Friday, September 3, 2021

အပြုသဘောဆောင်တဲ့အမြင်တွေ ပြောဆိုမှုတွေနဲ့ ရှင်သန်နိုင်ကြစေ

 


 

စာရေးသူ ဒီအကြောင်းကိုရေးဖို့ ပြင်နေတာ ကြာပါပြီ။ မရေးဖြစ်ဘဲ ဖြစ်နေတာ။ ဒါက ဘာလဲဆိုတော့ စာရေးသူတို့ လုပ်ငန်းခွင်တွေမှာ တွေ့နေကျဖြစ်နေကျ ဖြစ်စဉ်လေးတွေ အကြောင်းပါ။

 

စာရေးသူကိုယ်တိုင်ကလည်း ဝန်ထမ်းတစ်ယောက်ဖြစ်နေတော့ ကိုယ်တွေ့အနေနဲ့ရော၊ ကိုယ့်ပတ်ဝန်း ကျင်မှာပါ တွေ့နေရတဲ့ ဖြစ်စဉ် တွေက အထက်နဲ့အောက် နားလည်မှုတွေ ပျောက်ဆုံးပြီး ကမောက်က မတွေနဲ့ လုပ်ငန်းခွင်ပြဿနာ ဖြစ်နေမှုတွေပါ။ အရင်ကတော့ စာရေးသူ ဒီလိုဖြစ်စဉ်တွေကို သတိမထားမိဘူး။ လုပ်ငန်းခွင်မှာ အနေကြာ၊ လုပ်သက်တွေ ရလာတဲ့အခါမှာတော့ ဒီလိုအဖြစ်အပျက် တွေက လုပ်ငန်းခွင်ကိုထိခိုက်ပြီး တိုးတက်မှုတွေ၊ နှောင့်နှေး ကြန့်ကြာမှုတွေ ဖြစ်တတ်တယ်ဆိုတာ သတိထားမိလာတယ်။ လုပ်ငန်းခွင်ထဲမှာ အထက်နဲ့အောက် ယုံကြည်မှုတွေနည်းပါးပြီး နားလည်မှုတွေ လွဲနေပြီဆိုရင် အဲဒီလုပ်ငန်းခွင်ဟာ ဘယ်တော့မှ ရှေ့ရောက်တော့မှာ မဟုတ်သလို မျှော်မှန်းတဲ့ရလဒ် တွေနဲ့လည်း ဝေးကွာသွားနိုင် ဆိုတာကိုပါ စာရေးသူသတိထားမိလာတယ်။

 

အပြန်အလှန်ယုံကြည်မှု

ဘယ်ဌာန၊ ဘယ်လုပ်ငန်းခွင်မှာပဲကြည့်ကြည့် အထက်နဲ့ အောက် နားလည်မှုလွဲတဲ့ ပြဿနာတွေ ရှိနေကြပါတယ်။ ဒါတွေဘာကြောင့် ဖြစ်ရတာလဲ။ အဓိကအကြောင်းတရားက အပြန်အလှန် လေးစားမှု နည်းပါးနေကြသလို အပြန်အလှန် ယုံကြည်မှုမထားနိုင်ကြတာကြောင့်ပဲဖြစ်ပါတယ်။ စာရေးသူတို့ လူမှုပတ်ဝန်းကျင်မှာကြီးသူကိုပဲ လေးလေးစားစားဆက်ဆံသင့်တယ်။ ငယ်ရွယ် သူတို့တော့ အလေးထား လေးစားစရာမလိုဘူးဆိုတဲ့ ဓလေ့စရိုက်တွေဖြစ်နေတာ တွေ့မြင်နေရ တယ်။ ပြည်သူ့နီတိမှာတော့ ကြီးသူရိုသေ၊ ရွယ်တူ လေးစား၊ ငယ်သူသနားတဲ့။ ဒါကိုလိုက်နာ ကျင့်ကြံကြဖို့ လူ့ကျင့်ဝတ်တစ်ခုအနေနဲ့ သတ်မှတ်ထားပေမယ့် စာရေးသူတို့ တကယ်ရော လိုက်နာနေကြသလား ဆိုတာ ဘယ်သူမှမပြောနိုင်ပါ။ တကယ်လိုက်နာနေကြတယ်ဆိုရင် လူ့အဖွဲ့ အစည်းတွေအကြား ပြဿနာဆိုတာ ရှိလာနိုင်မှာ မဟုတ်ပါဘူး။ လိုက်နာမှုအားနည်း နေကြလို့သာ လူမှုပြဿနာတွေ ဖြစ်နေကြရတာပါ။

