Monday, October 7, 2019

ကျွန်တော်နဲ့ ရခိုင်


ကျွန်တော်ဟာ ရခိုင်ကို ၂၀၁၆ ခုနှစ်နောက်ပိုင်း မကြာခဏရောက် ခဲ့ပါတယ်။ မောင်တောဒေသမှာ ၂၀၁၆ ခုနှစ်က ပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခနောက်ပိုင်းမှာ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးစီးတဲ့ မောင်တော စုံစမ်းရေးကော်မရှင်ရဲ့အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ရောက်ခဲ့တာ။ ကျွန်တော် စီးပွားရေးတက္ကသိုလ်မှာ ဆရာအနေနဲ့ တာဝန်ယူစဉ်ကလည်း လူမှုစီးပွားရေး သုတေသနဆောင်ရွက်ဖို့ မောင်တောဒေသမှာ ကွင်းဆင်းလေ့လာမှုတွေ လုပ်ခဲ့ဖူးတယ်။ ရွာတွေမှာ အချိန်ပေးပြီး သုတေသနအတွက် စာရင်းအချက် အလက်တွေ ကောက်ယူခဲ့တယ်။ ပုလဲနဲ့ ငါးလုပ်ငန်းအဖွဲ့အစည်းနဲ့ ပူးပေါင်းပြီးလည်း သုတေသန လုပ်ငန်းတွေကို လုပ်ခွင့်ရပြန်တယ်။ UEHRD ကို ၂၀၁၇ ခုနှစ်မှာ ဖွဲ့စည်းပြီး ညှိနှိုင်းရေးမှူးချုပ်အနေနဲ့ အကြိမ်ကြိမ်ရောက်ခဲ့သလို လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်အနေနဲ့လည်း ရောက်ခဲ့ပြန်တယ်။ မိသားစုနဲ့လည်း စစ်တွေနဲ့ မြောက်ဦးမြို့ကို ရောက်ခဲ့တယ်။

လုပ်ငန်းရှင်များနှင့် တွေ့ဆုံသော စစ်တွေခရီး
ဒီတစ်ခေါက်တော့ အရင်နဲ့မတူဘဲ ပုဂ္ဂလိကလုပ်ငန်း ရှင်တွေနဲ့ တွေ့ဆုံဖို့ စစ်တွေကို ရောက်ခဲ့ခြင်းဖြစ်တယ်။ တလောက ထိုင်းနိုင်ငံ ဗန်ကောက်မြို့ မှာ ကျင်းပတဲ့ ရင်းနှီးမြှုပ်နှံမှုပွဲတစ်ခုမှာ ရခိုင်ပြည်နယ်တွင်း တည်ထောင် ထားတဲ့ အများပိုင်ကုမ္ပဏီတစ်ခုရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးစိုးပိုင်နဲ့ တွေ့ခဲ့တယ်။ ကျွန်တော်က အများပိုင်ကုမ္ပဏီတွေနဲ့ ပတ်သက်ပြီး သုတေသနတွေ လုပ်နေသူ၊ သင်တန်းတွေ ပေးနေတဲ့သူဖြစ်တာမို့ ရခိုင်ပြည်နယ်မှာ ဖွဲ့စည်းထားတဲ့ အများပိုင်ကုမ္ပဏီကို စိတ်ဝင်စားမိတယ်။ လွန်ခဲ့တဲ့ တစ်လ လောက်မှာ ဦးစိုးပိုင်နဲ့ အဆက်အသွယ်ရပြီး စစ်တွေမှာ ဟောပြောပွဲတစ်ရပ် လုပ်ပေးဖို့ စီစဉ်ခဲ့တယ်။ ကျွန်တော် လုပ်ပေးနိုင်တဲ့ ရက်ကို ရွေးချယ်ခဲ့တယ်။ ဒါပေမယ့် ရွေးချယ်တဲ့ရက်မှာ ဦးစိုးပိုင်က နိုင်ငံခြားခရီးစဉ်ရှိနေတာ မို့ ကျွန်တော့်ရဲ့တပည့် ကိုလူအေးကပဲ တာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီး စီစဉ်ခဲ့တယ်။ ပွဲကို ကျွန်တော်နဲ့အတူ မြန်မာ နိုင်ငံ စက်မှုလက်မှုနဲ့ ကုန်သည်ကြီးများအသင်းရဲ့ အထွေ ထွေအတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုး၊ ရခိုင်တိုင်းရင်း သား မြန်မာနိုင်ငံ စွန့်ဦးတီထွင်မှုအသင်းကို ဦးဆောင်ခဲ့သူ ဦးထွန်းထွန်းနိုင်နဲ့ ရခိုင်ပြည်နယ်က ဘောလုံးအသင်းကို တည်ထောင်ခဲ့သူ ဦးဇော်မင်းသိမ်းတို့ သုံးဦးပါဝင်ခဲ့ပါ တယ်။ လုပ်မယ့်တွေ့ဆုံပွဲနဲ့ ဟောပြောပွဲကို ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကိုလည်း သတင်းပို့ခဲ့ပါတယ်။
အမြင်ချင်းဖလှယ်ခဲ့ကြ
အချိန်ပိုရအောင် စစ်တွေကို နံနက်စောစော လေယာဉ်ပျံနဲ့ ခရီးထွက်ခဲ့တယ်။ လေဆိပ်မှာ ကိုလူအေးနဲ့ ရခိုင်ပြည်နယ် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ၊ ရခိုင်တိုင်းရင်းသား လုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌနဲ့ တာဝန်ရှိ သူတွေက လာရောက်ကြိုဆိုကြတယ်။ လေယာဉ်ကွင်း ကနေ စစ်တွေမြို့ကမ်းခြေအနီးမှာရှိတဲ့ SS စားသောက် ဆိုင်ကိုသွားပြီး ရခိုင်မုန့်တီနဲ့ တည်ခင်းပါတယ်။ ကျွန်တော်က မုန့်တီအသုပ်ကို သဘောကျတယ်။ အရသာ ကလည်း အလွန်ကောင်းပါ တယ်။ စားပြီးချိန်မှာ စားသောက်ဆိုင်မှာပဲ တွေ့ဆုံပွဲကို လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့က လာရောက်တဲ့ ရည်ရွယ်ချက်ကို ရှင်းလင်း ပြပြီး ပကတိအခြေအနေတွေကို ပွင့်ပွင့်လင်းလင်းတင်ပြ ဖို့ တိုက်တွန်းခဲ့ပါ တယ်။ တက်ရောက်လာသူတွေဟာ စီးပွားရေး လုပ်ငန်းတွေကို ထဲထဲဝင်ဝင် လုပ်နေကြသူတွေ ဖြစ်တယ်။ တစ်ဦးတည်းပိုင်လုပ်ငန်းတွေ၊ အစုစပ်လုပ်ငန်း တွေနဲ့ အများပိုင်ကုမ္ပဏီတွေကို ဦးစီးနေကြသူတွေ၊ လက်တွေ့ကျကျ ဆောင်ရွက်နေကြသူတွေ ဖြစ်ကြတယ်။ သူတို့ရဲ့ တင်ပြမှုတွေကို ကျွန်တော်တို့က နားထောင်ပြီး အမြင်ချင်းဖလှယ် ခဲ့တယ်။ လက်တွေ့ ရင်ဆိုင်နေသူတွေရဲ့ အခြေအနေကို သိခွင့်ရခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်း ယုံယုံကြည်ကြည်နဲ့ တင်ပြခဲ့တာကို ကျေနပ်မိပါတယ်။ ဦးအောင်ကြည်စိုးနဲ့ ဦးထွန်းထွန်းနိုင်တို့က သူတို့ရဲ့ အမြင်တွေ၊ အယူအဆတွေကို မျှဝေခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ပြန်လည် တုံ့ပြန်တဲ့အခါ ဆွေးနွေးပွဲတက်ရောက်လာသူ တွေကို နောင်နှစ်ပေါင်း ၂၀၊ ၂၅ နှစ်မှာ ရခိုင်ပြည်နယ်ကို ဘယ်ပုံဘယ်နည်း မြင်စေချင်တယ်ဆိုတဲ့ အိပ်မက်ကို စဉ်းစားကြဖို့ တိုက်တွန်းခဲ့ပါတယ်။
