Sunday, September 5, 2021

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်


 နောက်ဗိုင်းရပ်စ် အကြိုက်ဆုံးက မည်သူမဆို ကိုဗစ်စည်းကမ်းတွေကို ဖောက်တယ်ဆိုရင် သူ့အနေနဲ့ ဝင်မှာဖြစ်ပါတယ်(ဒေါက်တာ သန်းနိုင်စိုး)

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာ ၃ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ အကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြ လိုက်ပါသည်။

အစီအစဉ်မှူး။ ။ နိုင်ငံတစ်ဝန်း ကိုဗစ် - ၁၉ တတိယလှိုင်းဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသ ရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ဆောင်ရွက်နေမှုတွေကို ပြောကြားပေးပါဦး။

ဒေါက်တာသန်းနိုင်စိုး ။ ။ ယနေ့တင်ပြဆွေးနွေးသွားမယ့် အကြောင်းအရာက ကိုဗစ် တတိယ လှိုင်းကာလမှာ ကြုံခဲ့ရတဲ့အနေအထားနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက်တွေကို အကျဉ်းချုံးပြီး တင်ပြသွားမှာ ဖြစ်ပါတယ်။

ကူးစက်ရောဂါနှိမ်နင်းရေး သဘောတရားအရ ရောဂါကို တက်သည်ထက် တက်မလာနိုင်အောင် အားလုံးပါဝင်ပူးပေါင်းဆောင်ရွက်ပြီး ရောဂါ ကွင်းဆက်ပြတ်တောက်အောင် ဖိအားပေးရပါ တယ်။ ဖိထားတဲ့အင်အားကောင်းတာနဲ့အမျှရောဂါ ဖြစ်ပွားမှုတွေ အရှိန်အဟုန်နဲ့တက်နေတာက ဦးကျိုးကျလာပါမယ်။ ထောင်တက်နေတဲ့ ဂရပ်ကြီးက ဦးကျိုးကျပြီး ပြားလာပါမယ်။ ပြားတာကနေ ပြီး ဆက်ပြီးဖိရင် အောက်ကိုစိုက်ပြီးကျလာမယ့် နောက်ဆုံး ပြားပြားဝပ်သွားမှာ ဖြစ်ပါတယ်။ ဒီလို ပြားပြားမဝပ်ခင်ကာလမှာ ဖိထားတဲ့အားတွေကို ရုတ်တရက်လျှော့ချလိုက်ရင် အောက်ကို စိုက်နေ တာကနေ အရှိန်အဟုန်နဲ့ပြန်ကန်ပြီး တက်တဲ့ သဘောလည်းရှိပါတယ်။ ဒါက ကူးစက်ရောဂါ ထိန်းချုပ်တဲ့ နိယာမတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အခုလို ရောဂါ ဖြစ်ပွားနှုန်း ကျဆင်းလာပေမယ့် သတိကြီးကြီးထားစောင့်ကြည့်ပြီး ကာကွယ်ရေး နည်းလမ်းတွေ ဆက်လက်လိုက်နာကြဖို့ လိုအပ်တာဖြစ်တဲ့အကြောင်း ရှေးဦးစွာတင်ပြ လိုပါတယ်။

ဆက်လက် ဆွေးနွေးမယ့်အကြောင်းအရာက ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် တစ်ကမ္ဘာ လုံးမှာရှိတဲ့ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ ထုတ်ပြန်ထားရှိတဲ့ ကိုဗစ် - ၁၉ ရောဂါနဲ့ ပတ်သက်တဲ့အချက်တွေဖြစ်ပါတယ်။ ကိုဗစ် -၁၉ ရေရာဂါ စဖြစ်တဲ့အချိန်ကတည်းက ကိုဗစ်-၁၉ ရောဂါရဲ့ အားနည်းချက်တွေ၊ ကိုဗစ် - ၁၉ ရောဂါ ဘာကိုကြိုက်လဲ၊ ဘာကို ကြောက်လဲ ထုတ်ပြန် ထားရှိတဲ့ အချက်တွေ ဖြစ်ပါတယ်။ ။

ကိုဗစ်-၁၉ရောဂါက သူကြိုက်တာတွေလုပ်ရင် သူက ပွားသထက် ပိုပြီးပွားများလာမယ့် အနေ အထားပါ။ ကိုဗစ်-၁၉ ရောဂါပိုးရဲ့ အားနည်းချက်တွေ တစ်နည်းအားဖြင့် သူကြောက်တဲ့ အရာတွေကို ပြည်သူတစ်ဦး တစ်ယောက်ချင်းစီက သိဖို့လိုပါတယ်။ ဒါမှ တစ်ဦး တစ်ယောက်ချင်းစီက ကိုဗစ်-၁၉ ရောဂါကြောက်တာတွေကိုသိပြီး ကျွန်တော်တို့ စုပေါင်းပြီး သူ့ကိုအနိုင်ယူနိုင်မှာပါ။

