Monday, September 30, 2019

ကြုံတောင့်ကြုံခဲ တစ်သက်မှာတစ်ခါ ကြုံကြိုက်ရသည့် ရုပ်ရှင် နှစ် ၁၀၀ ပြည့်ပွဲတော် နွှဲပျော်ကြမည်









ပထမဦးဆုံး မြန်မာ့ရုပ်ရှင်ဖြစ်သော “မေတ္တာနှင့်သူရာ”ဇာတ်ကားကို ၁၉၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ရိုင်ရယ်ဆီနီမာဒီပဲရစ်ရုံ၌ စတင်ပြသသည်။ ပထမဆုံးသော မြန်မာရုပ်ရှင်ဇာတ်ကားဖြစ်သောကြောင့် လာရောက်ကြည့်ရှု အားပေးကြသည့်ပရိသတ်များဖြင့် ကြိတ်ကြိတ်တိုးစည်ကားခဲ့သည်။ ပြသသည့်နေ့တိုင်း ပွဲတိုင်းလိုလို ရုံဝင်လက်မှတ်များ ရောင်းမလောက်ဘဲ ရုံလျှံထွက်သည့်အပြင် ထိုင်စရာခုံများမရှိတော့သဖြင့် တစ်ပွဲလုံး ဇွဲကောင်းကောင်းဖြင့် မတ်တတ်ရပ်၍ ကြည့်ကြသောသူများလည်း များပြားခဲ့သည်။

“မေတ္တာနှင့်သူရာ”ဇာတ်ကားတွင် ယနေ့ဇာတ်ကားများကဲ့သို့ ဒါရိုက်တာ၊ ဓာတ်ပုံ ဆရာနှင့် သရုပ်ဆောင်များကို ဖော်ပြခြင်းမရှိသေးဘဲ မြန်မာဘာသာဖြင့် ဘားမားဖလင်မှ ရိုက်ကူးသော “မေတ္တာနှင့်သူရာ”ဟူ၍ လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့် “Burma Film Presents’ Love and Liquor’ ” ဟူ၍သာ ခေါင်းစီး စာတန်းထိုးပြသည်။ ဇာတ်ကားတွင် သရုပ်ဆောင်များ ပါးစပ်လှုပ်၍ စကားပြောသည့်အခါတိုင်းတွင် ပြောစကားများကို အင်္ဂလိပ် - မြန်မာ နှစ်ဘာသာ ဖြင့် စာတန်းထိုးပြသည်။ ဇာတ်ကား၏ နောက်ခံတီးလုံးများကို ဇာတ်ကွက်နှင့် အလျဉ်းသင့်သလို တီးပေးထားသည်။
ဇာတ်ကား၏ ဦးတည်ရည်ရွယ်ချက်မှာ မူးယစ်ဆေးဝါး၊ အရက်သေစာ သောက်စား ခြင်းနှင့် လောင်းကစားခြင်း ကို ရှောင်ကြဉ်စေရန် ရည်သန်ရိုက်ကူး ခဲ့ခြင်းဖြစ်သည်။ “မေတ္တာနှင့်သူရာ” ဇာတ်ကားပြသည့် ဒုတိယပတ်တွင် ရန်ကုန်မြို့ သုစရိတယုဝ အသင်းအတွက် ရန်ပုံငွေအဖြစ် အလှူပွဲပြသပေးခဲ့သည်။ အလှူပွဲတွင် မြန်မာ အမျိုးသားထဲမှ ပထမဆုံး ဟိုက်ကုတ်တရားသူကြီး ဖြစ်သူ ဆာဦးခင် ကြွရောက်ပြီး “မေတ္တာနှင့်သူရာ” ဇာတ်ကားမှာ သေရည်သေရက်သည် လူကိုဖျက်ဆီးတတ်ကြောင်း ပဲ့ပြင်ဆုံးမပေးသောကြောင့်တစ်ကြောင်း၊ စာရိတ္တပြုပြင်ရေးအတွက် ရှေ့ဆောင် လမ်းပြပေးသည်က တစ်ကြောင်းတို့ကြောင့် ဇာတ်ကားရိုက်ကူးသူအား အသင်းကြီးကိုယ်စား ရွှေတံဆိပ်ဖြင့် ဂုဏ်ပြုချီးမြှင့်ပါကြောင်း ပြောကြားကာ ဦးအုံးမောင်အား ရွှေတံဆိပ်ချီးမြှင့်ခဲ့သည်။