 

ဒီလိုပဲ ရုံးဌာနလုပ်ငန်းခွင်တွေကြားက အထက်နဲ့အောက် ဖြစ်နေရတဲ့ ပြဿနာတွေမှာလည်း ဒီအကြောင်းတရားကို အခြေခံပါတယ်။ အပြန်အလှန်လေးစားမှု မထားနိုင်ကြလို့ပါ။ အပြန်အ လှန်လေးစားမှုမထားနိုင်ကြတဲ့အခါ နားလည်မှုတွေလည်း မထားနိုင်လာကြတော့ဘူး။ နားလည် မှုတွေလွဲလာတဲ့အခါ အထက်နဲ့အောက် အပြန်အလှန်အပြစ်တွေရှာလာတယ်။ အပြစ်တွေရှာ လာတဲ့အခါ အကောင်းမြင်စိတ်တွေမထားနိုင်ကြတော့ဘဲအဆိုးမြင်စိတ်တွေနဲ့သာ ကြည့်တတ် လာကြတော့တယ်။ အဲဒီလိုဖြစ်လာတော့ လုပ်ငန်းခွင်ကြားမှာ အဖုအထစ်တွေများလာပြီးအလုပ် ကို ထိခိုက်မှုတွေဖြစ်လာပါတယ်။ အလုပ်ကိုထိခိုက်လာပြီဆိုရင်တော့ နောက်ထပ်အကျိုးဆက် က ဘဝတွေနဲ့ပါ ဆိုင်လာပါတော့တယ်။ နောက်ဆုံးအလုပ်မှာ ဘယ်လိုမှ အဆင်မပြေတော့ ရင်တော့ အလုပ်ကထွက်ခွာသွားရမယ့်သူက အထက်လူကြီးဖြစ်မလား၊ လက်အောက်ဝန်ထမ်း ဖြစ်မလား။ တစ်ဦးဦးတော့ အလုပ်ကထွက်ခွာသွားရမှာ အသေအချာပါ။

 

