Sunday, October 6, 2019

ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ၂၃၀ ကေဗွီရွှေစာရံပင်မဓာတ်အားခွဲရုံနှင့် အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပင်မထိန်းချုပ်ရေးစခန်း (မန္တလေး) တို့အား ကြည့်ရှုစစ်ဆေး



နေပြည်တော် အောက်တိုဘာ ၆

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်သည် အောက်တိုဘာ ၅ ရက်တွင် မန္တလေး တိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၂၃၀ ကေဗွီ ရွှေစာရံ ပင်မဓာတ်အားခွဲရုံနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမိုင်တိုင်အမှတ် (၃၆၃/) အနီးရှိ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော အရှေ့တောင်အာရှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ပင်မထိန်းချုပ်ရေးစခန်း (မန္တလေး) တို့အား သွားရောက်ကြည့်ရှု စစ်ဆေးသည်။


ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်ကြီးမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာန ၂၃၀ ကေဗွီ ရွှေစာရံပင်မဓာတ်အားခွဲရုံသို့ရောက်ရှိပြီး လုံခြုံစိတ်ချရသည့် ဓာတ်အားစနစ်ဖြစ်စေရေး၊ ဗို့အားစနစ်တည်ငြိမ်မှုရှိစေရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးနှင့် လုပ်ငန်းခွင်အတွင်း ထိခိုက်မှု မရှိစေရေး အလေးထား ဆောင်ရွက်ရန်မှာကြားခဲ့ပြီး ဓာတ်အားခွဲရုံအတွင်း ၂၃၀/၃၃/၁၁ ကေဗွီ၁၀၀အမ်ဗွီအေ ထရန်စဖော်မာ တိုးချဲ့တပ်ဆင်တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့အား လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၆၃/) အနီးရှိ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ပင်မထိန်းချုပ်ရေးစခန်း (မန္တလေး)သို့ ရောက်ရှိပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ ထိန်းချုပ်ပို့လွှတ်နေသော Control Centre အတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ အားကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် စီမံကိန်းကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံပြခန်း၊ ထိန်းချုပ်ရေး စခန်းအတွင်း ဝန်ထမ်းများအတွက် ဆောက်လုပ်ပေးထားသော အားကစားခန်းမများ၊ အိပ်ခန်းများ၊ စားသောက်ခန်းမတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

အဆိုပါ အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ရေနံစိမ်း ၃၂ လက်မပိုက်လိုင်း ၇၇၁ ကီလိုမီတာနှင့် သဘာဝဓာတ်ငွေ့လက်မ ၄၀ ပိုက်လိုင်း ၇၉၃ ကီလိုမီတာရှိသည်။ ရခိုင်ပြည်နယ်၊ မဒဲကျွန်းမှ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းကာ တရုတ်နိုင်ငံသို့ တစ်ရက် လျှင် ပျမ်းမျှရေနံစိမ်း မက်ထရစ်တန် ၁၆၀၀၀ ခန့်နှင့် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၄၀၀ ခန့် နေ့စဉ်ပို့လွှတ်ပေး လျက်ရှိပြီး ပြည်တွင်းသုံးစွဲမှုအနေဖြင့်နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၁၀၀ ခန့် ရယူသုံးစွဲလျက်ရှိသည်။ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံတည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ် ပုံမှန်လည်ပတ်နိုင်ရန် နည်းပညာ ဝန်ထမ်းများက Supervisory Control and Data Acquisition (SCADA) စနစ်ဖြင့် ပိုက်လိုင်းတလျှောက် လည်ပတ်မှု အခြေအနေများကို ၂၄ နာရီမပြတ် အချိန်ပြည့်စောင့်ကြည့်လုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment