Tuesday, October 1, 2019

တောင်ဇလပ်ပန်းတို့ ပျော်စံရာမြေ



ဆလိုင်းဗန်ရိုးထန်
ဆောင်းဦးကာလတွင် တောင်ဇလပ်ပန်းများ ဖူးပွင့်ဝေဆာတော့မည်။ တောင်ဇလပ်ပန်းဆိုသည့် အမည်ကြားလျှင် ချင်းတောင်တန်းကို အတွေးထဲ ပြေးမြင်ယောင်မိသည်။ ဆောင်းနှင်းစက်များနှင့်အတူ လိုက်ဖက်ညီထွေစွာ ဝေဆာဖူးပွင့်လာတော့မည့် တောင်ဇလပ်ပန်း များကြောင့် ချင်းပြည်နယ်ရှိ တောင်ကုန်း၊ တောင်တန်းများသည် နီနီထင်ထင် တောက်ပ၊ လှပပြန်တော့မည်။ ဆောင်းရာသီ တောင်ဇလပ်ပန်းများ ဖူးပွင့်ဝေဆာချိန်သည် ချင်းပြည်နယ်၏ အလှဆုံးအချိန်ဟုလည်းဆိုနိုင်သည်။

တောင်ဇလပ်ပန်းသည် လူကြိုက်များသည့် ပန်းတစ်မျိုးဖြစ်သည်။ မနက်ခင်း မြူခိုးများကြားတွင် တောင်ဇလပ်ပန်းအလှများကို ရှုမျှော်နိုင်ရန်နှင့် အလှဓာတ်ပုံများ ရိုက်ကူးရန်အတွက် ချင်းပြည်နယ်၌ ခရီးသွားဧည့်သည် များဖြင့် ပြန်လည်စည်ကားလာတော့မည် ဖြစ်သည်။ တောင်ဇလပ်ပန်း၏ အလှ ဂုဏ်ကြောင့် ဆောင်းရာသီတွင် ချင်းပြည် နယ်ကို ပြည်တွင်းနှင့် ပြည်ပနိုင်ငံများမှ ခရီးသွားများက စိတ်ဝင်စား လာကြခြင်းဖြစ်သည်။
▲ တောင်ဇလပ်ပင် အမျိုးအစားများ ▲
တောင်ဇလပ်ပန်းကို ချင်းတိုင်းရင်းသားများက မိမိဘာသာစကားဖြင့် ဒေသအလိုက် နာမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်ကြလေသည်။ ချင်းပြည်နယ်တွင် ဖူးပွင့်ဝေဆာသည့် တောင်ဇလပ်ပန်း အမျိုးအစား သုံးမျိုးရှိသည်။ ဇလပ်နီ(တောင်ဇလပ်ပန်း အနီရောင်)၊ ဇလပ်ဝါ (တောင် ဇလပ်ပန်း အဝါရောင်)နှင့် ဇလပ်ဖြူ (တောင်ဇလပ်ပန်း အဖြူရောင်)ဟူ၍ လူသိများ လေသည်။ တောင်ဇလပ်ပန်း (အနီရောင်)နှင့် တောင်ဇလပ် ပန်း (အဖြူရောင်) တို့၏ ဖူးပွင့်ဝေဆာသည့် အလှတရားများကို ချင်းပြည်နယ် အတွင်း ပြည်ထောင်စု ကားလမ်းမများ အပါအဝင် နေရာတိုင်းတွင် မြင်တွေ့နိုင်သည်။ တောင်ဇလပ် အနီနှင့် အဝါ တို့သည် မြေကြီးပေါ်တွင်သာ ဖူးပွင့်ဝေဆာ၍ တောင်ဇလပ်ပန်းအဖြူအချို့မှာမူ သစ်ပင်ကြီးအပေါ်တွင်လည်း ကပ်ပါးပုံစံဖြင့် ပေါက်ရောက်ပြီး ဖူးပွင့်ဝေဆာနေတတ်ကာ မြေကြီးပေါ်တွင်လည်း ဖူးပွင့်ဝေဆာနိုင်သည်။