ပြီးခဲ့တဲ့ဧပြီလလောက်က ဖြစ်မယ်။ ကျောင်းဆင်းဘက်သူငယ်ချင်း တစ်ယောက်နဲ့ စာရေးသူတို့ စကားပြောဖြစ်ကြတယ်။ သူငယ်ချင်းနှစ်ယောက် မတွေ့ကြရတာလည်း ကြာနေတော့ ပြောဖြစ် တဲ့စကားတွေက အကြောင်းစုံပါတယ်။ သူပြောတဲ့စကားတွေထဲမှာ သူ့အလုပ်ထဲကအကြောင်း တွေတော်တော်များများပါတယ်။ သူအလုပ်လုပ်နေတဲ့ ဌာနမှာသူနဲ့သူ့အထက် အရာရှိတို့အဆင် မပြေတာတွေသူပြောပြတယ်။ သူဘာလုပ်လုပ် သူ့အထက်အရာရှိကအသိအ မှတ်မပြုသလို အမြဲ တမ်းတားဆီးကန့်သတ်တာတွေရှိတယ်။ သူ့ကိုဘာတာဝန်တွေမှ မပေးဘူး။ မလုပ်ဘဲနေ ပြန် တော့အပြစ်ပြောတယ်။ အလုပ်မှာမရှိပြန်ရင်လည်း အလုပ်မှာမရှိလို့ဆိုပြီး အပြစ်ရှာပြန် တယ်။ သူဘယ်လိုနေနေ ဘာလုပ်လုပ် သူ့ရဲ့အထက်အရာရှိက အပြစ်တွေမြင်ပြီး အဆိုးတွေကိုပဲပြော နေတယ်။ ကြာလာတော့ သူလည်းရွဲ့ချင်တဲ့စိတ်နဲ့ အထက်အရာရှိ မကြိုက်တာတွေချည်းပဲ ရွေးလုပ်တယ်၊ သူဒီလိုတွေလုပ်တော့ သူ့အထက်အရာရှိနဲ့ ပိုပြီး ပြဿနာတွေဖြစ်ကာ အလုပ်ခွင်မှာ သူစိတ်မပျော်တော့ဘူး။ အလုပ်ခွင်နဲ့ဝေးရာကိုပဲ သူအမြဲစဉ်းစားနေတယ်။ နောက်ဆုံး အလုပ်ထွက်ဖို့အထိ ဖြစ်လာတယ်။ ဖြစ်ချင်တော့ အဲဒီအချိန်က နိုင်ငံရေးဖြစ် စဉ်ကြောင့် ဝန်ထမ်းတွေ CDM လုပ်နေကြတဲ့ကာလ။ သူလည်းသူ့အလုပ်ခွင်ထဲကမကျေနပ် အဆင်မပြေတာတွေနဲ့ ရောချပြီးအလုပ်ထွက်ဖို့ သူပြင်ဆင်တယ်။ ဒီအကြောင်းကိုပဲ သူက စာရေးသူကို ပြောပြတယ်။

 

စာရေးသူလည်း သူ့စကားတွေကို နားထောင်ပြီး ဘယ်လိုပြန်ပြော ရမှန်းမသိအောင်ဖြစ်သွား မိတယ်။ ဒီလိုဖြစ်စဉ်တွေက စာရေးသူတို့ ဝန်းကျင်မှာလည်း အမြဲတွေ့မြင်ရတဲ့ကိစ္စ တွေပါ။ ဒါပေမယ့် သူအလုပ် ထွက်သွားမှာကိုတော့ စာရေးသူ မလိုလားပါဘူး။ သူ့အကြောင်းကိုသိနေ တာလည်းပါလို့ပါ။ သူက ကျောင်းတုန်းကတည်းက ကျောင်းစာမှာတော်ခဲ့သလို ဘာလုပ်လုပ် စိတ်နစ်ပြီးလုပ်တတ်တဲ့ အကျင့်ရှိတယ်။ ဇွဲရှိသလို ရည်မှန်းချက်လည်းကြီးတယ်။ သူရည်မှန်း ထားတာကို မဖြစ်ဖြစ်အောင် လုပ်တတ်တယ်။ ဒါ့ကြောင့်လည်း လက်ရှိမှာသူ့ ရောက်ချင်တဲ့ နေရာ၊ သူမျှော်လင့်တဲ့ ပန်းတိုင်တစ်ခုဆီ သူရောက် နေတယ်။ ဒါပေမယ့် လူမှုဆက်ဆံရေးမှာ တော့ ပေါင်းရသင်းရခက်တဲ့ သူမဟုတ်သော်ငြား အကြောင်းမသိသူဆိုရင်တော့ ပေါင်းသင်းရခက် သူလို့ထင်မိမယ်။ သူကကြိုးစားနေတဲ့သူဖြစ်တော့ အဘက်ဘက်က ပြည့်စုံအောင်နေတယ်။ အဲဒါ ကြောင့်လားတော့မသိဘူး။ မာနလေးတော့ သူ့မှာရှိတယ်လို့ စာရေးသူမြင်မိတယ်။ အခုသူနဲ့ သူ့အထက်အရာရှိ ကြားကဖြစ်နေတဲ့ ပြဿနာမှာလည်း သူ့ရဲ့မာနကြောင့်လည်း ပါမယ်လို့ ယူဆမိတယ်။ သူ့မှာရှိတဲ့ အဲဒီမာနလေးကို တလွဲမာနထားတယ် လို့လည်း စာရေးသူ မသတ်မှတ်ချင်ပါဘူး။ သူလည်း သူ့အကြောင်းနဲ့သူ ရှိနေမှာဆိုတော့ အဲဒီအပေါ်မှာ စာရေးသူ အကြံပေးရုံကလွဲလို့ ဘာမှမလုပ်နိုင်ပါဘူး။