အခုအချိန်မှာ ရခိုင်အရေးအခင်းဟာ ကျွန်တော်တို့ နိုင်ငံမှာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး အခက်အခဲတစ်ခု ဖြစ်တယ်။ နိုင်ငံတကာရဲ့ ဖိအားတွေကို ပုံစံအမျိုးမျိုးနဲ့ ခံနေရတယ်။ လူ့အခွင့်အရေးပြဿနာတွေ၊ စီးပွားရေး ပြဿနာတွေ၊ လူမှုရေးပြဿနာတွေ၊ နိုင်ငံရေးပြဿနာ တွေမျိုးစုံ။ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ နိုင်ငံတော်အစိုးရက အစီအစဉ်တွေ ချမှတ်ခဲ့တယ်။ ဝန်ကြီးဌာန အသီးသီးက တာဝန်ယူလျက် ရှိတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က UEHRD ကို ဦးစီးပြီး စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အားကိုယူခဲ့တယ်။ ကျွန်တော့်ကို တာဝန်ပေးခဲ့တာမို့ လုပ်ငန်းရှင် တွေနဲ့ ညှိနှိုင်းပြီး လိုအပ်တာတွေကို ဆောင်ရွက်ခဲ့တယ်။ ဆောင်ရွက်နေတယ်။ အခုလိုဆောင်ရွက်တဲ့နေရာမှာ နောင်အနာဂတ်နဲ့ ပတ်သက်ပြီး မျှော်မှန်းချက်တွေကို ဖော်ထုတ်ဖို့လိုတယ်။ လက်တွေ့ရင်ဆိုင်နေရတဲ့ ပြဿနာ တွေကို တစ်ဖက်က အာရုံစိုက်သလို အနာဂတ်မှာ ဖြစ်စေ ချင်တဲ့ ရူပါရုံကို ဖော်ထုတ်သွားဖို့လည်း လိုအပ်ပါတယ်။ ကျွန်တော် ကုလသမဂ္ဂမှာ တာဝန်ယူစဉ် Future Search လို့ ခေါ်တဲ့ အနာဂတ် အတွက် ရှာဖွေမှုဟုဆိုတဲ့ လှုပ်ရှား မှုအစီအစဉ်တွေ လုပ်ခဲ့တယ်။ ပါဝင်ပတ်သက်တဲ့သူတွေကို စုစည်းပြီး စိတ်ကူးယဉ်စေတယ်။ ဖြစ်နေတာကို ခဏ မေ့ပြီး ဖြစ်ချင်တာတွေ၊ ဖော်ထုတ်စေချင်တာတွေကို ကြည်လင်ပြတ်သားစွာ မြင်နိုင်ရင်၊ သဘောတူနိုင်ရင် လိုချင်တာတွေ ဖြစ်လာအောင် လက်ရှိအခြေအနေမှာ ဘာတွေပြောင်းလဲဖို့ လိုနေလဲဆိုတာကို ရှာဖွေဆန်းစစ် နိုင်မှာ ဖြစ်တယ်။
ရခိုင်ကိုဖြစ်စေချင်တဲ့အိပ်မက်
ဆွေးနွေးပွဲမှာ UEHRD လုပ်ငန်းစဉ်စကတည်းက ကျွန်တော်ဖြစ်စေ ချင်တဲ့ အိပ်မက်တစ်ခုအကြောင်း တက်ရောက်လာတဲ့ သူတစ်ဦးက တင်ပြခဲ့တယ်။ ဒါကတော့ မောင်တောမြို့မှာရှိတဲ့ ကညင်ချောင်း စီးပွားရေးဇုန် ဖော်ထုတ်မှုဖြစ်တယ်။ ဒီစက်မှုဇုန်ကို အကောင်အထည် ဖော်ဖို့ ပြည်နယ်အစိုးရက ကြိုးပမ်းလျက်ရှိတယ်။ လာမယ့် ဒီဇင်ဘာလမှာ ဖွင့်လှစ်နိုင်အောင် စီစဉ်နေတယ်။ ကျွန်တော်ဖြစ်စေချင်တဲ့ အိပ်မက် တစ်ခုက မောင်တောကို မူဆယ်နဲ့ မြဝတီလို နယ်စပ်ကုန်သွယ်ရေး ဇုန်တစ်ခုဖြစ်အောင် ဖန်တီးဖို့။ မောင်တောလို့ပြောရင် လူတွေက ပဋိပက္ခကိုပဲ စဉ်းစားကြတယ်။ လက်တွေ့မှာတော့ မောင်တောမှာ တစ်ဖက်နိုင်ငံရဲ့ ကုန်သွယ်မှုလုပ်ငန်းတွေ ဆောင်ရွက်ဆဲဖြစ်တယ်။ ဒီနယ်စပ်ကုန်သွယ်မှု အရှိန် အဟုန်နဲ့ ချဲ့ထွင်နိုင်ရင် နိုင်ငံအတွက် စီးပွားရေးအကျိုး