ဦးအုံးမောင်ကလည်း ရုပ်ရှင်ဖြင့် စီးပွားရှာရန် ရိုက်ကူးခဲ့ခြင်းမဟုတ်ကြောင်း၊ မြန်မာတို့အနေဖြင့် ရုပ်ရှင် ရိုက်ကူးရာတွင် မည်သည့်လူမျိုးကိုမျှ အောက်ကျမခံဘဲ မိမိတို့ကိုယ်ပိုင်အစွမ်းအစဖြင့် မဖြစ်ဖြစ်အောင် ကြိုးစားလုပ်ဆောင်နိုင်ကြောင်းကို လက်တွေ့ပြသလိုသဖြင့် ခက်ခက်ခဲခဲ အစပျိုးရိုက်ကူးခဲ့ရခြင်းဖြစ်ကြောင်း ပြန်ကြားပြောဆိုခဲ့သည်ကို မြန်မာ့ရုပ်ရှင်သမိုင်းစဉ် ငွေရတုကာလ (၁၉၂၀ - ၁၉၄၅) မှတ်တမ်းစာအုပ်မှ သိရသည်။
ထိုသို့အားဖြင့် မြန်မာ့ရုပ်ရှင်သမိုင်းရေစီးသည် ချောင်းငယ်၊ မြောင်းငယ်မှတစ်ဆင့် မြစ်၊ ပင်လယ်သို့ ဆင့်ကဲဆင့်ကဲ ပြောင်းလဲတိုးတက်လာမှုနှင့်အတူ ၂၀၂၀ ပြည့်နှစ်တွင် နှစ်တစ်ရာ ပြည့်တော့မည်ဖြစ်သည်။ မြန်မာ့ ရုပ်ရှင်သမိုင်းစဉ်ဖြတ်သန်းမှု ကာလအတွင်း မော်ကွန်းတင်ရာ၌ နှစ်ပေါင်း ၂၅ နှစ်အထိပိုင်းခြားကာ ငွေရတု၊ ရွှေရတု၊ စိန်ရတုဟု အသီးသီးသတ်မှတ်ခဲ့ပြီး ရတုသဘင် ပွဲတော်များကို ခေတ်အဆက်ဆက် ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ယခုလာမည့် မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့် အခမ်းအနားကိုလည်း ဝှဲချီးခမ်းနားစွာ ကျင်းပသွားရန် စီစဉ်လျက်ရှိရာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့် ရာပြည့်ပွဲသဘင် အကြောင်း တစေ့တစောင်း မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ရပါသည်။
ဒါရိုက်တာကြည်စိုးထွန်း
နာယက၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး
မြန်မာရုပ်ရှင် သိသိသာသာပြောင်းလဲလာတာကတော့ အသံတိတ်ကနေ အသံထွက်ပြောင်းတယ်။ နောက်တစ်ခါ အဖြူ၊ အမည်းကနေ ရောင်စုံကိုပြောင်းတယ်။ ဒါတွေက သိသိ သာသာတွေပါ၊ နောက်တစ်ခါ အသိသာဆုံး ပြောင်းတာက ဘာလဲဆိုတော့ ဓာတုဗေဒနည်း ရုပ်တွေပေါ် နေရာကနေ ဒစ်ဂျစ်တယ်နည်းနဲ့ ရုပ်တွေပေါ်တဲ့နည်းကို ပြောင်းသွားတယ်။ ပြောင်းသွားတော့ အင်မတန် ခေတ်မီ ဆန်းသစ်လာတယ်။ ဒါက ရုပ်ရှင်ရဲ့အပြောင်းအလဲပါပဲ။ ဒီခေတ်မှာ ရုပ်တင်ဖို့၊ အသံပြောင်းဖို့ဆိုတာတော့ အင်မတန်လွယ်တဲ့ခေတ် ဖြစ်သွားပြီ။ ကိုယ်စိတ်ကူးရင် စိတ်ကူးသလောက် အိပ်မက်ထဲကတောင် ရိုက်ကူးနိုင်တဲ့အခြေအနေ မျိုးရသွားပြီ။ ဒါပေမယ့် နည်းပညာတွေ တတ်မြောက် ကျွမ်းကျင်ဖို့ လိုလာတယ်။