 

လောကနိယာမသဘောတရား

ဒီတော့ သူနဲ့သူ့အထက်အရာရှိ ပြန်လည်အဆင်ပြေပြီး လုပ်ငန်းခွင်မှာပြန်ပြီး သူစိတ်နှစ်ထား နိုင်ဖို့အတွက် စာရေးသူအကြံပေးလိုက်ပါတယ်။ အဓိကကတော့ သူ့အထက်အရာရှိအပေါ် ယုံကြည်မှုပိုထားဖို့နဲ့လေးစားမှုပိုထားဖို့အတွက်ပါ။ များသောအားဖြင့် လူအများစုဟာအခြားသူ အပေါ်မှာသာယုံကြည်မှု၊ လေးစားမှု မထားချင်မထားမယ်။ သူတို့ကို ယုံကြည်ပေးတာ၊ လေးစား တာမျိုးတော့ ခံယူချင်ကြပါတယ်။ နောက်တစ်ခုကလည်း လောကနိယာမသဘောတရား အရကိုယ်ပေးရင် ကိုယ်ပြန်ရတတ်တဲ့သဘောရှိတော့ ကိုယ်ကအရင်ဆုံး သူ့ကိုလေးစားမှု၊ ယုံကြည်မှုပေးလိုက်ရင် ကိုယ့်ကိုလည်း ပြန်ပြီးယုံကြည်လေးစား တာတွေ ရှိလာတတ်ပါတယ်။ ဒီအတွက်ကြောင့်လည်း သူ့ကိုသူ့အထက်အရာရှိအပေါ်မှာ ပိုပြီးလေးစားဖို့နဲ့ ပိုပြီးယုံကြည်မှု ပေးဖို့ ပြောပြရတာဖြစ်ပါတယ်။ နောက်ပြီး နားလည်မှုလွဲနေတာတွေကိုလည်း သူ့ရဲ့အထက် အရာရှိနဲ့တွေ့ပြီး ပွင့်ပွင့်လင်းလင်း ရှင်းပြဆွေးနွေးဖို့ အကြံပေးလိုက်ပါတယ်။ တချို့ နားလည်မှု လွဲတဲ့အကြောင်းတွေမှာ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း မရှိကြလို့ဖြစ်တယ်လို့ စာရေးသူမြင်မိတယ်။ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ပြီး ပွင့်ပွင့်လင်းလင်းဆွေး နွေးလိုက်ရင် နားလည်မှုလွဲနေတဲ့ တချို့ကိစ္စတွေမှာ အဆင်ပြေသွားနိုင်ပါတယ်။

အခုတော့သူ အလုပ်မထွက်ဖြစ်တော့ဘဲ သူ့ရုံးမှာပဲ အလုပ်ဆက်လုပ်ဖြစ်နေပါတယ်။ သူနဲ့သူ့အ ထက်အရာရှိကြားက ပြဿနာပြေလည်သွားလို့ ထင်ပါတယ်။ တကယ်တော့ စာရေးသူတို့အနေ နဲ့ မိမိကိုယ်ကို ပုထုဇဉ်လူသားစစ်စစ်တွေ ဖြစ်နေကြတာကို မေ့နေတတ်ကြပါတယ်။ ပုထုဇဉ်တွေ ဖြစ်တဲ့အတွက် လောဘ၊ ဒေါသ၊ မောဟတရားတွေနဲ့ ပြည့်နေကြပါတယ်။ ဒီလိုပြည့်နေလို့လည်း ဒီအကြောင်းတရားသုံးပါးကို အခြေခံပြီးဖြစ်ပေါ်လာတဲ့ နောက်ဆက် တွဲအကျိုးတရားတွေကို ခံစားကြရတာဖြစ်ပါတယ်။

