ပြီးခဲ့တဲ့ရက်သတ္တပတ်က ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် လျှပ်စစ်ရုံးနားမှာ အမှိုက်ကောက်တဲ့ ကလေးငယ်လေးတစ်ယောက်ဟာ အမှိုက်ထဲမှာ ပြန်လည်ရောင်းချ လို့ရနိုင်တဲ့ ပစ္စည်းလေးတွေ ကိုရှာရင်း၊ ဖွေရင်း ဗုံးထည့်ထားတဲ့ အထုပ်တစ်ထုပ်ကို ဆွဲမိရာက ဗုံးပေါက်ကွဲလို့ ဒဏ်ရာအပြင်း အထန်ရခဲ့ပါတယ်။ ဒဏ်ရာရတဲ့ကလေးကို သက်ဆိုင်ရာက ဆေးရုံကိုပို့ပေးပြီး အန္တရာယ်မရှိအောင် ကုသပေးနိုင်ခဲ့ပေမယ့် လက်တစ်ခုလုံး ဗုံးထိကျေမွ ဒဏ်ရာရခဲ့လို့ လက်ကောက်ဝတ်ကနေ ဖြတ်တောက်ပစ်လိုက်ရတဲ့ ဒုက္ခိတဘဝကို ရောက်ခဲ့တယ် လို့သိရပါတယ်။
ဆင်းရဲနွမ်းပါးတဲ့ကလေးငယ်လေးတစ်ယောက် ထမင်းတစ်ဝမ်း စားဖို့အရေး အရပ်တကာ၊ လမ်းတကာ လှည့်ပြီး အမှိုက်လိုက်ကောက်ရင်း လျှပ်စစ်ရုံးရှေ့က အမှိုက်ပုံမှာ အကြမ်းဖက် သမားတွေထောင်ထား တဲ့ဗုံးကို ကိုင်ယူမိလို့အဖြစ်ဆိုးနဲ့ ကြုံခဲ့ရပါတယ်။ အမှိုက်ကောက်တဲ့ ကလေးတွေ မြို့တွေမှာ အများကြီးရှိပါတယ်။ ဆင်းရဲနွမ်းပါးမှု ရလဒ်တွေ ဖြစ်ပါတယ်။ ဗုံးကို အမှိုက်ပုံမှာထားရင် အမှိုက် ကောက်သူကို သာထိမယ်ဆိုတာသိပါလျက်နဲ့ သူရဲဘောကြောင်တဲ့ ဉာဏ်တစ်ထွာတစ်မိုက်နဲ့ မိုက်တွင်းနက်ကြတော့ အပြစ်မဲ့ကလေးတွေ အဖြစ်ဆိုးနဲ့ကြုံရ ပါတယ်။
အခုလို အမှိုက်ကောက်တဲ့ကလေး ထိခိုက်တဲ့အဖြစ်မျိုးကို အရင်ကလည်း ဖြစ်ခဲ့ပါတယ်။ ပထမ တစ်ခုကမူဆယ်မြို့မှာ အမှိုက်လိုက်ကောက်တဲ့ ကလေးတစ်ယောက် ဗုံးထိမှန်ခဲ့ခြင်း ဖြစ်ပါ တယ်။ ဒုတိယတစ်ခုက ရန်ကုန်မြို့မှာ အမှိုက်ကောက်တဲ့ သားအဖ နှစ်ယောက် ဗုံးထိမှန်ပြီး ဗုံးထိလို့ ငိုယိုနေတဲ့ ခုနှစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးငယ်လေးရဲ့ အဖြစ်ကို လူမှုကွန်ရက်မှာ စိတ်မကောင်းစွာနဲ့ တွေ့မြင်ခဲ့ရခြင်းဖြစ်ပါတယ်။
ဒါ့အပြင် အပြစ်မဲ့ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်လုပ်ကြံရာမှ မြင်းခြံမြို့မှာ ရှစ်လသားအရွယ် ကလေးတစ်ဦး သေဆုံးခဲ့ရတဲ့ ကြေကွဲ ဖွယ်ရာအဖြစ်ကိုလည်း ကြားသိခဲ့ရပါတယ်။ ယနေ့ အကြမ်းဖက်မှု သံသရာထဲမှာ အပြစ်မဲ့ကလေးတွေပါ ထိခိုက်ခံစားကြရတာတွေ တွေ့ရှိလာပြီ ဖြစ်ပါတယ်။ အသက်သေဆုံးခဲ့ရတဲ့ကလေးတွေ၊ ခန္ဓာကိုယ်ပျက်စီးပြီး အသက်မသေဆုံးတဲ့ ဒီကလေး တွေရဲ့ အဖြစ်တွေကိုပြောကြ၊ဆိုကြ၊ မျှဝေကြရမှာကို ဝန်လေးနေကြတဲ့အဖြစ်ဟာ လည်းပို လို့ပင် ဝမ်းနည်းစရာကောင်းလှပါတယ်။
အကြမ်းဖက်လုပ်ရပ်
ယခုအချိန်အခါမှာ အကြမ်းဖက်သမားတွေကိုထိထိရောက်ရောက် နှိမ်နင်းနိုင်ပေမယ့်လည်း ကြိုကြား ကြိုကြား ဗုံးခွဲတာတွေ၊ အပြစ်မဲ့ ပြည်သူတွေကို လုပ်ကြံသတ်ဖြတ်တာတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လ ၁၄ ရက်က စစ်ကိုင်းခရိုင် မြောင်မြို့နယ်မှာ မတူကွဲပြားတဲ့ လွှတ်တော်ကိုယ်စား လှယ်ဟောင်းတစ်ဦးနဲ့ အခြား တစ်ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ ကြပါတယ်။
ဇူလိုင်လ ၂၉ ရက်မှာ ရေးမြို့နယ်အစင်ကျေးရွာကမတူကွဲပြားတဲ့ ပါတီဥက္ကဋ္ဌရဲ့ အိမ်ကို လက်ပစ်ဗုံး နဲ့ပစ်ခဲ့တဲ့အတွက် အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်။ သြဂုတ်လ ၅ ရက်ညနေက ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၇၈ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို နေအိမ်မှာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ် ခဲ့ပါတယ်။ ထိုနေ့မှာပဲလှိုင်မြို့နယ် ၁၆ ရပ်ကွက် အုတ်ကျင်းဘူတာ ရုံလမ်းမှာ ဈေးရောင်းနေတဲ့ ဇနီးမောင်နှံနှစ်ဦးကို PPE ဝတ်စုံဝတ်ထားတဲ့ အကြမ်းဖက်သမားနှစ်ယောက်က သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။
ဩဂုတ်လ ၁၃ ရက်က လွိုင်ကော်မြို့မှာ မတူကွဲပြားတဲ့ ပါတီ စည်းရုံးကော်မတီဥက္ကဋ္ဌ တစ်ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။ သြဂုတ်လ ၁၆ ရက်မှာ မွန်ပြည်နယ် အစင်ကျေးရွာမှာလည်း မတူကွဲပြားတဲ့ ပါတီတစ်ခုရဲ့ ပါတီဝင်တစ်ဦးသတ်ဖြတ်ခံခဲ့ရပါတယ်။ သြဂုတ်လ ၁၇ ရက်က ကမာရွတ်မြို့နယ် သုံးရပ်ကွက်မှာ အမျိုးသားတစ်ဦးသေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။ ထိုနေ့မှာပဲသိမ်ဇရပ်မြို့ မှာ ကွမ်းယာရောင်းနေသူတစ်ဦးကိုသေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ပါ တယ်။
ဒဂုံမြို့သစ်တောင်ပိုင်း (၅၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ကာကွယ်ဆေးထိုးဖို့ စာရင်းတွေ လုပ်နေတုန်း သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။ သြဂုတ်လ ၁၈ ရက်က မင်းကင်းမြို့နယ် လောင်းပြည့်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ သီတင်းသုံးတဲ့ ဆရာတော် တစ်ပါးကို အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က တူမီးသေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ ထိုနေ့မှာပဲ မန္တလေး ချမ်းအေးသာစံ မြို့နယ် ရွှေလှံရပ်ကွက်အုပ်ချုပ်ရေးမှူးကို သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့ပါတယ်။ ထိုနေ့မှာပဲ ဧရာဝတီတိုင်းဒေသကြီး ရေကြည် မြို့နယ် အသုတ်မြို့မှာ အောက်ဆီဂျင်ဖြန့်ဝေရေး ဥက္ကဋ္ဌကို သတင်းပေး ဟုဆိုကာ သေနတ်နဲ့ အနီးကပ်သတ်ဖြတ်ခဲ့ ပါတယ်။
