများကို သင့်တင့်မျှတစွာစားသုံးသင့်ပါသည်။ ပြည့်ဝဆီအုပ်စုတွင်ပါဝင်သည့် စားအုန်းဆီ၊ ဆီကြော်အစားအစာ များနှင့် တိရစ္ဆာန်မှရသောအဆီများကို တတ်နိုင်သမျှလျှော့ချ စားသုံးသင့် ပါသည်။ အာလူးကြော်၊ ကြက်ကြော်၊ စမူဆာ၊ ပဲကပ်ကြော်၊ ကိတ်မုန့်၊ ပေါင်မုန့် စသည့်အစားအစာများသည် အသွင်ပြောင်း ဆီအုပ်စုတွင် ပါဝင်သဖြင့် လုံးဝမစားသုံးသင့်သော အသွင်ပြောင်းဆီများပင် ဖြစ်သည်။

စားသုံးရန်မသင့်သောဆီများ

လက်ရှိအချိန်၌ အစားအသောက်များတွင် ဓာတုပစ္စည်းများထည့်၍ လိုသလိုစီမံပြုပြင် နေကြသည်။ ဝိသမလောဘသမားများကြောင့် စားသုံးသူများကို ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများစွာ ဖြစ်ပေါ်စေ လျက်ရှိသည်။ စားအုန်းဆီများ၊ အရည်အသွေးမမီသော ဆီအတုများကိုလည်း အရောင်အဆင်း၊ အနံ့အရသာများထည့်ကာ မြေပဲဆီဟူ၍ လိမ်လည်ရောင်းချနေကြသည်။ ထို့အပြင် အရောအနှော ဆီမျိုးစုံမှာလည်း ဈေးကွက်ထဲတွင် ပျံ့နှံ့လျက်ရှိသည်။ စားသုံးသူများအနေဖြင့် ဈေးနှုန်းချိုသာသည့် ဆီများကို ဝယ်ယူစားသုံးရာမှ နောက်ဆက်တွဲ ရောဂါမျိုးစုံ ခံစားရလျက်ရှိသည်။

ရောဂါမျိုးစုံဖြစ်ပွား

မြန်မာနိုင်ငံတွင် လူတစ်ဦးချင်းစီ၏ ဆီစားသုံးမှုနှုန်းသည် တစ်နှစ်လျှင် ၁၀ ပိဿာကျော်သည်ဟု ဆိုသည်။ တစ်နေ့ကို သုံးကျပ်သားကျော်ခန့် စားသုံးနေခြင်းပင်ဖြစ်သည်။ လိုအပ်သည်ထက် တစ်ကျပ်သားကျော်ခန့် ပိုမိုစားသုံးလျက်ရှိသည်။ တချို့သောအိမ်များ တွင် ဟင်းချက်ရာ၌ ဆီကို အလွန်အကျွံထည့်၍ စားသောက်ကြသည်။ အကျိုးဆက်အနေဖြင့် အဝလွန်ခြင်း၊ အသည်း အဆီဖုံးခြင်း၊ လေဖြတ်ခြင်းတို့အပြင် နှလုံးရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုး ရောဂါနှင့် ကင်ဆာရောဂါများပါ ဖြစ်ပွားနိုင်သည်။ နောက်ဆက်တွဲအနေဖြင့် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာဆိုးကျိုးများကို ဆက်တိုက်ခံစားနေကြရသည်။ အထူးသဖြင့် ငွေကြေးချွေတာသည့် အနေဖြင့် ကြော်ပြီးသားဆီများကို အကြိမ်ကြိမ်ချက်ပြုတ်စားသုံး ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် ပြည်တွင်း၌ စားသုံးဆီ မလုံလောက်သဖြင့် ပြည်ပမှဆီမှာယူတင်သွင်းရလျက်ရှိသဖြင့် နိုင်ငံခြား ဝင်ငွေများစွာကုန်ကျ လျက်ရှိသည်။ ထို့ကြောင့် ပြည်သူတစ်ဦး တစ်ယောက်ချင်းစီအနေဖြင့် စားသုံးဆီ လျှော့ချစားသုံးခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်စေမည့်အပြင် ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို လျှော့ချနိုင်ပြီး နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံခြားငွေ သုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်သည်။