 

စိတ်နေစိတ်ထားအပေါ်မှာမူတည်

အသက်အရွယ်ကြီးတိုင်းလည်း လောဘ၊ ဒေါသ၊ မောဟတရား တွေ လျော့ပါးသွားတယ်လို့ မဆိုနိုင်သလို အသက်ငယ်ရွယ်တိုင်းလည်း လောဘ၊ ဒေါသ၊ မောဟတရားတွေ ကြီးမားနေမယ် လို့ တထစ်ချ ယူဆလို့မရနိုင်ပါဘူး။ ဒီအတွက်ကြောင့် လူသားတိုင်းမှာ လောဘ၊  ဒေါသ၊ မောဟ တရားတွေရှိနေနိုင်မှာဖြစ်ပြီး စိတ်နေစိတ်ထားထားတတ်မှုအပေါ်မှာပဲ မူတည်ပြီး ကွဲပြားမှုတွေ ရှိနေနိုင်ပါတယ်။ ဒီတော့ စာရေးသူတို့အလုပ်ခွင်မှာ အထက်အရာရှိနဲ့ လက်အောက်  ဝန်ထမ်း များအကြား၊ တစ်ယောက်နဲ့တစ်ယောက်အကြားမှာ  နားလည်မှုလွဲတာ၊ ယုံကြည်မှုမရှိတာတွေ ဟာ အဆိုပါအကြောင်း တရားတွေကိုအခြေခံပြီး ဖြစ်တယ်ဆိုတာ သတိထားဖို့လိုပါတယ်။ လူကို လူပဲလို့သိရင် လူတွေမှာ ရှိတတ်တဲ့စိတ်နေစိတ်ထား၊ လုပ်လေ့ လုပ်ထရှိတဲ့ စရိုက်လက္ခဏာ တွေကို သိနိုင်ပါတယ်။ ဒါတွေကို သိထား ရင် အဆင်ပြေအောင် နေထိုင်သွားတတ်မှာပါ။

 