သြဂုတ်လ ၁၉ရက်က ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် (၉၀) ရပ်ကွက် မှာ အဆောင်ငှားရမ်း လုပ်ကိုင်သူ အမျိုးသမီးတစ်ဦး သေနတ်နဲ့ပစ်ခတ် သတ်ဖြတ်ခံခဲ့ရပါတယ်။ သြဂုတ်လ ၂၀ ရက်နေ့မှာ မန္တလေးမြို့အောင်သာယာမြို့သစ်ဓမ္မာရုံမှာ ဗုံးခွဲတိုက်ခိုက်မှုခံရတာကြောင့် ဝတ်ရွတ်သူတွေ အများ အပြားဒဏ်ရာရခဲ့ပါတယ်။ သြဂုတ်လ ၂၀ ရက်မှာ အင်းစိန်မြို့နယ် တောင်သူကုန်းရပ်ကွက် စာရေး တစ်ဦးကို သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။
စိတ်မကောင်းစရာ
အထက်ပါဖြစ်ရပ်တွေဟာ ဇူလိုင်လကုန်မှ သြဂုတ်လ တစ်လ အတွင်း လက်လှမ်းမီသမျှ သိရှိရတဲ့ စိတ်မကောင်းစရာ သတင်းတွေ ဖြစ်ပါတယ်။ အခြားမသိရှိလိုက်ရတဲ့ ရက်ရက် စက်စက် လုပ်ကြံ သတ်ဖြတ်မှုတွေ အမြောက်အမြားရှိပါသေးတယ်။ ဒီသတင်းမျိုးကိုတော့ ပြည်ပအခြေစိုက် သတင်းဌာ နတွေက သတင်းထုတ်ပြန်ကြတာ၊ မျှဝေကြတာတွေ့ရပါတယ်။
ကြေကွဲစရာ၊ သနားစရာသတင်း၊ ရက်စက်ယုတ်မာလွန်းတဲ့၊ အပြစ်ကင်းစင်တဲ့ ကလေးငယ်တွေ ထိခိုက်သေဆုံးဒဏ်ရာရကြတဲ့ သတင်းမျိုးကိုတော့ ဘယ်ပြည်တွင်း ပြည်ပ ပုဂ္ဂလိက သတင်းဌာနကမှ ဖော်ပြခဲ့တာကို မတွေ့ရပါဘူး။ လူမှုကွန်ရက်တွေပေါ်မှာလည်း မေတ္တာ၊ ကရုဏာစိတ်ထားနဲ့ မျှဝေအသိပေးခဲ့ကြတာ အလွန်နည်းပါးလှပါတယ်။ အကြမ်းဖက်သမား တွေနဲ့ အကြမ်းဖက်လက်နက် တွေဖမ်းဆီးရမိရင်လည်း မျှဝေအသိပေးကြတာ နည်းပါတယ်။ အပြစ်မဲ့ပြည်သူတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင် တွေ၊ အများပြည်သူပိုင်နေရာပစ္စည်းတွေကို အကြမ်း ဖက်သမားတွေ ဗုံးခွဲတိုက်ခိုက်လို့ ထိခိုက်သေကျေ ပျက်စီး ရင်တော့ ချက်ချင်းသတင်းထုတ် ပြန်ကြတာ၊ မဆိုင်းမတွ မျှဝေကြတာတွေ့ရပါတယ်။ ။
မြန်မာနိုင်ငံမှာ အကြမ်းဖက်သမားတွေလက်ချက်ကြောင့် အပြစ်မဲ့ပြည်သူတွေရက်ရက် စက်စက် သတ်ဖြတ်ခံရလို့ သေဆုံးခဲ့ကြတာ ရာနဲ့ချီတောင် မကတော့ပါဘူး။ ဒီအဖြစ်အပျက်တွေကို ဘယ် နိုင်ငံတကာအဖွဲ့အစည်းကမျှ လူသားချင်းစာနာပါတယ်ဆိုပြီး ဝမ်းနည်းစကားမဆိုကြပါဘူး။ ဒါ့အပြင် ကို ကိုယ့်လူမျိုးအချင်းချင်း ဝမ်းသာအားရ ဖြစ်နေကြတဲ့ အမှောင်ဖုံးနေတဲ့၊ တစ်ဖက်ပိတ်နေတဲ့လူတွေ ကိုလည်း တွေ့ရပါတယ်။ အကြမ်းဖက် PDF တွေ သေဆုံးကြရင် အပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့ ရက်ရက်စက်စက် သတ်ဖြတ်ကြပါတယ်လို့ လိမ်ညာပြော ဆိုကြပါတယ်။