ရုပ်ရှင် နှစ် ၁၀၀ ပြည့်လုပ်ဖို့က စီမံချက်တွေ ချထားပြီး ဘာတွေလုပ်မယ်ဆိုတာကို ပြန်ကြားရေးဝန်ကြီးကိုယ်တိုင် တက်ပြီး ယာယီကော်မတီအစည်းအဝေးမှာလည်း ပြောကြားခဲ့ပါတယ်။ ဘာတွေလုပ်ရင်ကောင်းမလဲဆိုပြီး စီစဉ်တာတွေပဲ ရှိပါသေးတယ်။ တကယ်တမ်း ကော်မတီတွေဖွဲ့ပြီးမှ ဘာတွေလုပ်မလဲဆိုတာ သေချာမှာပါ။ သို့သော် အရင်က ဘာတွေလုပ်ခဲ့တယ်ဆိုတာတော့ ပြောလို့ ရတာပေါ့။
ငွေရတုခေတ်၊ ရွှေရတုခေတ်၊ စိန်ရတုခေတ်တွေမှာ ဘာတွေလုပ်ခဲ့ကြသလဲ။ ဒါတွေကတော့ ပြောလို့ရတယ်။ ဒီရာပြည့်မှာ ဘာလုပ်မလဲဆိုတာတော့ ခုမှတိုင်ပင်ဆွေးနွေးတုန်းပါ။ ငွေရတု ခေတ်ကိုတော့ ကျွန်တော်မမီခဲ့ပါဘူး။ ကျွန်တော် နှစ်နှစ်သားပဲရှိသေးတယ်။ တကယ်တမ်း ကျတော့ ကျွန်တော်မွေးတဲ့ အချိန်လောက်မှာတော့ ငွေရတုပြည့်တာပေါ့။ နှစ်နှစ်မှာ ၁၉၄၇ ခုနှစ်ကျမှ လုပ်ဖြစ်တယ်၊ ရွှေတိဂုံဘုရားအနောက်ဘက်မုခ်မှာ လုပ်ကြတယ်။ အဲဒီမှာ ကုမ္ပဏီတွေက ပြသတဲ့ပုံတွေ ရှိပါတယ်။ ဒါက ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က အားပေးပြီး လုပ်ခဲ့တာပါ။ ရွှေရတုကျတော့ ရုပ်ရှင်အစည်းအရုံးပုဂ္ဂိုလ်များက ဦးစီးပြီးတော့ လုပ်ပါတယ်။ နိုင်ငံတော်ကလည်း ပံ့ပိုးပါတယ်။
စိန်ရတုကျတော့ နိုင်ငံတော်က ကိုယ်တိုင်ဦးဆောင်ပြီးတော့ လုပ်ပါတယ်။ တော်တော် စည်စည် ကားကားဖြစ်ပါတယ်။ စိန်ရတုအထိမ်းအမှတ် အဆောက်အဦကြီး ဆိုရင် စိန်ရတုအမွေအနှစ်ပါ။ အမျိုးသားကဇာတ်ရုံ၊ မိုင်ဒါ ကွင်း၊ ပဒုမ္မာကွင်းဇာတ်ရုံတို့ နေရာအနှံ့လုပ်ပါတယ်။ ဒီနှစ်ရာပြည့် ဘာလုပ်မယ်ဆိုတာကတော့ အခု နေရာရွေး တုန်းပါ။ ဘာလုပ်မလဲ စီစဉ်တုန်းပါ။
မျိုးဆက်သစ်တွေအနေနဲ့ ရိုးရိုးသားသား ကြိုးစားဖို့ပါပဲ။ ဒါက အရေးအကြီးဆုံးပါ။ ဒီရုပ်ရှင် လောကရောက်တဲ့ လူတိုင်းကတော့ ထူးခြားတဲ့စိတ်ကူးတွေရှိတာပေါ့။ သာမန်လူတွေလိုတော့ မဟုတ်ဘူး။ ထူးထူးခြားခြားပေါ့၊ ကျွန်တော်လည်း အဲဒီလိုပဲပေါ့။ ရိုးရိုးသားသားပြောရရင် ကျွန်တော်ရတဲ့ဘွဲ့နဲ့ ဆိုင်တဲ့လုပ်ငန်းကို လုပ်ကိုင်ရမှာ။ ကျွန်တော်ကတော့ ဝတ္ထုရေးချင်သလို၊ သီချင်းရေးချင်သလို၊ ရုပ်ရှင်ထဲပါချင်သလို၊ ဇာတ်ညွှန်းရေးချင်သလိုနဲ့ ဒီလောကထဲ ရောက်ခဲ့ တာပါ။
