နေပြည်တော် စက်တင်ဘာ ၃၀
(၇၄)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့
တက်ရောက်လျက်ရှိသော မြန်မာ ကိုယ်စားလှယ်အဖွဲ့ ကိုယ်ခွဲ ခေါင်းဆောင် အပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် စက်တင်ဘာ(၂၈)ရက်၊
မွန်းလွဲပိုင်းတွင် ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပခဲ့သည့် အာဆီယံ-ကုလသမဂ္ဂ ဝန်ကြီး အဆင့်
အစည်းအဝေးတွင် ရခိုင်ပြည်နယ် အရေးကိစ္စဖြေရှင်းရာ၌ အာဆီယံနှင့် ပူးပေါင်း ဆောင်ရွက်နေမှုအခြေအနေများကို
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့်
အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအား ရှင်းလင်းပြောကြား ခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ (၇၄)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ
သဘာပတိ၊ အတွင်းရေးမှူးချုပ်၏ Cabinet အကြီးအကဲနှင့်ကုလသမဂ္ဂအဆင့်မြင့်အရာရှိကြီးများ
တက်ရောက်ကြသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ်မှ
နေရပ်စွန့်ခွာသူများအရေးကိစ္စနှင့် ပြဿနာ၏ အခြေခံဇစ်မြစ်ကို ဖြေရှင်းရာတွင်
အာဆီယံအနေဖြင့် ပိုမိုတက်ကြွသည့် အခန်းကဏ္ဍမှ ပူးပေါင်း ပါဝင်ရန်
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio
Guterres က ဆွေးနွေးတိုက်တွန်းကြောင်း မိန့်ခွန်းပြောကြားခဲ့သဖြင့်
ပြည်ထောင်စုဝန်ကြီးက တုံ့ပြန် ပြောကြား ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက
မြန်မာနိုင်ငံ အနေဖြင့် ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရာတွင် ရခိုင် အရေးကိစ္စသည်
စိန်ခေါ်မှုများစွာအနက် တစ်ခုဖြစ်ကြောင်း၊ အစိုးရအနေဖြင့်
ရေရှည်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဘက်ပေါင်းစုံမှ
ကြိုးပမ်းလျက်ရှိကြောင်း၊ အစိုးရ၏ လက်ရှိဦးစားပေး လုပ်ငန်းမှာ နေရပ်စွန့်ခွာ သူများပြန်လည်
လက်ခံရေးလုပ်ငန်းစဉ်ကို ဆောလျင်စွာ ပြန်လည်လက်ခံရေးနှင့် နေရပ်ပြန်လာသူများအတွက်
ပိုမို ကောင်းမွန်သည့် ပတ်ဝန်းကျင်ဖန်တီးရေးဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်၊
ကုလသမဂ္ဂနှင့် အာဆီယံ တို့အပြင် ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး မိတ်ဖက်နိုင်ငံများနှင့်
ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊
AHA
Centre အဖွဲ့တို့နှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊
နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေး လုပ်ငန်း စဉ်တွင် အာဆီယံမှ ပူးပေါင်းဆောင်ရွက်နိုင်သည့်