အပြစ်မဲ့ပြည်သူတွေ သေဆုံးကြရင် ဒလန်တွေ၊ သစ္စာဖောက် တွေဆိုပြီး ဝမ်းသာအားရ ဖြစ်ကြပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သေဆုံးရင် မုန့်ဟင်းခါးဘယ်နှပွဲဆိုပြီး အားရပါးရ အကုသိုလ် ပွားကြပါတယ်။ အခုလို ကိုယ့်တိုင်းရင်းသားပြည်သူအချင်းချင်း ရာနဲ့ချီသတ်ဖြတ်ခံရ၊ သေဆုံးခဲ့ကြရတာကို အကြမ်းဖက်ဝါဒ ဖြစ်ပေါ်လာအောင် ဖန်တီးခဲ့ကြတဲ့ နိုင်ငံရေးခေါင်း ဆောင်တွေက တားဆီး ခြင်း၊ ဟန့်တားခြင်း၊ မေတ္တာရပ်ခံခြင်း မရှိကြပါဘူး။ တားဆီးဟန့်တား ခြင်းမရှိရင် အားပေးရာရောက်ပါ တယ်။ အခုလိုကမ်းကုန်အောင် ရက်စက်မှုတွေဖြစ်လာရ တာဟာအကြမ်းဖက်ဝါဒကို အားပေးလို့၊ လက်ခံလို့သာ ဖြစ်ရပါတယ်။ ။
အကြမ်းဖက်လမ်းစဉ်
ဒီမိုကရေစီစစ်စစ်လမ်းစဉ်ဟာ အကြောက်တရားမပါဘဲ လွတ်လပ်စွာရှင်သန်ခြင်းလို့လည်း ဆိုနိုင်ပါ တယ်။ ယခုဖြစ်နေတာက အကြောက်တရားကိုဖန်တီးပြီး လုပ်ချင်ရာလုပ်တဲ့ အကြမ်း ဖက် လမ်းစဉ်ဖြစ်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီကနေ့ ဒီမိုကရေစီ လိုလားပါတယ်။ ဒီမိုကရေစီရရှိရေး ဆိုပြီး ကြွေးကြော်ကာ ဖန်တီးလာတဲ့ နိုင်ငံရေးဟာ အကြမ်းဖက်နိုင်ငံရေး ဖြစ်နေတာကို တွေ့ရပါတယ်။ အာဏာလက်ဝယ်ရရှိခဲ့တဲ့သူဟာ အာဏာလက်လွှတ်လိုက် ရတဲ့အခါမှာ အကြမ်းဖက်လမ်းကြောင်း ပေါ်ကို တွန်းပို့ခဲ့တာ မြန်မာ့သမိုင်းမှာ တွေ့ရပါတယ်။
ဒါပေမဲ့ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ဟာ ဘယ်သော အခါမျှ အောင်မြင်ခဲ့တာမရှိခဲ့ပါဘူး။ ဖြစ်စဉ်ကို ပြန်ကြည့်ရင် အာဏာပြန်လည်ရရှိရေးအတွက် လူထုဆူပူမှုအကြီးကြီးဖြစ်အောင် ဖန်တီးပြီး အကြီးကြီးမဖြစ်တဲ့အခါမှာ အသေးလေးက အကြီးကြီး ဖြစ်အောင် လက်နက်ကိုင် သတ်ဖြတ်တဲ့နည်းနဲ့ ထပ်မံဖန်တီးလိုက်တာ ဖြစ်ပါတယ်။ ဒါဟာအကြမ်းဖက်လမ်းစဉ်ဖြစ် ပါတယ်။
ပထမအဆင့်အနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူတွေကို လမ်းပေါ်တွန်းထုတ်ခဲ့ပါတယ်။ လူဦးရေ သိန်းချီရှိတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေဖြစ်ပေါ်လာပြီး ရက်ကြာလာတဲ့အခါ ဆူပူဆန္ဒပြမှုတွေ ဖန်တီးပြီး အကြမ်းဖက်မှုတွေလုပ်လာတဲ့အခါမှာ ဆူပူအကြမ်းဖက် ဆန္ဒပြသူ တွေဟာ လူရာဂဏန်းတောင်မရှိ တော့ပါဘူး။ ဒီလိုဖြစ်စဉ်တွေဟာ ကြီးရာကနေ သေးသေးသွား ပြီး ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ ဒါကိုသိရှိနေတဲ့ အစွန်းရောက် နိုင်ငံရေးသမားတွေက လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို ပြောင်းလဲတွန်းပို့ပေးခဲ့ကြတာဖြစ်ပါတယ်။