အမြတ် ရနိုင်မှာဖြစ်တယ်။ မြန်မာပြည်က ထုတ်သမျှ ကုန်စည်တွေဟာ တစ်ဖက်နိုင်ငံမှာ ဈေးကွက်ရှိတယ်။ အခုလို စီးပွားရေး လှုပ်ရှားမှုကို တိုးမြှင့်ပြီး ဆောင်ရွက်နိုင်ရင် အလုပ်အကိုင် အခွင့်အရေး တွေ ဖော်ထုတ်သွားနိုင်မှာ ဖြစ်တယ်။ လုပ်ငန်းရှင်တွေအနေနဲ့ စီးပွားရေး လုပ်တဲ့နေရာမှာ လွယ်ကူချောမွေ့မှုကို လိုလားကြတယ်။ တောင့်တကြ တယ်။ ဖြစ်နိုင်အောင် လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ တစ်ဖက်နဲ့ တစ်ဖက် တွေ့ဆုံကြပြီး ဆွေးနွေးတိုင်ပင်ရမှာဖြစ်တယ်။ အဖြေတွေ ရှာဖွေရမှာ ဖြစ်တယ်။
တွေ့ဆုံပွဲကို နှစ်နာရီကျော်ကျော် ကျင်းပခဲ့၊ ဆွေးနွေးခဲ့တယ်။ တင်ပြသူ တွေကလည်း ကျေနပ်ကြတယ်။ နေ့လယ်စာကို စားသောက်ဆိုင်မှာပဲ စားသောက်ကြပြီး ဟောပြောပွဲကျင်းပမယ့် ခန်းမကို သွားရောက်ခဲ့ကြ တယ်။ ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေက ခန်းမထဲမှာ စောင့်ကြိုနေကြတယ်။ ဝန်ကြီးချုပ် ဦးညီပု က မိန့်ခွန်းပြောခဲ့ပြီး ဥက္ကဋ္ဌ ဦးတင်အောင်ဦးကလည်း နှုတ်ခွန်းဆက်စကားပြောခဲ့တယ်။ ပွဲကို ကမကထလုပ်တဲ့ ကုမ္ပဏီတွေကို ဂုဏ်ပြုလက်မှတ်တွေ ပေးခဲ့ပြီး မှတ်တမ်း တင်ဓာတ်ပုံတွေ ရိုက်ကူးခဲ့တယ်။
ကျွန်တော် ဟောပြောတဲ့ခေါင်းစဉ်အနေနဲ့ ပုဂ္ဂလိကကဏ္ဍ တိုးတက် ဖွံ့ဖြိုးမှုနဲ့ ကုမ္ပဏီလုပ်ငန်းတွေအတွက် ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှု အကြောင်းကို အပိုင်းတွေ ခွဲခြားပြီး တင်ပြခဲ့တယ်။ အမှန်တော့ ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးအခြေခံတွေဟာ အလွန်ကောင်းမွန်လှပါတယ်။ တည်နေရာအနေနဲ့ အလွန်အချက်အချာကျတဲ့ ဒေသဖြစ်တယ်။ ပင်လယ်ကမ်းခြေဒေသဖြစ်တာမို့ ကုန်သွယ်မှုအတွက် အဆင်ပြေလှ တယ်။ ကမ်းလွန်မှာ ထွက်နေတဲ့ ဓာတ်ငွေ့တွေဟာ တိုင်းပြည်အတွက် အလွန်အရေးပါလှ တဲ့ သယံဇာတဖြစ်တယ်။ ယဉ်ကျေးမှုအရ အဆင့်မြင့်လှတဲ့ ဒေသတစ်ခုဖြစ်တယ်။ ပညာတတ်တွေ များခဲ့တဲ့နေရာ၊ တစ်ချိန်က အုပ်ချုပ်ရေးတာဝန်ယူနေတဲ့သူတွေအနက် ICS အဖွဲ့ဝင်အများစုဟာ ရခိုင်တိုင်းရင်းသားတွေဖြစ်တယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးနိုင်ငံသားပိုင်ဘဏ်တစ်ခု ကို စစ်တွေမြို့မှာ တည်ထောင် နိုင်ခဲ့တယ်။ အင်္ဂလိပ် ခေတ် လက်ထက်မှာ ဝန်ကြီးချုပ်တာဝန်ယူခဲ့သူ တစ်ဦးက ရခိုင် သား ဆာပေါ်ထွန်းဖြစ်တယ်။ ဒါကြောင့် ကျွန်တော်က ဒီအခြေခံကောင်းတွေကို အသုံးချပြီး ပုဂ္ဂလိကကဏ္ဍ အနေနဲ့ တက်တက် ကြွကြွပါဝင်ဖို့၊ လှုပ်ရှားဖို့ တိုက်တွန်းခဲ့တယ်။ ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းတိုင်ပင်ပြီး အဖြေတွေ ထုတ်ကြဖို့ ပြောကြားခဲ့တယ်။ ဒုတိယပိုင်းမှာတော့ အများပိုင်ကုမ္ပဏီတွေမှာ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှု တည်ဆောက်နိုင်ဖို့ တိုက်တွန်းခဲ့တယ်။
ကောင်းမွန်တဲ့စီမံခန့်ခွဲမှု
ကျွန်တော်တို့နိုင်ငံမှာ အများပိုင်ကုမ္ပဏီတွေ တည်ထောင်ဖို့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ တိုက်တွန်းခဲ့တယ်။ အားပေးခဲ့တယ်။ ဒါကြောင့်လည်း အများပိုင်ကုမ္ပဏီတွေ နေရာတိုင်းမှာ ဖော်ထုတ်ကြ တယ်။ ဖွဲ့စည်းခဲ့ကြတယ်။ သူများလုပ်ရင် ကိုယ်လည်း လုပ်မယ် ဆိုတဲ့ စဉ်းစားချက်နဲ့ အများပိုင်ကုမ္ပဏီတွေ မှိုလိုပေါက်ခဲ့တယ်။ စုစုပေါင်း စာရင်းအရ ၂၀၀ ကျော်ရှိတယ်။ အရေအတွက် များပေမယ့် မှန်မှန်ကန်ကန် စီမံခန့်ခွဲနိုင်မှု မရှိခဲ့ဘူး။ ကိုယ်နားလည်တဲ့ ပုံစံနဲ့ ဖွဲ့စည်းခဲ့တာ။ အစု ရှယ်ယာတွေ ဝယ်ကြတယ်။ အရင်းအနှီးတွေ ထည့်ကြ တယ်။ အားလုံးက ဒါရိုက်တာတွေ ဖြစ်ချင်ကြတယ်။ ဥက္ကဋ္ဌတွေ လုပ်ချင်ကြတယ်။ BOD လို့ခေါ်တဲ့ ဒါရိုက်တာ အဖွဲ့တွေ ဖွဲ့ခဲ့ပေမယ့် စနစ်တကျ မလုပ်နိုင်ခဲ့ကြဘူး။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ် ဆန်းနဲ့ ကြိတ်ခဲ့ကြတာ။
ဒါကြောင့်လည်း လွန်ခဲ့တဲ့ ခြောက်နှစ်ကျော်ကျော် ကတည်းက ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုအစီအစဉ် ဖော်ထုတ်ဖို့ ကျွန်တော်တိုက်တွန်း ခဲ့တယ်။ အားပေးခဲ့ တယ်။ စောစောကပြောသလို အများပိုင်ကုမ္ပဏီတွေ ၂၀၀ ကျော်ကျော်ရှိပေမယ့် စနစ်တကျ သင်တန်းတက်ထားတဲ့ သူတွေ အနည်းစုပဲရှိသေးတယ်။ မကြာမီက ဒါရိုက်တာ သင်တန်းတွေလုပ်နိုင်ဖို့ အဖွဲ့အစည်းတစ်ရပ် တည်ထောင်ခဲ့တယ်။ သင်တန်းတွေ ပေးနေတယ်။ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုရဲ့ အခြေခံသဘောက ပိုင်ဆိုင်မှုနဲ့ စီမံခန့်ခွဲမှုကို ခွဲခြားဖို့ ဖြစ်တယ်။
အစုရှယ်ယာရှင်တွေ၊ ပိုင်ရှင်တွေဟာ ကုမ္ပဏီလုပ်ငန်းတွေကို ဦးစီးဖို့ ဒါရိုက်တာအဖွဲ့ဝင်တွေကို ရွေးချယ် တင်မြှောက်ရတယ်။ အခုလို ဒါရိုက်တာအဖွဲ့ကို ရွေးချယ် တင်မြှောက်ပြီး ကုမ္ပဏီကို ဒီဒါရိုက်တာ အဖွဲ့ကို လွှဲအပ် ရမှာဖြစ်တယ်။ အစုရှယ်ယာရှင်တွေကို နှစ်စဉ်ကျင်းပတဲ့ ညီလာခံမှာ မေးခွန်းတွေ မေးခွင့်ရှိတဲ့ ဒါရိုက်တာအဖွဲ့ဝင် တွေကို အစားထိုးခွင့်ရှိတယ်။ ရွေးချယ်တင်မြှောက်ခြင်း ခံရတဲ့ ဒါရိုက်တာအဖွဲ့က စီမံခန့်ခွဲမှုတာဝန်ယူမယ့်သူတွေကို ရှာဖွေပြီး ခန့်ထားရတယ်။ ကုမ္ပဏီရဲ့ လုပ်ငန်း တွေ စီမံခန့်ခွဲသူတွေကို တာဝန်လွှဲပေးရမှာဖြစ်တယ်။ ဒါရိုက်တာအဖွဲ့ဟာ ကုမ္ပဏီရဲ့ မဟာဗျူဟာတွေ ချမှတ်ပေးပြီး လုပ်ငန်းတာဝန်အားလုံး စီမံခန့်ခွဲသူတွေကို တာဝန်လွှဲအပ်ရမှာဖြစ်တယ်။
ကျွန်တော်က ရခိုင်ပြည်နယ်မှာရှိတဲ့၊ ဖွဲ့စည်းထားတဲ့ အများပိုင် ကုမ္ပဏီတွေကို စနစ်တကျ ပြုစုပျိုးထောင်ပြီး သင်တန်းပေးဖို့ ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေကို တိုင်ပင် ဆွေးနွေးခဲ့တယ်။ ကုန်သည်ကြီးများအသင်းရဲ့ အကူအညီ ကိုလည်း ရယူရမှာဖြစ်တယ်။
ကျွန်တော်တို့နိုင်ငံမှာ အလုပ်တစ်ခုလုပ်ရင် စနစ် တကျလုပ်ဖို့ မစဉ်းစားဘဲ လုပ်ဖြစ်အောင် လုပ်တဲ့အကျင့် ကို ပြင်ရမယ်။ အများပိုင်ကုမ္ပဏီတွေကို ဘာကြောင့် တည်ထောင်ခဲ့သလဲ။ အရေအတွက်များရုံနဲ့ မလုံလောက် ဘူး။ အမှန်တော့ မြန်မာပြည်မှာရှိတဲ့ စီးပွားရေးလုပ်ငန်း တွေဟာ မိသားစုလုပ်ငန်း၊ အစုစပ်လုပ်ငန်း၊ အများပိုင် လုပ်ငန်းဆိုပြီး တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်လာရမှာ။ အများပိုင်ကတစ်ဆင့် စတော့ရှယ်ယာ‌ ဈေးကွက်ကို တက်ဖို့လိုတယ်။ ရန်ကုန်မြို့မှာရှိတဲ့ စတော့ဈေးကွက်မှာ စာရင်းဝင်အများပိုင်ကုမ္ပဏီ ခြောက်ခုရှိနေပြီ။ ဒီထက် ပိုပြီး ပါဝင်သွားဖို့ လိုအပ်တယ်။ အခုလိုဆောင်ရွက်မှ မြန်မာနိုင်ငံမှာ အရင်းအနှီးဈေးကွက် ပေါ်ပေါက်လာမှာ ဖြစ်တာ။
ဘက်စုံတိုးတက်မှုအပေါ် မူတည်နေသော ရခိုင်အနာဂတ်
ကျွန်တော်တင်ပြပြီးချိန်မှာ မေးခွန်းတွေ မေးကြတယ်။ ဆွေးနွေးကြတယ်။ အင်တာနက်နဲ့ ပတ်သက်ပြီး ပြောကြတယ်။ တင်ပြချက်တွေရဲ့ နောက်ခံကို ကျွန်တော် သဘောပေါက်ပါတယ်။ နားလည်ပါတယ်။
ဒီတစ်ခေါက် စစ်တွေခရီးထွက်ခဲ့ရတာကို ကျေနပ် ပါတယ်။ ရခိုင်အရေးကို ကိုယ်နားလည်တဲ့ ရှုထောင့်ကနေ အကူအညီပေးချင်တာ။ အထူးသဖြင့် ပုဂ္ဂလိကကဏ္ဍရဲ့ အားကိုယူဖို့ လိုအပ်တယ်။ ရခိုင်ပြည်နယ်ရဲ့ အနာဂတ် ဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘက်စုံတိုးတက်မှုတွေ အပေါ် မူတည်နေတယ်။ အေးချမ်းတဲ့၊ ကြွယ်ဝချမ်းသာတဲ့ ဒေသကြီးဖြစ်အောင် ဖန်တီးဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ ။
ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်

No comments:

Post a Comment