တောင်ဇလပ်ပန်း အရောင်သုံးမျိုးထဲတွင် အဝါရောင်သည် ရှားပါးသည်ဟု ဆိုနိုင်သည်။ မြို့၊ ကျေးရွာများနှင့် အလှမ်းဝေးကွာသည့် နေရာများ၊ သာမန်လူများသွားလာရန်ခက်ခဲသည့် နေရာများတွင်သာ ပေါက်ရောက် ဖူးပွင့် လေသည်။ အလွယ်တကူ မြင်တွေ့နိုင်ရန် ခဲယဉ်းလှသည့်အတွက် လူသိနည်းသည်။ အပင်အမျိုးအစားအရဆိုသော် တောင်ဇလပ်ပင်များ သည် အပင်ကြီးမျိုးထဲတွင် ပါဝင်သည်။
▲ ဖူးပွင့်ဝေဆာသည့် အချိန်ရာသီ ▲
တောင်ဇလပ်ပန်းများ ဖူးပွင့်ဝေဆာချိန်သည် ဆောင်းရာသီအချိန် ဖြစ်သည်။ နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိ ဖူးပွင့်ဝေဆာ၍ ပွင့်ကြပြီး အပွင့်ကျန်များကို မတ်လကုန်အထိ မြင်တွေ့နိုင်သည်။ ဒီဇင်ဘာလနှင့် ဇန်နဝါရီလများသည် အလှဆုံးအချိန်နှင့် အပွင့်စုံလင်သည့်အချိန် ဖြစ် သည်။ တောင်ဇလပ်ပွင့်ချိန်တွင် ချင်းတောင်တန်းများပေါ်၌ လက်ညှိုးထိုး မလွဲ တောင်ဇလပ်ပန်းများ၏ အလှတရားများကို မြင်တွေ့နိုင်မည် ဖြစ်သည်။ တောင်ဇလပ်ပန်း အနီသည် ရဲရင့်ခြင်းကို ကိုယ်စားပြုပြီး တောင်ဇလပ် အဖြူသည် ရိုးသားဖြောင့်မတ်ခြင်း အထိမ်းအမှတ်ကို ကိုယ်စားပြုသည်ဟု တင်စားခေါ်ဝေါ်ကြသည်။
တောင်ဇလပ်ပန်းများသည် တောင်ထိပ်များတွင်သာ ဖူးပွင့်ဝေဆာ ခြင်းကြောင့် အရိပ်မဲ့ တောင်ဇလပ်ပန်းဟုလည်း ခေါ်ကြလေသည်။ တောင်ဇလပ်ပန်းသည် အမျိုးအစားမျိုးစုံရှိရာ ချင်းပြည်နယ်၌ ဖူးပွင့်ဝေဆာသည့် တောင်ဇလပ်ပန်း အမျိုးအစားသည် မြန်မာနိုင်ငံ ချင်း ပြည်နယ်နှင့် အာဖရိကန်နိုင်ငံတို့တွင်သာ မြင်တွေ့နိုင်သော အမျိုးအစား ဖြစ်ကြောင်း သိရသည်။
▲ တောင်ဇလပ်ပင်များ ပြုန်းတီးလာခြင်း ▲
တောင်ဇလပ်ပန်းများ ဖူးပွင့်ဝေဆာချိန်တွင် အလွန်လှပသော်လည်း ပြည်ထောင်စုကားလမ်းမဘေးရှိ တောင်ဇလပ်ပန်းများကို ခရီးသွားပြည်သူများ၊ ယာဉ်မောင်းများနှင့် ဆိုင်ကယ်ကယ်ရီသမားများက နှစ်သက်မြတ်နိုးပြီး ခေတ္တအလှရှိထားရှိရန် ခူးယူ၊ ခုတ်လှဲခြင်းများ ရှိလာ သည်။ ထိုသို့ တောင်ဇလပ်ပင်များ၏ အကိုင်းကို ချိုးဖဲ့ခြင်းနှင့် ခူးယူ ခုတ်လှဲခြင်းများကြောင့် ပြည်ထောင်စု ကားလမ်းမဘေးရှိ တောင်ဇလပ် ပင် များမှာ အပင်ခြောက်သွေ့ပြီး ပျက်စီးခြင်းများ ရှိလာခဲ့သည်။