အချင်းချင်းနားလည်မှုရှိဖို့လို

လူ့ဘဝမှာ ဘယ်ကိစ္စတွင်မဆို အမြဲတမ်းတွေးတောတတ်တာက နှစ်မျိုးပဲရှိပါတယ်။ အပြုသ ဘောတွေးမြင်ခြင်းနဲ့ အပျက်သဘော တွေးမြင်ခြင်းပဲဖြစ်ပါတယ်။ အဲဒီလိုကိုယ်တွေးမြင်ထား တဲ့ အတိုင်းလည်း လူတွေဟာအကျိုးပေးတတ်ကြတယ်။ ပြောချင်တာက အကောင်းဘက်က အပြု သဘောနဲ့တွေးရင် ကိုယ်လုပ်တဲ့အရာတိုင်းဟာ ကောင်းတာတွေချည်းပဲ ဖြစ်လာတတ်တဲ့ သဘောပေါ့။ လူတွေဟာ ကိုယ်နဲ့အဆင်မပြေတဲ့အရာတွေ၊ လူတွေကို အပြုသဘော နဲ့မတွေးဘဲ အပျက်သဘောနဲ့တွေးမြင်ထားတတ်ကြတော့ ဖြစ်လာတဲ့ နောက်ဆက်တွဲတွေကလည်း အဆိုး တွေပဲ ဖြစ်နေတတ်ကြပါတယ်။ စာရေးသူပြောချင်တဲ့ အထက်အောက် အဆင်မပြေဖြစ်မှုမှာ လည်း အပြုသဘောမပါတဲ့ အပျက်သဘောတွေနဲ့သာ ကြည့်ခဲ့ကြလို့ ဖြစ်နေရတာတွေပါ။ အဲဒီအတွက် ကြောင့် အချင်းချင်းပြောဆို ဆက်ဆံကြတဲ့အခါမှာ အပြုသဘောဆောင်တဲ့အတွေး၊ အပြု သဘောပါတဲ့ ပြောဆိုမှုတွေနဲ့ နေထိုင်ပြောဆိုကြမယ်ဆိုရင် လူမှုဝန်းကျင်မှာ လူမှုဆက်ဆံ ရေးပြဿနာတွေ ရှိမနေနိုင်ပါဘူး။ တကယ်တော့ လုပ်ငန်းခွင်အတွင်းမှာ အထက်အောက်သော် လည်းကောင်း၊ ဝန်ထမ်းအချင်းချင်း သော်လည်းကောင်း နားလည်မှုရှိရှိ ပေါင်းစည်းလုပ်နိုင်ရင် အကောင်းဆုံးပါ။ ဒီလိုပေါင်းစည်းလုပ်နိုင်ဖို့ကလည်း အချင်းချင်းနားလည်မှုရှိဖို့ လိုပါတယ်။ ယုံ ကြည်မှုထားကြဖို့ လိုအပ်ပါတယ်။

 

ဒီနေရာမှာ အထက်အရာရှိ အုပ်ချုပ်သူတွေအနေနဲ့ မိမိရဲ့  လက်အောက်ဝန်ထမ်းငယ်သားတွေကို ယုံကြည်မှုပေးဖို့ လိုအပ်ပါတယ်၊ တာဝန်တွေခွဲပေးဖို့ လိုအပ်ပါတယ်။

 

သူတို့ရဲ့ ယုံကြည်မှုတွေကို တည်ဆောက်ဖို့လိုပါတယ်။ ယုံကြည်မှု တွေပေးပြီး ယုံကြည်မှုတည် ဆောက်ထားမှ အထက်အောက် အဆင့်ဆင့် ဆက်ဆံရေးတွေလည်း ပြေပြစ်နေမှာဖြစ်ပါတယ်။ နောက်လိုက်ကောင်းမှ ရှေ့ဆောင်ကောင်းဖြစ်မယ်ဆိုတာထက် နောက်လိုက်ကောင်းတွေဖြစ်ဖို့ ရှေ့ဆောင်ကောင်း တွေကလည်း လမ်းပြပေးဖို့လိုအပ်ပါတယ်။

 

မျိုးဆက်ကောင်းတွေ မွေးမြူဖို့တာဝန်ခေါင်းဆောင်ကောင်းတွေရဲ့ မလုပ်မဖြစ် လုပ်ရမယ့် အလုပ်လို့ စာရေးသူမြင်ပါတယ်။ စာရေးသူတို့ အလုပ်ခွင်မှာ ကြားရလေ့ ရှိတာတစ်ခုက လူမွေး တယ်ဆိုတဲ့စကားပါ။ ဒီစကားကို မကောင်းတဲ့ အမြင်ဘက်က ယူပြီးပြောကြတာပါ။

 