ကိုဗစ် - ၁၉ ရောဂါကြောက်တဲ့အရာ နံပါတ် တစ်က လူတွေ Mask တပ်ရင် ကြောက်ပါတယ်။ လူတွေ Mask တပ်ရင် ဘာလို့ကြောက်လဲဆိုတော့ လူတွေ Mask တပ်ထားရင် ခုနပြောတဲ့ ရောဂါပိုးတွေက တစ်ယောက်နဲ့တစ်ယောက်နဲ့ အလွယ်တကူ ကူးစက်လို့မရဘူး။ ရောဂါပိုးပါဝင်တဲ့ အစက်အမှုန်တွေက ရောဂါရှိသူ သာမန်အသက်ရှူထုတ်ချိန်မှာ အနီးပတ်ဝန်းကျင် ငါးပေကျော်၊ ချောင်းဆိုးလိုက်ရင် တစက္ကန့်ကို ၃၃ ပေ အရှိန်နဲ့ထွက်ပြီး အနီးပတ်ဝန်းကျင် ခြောက်ပေခွဲကျော်၊ နှာချေလိုက်တဲ့အချိန်မှာ တစ်က္ကန့်ကို ၁၆၄ ပေ အရှိန်နဲ့ထွက်ပြီး အနီးပတ်ဝန်းကျင် ၁၉ ပေခွဲကျော်ကျော်အထိကို သူက ရောက်နိုင်ပါတယ်။ နှာချေလိုက်ရင် အရှိန်နဲ့ ပိုပြီးထွက်ပါတယ်။ ဒါပေမယ့် Mask တပ်ထားရင် အစက်အမှုန်အများစု က Mask ထဲမှာပဲရှိမယ်၊ တစ်ဖက်လူဆီကို ရောက်ဖို့ အလွန်ခက်ခဲသွားမယ်၊ တစ်ဖက်လူက Mask တပ်ထားပြီး ကာကွယ်နေမယ်ဆိုရင် ကူးစက်ဖို့ အလွန်နည်းသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုဗစ်ကြောက်တဲ့အရာ နံပါတ်၁က Mask တပ်ခြင်း ဖြစ်ပါတယ်။

နံပါတ် ၂ အချက်က ကိုဗစ် - ၁၉ ရောဂါက လူတွေ စနစ်တကျလက်ဆေးရင် ကြောက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ခုနကအသက်ရှူထုတ်လိုက် ရင် ကူးတာမျိုးက တစ်ဖက်လူရဲ့ နှာခေါင်း၊ ပါးစပ်ထဲကို တိုက်ရိုက်ဝင်စေတာပါ။ နှစ်ဖက်စလုံး Mask တပ်ထားတာနဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ လိုက်နာရမယ့် ကျင့်ဝတ်တွေကို လိုက်နာတာ၊ ဖြစ်နိုင်ရင် Face Shield ကိုပါ တပ်ထားတာတွေက တဖက်လူဆီကို ဆက်လက်ကူးစက်ဖို့ နည်းသွား စေပါတယ်။ နောက်ထက် ကူးစက်နိုင်တဲ့နည်းလမ်းက စကားပြောတဲ့အခါ နှာချေ၊ ချောင်းဆိုးတဲ့အခါ ထွက်လာတဲ့ အစက်အမှုန်တွေက အနီးပတ်ဝန်းကျင် မှာရှိတဲ့အရာဝတ္ထုတွေမှာ ကပ်တင်နေ တတ်ပါတယ်။