သုံးနှစ်လောက်က ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ပါ။ နောက်တော့ ကိုယ်နဲ့သက်ဆိုင်တဲ့ ပလက်ဖောင်း ရတာပေါ့။ ဒီနေရာအထိပါပဲ။ အကယ်ဒမီ ငါးခုရခဲ့ပါတယ်။ ဒါရိုက်တာ ဖြစ်တဲ့အချိန်မှာ ရိုက်ချင်သလို ရိုက်လို့မရဘူး။ အခုခေတ်ကတော့ ကြိုက်သလောက် ရိုက်လို့ရတယ်။ ကျွန်တော်တို့တုန်းက နက်ဂတစ် ပေပေါင်းသုံးသောင်း လောက်ပဲရတယ်။ သုံးနာရီစာလောက်ရတယ်။ ဥပမာ ဘဝသံသရာရိုက်တယ်ဆိုရင် ဦးသုခက ဖလင်တစ်သိန်း လောက်ဖြုန်းနိုင်ခဲ့တယ်။ ကျွန်တော်တို့က ဖလင်အဲဒီလောက်မဖြုန်းနိုင်ဘူး။ သုံးသောင်း လောက်ပဲ သုံးနိုင်တာ။ ချွေတာပြီးရိုက်ခဲ့ရတယ်။ သေသေချာချာ ရိုက်ခဲ့ရတယ်။ မှားလို့ မရဘူးပေါ့။ အဲဒါလေးတွေပါ။ ထူးခြားတဲ့ အတွေ့အကြုံပါ။
အကယ်ဒမီ ငါးဆုရခဲ့တဲ့ ရုပ်ရှင်ကားက ၁၉၈၉ ခုနှစ်မှာ “ဒိုး” ရုပ်ရှင်ကား၊ ၁၉၉၆ - ၉၇ မှာ “သူ့ကျွန်မခံပြီ”၊ ၂၀၀၂ “ဆန်ရေ” ရုပ်ရှင်ကား၊ ၂၀၀၅ ခုနှစ် “ဆဋ္ဌဂံ” ရုပ်ရှင် ကားရော၊ ဒါရိုက်တာရော၊ ဇာတ်ညွှန်းရောပါ။ ဒီခေတ် ရုပ်ရှင်ဖွံ့ဖြိုးမှုကတော့ အလွန်ကောင်းပါတယ်။ အရုပ်ကို ဟိုတုန်းက မကြည့်ရဘူး။ ဒါရိုက်တာက ကြည့်လို့မရဘူး၊ ကြည့်ချင်ရင် ကင်မရာက ချောင်းကြည့်ရတာပေါ့။ ကင်မရာနောက်က ကြည့်ရတာပေါ့။ ပိတ်ကားမှာ ဘယ်လို ပေါ်မလဲဆိုတာ မှန်းဆရတာပေါ့။ ဒီခေတ်က တစ်ခါတည်း မော်နီတာနဲ့ ကြည့်လို့ရတယ်။ မကြိုက်ရင် ချက်ချင်း ပြန်ဖျက် အင်မတန်လုပ်လို့ ကောင်းတာပေါ့။ စိတ်ကူးစိတ်သန်း အိပ်မက်တွေ အကောင် အထည်ဖော်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။
ဦးဇင်ဝိုင်း
ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး
ကျွန်တော် အသက် ၁၄ နှစ်သားလောက်မှာ ရုပ်ရှင်လောကထဲ စတင်ဝင်ရောက်ခဲ့ ပါတယ်။ ဝင်ရောက်ပြီး သရုပ်ဆောင်အဖြစ် ရွေးချယ်ခံခဲ့ရတယ်။ ရွေးချယ်ခံရပြီး ရုပ်ရှင်ထဲ ဝင်ရောက် ခဲ့ရခြင်းမရှိပါဘူး။ အသက် ၁၆ နှစ်သားမှာ တစ်ခါထပ်ပြီး သရုပ်ဆောင်ပြိုင်ပွဲဝင်ခဲ့ပါတယ်။ ရိုက်ဖြစ်ခဲ့ပါတယ်။ ပလက်ဖောင်းမင်းသားဆိုတာ ပျက်သွားပါတယ်။ အကြောင်းအမျိုးမျိုး ကြောင့်ပါ။ ဒါရိုက်တာ ဦးတင်ဦးဆီမှာ ပညာသင်အနေနဲ့ ဆက်လက် သင်ယူခဲ့ပါတယ်။ ၁၉၇၆ - ၇၇ ခုနှစ်မှာ အဲဒီမှာ ဆက်ပြီး စက်မှုအခြေခံ မီးထိုး၊ မှန်ထိုး၊ မှတ်တမ်းရေး အကုန်လုံး သင်ပြီးတော့မှ ကျွန်တော် လက်ထောက်ဒါရိုက်တာ အနေနဲ့ ၁၉၈၃ ခုနှစ်မှာ ပထမဆုံး သရုပ်ဆောင် ဇာတ်ကား ရိုက်ကူးခဲ့ပါတယ်။ အဲဒီဇာတ်ကားနာမည်က “သံယောဇဉ် ဆိုတာ ရှိတယ်” ဆိုတဲ့ဇာတ်ကားပါ။ ဒါရိုက်တာက မင်းမာဃပါ။ သရုပ်ဆောင်တွေကတော့ ဒေါ်ခိုင်ခင်ဦး၊ ဒေါ်မို့မို့မြင့်အောင်ရယ်ပါ။ ဒုတိယဇာတ်ကားက အများသိကြတဲ့ "သင်္ကြန်မိုး"ပေါ့။