လက်ဆင့်ကမ်းလုပ်ကိုင်နိုင်ဖို့

ပြောရရင်တော့ ကိုယ့်အတွက် ဘာမဆိုဖြည့်ဆည်း လုပ်ကိုင်ပေး နိုင်သူကို ဆိုလိုတယ်လို့ ထင်ပါ တယ်။ ဒီနေရာမှာ စာရေးသူက အကောင်းဘက်ကပဲ မြင်ပြီးပြောချင်ပါတယ်။ အထက်အရာရှိ ခေါင်းဆောင်တွေ လူမွေးရပါမယ်။ ဘာအတွက်လဲ၊ ကိုယ့်အတွက် မဟုတ်တဲ့ဌာနနဲ့ လုပ်ငန်းခွင် အတွက်ပါ။ တာဝန်တွေနဲ့ အလုပ်တွေကို အရည်အသွေးပြည့်ပြည့် လက်ဆင့်ကမ်းလုပ်ကိုင် နိုင်ဖို့နဲ့ ခေါင်းဆောင်နိုင်ဖို့အတွက်ပါ။ ဒါလုပ်သင့်တဲ့ အလုပ်ပါ။ လုပ်ကိုလုပ်ရပါမယ်။ တစ်ချိန်မှာ ကိုယ့်ရဲ့အလုပ်တာဝန်ကို လွှဲပြောင်းပေးရတဲ့ အခါမှာ စိတ်ချယုံကြည်စွာနဲ့ လွှဲပြောင်းပေးနိုင်မှာ ဖြစ်ပါတယ်။

 

ကိုယ်က ဒီနေရာ၊ ဒီဌာနမှာ၊ ဒီရာထူးနဲ့ တစ်သက်လုံးနေရမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့်ဌာန အတွက်၊ လုပ်ငန်းအတွက်၊ လူ့အဖွဲ့အစည်းအတွက် ယုံကြည်စိတ်ချရမယ့်သူကို မဖြစ်မနေ မွေး ထုတ်ပေးရမှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ရင် မျိုးဆက်ခါးပြတ်သွားနိုင် ပါတယ်။ ဒါပေမယ့်သေချာ ရွေးချယ် လူမွေးတတ်ဖို့တော့ လိုပါတယ်။ အဂတိကင်းကင်းနဲ့ ရွေးချယ်တတ်ဖို့လိုပါ တယ်။ ဒီလိုဆိုရင် အထက်နဲ့အောက်ကြား နားလည်မှုလွဲစရာမရှိဘဲ အလုပ်တွေမှာ အောင်မြင်မှုတွေ့ရ နိုင်ပါတယ်။

 

နောက်လက်အောက်ဝန်ထမ်းတွေဘက်ကလည်း နောက်လိုက် ကောင်းဖြစ်ဖို့ ကြိုးစားကြဖို့လို ပါတယ်။ ပေးအပ်တဲ့တာဝန်တွေကို ချက်ချင်း ကျေပွန်စွာ ထမ်းဆောင်တတ်ဖို့လိုပါတယ်။ အချိန် ဆွဲတာ၊ အကြောင်းပြတာ၊ ဆင်ခြေပေးတာတွေကကိုယ့်အပေါ် အထက်လူကြီးရဲ့ ယုံကြည်မှု  တွေကို ပျက်ပြားစေပါတယ်။ ဒါကြောင့်ပေးအပ်လာတဲ့ အလုပ်တွေကို ချက်ချင်းလုပ်ပါ။ အမြန် ဆုံးနဲ့ အမှန်ဆုံးဖြစ်အောင်လုပ်ပါ။ ကိုယ့်အထက်အရာရှိရဲ့ ယုံကြည်မှုတွေကို ရအောင်ယူပါ။ တည်ဆောက်ပါ။ အလုပ်တာဝန်အပေါ်မှာ ရိုးသားတဲ့အခြေခံစိတ်နဲ့ လုပ်ကိုင်တတ်ဖို့လိုပါတယ်။ အထက်အရာရှိက ကိုယ့်ကိုယုံကြည်လာ ပြီဆိုတော့ တာဝန်တွေပေးလာနိုင်ပါတယ်။ မငြီးငြူ ပါနဲ့။ လုပ်လိုက်ပါ။ မဖြစ်နိုင်ဘူးဆိုတဲ့စကားကို ကိုယ့်ရဲ့ အထက်လူကြီးကို ဘယ်တော့မှ မပြောမိ ပါစေနဲ့။ လုပ်ကြည့်ပါ။ အတတ်နိုင်ဆုံး ကိုယ်စွမ်းရှိသမျှ ကြိုးစားလုပ်ပါ။ လုပ်ကြည့်လို့ မဖြစ်နိုင် ဘူးဆိုမှ ကြောင်းကျိုးဆက် စပ်စွာနဲ့ရှင်းပြပြောဆိုပါ။ ဒီလိုဆိုရင် အထက်အရာရှိအနေနဲ့လည်း ကိုယ့်အပေါ် ဘာငြိုငြင်စိတ်မှမဖြစ်ဘဲ လက်ခံနိုင်ပါမယ်။