လူသတ်ဖို့ဆိုတာ တော်ရုံတန်ရုံလူတွေ လုပ်ခဲပါတယ်။ မြို့ရွာ တွေမှာ လူဆယ်ဂဏန်းဝန်းကျင် ရှိတဲ့ အဖျက်သမားတစ်စုနဲ့ချော်လဲ ရောထိုင်တဲ့သူတွေ၊ မကျေနပ်ချက်နဲ့ အညှိုးအတေးရှိ တဲ့သူတွေ၊ ငွေပေးစေခိုင်းလို့ရတဲ့သူတွေကို အသုံးချခဲ့ပါတယ်။ ရပ်ရွာထဲမှာ လူသတ်ပြလိုက်တာ ဟာ အကြောက်တရားကြီးမားအောင် လုပ်ပြလိုက်တာဖြစ်ပါတယ်။ ငါတို့မသေသေးဘူးဆို တာကို ခိုးကြောင်ခိုးဝှက်နဲ့ ထွက်ထွက်သတ်ပြနေတာလည်း ဖြစ်ပါတယ်။ ဘယ်လိုပဲ “လုပ်လုပ် ရာဇဝတ်ဘေးဆိုတာဟာ ဘယ်လောက်ပြေးပြေးမလွတ်နိုင်ပါဘူး။ မကြာမတင်မီ လူသတ်သမား တွေကို ဖမ်းဆီးရမိနေသလို ပြေးနိုင်ရင်လည်း တစ်နေ့တော့မိမယ်ဆိုတာကို သိရှိထားဖို့လို ပါတယ်။
ပူးပေါင်းတိုက်ဖျက်
ဒါတောင်မှ ပြည်သူတွေက အကြောက်တရားကြီးလို့ သတင်းပေးဖို့ မဝံ့မရဲ ဖြစ်နေတာကြောင့် လုပ်သာကိုင်သာရှိနေသေး တာလို့ဆိုနိုင်ပါတယ်။ အခုအခါမှာ အကြမ်းဖက်လုပ်ရပ်တွေကို ပြည်သူတွေ လက်တွေ့ခံစားနားလည်နေဖြစ်လို့ ပူးပေါင်းဆောင်ရွက် -လာတဲ့အခါမှာ ပုန်းစရာ နေရာ၊ ပြေးစရာမြေမရှိတော့ဘဲ အကြမ်းဖက်ဝါဒ နိဂုံးချုပ်သွားမှာဖြစ်ပါတယ်။
အကြမ်းဖက်လုပ်ရပ်တွေဟာ လုံခြုံရေးတပ်ဖွဲ့တွေမှာသာ တာဝန်ရှိတယ်လို့ဆိုခဲ့ရင် အကြမ်းဖက် ဝါဒ ပပျောက်သွားဖို့အရေး ခဲယဉ်းနေပါဦးမယ်။ ဒီတာဝန်ကို အဖွဲ့အစည်းတစ်ခုတည်းကိုသာ ပုံချမယ်ဆိုရင် ရက်စက်ရာကျပေလိမ့်မည်။ မြန်မာ့နိုင်ငံရေးမှာ ပြည်သူလူထုပူးပေါင်းပါဝင်လို့ အကြမ်းဖက်လုပ်ရပ် တွေကို အမြစ်ကမကျန် တွန်းလှန်ဖယ်ရှားနိုင်ခဲ့တာကို တွေ့နိုင်ပါတယ်။
မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်ကြည့်ပါက အရှိန်အဟုန်မြင့်မားတဲ့ နိုင်ငံရေးလှိုင်းတစ်ခုဟာ အချိန်ကာလတစ်ခုသာ ကြာရှည်ခံပါတယ်။ ကာလတစ်ခုရောက်ရင် အလိုလိုမှေးမှိန်ပြီး လူတွေလည်း မေ့ပျောက် သွားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် အကြမ်းဖက်ဝါဒဟာ လည်း အချိန်တန်ရင် တိမ်စင်တဲ့လပြည့်ကာလလို တိမ်သလ္လာအမှောင်ပိတ်ဖုံးမှုတွေ မရှိတော့ဘဲ အေးမြကြည်လင်သာယာနေ တဲ့ လောကတစ်ခွင်လို ပြန်လည်ဖြစ်ပေါ်လာမှာ သေချာပါတယ်။ ။
ကိုရေချမ်း
No comments:
Post a Comment