ကိုယ်တွေ့သင်ခန်းစာ

သာဓကအနေဖြင့် အညာဒေသရှိစာရေးသူ၏ မိဘနှစ်ပါးသည် ငယ်စဉ်ကတည်းက အဆီအအိမ့် နှင့် အသားများ လွန်လွန်ကဲကဲမစားခဲ့သောကြောင့် အသက် ၈၀ ကျော်နေပြီဖြစ်သော်လည်း ကျန်းမာ သက်ရှည်လျက်ရှိသည်။ အဖေနှင့်အမေတို့သက်တမ်းတစ်လျှောက်တွင် စားသုံးခဲ့သော ဆီသည် ကိုယ်တိုင်ကြိတ်ခွဲထားသော မြေပဲဆီနှင့် နှမ်းဆီစစ်စစ်များပင်ဖြစ်သည်။ ထို့အပြင် မိုးလင်းမိုးချုပ် အလုပ်နှင့်လက် မပြတ်သောကြောင့် ခန္ဓာကိုယ်တွင် အဆီပိုများမရှိဘဲ ကျစ်လျစ်ကြံ့ခိုင်လျက်ရှိသည်။ ယခုဆိုလျှင် ကျန်းမာသက်ရှည်နေသော မိဘနှစ်ပါးကို အားကျ နေမိသည်။ မိဘနှစ်ပါးလို ကျန်းမာ သက်ရှည်စွာ နေထိုင်နိုင်ရေးအတွက် အဆီအအိမ့်နှင့် အငန်တို့ လျှော့ချစားသုံးသွားရမည်ဖြစ်သည်။

ကျန်းမာသက်ရှည်စေဖို့ ဆီစားသုံးမှုလျှော့ချစေလို

ဆိုရလျှင် မြန်မာတို့သည် ဟင်းချက်ပြုတ်ရာတွင် ဆီကိုလိုအပ်သည်ထက် ပို၍လွန်ကဲစွာ စားသုံးလေ့ ရှိကြသည်။ ဆီမပါလျှင် မစားတတ်သလိုဖြစ်နေသည်။ အကျိုးဆက်အနေဖြင့် အဝလွန်ခြင်း၊ အသည်း အဆီဖုံးခြင်း၊ နှလုံးသွေးကြောပိတ်ခြင်းနှင့် ကင်ဆာရောဂါ အပါအဝင် ရောဂါမျိုးစုံကို ခံစားရလျက် ရှိသည်။ ထို့အပြင် ပြည်တွင်း၌ စားသုံးဆီ မလုံလောက်သဖြင့် ပြည်ပမှ စားအုန်းဆီများကို နိုင်ငံခြားငွေ များစွာအကုန်ကျခံပြီး မှာယူတင်သွင်းရလျက်ရှိသည်။ လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း၌ ဖြစ်ပွားနေ သည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေး လုပ်ငန်းများ ရပ်ဆိုင်းထားရသဖြင့် ကုန်ထုတ်  လုပ်ငန်းများကျဆင်းလျက်ရှိသည်။ ထိုသို့သော အခြေအနေမျိုးတွင် နိုင်ငံသားတစ်ဦးတစ်ယောက်ချင်း စီအနေဖြင့် စားသုံးဆီလျှော့ချစား သုံးသွားမည်ဆိုလျှင် ကျန်းမာသက်ရှည်လာစေမည့်အပြင် တစ်ဖက် တစ်လမ်းမှလည်း အသုံးစရိတ်လျှော့ချစေနိုင်မည် ဖြစ်ကြောင်း အကြံပြု တိုက်တွန်းလိုက်ရပါသည်။ ။

ရည်ညွှန်းကိုးကား။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၉ ရက်ထုတ် မြန်မာ့အလင်းသတင်းစာနှင့် မြဝတီသတင်းစာ

မောင်သောင်းဝင်း(တမန်ဟောင်း)

 

No comments:

Post a Comment