ဒီအရာဝတ္ထုတွေမှာ ကပ်တင်နေတဲ့ အစက်အမှုန် တွေကို တခြားတစ်ယောက်ကကိုင်မိပြီး မိမိရဲ့ နှာခေါင်း၊ ပါးစပ်၊ မျက်လုံးကို လက်မဆေးဘဲ မတော်တဆ ဆက်ကိုင်မိလိုက်ရင် ဒီပိုးက ဝင်သွား မှာ ဖြစ်ပါတယ်။ ဒီပိုးရဲ့ အားနည်းချက်က သူ့ခန္ဓာ ကိုယ်အခွံမှာ အဆီလွှာရှိတယ်။ ဒီအဆီလွှာက ဆပ်ပြာမော်လီကျူးနဲ့ တွေ့တဲ့အခါ မခံနိုင်ပါဘူး။ ဆပ်ပြာမော်လီကျူးက အဆီလွှာကို ထိုးဖောက်ပြီး ရေနဲ့လောင်းချလိုက်တဲ့အခါ ခွဲချလိုက်သလို ဖြစ်တဲ့ အတွက် ဗိုင်းရပ်စ်ကို အပိုင်းပိုင်းအစစကို ပျက်စီး သွားစေပါတယ်။ ဒါပေမယ့် လက်ဆေးတဲ့အခါ လျှို့ဝှက်ချက်က အနည်းဆုံး စက္ကန့် ၂၀ကြာအောင် စနစ်တကျ နှံ့နှံ့စပ်စပ် ဆေးဖို့လိုပါတယ်။

နောက်သူကြောက်တာတစ်ခုက လူတွေတစ်ယောက်နဲ့တစ်ယောက် တတ်နိုင်သမျှ ခပ်ခွာခွာ (ခြောက်ပေလောက်) နေမယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် သူကဆက်တိုက်ကူးနိုင်ဖို့ အခွင့်အလမ်း အတော်နည်းသွားမယ်။ Mask တပ်တာ၊ လက်ဆေးတာနဲ့ ခပ်ခွာခွာနေတာကို တွဲလိုက်ရင် ဗိုင်းရပ်စ် ဝင်ရောက် ကူးစက်နိုင်မယ့်အခွင့်အလမ်း |မရှိသလောက်နည်း သွားပါတယ်။ ဒီဗိုင်းရပ်စ်က တစ်ဦးကနေ တခြားသူတစ်ဦးကို ကူးချင်ပေမယ့် လူချင်းနေရာ ကွာခြားနေတဲ့အခါ ဘယ်လိုမှ ဝင်ပြီး ကူးလို့မရတော့တဲ့ အနေအထားဖြစ်ပါတယ်။ အဲဒီအချိန်မှာ ရောဂါရှိတဲ့သူရဲ့ ခုခံအားစနစ်ကနေ ဒီဗိုင်းရပ်စ်ကို သတ်ဖြတ်လိုက်ရင် ဗိုင်းရပ်စ်က အဲဒီရောဂါ ရှိတဲ့သူရဲ့ ခန္ဓာကိုယ်ထဲမှာ သေဆုံးသွားမယ်။ ဒါကလည်း ၁၀ ရက်၊ ၁၁ ရက်ဆို တခြားသူကို ကူးနိုင်တဲ့အခွင့်အလမ်းမရှိလောက်အောင် နည်းသွားပြီ။ ဒီခြောက်ပေအကွာ ခပ်ခွာခွာနေတာကို လည်းကိုဗစ် -၁၉ က တော်တော်ကြောက်ပါတယ်။

နောက်နံပါတ် ၄ အနေနဲ့ ကိုဗစ်-၁၉ က လေဝင်လေထွက်ကောင်းတဲ့နေရာတွေကို ကြောက် ပါတယ်။ လေဝင်လေထွက်ကောင်းရင်၊ အထူးသဖြင့် မျက်နှာချင်းဆိုင်ပြတင်းတံခါးတွေ ဖွင့်ထားတာ မျိုး ဖြတ်ဝင် လေဝင်လေထွက် (Cross ventilation) ကောင်းရင် လူတစ်ဦးကနေ တစ်ဦးထံ ဝင်ရောက် ကူးစက်ဖို့ခက်ခဲလို့သူက ကြောက်ပါတယ်။

နံပါတ်၅က လူတွေသတိရှိရင် ကြောက်ပါတယ်။ ဘာကြောင်လဲဆိုတော့ လူတွေရဲ့ သတိတရားက ကာကွယ်ထားမယ်၊ ခုနပြောခဲ့တဲ့ ကာကွယ်ရေး နည်းလမ်းတွေကို လူတွေက စနစ်တကျ ကျင့်သုံး မယ်၊ သတိရှိမယ်ဆိုရင် ဗိုင်းရပ်စ်က ကြောက်ပါ တယ်။ ဗိုင်းရပ်စ်ရဲ့ သဘောက အနံ့၊ အရသာ မရှိဘူး ရုပ်အဆင်းမမြင်ရဘူး။ နားနဲ့ မကြားရဘူး။ ဗိုင်းရပ်စ် ဝင်သွားတာကို ထိတွေ့ပြီးသိတဲ့ အာရုံလည်းမရှိ ဘူး။ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ တည်ဆောက် ထားတဲ့ အာရုံခံတဲ့အစိတ်အပိုင်းတွေ အကုန်လုံးကို သူက ကျော်ဖြတ်နိုင်တယ်။ သူရှိနေမှန်း၊ မရှိနေမှန်းမသိရတဲ့ အနေအထားပါ။ ဒါပေမယ့် သူ့ကိုရှိမှန်း သိတာကကျွန်တော်တို့ခေါင်းထဲက အသိဉာဏ်ပညာ