ရုပ်ရှင်နှစ် ၁၀၀ ပွဲအနေနဲ့ကတော့ ကျွန်တော်တို့အတွက် ကြုံတောင့်ကြုံခဲ တစ်သက်မှာ တစ်ခါဆိုသလို ကြုံကြိုက်ရတဲ့ပွဲပါ။ ရုပ်ရှင်လောကသားတွေအတွက်ပါ။ အားလုံးကလည်း အကောင်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်နေပါတယ်။ ဒါကိုလည်း နိုင်ငံတော်ကနေ လုပ်နေပါပြီ။ နိုင်ငံတော်က ကိုယ်တိုင်ကြီးမှူးကျင်းပတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လစဉ်အလိုက် လှုပ်ရှားမှုတွေ လုပ်နေပါပြီ။ သို့သော် ဒီဘက်က ရုပ်ရှင်အစည်းအရုံးက ပထမဆုံးလုပ်ရမှာက လိုဂိုပြိုင်ပွဲဆိုတာ လုပ်ရမယ်၊ နောက်ရုပ်ရှင် နှစ် ၁၀၀ ပြည့် ဂုဏ်ပြုတေးသီချင်းပြိုင်ပွဲလုပ်ရမယ်။ အဲဒီ နှစ်ခုနဲ့ စတင်လှုပ်ရှားထားပါတယ်။ ကျန်တာတွေ ဘယ်လမှာ ဘာလုပ်မယ်ဆိုတာကို လုပ်ငန်းကော်မတီတွေဖွဲ့ပြီးတဲ့ အခါမှသာ ဆက်လက်ပြီးသွားရမှာ ဖြစ်ပါတယ်။
ရုပ်ရှင် နှစ် ၁၀၀ ပြည့်က ရုပ်ရှင်လောကသားတွေနဲ့ တင်မကပါဘူး။ ရုပ်ရှင်ကို နှစ် ၁၀၀ တိုင်တည်နိုင်အောင် အားပေးခဲ့ကြတဲ့ ကျွန်တော်တို့ကျေးဇူးရှင် ထမင်းရှင် ပရိသတ်ကြီးကြောင့် နှစ် ၁၀၀ ဆိုတဲ့ ရုပ်ရှင်တည်တံ့ခဲ့ရ တာပါ။ ဒီနှစ် ၁၀၀ ပွဲမှာလည်း ပြည်သူကို ပြန်လည် ကျေးဇူးဆပ်ခြင်းဆိုတဲ့ ရည်ရွယ်ချက်ကိုပါ ထည့်ထားပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးက ဒီရည်ရွယ်ချက်နဲ့ ၂၀၂၀ ပြည့် ဧပြီလကစပြီး ခြောက်လကြာ ကျွန်တော်တို့ အစည်းအရုံးအနေနဲ့ အစီအစဉ်တွေ လုပ်သွား ဖို့ရှိပါတယ်။ ပြည်သူကို ပြန်လည်ကျေးဇူး ဆပ်တဲ့အစီအစဉ်ပေါ့။
သို့သော် ပြီးခဲ့တဲ့လပိုင်းက နှစ် ၁၀၀ ပြည့် အကြိုအနေနဲ့ ချောက်၊ ရေနံချောင်းမှာ ပြန်လည်စိမ်းလန်းစိုပြည်ရေး အပူချိန်လျှော့ချရေးအတွက် သစ်ပင်ပေါင်း သောင်းနဲ့ချီ စိုက်ပျိုးပါတယ်။ ရုပ်ရှင်အစည်းအရုံးအနေနဲ့ ပြည်သူကို ကျေးဇူးဆပ်တာပါပဲ။ ပြည်သူ့အကျိုးပြု နှစ် ၁၀၀ ပြည့် လှုပ်ရှားမှုပါ။ ဒါ့အပြင် မေတ္တာသင်္ဂဟအဖွဲ့ကို ခန့်စည်သူတို့နဲ့ တွဲပြီး ရေတွင်း၊ ရေကန်တွေ ရေစက်ချခြင်း အခမ်းအနား ပြီးခဲ့တဲ့လကပဲ ပြီးသွားပါပြီ။ နောက်တစ်ခါ ငွေကျပ်သိန်း ပေါင်း ၂၆၂ သိန်း၊ ရေဘေးအလှူပါ။ နှစ် ၁၀၀ ပြည့် လှုပ်ရှားမှုထည့်ပြီး လုပ်ခဲ့ပါတယ်။ ဒါကတော့ မျိုးဆက်သစ်၊ မျိုးဆက်ဟောင်း လက်ဆင့်ကမ်းတဲ့ပွဲပါ။ ညီညီ ညွတ်ညွတ် လက်ဆင့်ကမ်းသွားကြရမှာပါ။ ပြီးခဲ့တဲ့ စိန်ရတုတုန်းကဆို မျိုးဆက်သစ်တွေ လူငယ်အပိုင်းပါ။ ကျွန်တော်တို့ ဝါရင့် စီနီယာကျတဲ့ ဆရာတွေ၊ မိဘတွေနဲ့ တွဲပြီးလုပ်ခဲ့ကြတယ်။ လက်ဆင့်ကမ်းပေးကြတယ်။ အခု ကျွန်တော်တို့ရယ် ငယ်ရွယ်တဲ့ကလေးတွေနဲ့ပူးပေါင်းပြီး လူငယ်မျိုးဆက်သစ်တွေနဲ့ သူတို့ကိုလည်း ကောင်းမြတ်တဲ့ ရုပ်ရှင်လောကတစ်ခု ဖြစ်မြောက်အောင် လက်ဆင့်ကမ်း ပေးကြရမှာပါ။
ဦးအေးကြူလေး
ဒုတိယဥက္ကဋ္ဌ(၁)
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး
ရှေ့က ငွေရတု၊ ရွှေရတု၊ စိန်ရတုတွေလုပ်ခဲ့ပြီး အခု အဲဒီထက်ပိုပြီး စည်ကားအောင် လုပ်သွားမယ်။ ငွေရတုတော့ ကျွန်တော်တို့ မမီခဲ့ဘူး။ ဗိုလ်ချုပ်အောင်ဆန်းလက်ထက် ၁၉၂၀ ကစခဲ့တဲ့ ရုပ်ရှင်က ၁၉၄၅ မှာ ငွေရတုဖြစ်ရမှာ။ ဒါပေမယ့် အဲဒီတုန်းက မလုပ်နိုင်ဘူးဆိုတာ တိုင်းတစ်ပါးလက်အောက်ခံဖြစ်နေလို့၊ ရုပ်ရှင်ကလည်း ကျွန်တော့်အထင် အစည်းအရုံးအနေနဲ့ ရန်ပုံငွေက သိပ်မရှိလောက်သေးဘူး။ ၁၉၄၇ ခုနှစ် နှစ်နှစ်ကျော်ပြီးမှ လုပ်တယ်။ အဲဒီတုန်းက ဗိုလ်ချုပ်အောင်ဆန်းရှိတယ်။ ရုပ်ရှင်ငွေရတုဆိုပြီး သတ်သတ်မှတ်မှတ် လုပ်နိုင်တာမဟုတ်ဘူး။ ဟိုဘက်က စက်မှု/လက်မှုပြပွဲနဲ့ပေါင်းပြီး ရုပ်ရှင်ငွေရတုပွဲကို တွဲလုပ်ရတာ။ ရွှေတိဂုံဘုရား အနောက်ဘက်မုခ်မှာ ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင် တက်တယ်။ အဲဒီပုံတွေ ရှိတယ်။
ရွှေရတုကျတော့ ရုပ်ရှင်လောကသားတွေ လုပ်တာဆိုတော့ ရန်ကုန်မှာလည်း လုပ်တယ်၊ မန္တလေးမှာလည်း လုပ်တယ်။ နည်းနည်းကျယ်ပြန့်လာတယ်။ နိုင်ငံတော်ကနေ လုပ်ပေးတဲ့ အတွက် ရုပ်ရှင်စိန်ရတုကတော့ အကောင်းဆုံးပဲ။ စိန်ရတုက ကျယ်ပြန့်တော့ နိုင်ငံတော်အကြီး အကဲတွေကိုယ်တိုင် ရုပ်ရှင်နာယက တွေအနေနဲ့ ပါလာတယ်။ ရုပ်မြင်သံကြားကလည်း အဲဒီတုန်းက ပေါ်နေပြီ။ ရုပ်မြင်သံကြား ပေါ်နေပြီဆိုတော့ သတင်းတွေကအစ ထုတ်လွှင့်တော့ ကျယ်ပြန့်တာပေါ့။
နောက်က စာစောင်တွေက ပံ့ပိုးတာလည်းပါတယ်။ ဂျာနယ်တွေ၊ သတင်းစာတွေ ကလည်း ပံ့ပိုးတာပါတယ်။ ဥပမာ မြန်မာ့ရုပ်ရှင် စိန်ရတုသဘင်ပွဲ ကျင်းပပါတော့မယ်၊ အဲဒီတော့ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ရုပ်ရှင်ချစ်သူတွေအနေနဲ့ ကိုယ့်လက်ဝယ်မှာ ရှိတဲ့ ရုပ်ရှင် စာစောင်တွေ၊ လက်ကမ်းကြော်ငြာတွေ၊ သတင်းစာတွေ၊ ရုပ်ရှင်ပိုစတာ တွေ အဲဒါတွေ အကုန်လုံးကို လှူဒါန်းကြပါလို့ဆိုတော့ အများကြီးပဲ ရောက်လာတယ်။ ပစ္စည်းတွေလည်း ရောက်လာတယ်။ အဲဒီလိုလုပ်တဲ့အတွက် ပထမဆုံးရုပ်ရှင်ကား “မေတ္တာနဲ့သူရာ”ဆိုရင် စတင်တုန်းက ရက်အတိအကျ မသိဘူး။ စိန်ရတုသဘင်ပွဲမှာ လှူတဲ့အထဲမှာ တစ်ခုပါလာ တယ်။ မေတ္တာနဲ့သူရာ လက်ကမ်းကြော်ငြာမှာ ၁၉၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်နေ့မှာ ရုံတင်တယ်။ ရွိုင်ရယ် ဆီနီမာဆိုတာ အဲဒီမှာပါလာတဲ့အတွက် အတိအကျ သိရတယ်။ အဲဒီ လက်ကမ်းကြော်ငြာကြောင့် အတိအကျသိတာလေ။ ရုပ်ရှင်ချစ်သူတွေရဲ့ ကျေးဇူးပါ။
ဒီနှစ်လုပ်မယ်ဆိုရင်လည်း အဲဒီလိုကျယ်ပြန့်အောင်၊ စည်စည်ကားကား ဖြစ်အောင် လုပ်ရမယ်။ အဲဒီတုန်းက လုပ်ထားတာ တော်တော်ခမ်းနားတယ်။ မြို့ထဲက ရုပ်ရှင်ရုံတွေမှာ ခေတ်ဟောင်း ရုပ်ရှင်ကားတွေပြတယ်။ အင်ဗွိုင်းခန်းမမှာ ငွေရတု၊ ရွှေရတု၊ စိန်ရတုရုပ်ရှင်ပြပွဲ လုပ်တယ်။ မိုင်ဒါကွင်းမှာ ပျော်ပွဲ ရွှင်ပွဲလုပ်တယ်။ အမျိုးသားဇာတ်ရုံမှာ ရုပ်ရှင်ပြဇာတ်တွေ ကတယ်။ တော်တော်ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားတယ်။ အခု ဒီဘက်ခေတ်ကျတော့ တိုးတက်လာတဲ့ အခါ မီဒီယာအားလည်း ကောင်းလာတယ်။ ဒီထက်ပိုပြီး ကျယ်ပြန့်မှာပါ။
ကျွန်တော်က မီဒီယာသမား၊ ဟိုတုန်းက ရုပ်ရှင်စာစောင် တွေရှိတယ်။ ၁၉၆၀ ပြည့်နှစ် ကတည်းက ပြည်သူ့ဖလင် စာစောင်၊ ယနေ့ရုပ်ရှင်တို့၊ အကယ်ဒမီတို့၊ သစ်ဆန်းတို့။ ကျွန်တော်က ပြည်သူ့ဖလင်စာစောင်မှာ အယ်ဒီတာ၊ အပတ် တိုင်းထွက်တယ်။ နှစ်ကြာတော့ ရုပ်ရှင်အောင်လံမဂ္ဂဇင်း၊ ရုပ်ရှင်အမြုတေမှာ အယ်ဒီတာလုပ်တယ်။ ရုပ်ရှင်ကုမ္ပဏီတွေမှာ ဝင်လိုက်၊ ထွက်လိုက်ပါ။ အဲဒီတုန်းက ဘလောက် ခေတ်ဆိုတော့ ဘလောက်တုံး တောင်းတာပေါ့။ ဓာတ်ပုံဆို ဓာတ်ပုံတောင်းပေါ့။ ဇာတ်လမ်း လည်းပေးရတယ်။ သူတို့ လိုချင်တဲ့ ဇာတ်လမ်းရရင် ဝတ္ထုကို ဘယ်လိုဆိုပြီး ရုပ်ရှင်ရိုက်ကြတယ်။ နောက်ပိုင်း လုံးချင်းရေးတဲ့အခါမှာ အဲဒီ လုံးချင်းတွေကိုလည်း ရုပ်ရှင်ရိုက်တယ်။ အဲဒီလိုနဲ့ ရုပ်ရှင်လောကထဲ တဖြည်းဖြည်းနဲ့ ရောက်လာတယ်။ အယ်ဒီတာ လုံး၀မလုပ်တော့ဘဲ ဇာတ်ညွှန်းကိုပဲ ဖိရေးဖြစ်တယ်။ ကျွန်တော့် ဆရာတွေကတော့ ဦးခင်ဇော်၊ ဦးမြတ်လေး၊ ဦးသာဆန်းတို့ ဖြစ်ပါတယ်။ သူငယ်ချင်း မောင်နီလွင်(သပြု)ဆိုရင် စာစောင်အတူတူလုပ်ခဲ့တာ။
ရုပ်ရှင်မျိုးဆက်သစ်၊ မျိုးဆက်ဟောင်းဆိုတာထက် သူတို့အားလုံး ညီညီညွတ်ညွတ်နဲ့ စုပေါင်းလုပ်ရင် ဘာမဆိုဖြစ်မှာပဲ။ အောင်မြင်တာပဲလေ။ အရင်တုန်းက ရိုက်တယ် ဆိုရင် ဖန်သားပြင်ပေါ်မှာ ရုပ်ကိုကြည့်လို့ရတာမဟုတ်ဘူး၊ ရိုက်နေရင်း မှားနေရင် လှမ်းကြည့်ပြီး အသိနဲ့ပြောတာ။ ဘာရုပ်မှ ပြန်ကြည့်လို့ ရတာမဟုတ်ဘူး။ အရုပ်မပေါ်ဘူးလေ။ ရှေးခေတ်က သူတွေရဲ့ မှတ်ဉာဏ်တွေက တအား ကောင်းကြတယ်။ ကားတစ်ကားဖြစ်ဖို့က တော်တော်ခက် တယ်။ ဥပမာဆိုရင် ဒီခေတ်နဲ့ယှဉ်ပြောရရင် မိုးအုံ့နေရင် ဟိုခေတ်တုန်းက ရိုက်လို့မရဘူး။ အရုပ်က မလှတော့ဘူး။ ဖလင်ဆိုတော့ အရုပ်ကမစွဲဘူး။ ဒီခေတ် ဒစ်ဂျစ်တယ်ခေတ် ကျတော့ အလွန်လွယ်တယ်။ မိုးအုံ့အုံ့၊ မိုးရွာရွာ အကုန်ရိုက်လို့ရတယ်။ စက်နဲ့ပဲ မျိုးစုံလုပ်လို့ ရတယ်။ လွယ်သွားတာပေါ့။
လွယ်တဲ့အခါမှာ အရုပ်တွေ၊ အသံတွေက ဒီဘက်ခေတ်မှာ ဒစ်ဂျစ်တယ်ကို ပြောင်းတဲ့အခါ အားလုံးက လွယ်ကူသွားတယ်။ ကြိုးစားမှုကိုတော့ လျှော့လို့မဖြစ်ဘူး။ လွယ်လို့ရှိရင် လူက ပေါ့တယ်။ ဒီဘက်ခေတ်မှာ အရုပ်/အသံ အားလုံးကောင်းတယ်။ အားလုံးပြိုင်နေကြတော့ အားလုံးက ဖိဖိစီးစီးနဲ့ စိတ်ပါလက်ပါနဲ့ ရုပ်ရှင်လောက အတွက် သေချာရိုက်မယ်ဆိုတဲ့ စိတ်ဓာတ်ရှိတဲ့သူ တော်တော်များတယ်။ တချို့ကလည်း ပိုက်ဆံရအောင်ရိုက်မယ်ဆိုတဲ့ သူတွေလည်း ရှိတာပေါ့။ အဲဒီအထဲမှာ ကြိုးစားပြီးတော့ အလုပ်လုပ်လို့ရှိရင်၊ အဓိကကတော့ ရုပ်ရှင်အလုပ် ဆိုတာ စုပေါင်းလုပ်တဲ့အလုပ်၊ တစ်ယောက်တည်းလုပ်လို့ ဘာမှကိုမရတာ။ တစ်ယောက်တည်း ကိုယ်ကတော်နေပေမယ့် ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ သရုပ်ဆောင် အဘက်ဘက်က တော်မှ၊ ကောင်းမှ၊ တေးဂီတကလည်း တော်မှ အဘက်ဘက် ကပြည့်စုံမှ ဇာတ်ကားတစ်ကား ကောင်းမှာ။ အားလုံးက ညီညွတ်ဖို့လိုပါတယ်။ ဘာအလုပ်ပဲ လုပ်လုပ် ညီညီညွတ်ညွတ်လုပ်ဖို့ တိုက်တွန်းချင်တယ်။ ရှေ့က သူတွေဆီကလည်း ပညာယူရမှာပါ။ အတုယူရမှာပါ။
ရုပ်ရှင် နှစ် ၁၀၀ ကို အားလုံးကဝိုင်းဝန်းပြီး ရုပ်ရှင် လောကသားတွေအားလုံးက ဒီအပေါ်မှာ တာဝန်ရှိတယ်ဆိုပြီး ဝိုင်းလုပ်ကြရင် ဒီထက်ပိုပြီး ခမ်းခမ်းနားနား ဖြစ်လာမယ်လို့ ယုံကြည်ပါ တယ်။ ။
တွေ့ဆုံမေးမြန်း-ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ-ဇော်ကြီး

No comments:

Post a Comment