 

နောက်လိုက်ကောင်းဖြစ်အောင်ကြိုးစားပါ

ဒါဟာ အထက်အရာရှိနဲ့ ကိုယ့်ကြား ယုံကြည်မှုတည်ဆောက်မှု တစ်ခုပါ။ နောက်ပိုင်းကြာလာ တဲ့အခါ အထက်အရာရှိရဲ့ ယုံကြည်မှုပိုရလာပြီး ကိုယ့်ရဲ့အခန်းကဏ္ဍလည်း အရေးပါအရာ ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ကိုယ်ဟာဌာနအတွက် မရှိမဖြစ် လူတစ်ယောက်အနေနဲ့ အရေးပါလာပါလိမ့်မယ်။ ဒါဟာ နောက်လိုက်ကောင်းတို့ ရလာနိုင်တယ့် အကျိုးတွေဖြစ်ပါတယ်။ ဒါ့ကြောင့် နောက်လိုက် ကောင်းဖြစ်အောင် ကြိုးစားပါလို့ တိုက်တွန်းလိုတာဖြစ်ပါတယ်။

အမှန်ပြောရရင် ရုံးဌာနတွေနဲ့ အလုပ်ခွင်မှာ အထက်အောက် အဆင်မပြေဖြစ်ရတာတွေက ယုံကြည်မှုတွေ မတည်ဆောက်ကြလို့ပါ။ အပြန်အလှန်လေးစားမှု အားနည်းနေကြပြီး နားလည်မှု မထားနိုင်ကြလို့ပါ။ တကယ်လို့သာ အထက်နဲ့အောက် ယုံကြည်မှု ထားကာ နားလည်မှုရှိစွာနဲ့ လုပ်ကိုင်ဆောင်ရွက်ကြမယ်ဆိုရင် အလုပ်ခွင်အတွင်း အထက်အောက် ဆက်ဆံရေးအဆင်မ ပြေမှုဆိုတာတွေ ရှိလာမှာမဟုတ်ပါဘူး။ အထက်နဲ့အောက် ထိထိမိမိတွဲချိတ်လုပ်တတ်ကြ မယ်ဆိုရင် မအောင်မြင်တဲ့အလုပ်၊ မအောင် မြင်တဲ့ လူ့အဖွဲ့အစည်းဆိုတာလည်း ရှိလာမှာမဟုတ် ပါဘူး။

 

ယုံကြည်မှုနဲ့ချစ်ခင်နိုင်ကြပါစေ

ဒါကြောင့် ရုံးဌာနတွေမှာပဲဖြစ်ဖြစ်၊ အခြားလုပ်ငန်းခွင်တွေမှာ ပဲဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်းအတွင်း မှာပဲဖြစ်ဖြစ် အထက်အောက် ဆက်ဆံရေးတွေ၊ အချင်းချင်းဆက်ဆံရေးတွေ မပျက်ရလေအောင် အပြုသဘောဆောင်တဲ့အမြင်တွေ ပြောဆိုမှုတွေနဲ့ ရှင်သန်နိုင်ကြပါစေ။ နားလည်မှုထား ဆက်ခံ နိုင်ကြပါစေ။ အမုန်းတွေကင်းဝေးပြီး ယုံကြည်မှုနဲ့ ချစ်ခင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

 

အောင်မာန် (ဆော)

No comments:

Post a Comment