နယ်ပယ်များကို လေ့လာသည့် ကနဦး ဆန်းစစ် လေ့လာ ရေး အဖွဲ့သည် ၎င်းတို့၏
ပဏာမလေ့လာအကဲဖြတ်ချက်အစီရင်ခံစာကို ၂၀၁၉ ခုနှစ်၊ မေလတွင် ထုတ်ပြန်ခဲ့ကြောင်း၊
အဆိုပါ အစီရင်ခံစာတွင် ပူးပေါင်းဆောင်ရွက်နိုင်သည့် နယ်ပယ် (၃)ခုကို
အကြုံပြုတင်ပြထားကြောင်း၊ အဆိုပါ အကြံပြု ချက်များကို အကောင်အထည်ဖော်ရန် အတွက်
နည်းပညာလုပ်ငန်းအဖွဲ့တစ်ခုကိုလည်း ဖွဲ့စည်း ထားပြီး ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နေရပ်ပြန်လာသူများအတွက်
မြန်မာအစိုးရ၏ ပြင်ဆင်ထားရှိမှုများကို ကော့ခ်ဘဇားရှိ နေရပ်စွန့်ခွာသူများကို
သွားရောက်ရှင်းလင်းပြောကြား သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တွင် လည်း
အာဆီယံ၏ ကိုယ်စားလှယ်များ ပူးပေါင်း ပါဝင်ခဲ့ကြောင်း၊ အာဆီယံ၏
လုပ်ငန်းဆောင်ရွက်ချက် များသည် UNHCR နှင့် UNDP တို့၏ လက်ရှိဆောင်ရွက်ချက်များကို အစားထိုးရန်မဟုတ်ဘဲ
ပိုမိုအားဖြည့်ရန် ဖြစ်ကြောင်း၊ နေရပ် စွန့်ခွာသူများကို ပြန်လည်လက်ခံရန်
နှစ်နိုင်ငံ သဘောတူထားသော ဩဂုတ်လ ၂၂ ရက်နေ့တွင် ASEAN-ERAT ကိုယ်စားလှယ်အဖွဲ့သည်
မြန်မာအဆင့်မြင့်အရာရှိကြီးများနှင့်အတူ ရခိုင်ပြည်နယ်ရှိ ပြန်လည် လက်ခံရေး စခန်းသို့
သွားရောက်၍ နေရပ်စွန့်ခွာသူများကို ပြန်လည် လက်ခံရန်စောင့်ဆိုင်းခဲ့ကြောင်း၊
သို့ရာတွင် သဘောတူညီသည့်နေ့ရက်တွင် ဘင်္ဂလားဒေ့ရှ်ဘက် မှ တစ်ဦးတစ်ယောက်မျှ
ပြန်လည်ဝင်ရောက်လာခြင်းမရှိကြောင်း၊ သို့ရာတွင် ကော့ခ်ဘဇားရှိ နေရပ်စွန့်ခွာသူ
(၂၃၀)ကျော်တို့သည် မိမိဆန္ဒအလျောက် မိမိအစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့
ပြန်လည်ဝင်ရောက်ခဲ့ရာ ၎င်းတို့သည် လက်ရှိတွင် ဘေးကင်းလုံခြုံစွာ
နေထိုင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးကနေရပ်ပြန်ပို့ရေး
လုပ်ငန်းစဉ်တွင် ကော့ခ်ဘဇား စခန်းအတွင်း၌ အာဆာ၏ အကြမ်းဖက် လှုပ်ရှားမှုများ အပါအဝင်
အခက်အခဲများစွာ ရှိကြောင်း၊ နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ် အဆင်ပြေ ချောမွေ့စွာ
ဆောင်ရွက်နိုင်ရေးအတွက် စစ်မှန်သည့် နိုင်ငံရေးဆန္ဒ၊ ခိုင်မာသည့် ကြိုးပမ်းအားထုတ်မှုနှင့်
နှစ်နိုင်ငံ သဘော တူညီမှုများကို အပြည့်အဝလေးစား လိုက်နာမှုတို့ လိုအပ်ကြောင်း၊
မိမိတို့အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံ သဘောတူညီ ချက်များ၊ UNHCR ၊ UNDP တို့နှင့် လက်မှတ်ရေးထိုးထားသည့်
သုံးပွင့်ဆိုင် သဘောတူညီမှု များနှင့် အညီ စိစစ်အတည်ပြုပြီးဖြစ်သည့်
နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရန် အပြည့်အဝ ကတိပြု ထားကြောင်း
ထပ်လောင်းပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၊
ကုလသမဂ္ဂ၊ မိတ်ဆွေနိုင်ငံများနှင့် ပူးပေါင်း၍ နေရပ်စွန့်ခွာ သူများ မိမိဆန္ဒအလျောက်
ဘေးကင်းလုံခြုံစွာ ဂုဏ်သိက္ခာရှိရှိ ပြန်လာ နိုင်ရေးအတွက် ကောင်းမွန်သည့်
ပတ်ဝန်းကျင် တစ်ရပ် ဖန်တီးရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စသည်
နှစ်နိုင်ငံအကြား ရွှေ့ပြောင်း သွားလာမှု ကိစ္စရပ်များ ပါဝင်သည့်ကိစ္စတစ်ရပ်ဖြစ်သဖြင့်
နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုဖြင့်သာ ဖြေရှင်း နိုင်မည် ဖြစ်ကြောင်း၊
နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်ကို အဓိကအဟန့်အတားဖြစ်စေသည့် အာဆာအကြမ်း ဖက်အဖွဲ့၏
ခြိမ်းခြောက်မှုကို နိုင်ငံတကာက လစ်လျူရှုလျက်ရှိကြောင်း၊ မကြာသေးမီက DW TV နိုင်ငံတကာရုပ်သံလိုင်းက ထုတ်လွှင့်
ခဲ့သည့် သတင်း၌ ကော့ခ်ဘဇားစခန်းတွင် အာဆာ၏ စိုးရိမ်ဖွယ်လှုပ်ရှားမှုများကို
ဖော်ပြထားကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့်
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အပြင် ဒေသတွင်းနိုင်ငံများ၏ လုံခြုံရေးကို
ခြိမ်းခြောက် လာနိုင်သည့် အာဆာ၏လှုပ်ရှားမှုများကို ခွင့်မပြုရန် လိုအပ်ကြောင်း၊
ကော့ခ်ဘဇားရှိ စခန်းများ၏ နေရပ် စွန့်ခွာ သူများက မိမိတို့နေရပ်ပြန်ရန်ဆန္ဒကို
လွတ်လပ်စွာ ထုတ်ဖော်ပြောကြားနိုင်စေရန် ဘေးကင်းလုံခြုံသည့် အခြေအနေ ဖန်တီးပေးရန်လိုအပ်ကြောင်း
ပြောကြားခဲ့သည်။
မကြာသေးမီက မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် သုံးပွင့်ဆိုင်ဝန်ကြီးအဆင့်အစည်းအဝေး
တွင် ဒါကာမြို့ရှိ မြန်မာ သံအမတ်ကြီး၊ တရုတ်သံမတ်ကြီးနှင့် ဘင်္ဂလားဒေ့ရှ်
နိုင်ငံခြားရေး အတွင်းဝန်တို့ပါဝင်သော အလွတ်သဘော လုပ်ငန်း အဖွဲ့ ဖွဲ့စည်းရန်
သဘောတူခဲ့ကြကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ရခိုင်ပြည်နယ်တွင် ဘေးကင်း လုံခြုံ
သော ပတ်ဝန်းကျင်ရှိ စေလိုပါက အသိုက်အဝန်းအားလုံး၏ လုံခြုံရေးနှင့်
အခြေခံလိုအပ်ချက်များကို ဖြည့်ဆီးပေး နိုင်ရန် အတွက် အစိုးရ၏စွမ်းဆောင်ရည် ပိုမိုတောင့်တင်းလာအောင်
ကူညီပေးရန် လိုအပ် ကြောင်း၊ ချိနဲ့အား နည်းစေရန် မပြုလုပ်သင့် ကြောင်းနှင့် ပြဿနာဖြေရှင်း
ရာတွင် ရိုးသားစွာ အကူအညီပေးလိုသည့် မိတ်ဖက်များ၏ အကူအညီများကို
မိမိတို့ကြိုဆိုပါကြောင်း တုံ့ပြန်ရှင်းလင်းပြောကြားခဲ့သည်။
(သတင်းစဉ်)

No comments:
Post a Comment