ဖြစ်ပါတယ်။ အသိဉာဏ်ပညာတရားနဲ့ သတိထား ပြီးကာကွယ်ရေးနည်းလမ်းတွေ စနစ်တကျလိုက်နာ တာကို သူကကြောက်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

နံပါတ် ၆ က စနစ်တကျ ကာကွယ်ထိန်းချုပ် ရေးနည်းလမ်းတွေနဲ့ ကူးစက်ရောဂါထိန်းချုပ်ရေး အတွက် ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း သူအတော်ကြောက်ပါတယ်။ အားလုံးစုပေါင်းပါဝင် ပြီး စနစ်တကျ ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာခြင်း၊ ကာကွယ်ဆေးထိုးခြင်း ဒီဟာတွေ ပူးပေါင်းဆောင်ရွက်တာကို ဗိုင်းရပ်စ်က အတော် ကြောက်ပါတယ်။

နောက်ဆုံး နံပါတ် ၇ ဗိုင်းရပ်စ်အကြောက်ဆုံးအရာက လက်ရှိဆေးသိပ္ပံပညာရပ်အနေနဲ့ ဒီဗိုင်းရပ်စ်ကို သိနိုင်တာ၊ သူ့ရဲ့သဘောသဘာဝနဲ့ အားနည်းချက်တွေကိုသိရတာ ဆေးသိပ္ပံပညာ ရပ်ကြောင့် သိရခြင်းဖြစ်ပါတယ်။ နောက်တစ်ခုက ဆေးသိပ္ပံပညာရပ်ရဲ့ အသီးအပွင့်တွေနဲ့ ပေါ်ထွက်လာတဲ့ ကာကွယ်ဆေးတွေ၊ ကုသဆေးလိုမျိုးတွေ၊ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေ ဒါတွေကို ဗိုင်းရပ်စ်ကကြောက်ပါတယ်။ ဗိုင်းရပ်စ်ရဲ့ အားနည်း ချက်တွေနဲ့ ဗိုင်းရပ်စ်ကြောက်တဲ့အရာတွေကို သိရင် ကာကွယ်ရေးတွေ များများလုပ်ရင် ဒီဗိုင်းရပ်စ်ကို လူသားတွေအနေနဲ့ မနိုင်စရာ မရှိပါဘူးဆိုတာကို ပြောကြားလိုပါတယ်။

ဗိုင်းရပ်စ်ကြိုက်တဲ့အရာတွေ ရှိပါတယ်။ ဒါတွေ က အစားအသောက်ကို စုရုံးစားသောက်ကြတာ မျိုးကို အလွန်ကြိုက်ပါတယ်၊ စုရုံးစားသောက်ရင် Maskလည်း ချွတ်ရတယ်၊စကားလည်း နီးနီး ကပ်ကပ် ပြောကြမယ်၊ တစ်ဦးနှင့်တစ်ဦး မျှဝေစားသောက် ကြမယ်ဆိုတော့ သူ့အကြိုက် ဖြစ်ပါတယ်၊ နောက်တစ်ခုက မဖြစ်မနေ လူစုလူဝေးနဲ့ လုပ်ကိုင်နေရတဲ့ ဆေးရုံ၊ ဈေး၊ ဘဏ်တို့ကို သူကြိုက်ပါတယ်။ ဒီလိုနေရာမျိုးတွေမှာ ကာကွယ်ရေးနည်းလမ်းတွေ အားနည်း သွားတာနဲ့ သူက ဝင်ဖို့စောင့်နေပါတယ်။

နောက်တစ်ခုက အကာအကွယ်တွေမယူဘဲ ခရီးသွားတာတွေက တစ်နေရာကနေတစ်နေရာ ပြန့်ဖို့အတွက်လွယ်ပါတယ်။ တစ်နိုင်ငံပြီး တစ်နိုင်ငံ ပျံ့နှံ့သွားတာက ဒီလိုမျိုး အကာအကွယ် တွေကို စနစ်တကျမသုံးဘူး။ တစ်နေရာကတစ်နေရာ ခရီးသွားတဲ့အခါ ကွာရန်တင်း စနစ်တကျမဝင်ဘူး၊ စနစ်တကျ ဓာတ်ခွဲစစ်ဆေးတာတွေ မလုပ်ဘူးဆိုရင် ဒါမျိုးတွေကို ကြိုက်ပါတယ်။ နောက်တစ်ခု သူကြိုက် တာကလူတွေအနေနဲ့ ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာကျင့်သုံးချင်ပေမယ့် ကာကွယ်ရေးပစ္စည်းတွေ မရှိတာမျိုး၊ ကာကွယ်ဆေးထိုးတာ အားနည်းတာမျိုးတွေကို ကြိုက်တယ်။ နောက်ဗိုင်းရပ်စ်အကြိုက်ဆုံးက မည်သူမဆို ကိုဗစ် စည်းကမ်းတွေကို ဖောက်တယ်ဆိုရင် သူ့အနေနဲ့ ဝင်မှာ ဖြစ်ပါတယ်။

လူတိုင်း ကိုဗစ် -၁၉ ရောဂါရဲ့ ကြောက်ရတာနဲ့ ကြိုက်တတ်တာတွေကို သိမယ်ဆိုရင် ကိုဗစ် - ၁၉ ရောဂါသည် အရမ်းစိုးရိမ်ထိတ်လန့်ပြီးကြောက်နေ ရမယ့် ရောဂါမဟုတ်ဘူး၊ သတိထားပြီး ကာကွယ်ရမယ်။ ကာကွယ်လို့လည်းရတယ်၊ သူ့မှာအားနည်းချက်တွေ အများကြီးရှိတယ် ဆိုတာကို တစ်ဦးတစ်ယောက်ချင်းအနေနဲ့ သိရှိထားဖို့လိုပါတယ်။ အားလုံးကိုယ်စီ သိရှိလိုက်နာကြမယ်ဆိုရင် အခုတတိယလှိုင်းလည်း မြန်မြန်ပြီးဆုံးမယ်။ နောက်ထပ် လှိုင်းတွေကိုလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။

နိုင်ငံတော်အဆင့်ရဲ့  ဦးဆောင်မှုနဲ့ လမ်းညွှန်မှု၊ အားပေးမှုတွေက တတိယလှိုင်း ကျဆင်းလာရေးမှာ အရေးကြီးဆုံးလို့ ပြောလို့ရပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနဆိုတာ အစိုးရဝန်ကြီးဌာနတစ်ခု ဖြစ်ပါတယ်။ နိုင်ငံတော်က ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီအနေနဲ့ တောက်လျှောက်လမ်းညွှန်မှုတွေပေးတယ်၊ ပံ့ပိုးပေးတယ်။ နိုင်ငံတော်က ဖွဲ့စည်းပေးတဲ့ ကိုဗစ် - ၁၉ ထိန်းချုပ်တုံ့ပြန်ရေးကော်မတီတွေက ဗဟိုအဆင့် ကနေ တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်၊ ရပ်ကွက် ကျေးရွာအထိ အဆင့်ဆင့်ရှိပါတယ်။ တတိယလှိုင်း ကျဆင်းလာဖို့အတွက်ဦးဆောင်လမ်းညွှန်ပေးမှုတွေ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ပေါ်လစီဆိုင်ရာ အားပေးထောက်ကူမှု ပံ့ပိုးပေးမှုတွေက အပြည့်အဝ ရရှိပါတယ်။ နှီးနွယ်ဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေ၊ အလှူရှင်တွေ၊ စေတနာ့ ဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အဓိက အရေးကြီးဆုံးဖြစ်တဲ့ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုတွေ အများကြီးတွေ့ရပါတယ်။ နောက်မိတ်ဆွေ နိုင်ငံတွေဖြစ်တဲ့ ကာကွယ်ဆေး တွေ လှူဒါန်းရောင်းချပေးတဲ့နိုင်ငံတွေရှိပါတယ်၊ အိမ်နီးချင်းနိုင်ငံတွေကနေ ဆေးဝါးတွေ တင်သွင်းပေးတာတွေ၊ အောက်ဆီဂျင်တွေ ပေးပို့ပေးတာတွေ၊ အလှူရှင်နိုင်ငံ တွေလည်းအများ ကြီးရှိပါတယ်။ တတိယလှိုင်း ကျဆင်းလာရေးမှာ ကျေးဇူးတင်ရမယ့်သူ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။

 

ထက်လျှံ

(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment