Monday, September 30, 2019

စာတမ်းတိုင်းမှာ အသိတစ်ခု၊ အတွေးတစ်ခုရလာပြီဆိုရင် အားလုံးအတွက် တန်ဖိုးရှိတယ်







ဉီးအေးချို-မဟာဝိဇ္ဇာ

မြန်မာစာပေဖွံ့ဖြိုးရေးအတွက် စာတမ်းဖတ်ပွဲများ၊ စာပေဆွေးနွေးပွဲများ၊ စာပေစကားဝိုင်းများ စသည့် စာပေလှုပ်ရှားမှုဓလေ့တိုးပွားတည်တံ့စေရန်နှင့် စာပေဆိုင်ရာ လှုပ်ရှားမှုများမှ တစ်ဆင့် အသိအမြင်များ၊ အတွေးအခေါ်များ တိုးပွားကြွယ်ဝလာစေရန်အတွက်
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ကြီးမှူး၍ မြန်မာမှု၊ မြန်မာ့ဓလေ့၊ မြန်မာ့အတွေးအမြင် စာတမ်းဖတ်ပွဲအခမ်းအနားကို ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စုပေါင်းခန်းမ၌ နှစ်ရက်တာကျင်းပလျက်ရှိရာ အဆိုပါစာတမ်းဖတ်ပွဲမှ စကားသံများကို ဖော်ပြလိုက်ပါသည်။
ဒေါက်တာကျော်ဝင်း (သမိုင်းပါမောက္ခ-ငြိမ်း)
ဒီလိုစာတမ်းဖတ်တဲ့အခါ မြန်မာနိုင်ငံဘက်က အထောက်အထား၊ ပြည်ပနိုင်ငံက တွေ့ကြုံသူတွေ ရဲ့ မှတ်တမ်းတွေ၊ မြန်မာနိုင်ငံက ပေ၊ ပုရပိုက်တွေ၊ ကျောက်စာစတဲ့ အထောက်အထားတွေ အပေါ်မူတည်ပြီး ပျူ၊ ပုဂံ၊ ကုန်းဘောင်ခေတ်တွေမှာ မြန်မာမင်းတွေရဲ့ သံတမန် ဆက်ဆံရေး ဘယ်လိုဆောင်ရွက်ခဲ့သလဲဆိုတာကို အများ ပြည်သူသိအောင် ကျွန်တော့်အနေနဲ့ ရှားပါး အထောက်အထားတွေ အခြေပြုမူ တည်ပြီး ဖော်ထုတ်တင်ပြတာဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့က အခုလို စာတမ်းဖတ်ပွဲ ကျင်းပပေးခြင်းအားဖြင့် ဒီစာတမ်း တွေမှာ ပေးနိုင်တဲ့အတွေးအမြင်အကြောင်းအရာတွေကို အသိပေးနိုင်မယ်။ ဒီလိုပေးခြင်းဖြင့် မြန်မာလူမျိုး တွေဟာ ယဉ်ကျေးမှုအဆင့် အတန်းမြင့်တယ်၊ အတွေးအခေါ်တွေမြင့်တယ်၊ မြန်မာ့ ဓလေ့တွေကလည်း အဆင့်အတန်း မြင့်တယ်ဆိုတာကို အခုလိုစာတမ်းတွေကို နားထောင် မှတ်သားခြင်းဖြင့် သိရှိ သွားပြီး အကျိုးများစွာရှိစေမယ်လို့ ယူဆပါတယ်။
ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)
ဒီစာတမ်းဖတ်ပွဲကို ကျင်းပဖို့ ဆရာအပါအဝင် စာပေမိတ်ဆွေတွေစုစည်းပြီးတော့ အဖွဲ့ဖွဲ့တိုင်ပင်ခဲ့တယ်။ အဲဒီ အဖွဲ့ကနေ ဒီစာတမ်းဖတ်ဖို့ ပြင်ဆင်အကောင် အထည်ဖော်ခဲ့ကြတာပါ။ ဘာသာစကားနဲ့ အတွေးအမြင်ဆက်စပ်တဲ့ အပိုင်းကို ဖတ်မှာပါ။ရွေးချယ်ဖြစ်တာကတော့ မြန်မာဘာသာစကားနဲ့ လေ့လာချိန်မှာ မြန်မာဘာသာစကားထဲမှာ နေ့တိုင်းပြောဆို ရေးသားလုပ်ကိုင်တွေးခေါ်နေတဲ့ ဆရာတို့ရဲ့ အတွေးအခေါ် အယူအဆတွေက ဘာသာစကားထဲမှာကိုပဲ ထင်ဟပ် နေတယ်လို့ ရှေးကပညာရှင်တွေပြောခဲ့တယ်။ စာပေအတွေး အခေါ်ပညာရှင် တွေကလည်း ပြောတယ်။ အဲဒီပြောတဲ့ လမ်းကြောင်းအတိုင်း နေ့စဉ်ပြောနေတဲ့ မြန်မာဘာသာ စကားကို စကားသုံးပုံ၊ ဝါကျဖွဲ့ပုံ စတဲ့ဖွဲ့စည်းတည်ဆောက် ထားတဲ့အတိုင်း မြန်မာတွေရဲ့ အတွေးအမြင်အယူအဆတွေ ထင်ဟပ်တာကို ဖော်ထုတ်တာပါ။
အခုစာတမ်းဖတ်ပွဲမှာ ဖတ်ကြားကြမယ့် ပညာရှင်တွေက မြန်မာနဲ့ပတ်သက်တဲ့ သိသင့် သိထိုက်တဲ့ မြန်မာစာ မြန်မာမှုဆိုင်ရာ အခြေခံဗဟုသုတတွေပါဝင်ဖို့ နားထောင်တဲ့ ပရိသတ်တွေ အနေနဲ့ ကိုယ်တိုင်ဆက်လက်လေ့လာတဲ့ အခါမှာ သတိပြုမိအောင်၊ အထောက်အကူပြု နိုင်အောင် ရွေးချယ်ပြီး စာတမ်းဖတ်ပွဲကျင်းပတာပါ။ လူရယ်လို့ဖြစ်လာရင် အသိအမြင် ဗဟုသုတရှာမှီးတဲ့အခါမှာ လွယ်သလောက် ထိရောက်တဲ့နည်းက စာဖတ်တဲ့နည်းပဲလို့ ပညာရှင်အစဉ် အဆက်ပြောကြတယ်။ စာဖတ်တာလောက်လွယ်ပြီး ထိရောက်တဲ့ နည်းမရှိဘူး လို့ပြောကြတယ်။ လူငယ်တွေကို တိုက်တွန်းလိုတာက မည်သူမဆို စာဖတ်ခြင်းအားဖြင့် အကျိုးကျေးဇူးဗဟုသုတများစွာ ရရှိနိုင်တာကြောင့် စာဖတ်တဲ့အလေ့အကျင့်ကို များများ ရအောင် မွေးမြူပြီး ကိုယ့်အတွက်၊ ကိုယ့်ပတ်ဝန်းကျင်အတွက်၊ ကိုယ့်နိုင်ငံအတွက် တိုးတက်ရာတိုးတက်ကြောင်းတွေ အများကြီးလုပ်နိုင်လာဖို့ တတ်နိုင်သလောက် စာများများ ဖတ်ကြဖို့ တိုက်တွန်းချင်ပါတယ်။
ဦးတင်လှိုင်(လယ်တွင်းသားစောချစ်)
စာတမ်းဖတ်ပွဲအနေနဲ့ နည်းနည်းလေးနားသွားတာကာလအတန်ကြာခဲ့ပါပြီ။ အရင်တုန်းက ကိုယ်တိုင်ပါဝင်ခဲ့ ပါတယ်။ အခုလိုကျင်းပပေးတာ ကျေးဇူးတင်ပါတယ်။ စာတမ်းဖတ်ပွဲတွေကို ကျွန်တော်သိပ်လေးစားတယ်။ ရှိဖို့ ကောင်းတယ်။ စာတမ်းဖတ်တယ်ဆိုတာ ပညာရှင်တွေက ဖတ်တာ၊ လူတိုင်းမဖတ်နိုင်ဘူး။ ပညာရှင်တွေကလည်း အလွယ်တကူ ကောက်မဖတ်နိုင်ဘူး။ သေသေချာချာ အကြောင်းအရာ ခေါင်းစဉ်တွေနဲ့ကိုက်ညီအောင် လေ့လာဆည်းပူး ရှာဖွေ ဖတ်မှတ်တာတွေကို တင်ပြတာပါ။
နားထောင်တဲ့ပရိသတ်တွေက ပညာရှင်တွေ ဖတ်ပြတာကို အပြည့်အစုံ မှတ်သား လိုက်နာရ တယ်။ လိုအပ်တဲ့ အချက်ရှိရင် ဒါလေးမပါဘူးလား၊ ဒါလေးပါရင်ကောင်း သလားလို့ပြောတာကို သဘောကျတယ်။ ကျေးဇူးတင်တယ်။ ဖတ်တဲ့လူက ဒီလိုအပ်ချက်ကို ဖြည့်ပေးပါမယ်။ ကျွန်တော်ယူဆတာနဲ့ လွဲနေတယ်။ ဘယ်ဟာမှန်သလဲ အစရှိသဖြင့် ရှင်းပြပေးတယ်။ အဲဒီလိုနဲ့ ဖတ်ကြတဲ့အခါ ပြန်လည်ဖြည့်စွက်ဆွေးနွေးကြတာကို ကျေးဇူးတင်ပါတယ်။
ဒါကြောင့် စာတမ်းဖတ်ပွဲတွေ များများရှိပါစေ။ စာတမ်းဖတ်ပွဲကို တက်ရောက် နားထောင်တဲ့ သူတွေက တစ်ထိုင်တည်းနဲ့ ရှာဖွေစုဆောင်းပြုစုထားတဲ့ ပညာတွေကိုရတာ ဖြစ်တယ်။ နားထောင်သူတွေရကြပါစေလို့ ဆုတောင်းပါတယ်။
ဦးအေးချို(မဟာဝိဇ္ဇာ)
“မြန်မာ့ဓလေ့ဆုံးမစာများ”မှ မြန်မာ့ယဉ်ကျေးမှုအမြင် စာတမ်းဖတ်မယ်။ ဆုံးမစာဆိုတာ ဟိုယခင်ကတည်းက သင်ခဲ့ကြရပါတယ်။ အခုတော့ မသင်ကြတော့ဘူး။ အရင်တုန်းက ဆုံးမစာတွေ အများကြီးရှိတယ်။ သင်လည်းသင်ခဲ့ ရတယ်။ ဆုံးမစာတွေက မြန်မာ့ဓလေ့ ယဉ်ကျေးမှုမှာ ဘယ်လောက်အထိ အရေးပါသလဲ၊ အရေးမပါဘူးလဲ၊ ကနေ့ ပြောနေတာ လူတွေအကျင့် စာရိတ္တကောင်းမွန်ဖို့၊ ပြည်သူ့ နီတိသိဖို့ ပြောနေကြတယ်။ ပြည်သူ့နီတိဆိုတဲ့ စကားရပ် က ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း ပေါ်ခဲ့တဲ့စကားရပ်ပါ။ သို့သော် မြန်မာမှာ ဟိုတုန်းကတည်းက ရှိခဲ့ တယ်။ ပြည်သူ့နီတိအနေနဲ့ မရှိဘူး။
လောကနီတိဆိုတာရှိတယ်။ လောကဆိုတာ သတ္တလောက၊ သင်္ခါရလောက၊ ဩကာသ လောကဆိုပြီး ဒီလောကကြီးထဲမှာ နေတဲ့သူတွေ ကျင့်ဖို့အတွက် ဟိုတုန်းကတည်းက ရှိခဲ့တာပါ။ ခေတ်ကာလ အလျောက် သင့်လျော်တာတွေသုံးပြီး သွားမယ်ဆိုရင် ယဉ်ကျေးမှုက အခုလောက် အောက်ခြေကျမသွားဘူးလို့ မြင်တယ်။ အဲဒီစေတနာနဲ့ ဒီစာတမ်းကို ပြုစုပါတယ်။
စာတမ်းတိုင်းမှာ အသိတစ်ခု၊ အတွေးတစ်ခုရလာပြီ ဆိုရင် အားလုံးအတွက် တန်ဖိုးရှိတယ်။ ပြည်သူတွေ ထဲထဲဝင်ဝင် သိဖို့အတွက် ဖတ်ထားတဲ့စာတမ်းတွေကို ပုံနှိပ်ပြီးထုတ်ဝေ နိုင်အောင်ကြိုးစားရမယ်။ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ ဘာသာရပ်ဆိုင်ရာအလိုက် စာတမ်းတွေကို ဖတ်ဖို့ တိုက်တွန်းချင်ပါတယ်။ ကျောင်းသားတွေအနေနဲ့လည်း သက်ဆိုင်ရာ ဘာသာရပ်အလိုက်ဖတ်ပြီး ဆွေးနွေးကြမယ်ဆိုရင် ပြန်လည်ပျံ့နှံ့ပြီး ကျယ်ပြန့်သွားမယ်။
ဒေါက်တာညိမ်းညိမ်း(ပါမောက္ခ၊ မြန်မာစာဌာန)
ဒီနေ့ဖတ်မယ့်စာတမ်းကတော့ “ကဗျာထဲကဝတ်စားဆင်ယင်မှု” စာတမ်းဖြစ်ပါတယ်။ စာတမ်း ဖတ်တဲ့ ရည်ရွယ်ချက်ကတော့ မြန်မာလူမျိုးတွေ၊ မြန်မာတစ်နိုင်ငံလုံးမှာ မှီတင်းနေထိုင် ကြတဲ့သူတွေ အစဉ်အလာအရ ပုဂံခေတ်ကတည်းက ဝတ်စားဆင်ယင်မှုတွေ ပြောင်းလဲလာတာ ကို အခြေခံပြီးတော့ ဖတ်တာဖြစ်ပါတယ်။ ကျွန်မတို့မြန်မာ မှတ်တမ်းတွေအရ ပုဂံခေတ်ကနေ ကိုလိုနီခေတ်အထိ ပြောင်းလဲလာတဲ့ ဝတ်စားဆင်ယင်မှုကို ဖတ်သွားတဲ့သဘောပါပဲ။ စာတမ်း တစ်စောင်ဖြစ်ဖို့ဆိုတာ တော်တော်အားထုတ် ရပါတယ်။ အဲဒီထဲက ကိုယ်ပြချင်တဲ့ရည်ရွယ်ချက် တစ်ခုရောက်အောင် ဝတ်စားဆင်ယင်မှုကို ပြတယ်ဆိုပေမယ့် တခြားနေရာက ပြတာမဟုတ်ဘဲ ကဗျာထဲက ဝတ်စားဆင်ယင်မှုကို ပြသတာပါ။
ခေတ်အဆက်ဆက်မှာ ရေးခဲ့တဲ့ကဗျာတွေက အဲဒီခေတ် အမျိုးသားအမျိုးသမီးတွေ ဝတ်ပုံစားပုံ တွေ အင်မတန် ထူးခြားပြီးတော့ လှပဆန်းကျယ်တာရှိမယ်။ ခမ်းနားတာရှိတယ်။ အခြေခံ လူတန်းစားတွေရဲ့ဘဝကို သရုပ်ဖော်တဲ့ အခါမှာလည်း အခြေခံလူတန်းစား ဝတ်စားနေထိုင်ပုံ တွေသရုပ်ဖော်တယ်။ ခေတ်မှာ သူတို့မျက်စိထဲ တွေ့သမျှ မှတ်တမ်းတင်သွားတယ်။ ဒါကို နောက်လူငယ်တွေသိဖို့ဆိုတာ ဒီစာတွေ၊ ကဗျာတွေဖတ်မှ သိနိုင်မယ်။ အခုလို ဒီစာတမ်း ဖတ်ပွဲတွေ တစ်စုတစ်စည်းတည်း တင်ပြလိုက်တော့ နားထောင်လိုက်တာနဲ့ ဗဟုသုတတွေ အများကြီး ရသွား မှာဖြစ်ပါတယ်။
တွေ့ဆုံမေးမြန်း-ဥမ္မာ၊ စန္ဒီ
ဓာတ်ပုံ-ရဲထွဋ်

No comments:

Post a Comment