ကမ္ဘာပေါ်တွင် ၁၉၈၀
ပြည့်နှစ်များမှ စတင်၍ သက်ကြီးရွယ်အိုများ ဦးရေသည် ပြဿနာ တစ်ရပ်အဖြစ် ပေါ်ပေါက်လာခဲ့ရာ
အသက် ၆၀ အထက် သက်ကြီး ရွယ်အိုဦးရေသည် ၂၀၀၀ ပြည့်နှစ်တွင် သန်း ၆၀၀ ခန့် ရှိနေရာမှ ၂၀၅၀
ပြည့်နှစ်တွင် သန်းပေါင်း ၂၀၀၀ ကျော် အထိ တိုးတက်လာရန်ရှိပြီး ယင်းသက်ကြီးရွယ်အိုဦးရေ၏
တစ်ဝက်သည် အာရှတိုက်တွင် ရှိနေကြ မည်ဖြစ်ပါသည်။
▲တိုးပွားလာမည့် သက်ကြီးရွယ်အိုများ▲
၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့်
အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ စုစုပေါင်း လူဦးရေ၏ ၈ ဒသမ ၉ ရာခိုင်နှုန်းနီးပါးသည်
အသက် ၆၀ အထက် သက်ကြီးရွယ်အို များဖြစ်ပြီး ၂၀၅၀ ပြည့်နှစ်တွင် ၂၅ ရာခိုင်နှုန်းခန့်
ရှိလာမည်ဖြစ်ပါသည်။ ယနေ့အချိန်တွင် မြန်မာနိုင်ငံသည် အခြားနိုင်ငံများကဲ့သို့ သက်ကြီးရွယ်အိုများပြားသည့်
ပြဿနာကို ရင်မဆိုင်ရ သေးသော်လည်း နောင်လာမည့် ဆယ်စုနှစ်များတွင် ယင်းပြဿနာကို ရင်ဆိုင်နိုင်ဖွယ်ရှိပါသည်။
တိုးပွားလာမည့် သက်ကြီးရွယ်အိုများအားလုံး ဂုဏ်သိက္ခာရှိရှိနှင့် သွက်လက် ကျန်းမာပြီး
လုံခြုံစိတ်ချရသော ဘဝများဖြင့် လျှောက်လှမ်းနိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနသည် သက်ကြီးရွယ်အိုများ ဘဝ မြှင့်တင်ရေးနှင့်
စောင့်ရှောက်ရေးလုပ်ငန်းကို လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက် ရှိပါသည်။
ရိပ်သာအခြေပြု စောင့်ရှောက်ရေးအဖြစ်
စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ တည်ထောင် ဖွင့်လှစ်ထားသော ဘိုးဘွားရိပ်သာများအား အသိအမှတ်ပြုပေးခြင်းနှင့်
ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် ခွဲခြားပြီး အဆင့်အလိုက် ဆန်၊ စားစရိတ်၊ ဝတ်စရိတ်၊
ဂေဟာမှူး လစာတို့ကို နိုင်ငံတော်မှ ထောက်ပံ့ပေးလျက် ရှိပါသည်။
▲သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ▲
နိုင်ငံတော်အစိုးရအနေဖြင့်
လက်ရှိအချိန်နှင့် နောင်အနာဂတ်ကာလတွင် သက်ကြီးရွယ်အိုများ အား ကိုယ်စိတ်နှလုံး ကျန်းမာရွှင်လန်းပြီး
လွတ်လပ်လုံခြုံမှုရှိ၍ သိက္ခာရှိသော ပတ်ဝန်းကျင် ကောင်း တစ်ခုဖြစ်လာစေရန်နှင့် သက်ကြီးရွယ်အိုဦးရေ၏
အကျိုးသက်ရောက်မှု များအတွက် အလုံးစုံပြင်ဆင်ရန် မျှော်မှန်းထားရှိပြီး သက်ကြီးမူဝါဒကို
ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများ
ဖော်ဆောင်ရန်နှင့် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေး၊ လူမှုရေးစောင့်ရှောက်မှုများ လက်လှမ်းမီ
ရရှိနိုင်ပြီး လူ့ဘောင်အဖွဲ့အစည်းအတွင်း ပါဝင်ဆောင်ရွက်မှုရရှိစေရန် ရည်ရွယ်၍ သက်ကြီးရွယ်အိုများ
ဆိုင်ရာဥပဒေကို ပြဋ္ဌာန်းထားရှိပါသည်။
သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေအရ
သက်ကြီးရွယ်အိုဆိုသည်မှာ “လွတ်လပ်သည့် အခွင့် အရေး၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် သိက္ခာရှိစွာ
ရပ်တည်သူများ”ကိုဆိုလိုပါသည်။ မြန်မာ့ ယဉ်ကျေးမှု ဓလေ့အရလည်း သက်ကြီးရွယ်အိုများအား
လေးစား၍ ဂါရဝထား ကြပါသည်။ မိသားစုမျိုးရိုးများကိုလည်း သက်ကြီးရွယ်အိုများအား အပြုသဘောဖြင့်
လေးစားစွာ ရှုမြင်ရန်နှင့် သိက္ခာရှိစွာ နေထိုင်နိုင်ရေးအတွက် သက်ကြီးရွယ်အိုများအား
ကူညီပံ့ပိုးရန် တိုက်တွန်းအားပေး ရမည်ဖြစ်ပါသည်။ လူ့အဖွဲ့အစည်းအတွင်း သက်ကြီးရွယ်အိုများအပေါ်
အပြုသဘော ဆောင်သည့်အမြင်၊ သဘောထားများ မရှိခြင်းနှင့် ခွဲခြားဆက်ဆံခြင်းတို့သည် သက်ကြီးရွယ်အိုများ
လူ့ဘောင် အဖွဲ့အစည်းအတွင်း ပါဝင်ဆောင်ရွက်ရေးကို ဟန့်တားနှောင့်ယှက်နေပြီး ၎င်းတို့၏
အလားအလာရှိသည့် သို့မဟုတ် ကြီးမားသည့် အခွင့်အလမ်းများ ရရှိခြင်းကို အတားအဆီးဖြစ်စေပါသည်။
သက်ကြီးရွယ်အို များကိုထိခိုက်လွယ် သည့်အုပ်စုများအဖြစ် ထင်မြင်ယူဆကြပြီး ထိခိုက်လွယ်သည့်သူများအဖြစ်သာ
ဆက်ဆံကြမည်ဆိုလျှင် သက်ကြီး ရွယ်အိုများ၏ အလားအလာရှိသည့် ကူညီထောက်ပံ့မှုများနှင့်
လူ့အဖွဲ့အစည်းအတွင်း ပါဝင်ဆောင်ရွက်ရေး စသည့်အခွင့်အလမ်းများနှင့် လွဲချော်သွားနိုင်ပါသည်။
လူမှုရေးနယ်ပယ်အတွင်း
ပါဝင်ဆောင်ရွက်မှုသည် သက်ကြီးရွယ်အိုများ၏ စိတ်ပိုင်းဆိုင်ရာ သာယာဝပြောမှု ကိုဖြစ်စေပြီး
စိတ်ဓာတ်ကျခြင်းကိုလည်း လျှော့ချပေးနိုင်ပါသည်။ ဆန့်ကျင် ဘက်အားဖြင့် အထီးကျန်ခြင်းနှင့်
သီးခြားနေထိုင်ခြင်းသည် သက်ကြီးရွယ်အိုများအကြား သိသာထင်ရှားသည့် ကျန်းမာရေးထိခိုက်မှု
အန္တရာယ်ကို ဖြစ်ပေါ်စေနိုင်ပါသည်။ မြန်မာနိုင်ငံရှိ သက်ကြီးရွယ်အိုအများစုသည် မိသားစုဝင်များနှင့်အတူရပ်ရွာအတွင်း
လှုပ်ရှားဆောင်ရွက်မှုများ၊ အခမ်းအနားများတွင် ပုံမှန်ပါဝင်လေ့ရှိကြသည့်အတွက် လူမှုရေးနယ်ပယ်တွင်
အပြန်အလှန် ဆက်ဆံမှုများ မကြာခဏ ရှိကြပါသည်။ ဥပမာအနေဖြင့် ၂၀၁၂ ခုနှစ်တွင် ပြုလုပ်ခဲ့သည့်
သက်ကြီးရွယ်အိုများနှင့် ပတ်သက်သည့် လေ့လာဆန်းစစ်ချက်တွင် သက်ကြီးရွယ်အို ၈၀ ရာခိုင်နှုန်းနီးပါးသည်
ရပ်ရွာအတွင်းနှင့် ဘာသာရေးဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုများတွင် အခါအားလျော်စွာ ပါ၀င်ခဲ့ကြ
ကြောင်း ပြောကြားခဲ့ပါသည်၊၊ သက်ကြီးရွယ်အို သုံးပုံနှစ်ပုံနီးပါး သည် မိတ်ဆွေများ သို့မဟုတ်
အိမ်နီးနားချင်းများနှင့် အနည်းဆုံးအနေဖြင့် တစ်ပတ်တစ်ခါ ပုံမှန်ရင်းရင်းနှီးနှီး စကားဝိုင်းဖွဲ့ပြောဆိုလေ့ရှိကြပါသည်။
▲အပြုသဘောဆောင်သည့် လူမှုဆက်ဆံ▲
ရပ်ရွာအတွင်း ပေါင်းစည်းညီညွတ်မှုများအတွက်
အခြေခံကျသည့်ကျေးရွာအနှံ့ လှုပ်ရှား ဆောင် ရွက်မှုများ၊ အခမ်းအနားများနှင့် ဘာသာရေးပွဲတော်များသည်
လူတိုင်းအတွက် အကျုံးဝင်ပြီး လူအများပါ၀င်သည့် လှုပ်ရှားဆောင်ရွက်မှုများနှင့် ရပ်ရွာအတွင်းစနစ်တကျ
စီစဉ်ထားခြင်း မရှိသည့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် အခြေခံအုတ်မြစ်များအဖြစ် တဖြည်းဖြည်း
တိုးတက်လာစေပါသည်၊၊ မိသားစုများ၏ နေထိုင်မှုပုံစံလျင်မြန်စွာ ပြောင်းလဲလာခြင်းနှင့်
ကျေးလက်မှမြို့ပြသို့ ပြောင်းရွှေ့ အခြေချ နေထိုင်မှုမြင့်မားလာခြင်းတို့နှင့်အတူ အနာဂတ်
ကာလတွင် သက်ကြီးရွယ်အိုများအတွက် လူမှုရေး နယ်ပယ်အတွင်း အထီးကျန်သည့်ဒုက္ခများ ပိုမိုများပြား
လာဖွယ်ရှိပါသည်။ သက်ကြီးရွယ်အိုများအတွက် ဘက်စုံထောက်ပံ့ ဖြည့်ဆည်းပေး သည့် ရပ်ရွာအတွင်းရှိအဖွဲ့အစည်းများနှင့်
ဝန်ဆောင်မှုလုပ်ငန်းများ သို့မဟုတ် အဆိုပါ အဖွဲ့အစည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင်
သက်ကြီးရွယ်အိုများပါဝင်မှုသည် သက်ကြီး ရွယ်အိုများအတွက် ကျန်းမာသန်စွမ်းမှုနှင့်ပို၍
ကောင်းမွန်သည့် အပြန်အလှန်ဆက်ဆံမှုများကို မြှင့်တင်ဆောင်ရွက် ရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်နေပါသည်။
လာမည့်နှစ်များအတွင်း လျင်မြန်သည့် လူမှုရေးဆိုင်ရာ ပြောင်းလဲမှုများကို ရင်ဆိုင်ရနိုင်သော်လည်း
မြန်မာနိုင်ငံ၏ ခိုင်မာသော ရိုးရာဓလေ့ထုံးစံ များဖြစ်ကြသည့်ဘိုးဘွားမိဘ အဆက်ဆက်မိသားစုများရင်းနှီးစွာ
စုပေါင်း နေထိုင်မှုများနှင့် သက်ကြီးရွယ်အိုများကို ကြည်ညို လေးစားမှုများသည် အပြုသဘော
ဆောင်သည့် လူမှုဆက်ဆံရေးအမြင်၊ သဘောထားများကို တည်ဆောက် နိုင်ရန်အတွက် အားကောင်းသည့်
အခြေခံအကြောင်းအရင်းများ ဖြစ်ပါသည်။
▲ခွဲခြားဆက်ဆံ▲
တိုက်ရိုက်နည်းလမ်းများနှင့်
သွယ်ဝိုက်သည့်နည်းလမ်းများဖြင့် အသက်ကို အကြောင်းပြု၍ ခွဲခြားဆက်ဆံခြင်းသည် သက်ကြီးရွယ်အိုများ၏
အလုပ်အကိုင် အခွင့်အလမ်းများ၊ လူမှုရေး ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများနှင့် အခြားကဏ္ဍများတွင်
ခံစားရရှိခွင့်များကို ကန့်သတ်ထား နိုင်ပါသည်။ အသက်ကို အကြောင်းပြု၍ ခွဲခြားဆက်ဆံခြင်းတွင်
သက်ကြီးရွယ်အိုများအတွက် ဆိုးကျိုးများကို ခံစားစေသည့်ပြုမူဆောင်ရွက်မှုများ ဖြစ်ကြသည့်
သက်ကြီးရွယ်အိုများကို ဝန်ထုပ်၀န်ပိုး အဖြစ်သတ်မှတ်ခြင်း၊ သက်ကြီးရွယ်အိုများ၏ အကျိုးခံစားခွင့်များ
သို့မဟုတ် အခွင့်အလမ်းများကို တားဆီးပိတ်ပင်ခြင်း၊ သက်ကြီးရွယ်အိုများ၏ ဂုဏ်သိက္ခာရှိစွာ
ရပ်တည် နိုင်ခွင့်များ မရရှိအောင်ပြုလုပ်ခြင်း သို့မဟုတ် သက်ကြီးရွယ်အိုများ၏ အခွင့်အရေး
ရရှိခံစားခွင့် များကိုမပေးခြင်းတို့ ပါဝင်ပါသည်။ မသန်စွမ်းသက်ကြီးရွယ်အိုများသည် စိန်ခေါ်မှု
ပေါင်းများစွာ ကို ရင်ဆိုင်ရနိုင်ပါသည်။ သို့ပါ၍ သက်ကြီးရွယ်အိုများ၏ အသက်ကိုကြည့်ပြီး
ခွဲခြားခြင်းမပြုဘဲ ၎င်းတို့၏ စွမ်းဆောင်ရည်အား အသိအမှတ်ပြု၍ ရပ်ရွာဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်
အင်အားတစ်ရပ်အနေဖြင့်ရယူ၍ သက်ကြီးရွယ်အိုများ၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်သွားရ
မည်ဖြစ်ပါသည်။
▲အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့▲
သက်ကြီးရွယ်အိုများ၏အရေးကို
ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရန် ကုလသမဂ္ဂ အထွေထွေညီလာခံ ၏ အတည်ပြုဆုံးဖြတ်ချက်နှင့်
(၃၅)ကြိမ်မြောက် လူမှုဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာကော်မရှင်၏ ထောက်ခံချက်အရ ကုလသမဂ္ဂစီးပွားရေးနှင့်
လူမှုရေးကောင်စီက ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့တွင် ဆုံးဖြတ်ချက်အမှတ် (၁၉၉၇/၁၈)ကို
ချမှတ်ခဲ့ပါသည်။ ယင်းဆုံးဖြတ်ချက်မှာ ၁၉၉၇ ခုနှစ်ကို “အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနှစ်
” (International year for Older Persons)နှင့် နှစ်စဉ်အောက်တိုဘာလ(၁)ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ
သက်ကြီးရွယ်အို များနေ့” ဟု ဂုဏ်ပြုသတ်မှတ် ပေးခြင်းဖြစ်ပါသည်။ ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်သည့်
မြန်မာနိုင်ငံအနေဖြင့် စတင်သတ်မှတ်ခဲ့သည့် ၁၉၉၉ ခုနှစ်မှစ၍ “အပြည်ပြည်ဆိုင်ရာ သက်ကြီး
ရွယ်အိုများနေ့ အခမ်းအနား” ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နှစ်စဉ် ကျင်းပလျက်ရှိရာ
(၂၁) ကြိမ်တိုင်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်
ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနား ကိုလည်း မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း
ဗဟိုဌာန (၂)၊ နေပြည်တော်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ယခုနှစ်၏
ဆောင်ပုဒ်မှာ “အသက်ကြောင့်မခွဲခြား တို့ဘိုးဘွားစွမ်းအားတူညီ လျှောက်လှမ်းမည်” ဖြစ်သည်နှင့်အညီ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနသည်
မြန်မာ့သက်ကြီး လူ့ဘောင်ဘဝများအား မည်သို့သော ခွဲခြားမှု များမရှိဘဲ သာယာပျော်ရွှင်သော
နေဝင်ချိန်ဆည်းဆာဘဝ ပြည့်ဝစွာခံစား နိုင်ရန် စွမ်းစွမ်းတမံ ပြည်သူ့အကျိုး ထမ်းဆောင်လျက်
ရှိပါသည်။
▲အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းစီမံချက်▲
ထိုသို့ သက်ကြီးဘိုးဘွားများအတွက်
သယ်ပိုးထမ်းရွက်လာသော လုပ်ငန်းစဉ်များ မှာလည်း ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ
လူ့ဘောင်အဖွဲ့အစည်းများမှ သဘောတူညီမှု ရယူပြီးထားသော ကြေညာစာတမ်းများ၊ လမ်းညွှန်မှုများနှင့်
ကတိကဝတ်များအပေါ် အခြေခံ ထားကာ ဆောင်ရွက်လျက်ရှိသည့်အပြင် လူသားတို့၏ တန်းတူအခွင့်အရေးရရှိပြီး
သက်ရွယ်စုံညီပါဝင်သော လူမှုဘဝဖြစ်ပေါ် လာနိုင်ရန် ဦးစားပေး ဖော်ပြထားသော မက်ဒရစ် အပြည်ပြည်ဆိုင်ရာ
သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းစီမံချက်(MIPAA 2002) တွင်လည်း မြန်မာနိုင်ငံသည်
သဘောတူညီစွာ ပါဝင် လက်မှတ်ရေးထိုးအတည် ပြုထားခဲ့ပြီး ဖြစ်ပါသည်။ “စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်
၂၀၃၀” SDG 2030 ကို ဖော်ဆောင်လျှောက်လှမ်း နေကြသော ကမ္ဘာ့နိုင်ငံများတွင်လည်း မြန်မာနိုင်ငံသည်
တစ်ခုအပါအဝင်ဖြစ်ပြီး အဆိုပါ အသီးအပွင့်များကို ရရှိခံစားနိုင်ရေး “ No one left
Behind” “မည်သူမျှ နောက်ကျကျန်ရစ်ခြင်း မရှိစေရေး”အတွက် မိမိတို့နိုင်ငံအလိုက် အစီအစဉ်များ
ရေးဆွဲချမှတ်ဆောင်ရွက်လျက် ရှိပါသည်။ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော
ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (MSDP) (၂၀၁၈-၂၀၃၀) မဏ္ဍိုင်(၃)ရပ်ပါ “ပြည်သူများနှင့်
ကမ္ဘာမြေ” ကဏ္ဍတွင်လည်း သဟဇာတဖြစ်ပြီး စနစ်များ၏ ခြုံငုံချိတ်ဆက်မှုကို အခြေခံသော ဘဝသက်တမ်း
တစ်လျှောက် လုံး လူမှုကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုလုပ်ငန်းများ (သက်ကြီးဘိုးဘွားများအတွက်
အပါအဝင်) တိုးမြှင့် ဆောင်ရွက်ရန် ရှင်းလင်းပြတ်သားစွာ လမ်းညွှန်မှုပေးထားပြီးဖြစ်ပါသည်။
▲မြန်မာ့လူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျူဟာစီမံချက်▲
မြန်မာ့လူမှုကာကွယ်စောင့်ရှောက်ရေး
မဟာဗျူဟာစီမံချက်အရ သက်ကြီးများအတွက် လူမှုရေးပင်စင် ထောက်ပံ့ရေးနှင့် သက်ကြီးသူချင်း
ကူညီစောင့်ရှောက် ရေးအဖွဲ့ (Older People Self Help Group-OPSHG) ယခုအခါ လူမှုအားမာန်အဖွဲ့
(Inclusive Self Help Group-ISHG) အဖြစ် ပြောင်းလဲဖွဲ့စည်း ဆောင်ရွက် လျှက်ရှိပြီး
ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မတည် ထောက်ပံ့ငွေများ ထောက်ပံ့ပေးလျက်ရှိပါသည်။ လူမှုအားမာန်
အဖွဲ့သည် ၂၀၀၉ ခုနှစ်မှ စတင်၍ ဖွဲ့စည်းခဲ့သည့် သက်ကြီးသူချင်း ကူညီစောင့်ရှောက်ရေးအဖွဲ့ပုံစံထက်
သက်ရွယ်စုံညီ သူတိုင်း ပိုမိုပါဝင်နိုင်သည့် ပုံစံသစ်တစ်ခု ဖြစ်ပါသည်။ လူမှုအားမာန်အဖွဲ့သည်
လူကြီးလူငယ် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်းပုံစံမျိုးဖြစ်ကာ သက်ကြီးရွယ်အိုများနှင့်
မသန်စွမ်းသူများ၊ ၎င်းတို့၏ မိသားစုများ၊ ထို့အပြင် ကျေးရွာအတွင်းရှိ အခြားသူများအပါအဝင်
စွမ်းဆောင် နိုင်မှုအားနည်းသူ အုပ်စုများ၏ ဘက်စုံဖွံ့ဖြိုးမှုတိုးတက်စေရေးအတွက် ကျေးရွာလူထု
ကိုယ်တိုင် ဦးဆောင်လုပ်ကိုင်သည့် နည်းစနစ်တစ်ရပ်ကို ပုံဖော်ထားပါသည်။ လူမှုအားမာန်အဖွဲ့သည်
လူထု စိတ်ဝင်စားမှု ရှိလာစေရေးနှင့် ပူးပေါင်းပါဝင် လာရေးအတွက် လုပ်ပိုင်ခွင့်များ
ဖန်တီးပေး သည့်အပြင် အခွင့်အလမ်းသစ်များ ဖန်တီးပေးသည့် လူမှုကွန်ရက်တစ်ခု တည်ထောင်ခြင်းဖြင့်
ပိုမိုခိုင်မာသည့် လူထုစွမ်းအားဖွဲ့စည်းပုံစနစ်များ တည်ဆောက်ပေးလျက်ရှိပါကြောင်း၊ ယခုနှစ်
အောက်တိုဘာလ(၁) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ကို
ဂုဏ်ပြု ကြိုဆိုသောအားဖြင့် ရေးသားဖော်ပြအပ်ပါသည်။
အောင်ကျော်မိုး(လူမှု)
No comments:
Post a Comment