နေပြည်တော် စက်တင်ဘာ ၂
တိုင်းရင်းဆေးကို ကိုဗစ်-၁၉ ရောဂါအား ကာကွယ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်နှင့် ပတ်သက်၍ သုတေသနလုပ်ငန်းများ ဆောင်ရွက် နိုင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန COVID-19 Central Command Center ခန်းမ၌ ကျင်းပသည်။
တိုင်းရင်းဆေးဝါးများ ပြန်လည်ဖော်ထုတ်
အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က မြန်မာ့တိုင်းရင်းဆေးပညာသည် အများပြည်သူ အားကိုးအားထားပြုရသော ပညာရပ်ဖြစ် ပါကြောင်း၊ တိုင်းရင်းဆေးကျမ်းများတွင် ရှေးယခင်ကတည်းက အဖျားရောဂါများနှင့် ပတ်သက် ၍ ကုသခဲ့သော တိုင်းရင်းဆေးဝါးများရှိကြောင်း၊ မာဓဝနိဒါန်း ဆေးကျမ်းတွင်လည်း ဝိသမ အဖျား အမျိုးမျိုးအတွက် ဆေးခါးကြီးပါဝင်သော တိုင်းရင်းဆေးဖုံဖြင့် ဖော်စပ် အသုံးပြု ထားသည်ကို တွေ့ရှိရကြောင်း၊ ထိုကဲ့သို့သော တိုင်းရင်းဆေးဝါးများကို ပြန်လည်ဖော်ထုတ်၍ ကိုဗစ်-၁၉ ရောဂါတွင် အသုံးပြုနိုင်ရန် ဆောင်ရွက် သင့်ကြောင်း။
နိုင်ငံတကာတွင်လည်း ဆေးဖက်ဝင်အပင်များ ဖြင့် ကိုဗစ်-၁၉ ရောဂါအတွက်အသုံးပြုရန် သုတေ သနများ ပြုလုပ်သည်ကိုတွေ့ရှိရကြောင်း၊ တိုင်းရင်း ဆေးဝါးများကို ပြန်လည်ဖော်ထုတ် အသုံးပြုရာ တွင် Ethical Board အဖွဲ့၏ခွင့်ပြုချက်ဖြင့် သုတေ သနလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါအတွက် အသုံးပြုမည့် တိုင်းရင်း ဆေးဝါးကို Clinical Research လုပ်ရန်လိုကြောင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆေးသုတေသန ဦးစီးဌာနနှင့်တပ်မတော်ဆေးသုတေ သနတပ်တို့ကလည်း ပူးပေါင်းဆောင်ရွက်ပေး မည်ဖြစ် ကြောင်း။
အဆင့်မြင့်နည်းပညာဖြင့် ထုတ်ရန်လို
ဆေးဝါးများကို အသုံးပြုရာတွင် လူနာအတွက် Safety ဖြစ်ဖို့ အရေးကြီးပါကြောင်း၊ Patient Safety ဖြစ်ဖို့အတွက် IRB (Institutional Review Board) သို့တင်ပြ၍ စနစ်တကျ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်၍ အသုံးပြုရာမှ အကျိုးသက်ရောက်မှုရှိပါက ပြည်သူများအတွက် အမြောက်အမြားထုတ်လုပ်ပေးနိုင်ရန် လိုအပ်မည် ဖြစ်ကြောင်း၊ ရေရှည် တွင်ဆေးခါးကြီးကဲ့သို့ဆေးဖက် ဝင် အပင်များ၊ ကုန်ကြမ်းများ လုံလောက်စွာရရှိနိုင်ရန် အတွက် ဆေးပင်များကို အဆင့်မြင့်နည်းပညာဖြင့် စိုက်ပျိုးထုတ်လုပ်ရန်လိုအပ်ကြောင်း၊ တိုင်းရင်းဆေး ပညာဦးစီးဌာနအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးလုပ်ငန်းများအတွက် ဆောင်ရွက် နေသည်များရှိကြောင်း၊ လက်ရှိအသုံးပြုနေသော တိုင်းရင်းဆေးခန်းသုံး ဆေးအဖုံ များကို အသုံးပြု၍ ကိုဗစ်-၁၉ ရောဂါကုသမှုတွင် စနစ်တကျ စမ်းသပ် အသုံးပြုရန် စီစဉ်နေ ပါကြောင်း ပြောကြားသည်။
ညှိနှိုင်းဆွေးနွေး ထို့နောက် တက်ရောက်လာသူများက တိုင်းရင်း ဆေးဝါး သုတေသန လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်း ဆေးတက္ကသိုလ် မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်းနှင့် တိုင်းရင်း ဆေးဝါးထုတ်လုပ်သူများနှင့်ဆေးပစ္စည်းလုပ်ငန်းရှင် များအသင်းတို့မှ ကိုယ်စားလှယ်များနှင့် ညှိနှိုင်း ဆွေးနွေးထားရှိသည့် အခြေအနေ၊ Clinical Research ဆောင်ရွက်ရန် Proposal ပြင်ဆင်ထားမှု၊ သုတေသန စာတမ်းတစ်ခုအနေဖြင့် သုတေသန လုပ်ငန်းလည်း ပီပြင်အောင် ဆောင်ရွက်ရမည့် သုတေသနနည်းလမ်းများ၊ တိုင်းရင်းဆေးရုံ/ဆေးကု ဌာနများတွင် ကိုဗစ်-၁၉ Asymptomatic to Mild Symptoms လူနာများအားတိုင်းရင်းဆေးဝါးများဖြင့် တိုက်ကျွေးရန် စီစဉ်ထားရှိမှု၊ ရေရှည်တွင် ကုန်ကြမ်း များရရှိရန် ဆေးခါးကြီးပင်များကို တိုင်းရင်းဆေး ပညာဦးစီးဌာနရှိ ပရဆေးဥယျာဉ် (၈) ခု၌ စိုက်ပျိုး ထားရှိမှု အခြေအနေများ၊ တပ်မတော်ဆေး သုတေ သနတပ်၌ နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက် နှင့်အညီ ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ တိုင်းရင်း ဆေးနှင့် ပတ်သက်၍ နနွင်း၊ သစ်ကြံပိုး၊ တမာ၊ ချင်း၊ နွယ်ချိုတို့၏ Acute Toxicity, Heavy Metals, Immunomodulatory, Antiinflammatory Test များ ဆောင်ရွက်ထားရှိမှု ဆေးပင်များ ပေါက်ရောက်ရာရေမြေသဘာဝမတူညီ၍ Bioactive Compound များ ပါဝင်မှုကို လေ့လာနေမှု၊ ဆေးခါးကြီး Extract ထုတ်၍ Capsule Filling ဆောင်ရွက်နေမှုများကို ဆွေးနွေးကြသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းနှင့် တာဝန်ရှိသူများ၊ တပ်မတော်ဆေး သုတေသနတပ်တပ်မှူး ဗိုလ်မှူးချုပ်ကြီးမြင့်နှင့် တာဝန်ရှိသူများ၊ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသိန်းဇော်လင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်
No comments:
Post a Comment