ပြည်မဘက်မှ တက်လာသည့် ခရီးသည်များကလည်း ပြည်မဘက်တွင် အလှယူဆောင်ရန်အတွက် တောင်ဇလပ်ကိုင်းများကို ချိုးဖဲ့ကာ လိုင်းကား များဖြင့် သယ်ဆောင်သွားခြင်းများကို မကြာခဏမြင်တွေ့ရသည်။ “မင်းတပ်ကနေ မတူပီမြို့ကို တက်လာတုန်းက ကားလမ်းမဘေးမှာ ပွင့်နေတဲ့ တောင်ဇလပ်ပန်းတွေက တော်တော်လှတယ်၊ လှလွန်းလို့ တောင်ဇလပ်အပင်နားမှာ မှတ်တမ်းဓာတ်ပုံ ရိုက်ခဲ့သေးတယ်။ မတူပီမြို့ကနေ အပြန်မှာ အဲဒီတောင်ဇလပ်ပန်းတွေ တစ်ခုမှ မမြင် ရတော့ ဘူး။ အပင်တွေလည်း အကုန်ချိုးဖဲ့ခံနေရပြီ။ ဖုန်းထဲမှာ ရိုက်ထားတဲ့ မှတ်တမ်း ဓာတ်ပုံကို ပြန်ကြည့်ရင်း ကျွန်တော် အလွန်စိတ်မကောင်း ဖြစ်မိတယ်" ဟု ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ဆောင်းရာသီ တောင်ဇလပ် ပန်းပွင့်ချိန်က ချင်းပြည်နယ်သို့ အလည် လာသည့် ကိုမင်းဟိန်းဟန်က ပြောသည်။ထိုသို့ အပင်များ ကို ချိုးဖဲ့ခြင်းကြောင့် တစ်နှစ်ထက် တစ်နှစ် အပင်များပျက်စီးကာ ဝေဆာဖူးပွင့်သည့် အပွင့်များလည်း စုံလင်လှပစွာ မပွင့်နိုင်တော့ဘဲ ရှိလာသည်။ ချင်းပြည်နယ်တွင် ပြည်ထောင်စုကားလမ်းမများ တိုးချဲ့ ဆောင်ရွက်သည့်အခါတွင်လည်း လမ်းဘေးရှိ တောင်ဇလပ်ပင်များကို မြေစာများဖြင့် ဖိထားခဲ့ခြင်းကြောင့် ပြည်ထောင်စုကားလမ်း၏ အပေါ်ဘက်နှင့် အောက်ဘက်ရှိ တောင်ဇလပ်အပင်များ မရေတွက်နိုင် အောင်ပင် ပျက်စီးခဲ့လေသည်။
တောင်ဇလပ်ဝိုင် ထုတ်လုပ်ခြင်းသည်လည်း အပင်များ ပျက်စီးခြင်း၏ အကြောင်းတစ်ခုဖြစ်သည်။ ယခု နောက်ပိုင်းတွင် တောင်ဇလပ်ပန်းများ ကို ခူးယူပြီး တောင်ဇလပ်ဝိုင်အဖြစ် ပြုလုပ်မှု ခေတ်စားလာခဲ့သည်။ တောင်ဇလပ်ဝိုင်သည် ရှားပါးဝိုင်များထဲတွင် ပါဝင်သည်။ ဝိုင်တစ်ပုလင်း ထွက်ရှိလာနိုင်ရန်အတွက် တောင်ဇလပ်အပင်ပေါင်း ရာကျော်မှ တောင်ဇလပ်ပန်းများကို လိုအပ်သည်။ ရရှိလာသည့် တောင်ဇလပ်ပန်း များကို ဆုံတွင်ထောင်းပြီး ကျန်ရှိသည့် အနှစ်များကို တောင်ဇလပ်ဝိုင် ပြုလုပ်ရခြင်းဖြစ်ရာ တောင်ဇလပ်ပန်းများ ရရှိနိုင်ရန်အတွက် နှစ်ရှည် အပင်ကြီးများကို ခုတ်လှဲကြလေသည်။ ထိုအကြောင်းရင်းများကြောင့် နှစ်ရှည် တောင်ဇလပ်ပင်ကြီးများ ပြုန်းတီးလာခြင်းဖြစ်သည်။
ကမ္ဘာ့ရှားပါးအပင်ဖြစ်သည့် တောင်ဇလပ်ပန်းများကို တောင်ဇလပ်ဝိုင် ပြုလုပ်ခြင်း၊ မိမိအိမ်တွင် အလှထားရန် အကိုင်းများ ချိုးဖဲ့ခြင်း၊ ရင်သပ်ရှုမောအောင် လှပနေသည့် အပွင့်များကို ခူးယူခြင်းတို့ကြောင့် တောင်ဇလပ်အပင် ပေါင်း မရေတွက်နိုင်အောင် ပျက်စီးဆုံးရှုံးနေရသလို ပြည် ထောင်စုကားလမ်းမဘေး တစ်လျှောက်၌ တောင်ဇလပ် အပင်ကြီးများ ပြုန်းတီးလာသည်မှာလည်း လက်တွေ့ပင်ဖြစ်သည်။
▲ မိမိခြံများတွင် အလှစိုက်ပျိုးထားသင့် ▲
ချင်းပြည်နယ်တွင်သာ စိုက်ပျိုးနိုင်ပြီး လှပစွာဖူးပွင့် ဝေဆာသည့် တောင်ဇလပ်ပင်များကို ပြည်နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မိမိတို့၏ ခြံရှေ့၊ အိမ်ရှေ့များတွင် လည်းကောင်း၊ မြို့လယ်ရှိ ယာဉ်ဝိုင်းများတွင်လည်းကောင်း၊ ဌာန ဆိုင်ရာရုံးများ၊ အသင်းအဖွဲ့ရုံးများ၊ ရပ်ရွာ ဇရပ်များ၊ မြို့အဝင်မုခ်ဦးများ၊ ဘုရားရှိခိုးကျောင်းများနှင့် အခြေခံပညာ ကျောင်းများတွင်လည်းကောင်း အလှစိုက်ပျိုးကြခြင်းဖြင့် တောင်ဇလပ်ပင်များ ပြုန်းတီးလာခြင်းကို ကာကွယ်သင့်ပါသည်။
ကမ္ဘာ့နိုင်ငံများထဲတွင် မြန်မာနိုင်ငံမှ ချင်းပြည်နယ်တွင်သာ ဖူးပွင့်ဝေဆာ သည့် တောင်ဇလပ်ပန်းကို ချင်း တိုင်းရင်း သားများ ဂုဏ်ယူဝင့်ကြွား စွာဖြင့် တန်ဖိုးထားသင့်ပါသည်။ ယခင်နှစ်များက ချင်းပြည်နယ်အတွင်း တောတောင်အနှံ့၊ နေရာအနှံ့တွင် တောင်ဇလပ်ပန်းများ ပေါက်ရောက် ဖူးပွင့်သော်လည်း ယခုနောက်ပိုင်းတွင် ပြောင်းရွှေ့တောင်ယာ များကြောင့် မြို့၊ ကျေးရွာများနှင့် နီးစပ်သည့်နေရာများတွင် တောင်ဇလပ်ပင်များ ရှားပါးလာပြီဖြစ်သည်။ စနစ်တကျ ပြန်လည်စိုက်ပျိုးရန်ကို လည်း မည်သူတစ်စုံတစ်ဦးကမှ သတိထားဟန် မတွေ့ ရပါ။
▲ တောင်ဇလပ်ပန်း၏ အလှတရားများကို ကာကွယ်ပါ ▲
တောင်ဇလပ်ပင်များကို အကိုင်းများ ချိုးဖဲ့ခြင်း ကြောင့် အချို့ တောင်ဇလပ်ပင်များသည် အကိုင်းအရွက်များ ပြန်လည် စုံလင်သည့်အထိ အပွင့်မပွင့်နိုင်တော့ဘဲ ဖြစ်တတ်ကာ အချိန်အားဖြင့် နှစ်နှစ်မှ လေးနှစ်အထိ ကြာမြင့်တတ်သည်။ တချို့အပင်များမှာမူ သေသွားသည့် အထိ ဖြစ်ခဲ့လေသည်။ ရှေးယခင်နှစ်များက မြို့၊ ကျေးရွာများနှင့် နီးစပ် သည့်နေရာများတွင်ပါ တောင်ဇလပ်ပန်းများ ပေါများစွာ ဖူးပွင့်ခဲ့သည့် အခြေအနေကို မတူပီမြို့နေ အဘိုးထွန်းထန် က "အရင်က တောင်ဇလပ်ပန်းတွေဆိုတာ အဘိုးတို့ တောင်ယာမှာ အပြည့်ပဲ။ တောင်ဇလပ်ပန်းပွင့်ချိန်ဆို တောင်တစ်ခုလုံး အနီတွေပဲ မြင်ရတယ်။ တောင်ဇလပ်ပန်းပွင့်ချိန်မှာ ဝတ်ရည်တွေကို ငှက်တွေက လာရောက်စုပ် ယူကြ တယ်။ အပင်ကြီးတွေလည်း အများကြီးရှိခဲ့တယ်။ တောင်ယာခုတ် ဖန်များတော့ တောင်ဇလပ်ပင်ကြီးတွေ ပြုန်းတီး ကုန်တာပဲ"ဟု ပြောပြသည်။
▲ စနစ်တကျ ပြန်စိုက်ရန် ▲
တောင်ဇလပ်အပင်များကို ရေမဝပ်သည့် နေရာများ တွင် စနစ်ကျကျ သေချာသပ်ရပ်စွာဖြင့် စိုက်ပျိုးနိုင်မှသာလျှင် အပင်များဖြစ်ထွန်း ရှင်သန် နိုင်မည်ဖြစ်သည်။ မတူပီ-မင်းတပ် ပြည်ထောင်စုလမ်းမကြားတွင် တောင်ဇလပ်ပန်း (အဖြူရောင်နှင့် အနီရောင်) များကို မရေတွက်နိုင် အောင် မြင်တွေ့နိုင်ဆဲဖြစ်သလို အပင်ငယ်များနှင့် ပျိုးပင်ငယ်များ ကိုလည်း မြင်တွေ့နိုင်သည်။ အလှဆုံးပန်း တစ် မျိုးဖြစ်သလို လူကြိုက်လည်းများသည့် တောင်ဇလပ် ပန်းများကို မိမိတို့အိမ်များတွင် စိုက်ပျိုးကြခြင်းမရှိသည်မှာ ဝမ်းနည်းစရာ ကောင်းလှသည်။ သဘာဝအတိုင်းဖူးပွင့်ဝေဆာသည့် တောင်ဇလပ်ပန်းများကို ခူးယူရန်သာ စိတ်ကူးနေကြဟန် တူပါသည်။ တန်ဖိုးထားသင့်သည့် အလှတရားများကို တန်ဖိုး ထားကြသင့်ပါသည်။
ချင်းပြည်နယ်တွင် တောင်ဇလပ်ပင်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် အတွက် တောင်ဇလပ်ပန်း ဥယျာဉ်ခြံများကို အများပြည်သူ စိတ်ဝင်စား လာအောင် ပြုလုပ်သင့်ပါသည်။ ပြည်ထောင်စုကားလမ်းဘေး တစ်လျှောက်တွင် အသိပညာ ပေးဆိုင်းဘုတ်များလည်း စိုက်ထူထား သင့်ပါသည်။ ယခုခေတ်တွင် သဘာ၀ပန်းပင်များကို စီးပွားရေးအဖြစ် ရောင်းဝယ်ခြင်းများ ရှိလာကြပြီဖြစ်သည်။
ချင်းပြည်နယ်တွင် တောင်ဇလပ်ပင်များ ယနေ့တိုင် တည်ရှိနိုင်ခြင်းမှာ တောင်ဇလပ်ပင်သည် ချင်းပြည်နယ် တစ်ပြည်နယ်တည်းတွင်သာ စိုက်ပျိုးရှင်သန် ဖြစ်ထွန်း နိုင်ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ချင်းတိုင်းရင်းသား များနှင့် ခရီးသွားဧည့်သည်တော်များကလည်း တောင် ဇလပ်ပင်နှင့် တောင်ဇလပ်ပန်းများကို တန်ဖိုးထားပြီး မပျက်စီးအောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်သင့် ကြပါသည်။
တောင်ဇလပ်ပန်းပင်၏ အလှတန်ဖိုး၊ ရှားပါးမှု တန်ဖိုးကို သိရှိနားလည်ပြီး အပင်ခုတ်လှဲခြင်း၊ အကိုင်း ချိုးဖဲ့ခြင်းနှင့် အပွင့်ခူးယူခြင်းများ မလုပ်ကြဘဲ တောင် ဇလပ်ပင်များကို နိုင်ငံသားတိုင်း ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်ကြရန်အတွက် ယခုဆောင်းပါးဖြင့် တိုက်တွန်း လိုက်ရပါသည်။

No comments:

Post a Comment